" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

November 27, 2012

Yangon Trip Diary 2012 ( 2 Nov ~ 13 Nov)

ဒီကုမ္ပဏီမှာက ခွင့်ယူရင် နှစ်ကုန်ပိုင်းမှ "clearing leaves"ဆိုပြီး ခွင့်ရက်ရှည် ယူလို့ရပါတယ်။ မနှစ်တုန်းကဆို ဒီဇင်ဘာလ ကုန်ခါနီးမှ ခွင့်ရပါတယ်။ ဒီဇင်ဘာဆို အလုပ်သိပ်မရှိတာကတစ်ကြောင်း၊ အားလုံးလိုလိုက clear လုပ်တာကတစ်ကြောင်းကြောင့် ဒီဇင်ဘာလမှပဲ ခွင့်ရက်ရှည်ပေးပါတယ်။ ဒါပေမဲ့ ဒီနှစ်တော့ ညီမရဲ့ မင်္ဂလာဆောင်ရှိတာကြောင့် family event အနေနဲ့  ဇူလိုင်လမှာတစ်ကြိမ်၊ နိုဝင်ဘာလဆန်းမှာတစ်ကြိမ် ခွင့်ရက်ရှည်ရပါတယ်။ ဒါကြောင့် နိုဝင်ဘာလ (၂)ရက်နေ့မှာ ရန်ကုန်ကိုပြန်ပြီး (၁၃)ရက်နေ့မှာ စလုံးကို ပြန်လာခဲ့ပါတယ်။ 

ရန်ကုန်မပြန်ခင်
မင်္ဂလာဆောင်ရှိတာမို့ ရန်ကုန်မှာ သုံးစရာတွေရှိတာကြောင့်... စက်တင်ဘာလထဲမှာရော၊ အောက်တိုဘာလဆန်းမှာပါ... ဒီမှာသုံးဖို့ နည်းနည်းပဲချန်ပြီး၊ ရန်ကုန်ကို ပိုက်ဆံ အကုန်..လွှဲလိုက်ပါတယ်။လွှဲပြီးမှ ငွေသုံးစရာတွေက ပေါ်လာပါတယ်။ တယ်လီဖုန်းဘေ(လ်)ကလည်း ဒီလကျမှ outgoing call ကို အလွန်အကျွံ ပိုပြောမိပါတယ်။ ဘေ(လ်)မြင်ပြီး တော်တော် ရင်ခံသွားပါတယ်။ ( စကားချပ်။   ။ ဒါဟာ စလုံးမှာနေခဲ့တဲ့ နှစ်တွေတလျှောက်လုံးမှာ ပထမဆုံးပါ။ ကျောင်းသူဘဝတုန်းက student plan နဲ့ မိနစ်(၁၀၀)ဖိုးဝယ်ပြီး မိနစ်(၂၀၀)ဖိုးသုံးရတုန်းကတောင် မိနစ်ကိုကျော်မသုံးဖူးပါဘူး။ မိနစ်ကျော်မဲ့ကျော်တော့လည်း အလွန်အကျွံ)။ ဒီကြားထဲ သူငယ်ချင်းအရင်းတစ်ယောက်ကလည်း ငွေလိုနေတော့ ကူလိုက်ရပါသေးတယ်။ အောက်တိုဘာလ (၂၈)ရက်နေ့မှာ အိမ်ပြောင်းဖို့ရှိပေမဲ့ လခက(၂၆)၊  (၂၇)ရက်နေ့ဆို ပုံမှန်ဝင်တတ်တော့ စိတ်..သိပ်မပူမိပါဘူး။ အဲ... ကံဆိုးချင်တော့ Operation Managerမက audit တွေနဲ့ အလုပ်တွေရှုပ်နေတဲ့အပြင် ..မလေးရှားသွားရလို့ လခက ဝင်နေကြအချိန်မှာ မဝင်ပါဘူး။
(၂၈)ရက်နေ့မှာက အိမ်လခတစ်လစာနဲ့ ကျန်နေတဲ့ စပေါ်တစ်ဝက်၊ ပြီးတော့ (၄)ရက်စောဝင်လို့ ရက်နဲ့တွက်ပြီးပေးရမဲ့ အခန်းငှားခ၊ အိမ်ပြောင်းပေးတဲ့ mover အစ်ကိုကြီးကို ပေးရမဲ့ အဖိုးအခ.. အားလုံးပေါင်းတွက်ပြီး မျက်လုံးပြူးရပါတော့တယ်။ အဲ့ဒါနဲ့ သူငယ်ချင်းဆီက ပိုက်ဆံပြန်တောင်း၊ ပြီးတော့ wallet ထဲကငွေသားအပါအဝင် ကိုယ့်မှာရှိတဲ့ပိုက်ဆံအားလုံးကိုစုလိုက်တော့ ပေးရမဲ့ပိုက်ဆံပမာဏထက် (၇၀)လိုနေပါတယ်။ ဒါနဲ့ပဲ (၂၉)ရက်နေ့မှာ လခ ပုံမှန်ဝင်တဲ့ သူငယ်ချင်းကို ( သူ့မှာ ပိုက်ဆံ သိပ်..မကျန်တော့မှန်း သိပေမဲ့) ပိုက်ဆံ ချေးခိုင်းရပါတော့တယ်။ လခက (၃၀)ရက်နေ့မှဝင်ပြီး (၃၁)ရက်နေ့မှ သုံးလို့ရပါတယ်။ ပြန်မှာက နိုဝင်ဘာလ(၂)ရက်နေ့ မနက်အစောပိုင်းမို့ တော်တော် ကသိကအောက် ဖြစ်ပါတယ်။ credit card ကလည်း ကိုယ့်အတွက်ရော၊ သူငယ်ချင်းတစ်ယောက်အတွက်ပါ IPP plan နဲ့ ဝယ်ထားပြီး သူများမှာတဲ့ ပစ္စည်းတွေကို credit card နဲ့ဝယ်ထားပေးတာမို့ ပိုက်ဆံသိပ်မကျန်တော့ပါဘူး။ bill ဆောင်ရအောင်ကလည်း လခဝင်ပြီးမှ ဆောင်လို့ရမှာဆိုတော့။ လက်ဆောင်တစ်ချို့  ကြိုဝယ်ထားလို့သာတော်ပါတော့တယ်။ ကျန်နေတဲ့သူတွေအတွက်ကိုတော့ လေယာဉ်ကွင်းကို မနက် အစောကြီးရောက်အောင်သွားပြီး လေဆိပ်ကဆိုင်တွေမှာ ဝယ်ရပါတော့တယ်။

အီဖေကိုယ်နှင့်  စလုံးလေဆိပ်လုံခြုံရေး
ခရီးသွားရင် ကျော့ကျော့လေး သွားရတာကိုကြိုက်ပေမဲ့ လက်ဆောင်ထုတ်တွေပါတာကြောင့် hand carry တစ်အိတ် ယူလာပါတယ်။ ဝယ်ထားတဲ့ လက်ဆောင်အိတ်ကို ချုံ့ ပြီးပေါင်းထည့်ထားပေမဲ့ hand carry အိတ်အပြင်၊ အိတ်က နောက်တစ်အိတ်သတ်သတ် ထပ်ဖြစ်နေပါတယ်။ Boarding queue ကတော်တော် ရှည်ပါတယ်။ နာရီဝက်ကျော်လောက်များ စောင့်ရသလားတောင် မသိပါဘူး။ အရေးထဲ လူဖြူအဖွားကြီးတစ်ယောက်က ကြားလာဖြတ်ပါသေးတယ်။ ပြောလိုက်ပါသေးတယ် " ကြားဖြတ်ရလို့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ လူတန်းကြီးက အရမ်း ရှည်လို့ပါ" ဆိုပြီး။ ကိုယ့်အရှေ့ က လူလတ်ပိုင်း ကိုလူဖြူလူရွယ်ကလည်း "ဒါ လူတိုင်းလုပ်ရတဲ့ တစ်ခုတည်းသောနည်းလမ်း၊ အနောက်မှာ စီနေတဲ့သူတွေအများကြီး..ဘာညာဆိုပြီး" ကွန်ပလိန်းတက်ပါတယ်။ အဖွားကြီးက မျက်နှာနည်းနည်းပျက်သွားပေမဲ့ နေရာကတော့ မရွေ့ ပါဘူး။ ( သြော်... နိုင်ငံကြီးသူ၊ နိုင်ငံကြီးသူ)။
လေယာဉ်ချိန်က ၇း၅၅၊ ကိုယ့်အလှည့်ရောက်တော့ ၇း၃၀နေပါပြီ။ ပစ္စည်းတွေကို scanဖတ်တော့ အရည်ပါတယ်လို့ပြောပြီး ထုတ်ခိုင်းပါတယ်။ ကိုယ်ကလည်း လုံးဝ မထည့်ထားသူမို့ ... မပါဘူး။ ကိုယ့်ဘာသာကိုယ်ရှာလို့ ပြောပြီးငြင်းပါတယ်။ ( ဒီနေရာမှာ စလုံးက လုံခြုံရေးအရာရှိနဲ့ မြန်မာပြည်ကအရာရှိ ကွာပါတယ်။ ကိုယ့်ပစ္စည်းကိုကိုင်ရမှာ အသေကြောက်ပါတယ်။ အထက်စီးက မပြောပါဘူး။) သူနဲ့ကိုယ်ရှာရင်းနဲ့မှ သူငယ်ချင်းထည့်ပေးလိုက်တဲ့ ဘုန်းကြီးကိုလှုဖို့ထည့်ထားတဲ့အထုတ်ထဲက ယိုလိုလိုဟာကို သွားတွေ့ပါတယ်။ အဲ့ဒါနဲ့ ထားခဲ့ရပါတယ်။ နှမြောဖို့ ကောင်းပါတယ်။ လခသိပ်မကောင်းတဲ့ သူငယ်ချင်းက သဒ္ဓါပေါက်ပေါက်နဲ့ ဘုန်းကြီးကို ဈေးကြီးတာတွေ ဝယ်လှုလိုက်တာပါ။ သူငယ်ချင်းကိုပြန်ပြောတော့ အဲ့ဒါ ငှက်သိုက်လို့ ပြောပါတယ်။ အဲ့ဒါပါတယ်လို့ ကျမကို သူပြောလိုက်တယ်လို့လည်း ပြောပါတယ်။ ပြန်စဉ်းစားတော့ မသေချာပါဘူး။ ထားပါတော့။ သူလာပို့တဲ့အချိန်က တော်တော် နောက်ကျနေပြီး ကိုယ်ကလည်း တခြားသူငယ်ချင်းတစ်ယောက်အိမ်ပြောင်းတာ သွားကူပြီးအပြန်ဆိုတော့ ပင်ပန်းပြီး အိပ်ငိုက်နေပါပြီ။
ဘာပဲဖြစ်ဖြစ် လေဆိပ်မှာအစစ်ခံရတာဟာ ကျမဘဝမှာ ဒါ... ပထမဦးဆုံးပါပဲ။ ကိုယ်တိုင်မထည့်ထားတဲ့ပစ္စည်းကို အရှာခံရခြင်း အကျိုးဆက်အနေနဲ့ကတော့ ပစ္စည်းတွေ ပွကျဲကုန်တာပါပဲ။ ပစ္စည်းတွေ ပြန်ထည့်ပြီးထွက်အလာမှာ ကျမ အရမ်းကြိုက်တဲ့ (ကျမသူငယ်ချင်းတွေလည်း ကြိုက်ကြတဲ့) အမြဲဝတ်နေကျ ကုတ်အကျီ င်္အမဲလေး ကျကျန်ခဲ့ပါတယ်။ လေယာဉ်ထွက်မှ သတိထားမိပါတယ်။ နှမြောလိုက်တာ။ :(

ရန်ကုန်လေဆိပ် အတွေ့အကြုံ
ရန်ကုန်ရောက်တော့ queue စီပြီး တော်တော်ကြာမှ Form နောက်တစ်ခုလိုနေတာ သိရလို့ ဖောင်ပြန်သွားယူပြီးဖြည့် queue ပြန်စီ။ ဒါနဲ့ပဲ မကြာသင့်ဘဲ ကြာသွားပါတယ်။ Immigrationဝင်တော့ လူတွေ နည်းနည်း ပြောင်းလဲသွားပါပြီ။ လူဝင်မှုကြီးကြပ်ရေးအရာရှိက သိပ်..စကားမများတော့ပါဘူး။ အဖေနာမည်မေးပြီး မပြန်ခင် D-Form လုပ်ဖို့ပဲ ပြောပါတယ်။
(အရင်အခေါက်တုန်းကတော့ Passport ထဲ (တမင်တကာ) ပိုက်ဆံ(၁၀)မညှပ်ဘဲပေးလိုက်လို့ ... ဒီနိုင်ငံကို ဘာလို့ သွားတာလဲ၊ ဟိုနိုင်ငံကိုဘာလို့သွားတာလဲ၊ ဘာ pass နဲ့နေတာလဲ။ အလုပ်လုပ်တဲ့ cardလေးပြပါ၊ အလုပ် ဘယ်တုန်းကစလုပ်တာလဲ.. မေးတာ စုံနေတာပါပဲ။ နောက်ဆုံး.. စိတ်မရှည်တော့လို့ .. အလုပ် ကိစ္စနဲ့သွားတာ၊ business visa လို့ စာရွက်ပေါ်မှာ ရေးထားတာတွေ့တယ်မဟုတ်လား။ အလုပ်ကိစ္စနဲ့ သွားတာပေါ့။  ဘာပြဿနာရှိနေလို့လဲဆိုပြီး မျက်နှာကြောတင်းတင်းနဲ့ မေးလိုက်တော့မှ... အနားကို In-charge တစ်ယောက် ကောင်တာနား ရောက်လာပါတယ်။ အဲ့တော့မှ.. အဲ့ဒီ ကောင်တာကလူလည်း ဘာမှ ဆက်မမေးတော့ဘဲ ပေးဝင်လိုက်ပါတယ်။     
နောက်တစ်ခုသတိထားမိတာက Immigration ဝင်တော့ နိုင်ငံခြားသားတွေဘက်က queueက အရှည်ကြီးပါပဲ။မြန်မာတွေဘက်မှာ လူသိပ်မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ရန်ကုန်ပြန်တိုင်း လူဝင်မှုကြီးကြပ်ရေးအရာရှိကို ဒေါ်လာတစ်ဆယ်နဲ့ ချောကလက်တစ်တောင့် ဘယ်တုန်းကမှ မပေးခဲ့ဖူးတာ ကိုယ့်ကိုကိုယ် ကျေနပ်မိပါတယ်။ 

Immigrationကိုကျော်တော့ အိတ်သွားရွေးရပါတယ်။ ကိုယ်သယ်လာတဲ့ hand  carry အိတ်ကို ညီမအမျိုးသားရဲ့အစ်ကိုက သူ့လှည်းပေါ် တင်ထားပေးပါတယ်။ ( သူက စလုံးကို transit ပါ။) ပြီးတော့ ကိုယ်က laggage collection လုပ်တဲ့နေရာနားသွားပြီး ကိုယ့်အိတ်ကို သွားစောင့်နေလိုက်ပါတယ်။ အစောကြီး check in ဝင်မိလို့လား မသိပါဘူး။ အိတ်က တော်တော်နဲ့ထွက်မလာပါဘူး။ ထွက်လာတော့ အိတ်ယူတဲ့ပုံက ရီရပါတယ်။ ဒီတစ်ခေါက်က ပဲများပြီး ပြန်လာတာဆိုတော့ စကပ်အတိုအကျပ်နဲ့၊ ဒေါက်ဖိနပ်အချွန်၊ အမြင့်နဲ့ ဖြစ်နေပါတယ်။ ဘေးတိုက်အတိုင်းလာနေတဲ့ ကိုယ့်အိတ်ကိုဆွဲမယူပြီး ( လေးလို့)အောက်ကို ပစ်ချလိုက်ပါတယ်။ ပြီးမှ ဘေးတိုက်ကို အပေါ်ပြန်ထောင်၊ ဆွဲတဲ့လက်ကိုင်ကိုထုတ်ပြီး .. ကိုယ့်ကို နောက်ကနေ မျက်လုံးပြူးနဲ့ကြည့်နေတဲ့ သူ့အစ်ကိုကို "I am done, let's go"ဆိုပြီး ခပ်တည်တည်နဲ့ ထွက်လာခဲ့ပါတယ်။ လေဆိပ်ရောက်နေတဲ့ ကြီးတော်အလတ်ကတော့ ကိုယ်ဖြစ်နေတာတွေကို နောက်ကနေမြင်ပြီး အသည်းယားနေပါတယ်။ ကိုယ်မှန်းလည်း သူ..မသိပါဘူး။ ဒီကောင်မလေး စကပ်တိုလေးနဲ့ဆိုပြီး စိတ်ထဲတွေးနေတုန်း ကိုယ်က သူ့မြင်ပြီး လက်ပြလိုက်တော့ ..အမလေးဟဲ့ ငါ့တူမ.. အတင်းမပြောမိတာကံကောင်းဆိုပြီး ဖြစ်သွားပါတော့တယ်။ :P

ကိုယ်တိုင်မြင်တွေ့ခဲ့ရသော လက်ရှိရန်ကုန်
မြန်မာပြည်မှာ အရင်က ပိုက်ဆံရှိမှ ကားစီးနိုင်၊ ဟန်းဖုန်းကိုင်နိုင်ပေမဲ့ အခုတော့ အဲ့လို မဟုတ်တော့ပါဘူး။
(၁) ကိုယ့်မျက်စိနဲ့တွေ့ရတာတော့ ကားတွေ အရမ်း များလာတယ်ဆိုတာပါပဲ။ လမ်းတွေ တအားကျပ်ပြီး အပြင်ထွက်ရင် လမ်းပေါ်မှာတင် တော်တော် အချိန်ကုန်ပါတယ်။ ကားမောင်းကြတာလည်း စည်းပျက်၊ကမ်းပျက်ကြီးပါပဲ။ ကားအရေအတွက်တိုးလာတာ၊ ဈေးကျလာတာ တကယ်ပဲ ဝမ်းသာမိပါတယ်။ ဒါပေမဲ့ လမ်းတွေ တိုးချဲ့ ဖို့တော့ လိုနေပါပြီ။ လှည်းတမ်းဂုံးကျော်တံတားကြီးကတော့ ကိုယ်စလုံးပြန်လာတဲ့ နိုဝင်ဘာလ (၁၃)ရက်နေ့အထိ မပြီးသေးပါဘူး။ အိုဘားမားလာတဲ့နေ့က မျက်နှာစာအုပ်ပေါ်မှာ တွေ့လိုက်ရတာကတော့ လှည်းတန်းဂုံးကျော်တံတားကြီး ပြီးသွားပါပြီ။ လမ်းကြီးမှ အကျယ်ကြီးပါပဲ။ 
(၂) နောက်တစ်ခုက ဖုန်း service ပါ။ ရန်ကုန်ကို လေယာဉ်ဆိုက်ဆိုက်ချင်း "Welcome to Myanmar, Roaming service... blah blah"ဆိုပြီး sms ဝင်လာပါတယ်။ ဈေးကြီးနေသေးပေမဲ့ International Roaming service ရပြီမို့ ဝမ်းသာပါတယ်။ နောင်ဆို dataနဲ့ sms roaming ပါ ရမယ်ထင်ပါရဲ့။
နောက်ပြီး လိုင်းတွေ ပို..ကောင်းလာပါတယ်။ အရင်တုန်းက အိမ်ရှေ့ ဝရန်တာရဲ့ နေရာနှစ်ခုမှာ မတ်တတ်ရပ်ပြီးပြောမှ၊ ညဘက်ဆိုရင်တော့ ထိုင်ပြောလို့ရပါတယ်။ အိမ်နောက်ဖေးမှာ တခါတလေ လိုင်းမိပါတယ်။ မဟုတ်ရင် လိုင်းမမိပါဘူး။ အခုဆိုရင် handset အဟောင်း၊ အစုတ်သုံးတာတောင် အိမ်အတွင်းထဲကနေလည်း ပြောလို့ရပါတယ်။ ဖုန်းကို အခန်းထဲထည့်ထားလည်း ဖုန်းမြည်ပါတယ်။ လိုင်းမကောင်းဘူးဆိုပြီး Internet ပေါ်မှာ ကာတွန်းပုံတွေ ဘာကြောင့်များ ခုထိ ရှယ်ကြတုန်းလဲဆိုတာ စဉ်းစားမရနိုင်ပါဘူး။ အရင်ကဆို ရန်ကုန်ကို ဖုန်းခေါ်ရတာ အရမ်း ခက်ပါတယ်။ ခုများဆို ဖုန်းခေါ်ရတာ လွယ်သွားပါတယ်။ တစ်ခါတစ်ရံ ကိုယ့် handsetမကောင်းတာ ကြောင့်လည်း ဖုန်းပြုတ်ကျတာ ဖြစ်နိုင်ပါတယ်။ ဖုန်းခေါ်မရတာ ဖြစ်နိုင်ပါတယ်။ စလုံးလိုနေရာမှာတောင် တစ်ခါတစ်လေ ဖုန်းခေါ်မရဘူးဆိုတာ ဖြစ်တတ်သေးတာပဲ မဟုတ်လား? ဒါပေမဲ့ .. မြန်မာပြည်ဟာ Standardization တော့ လုပ်ဖို့လိုပါတယ်။ GSM ရော၊ CDMA ရော၊ WCDMA၊ Satellite ရော၊ Cellularရော .. နည်းစုံလျှောက်လုပ်တော့ လိုင်းတွေ ရှုပ်ကုန်ပါတယ်။ မြို့ပြဧရိယာမှာ GSM ကို ဒီ frequency နဲ့သုံးမယ်၊ ကမ်းရိုးတန်းဧရိယာဆို WCDMA သုံးမယ်အားလုံးကို uniform လုပ်တာ ပိုအဆင်ပြေမယ် ထင်ပါတယ်။ နောက်ပိုင်းတော့ ပြောင်းမယ် ထင်ပါတယ်။ ခုတောင် cellular phone တွေသိမ်းပြီး တခြားဖုန်းအသစ် ပြန်ထုတ်ပေးတယ်ဆိုလားပဲ။    
ဖုန်းဈေးတွေ ကျလာတာကိုလည်း ဝမ်းသာပါတယ်။ ကျပ် (၅၀၀၀)တန် SIM ကဒ်ဆိုပြီး မဖြစ်နိုင်လွန်းတဲ့ကိစ္စမျိုးကို တောင်းဆိုမနေချင်တဲ့သူဆိုတော့ ဖုန်းတွေ ပေါများလာပြီး ဈေး..ကျလာတာကိုပဲ ဝမ်းသာမိပါတယ်။ ပွဲစားလည်း မလိုတော့သလို အပိုငွေဆောင်းပေးရတယ်ဆိုတာ မရှိတော့တာကလည်း အပေါင်းလက္ခဏာပါပဲ။ ခုပဲခေတ်ပြောင်း၊ ခုပဲ (၅၀၀၀)တန်ဖုန်းချပေးဆိုတာကတော့ ပြည်သူတွေ နည်းနည်း demanding ဖြစ်တယ် ထင်ပါတယ်။ မြန်မာနိုင်ငံဟာ ဟန်လည်းမရှိ၊ အဆံလည်းမရှိတော့တဲ့နိုင်ငံပါ။ ဘယ်သူ့ကြောင့်၊ ဘယ်ဝှာ့ကြောင့်လို့ ပြောနေရမဲ့အချိန်လည်း မဟုတ်တော့ပါဘူး။ အစိုးရနဲ့လူတစ်ချို့ ကို အပြစ်မတင်မီ၊ ကိုယ်တိုင်ကရော နိုင်ငံသားကောင်း ဟုတ်ရဲ့လား ပြန်မေးသင့်ပါတယ်။ ကိုယ့်တိုင်းပြည်ကိုရော ဘာပြန်ပေးပြီးပြီလဲဆိုတာ တွေးသင့်ပါတယ်။ ကိုယ်ကိုတိုင်က အပြင်ကလူဖြစ်ပြီး ဒါမျိုးပြောရတာလည်း သဘာဝမကျဘူးဆိုတာ သိပါတယ်။  အထဲမှာရှိတဲ့သူလည်း မကူနိုင်၊ အပြင်မှာရှိတဲ့သူတွေလည်း မပြန်နိုင်တဲ့အချိန်မှာ ပြင်နိုင်တဲ့သူတွေ၊ ပြင်ချင်တဲ့သူတွေ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေချိန်မှာ ကိုယ်နိုင်တာလေးတွေ ဝိုင်းလုပ်ပေးရင်း ကောင်းသောပြောင်းလဲခြင်းတွေကို ကြိုဆိုသင့်ပါတယ်။ တအားကြီးလည်း စွတ်..မတောင်းဆိုသင့်ပါဘူး။ စိတ်မတည့်တာနဲ့ စီတန်း ဆန္ဒပြတာမျိုးကိုလည်း မကြိုက်ပါဘူး။  ( ဒါမျိုးစကား FB ပေါ်မှာ သွားမပြောရဲပါဘူး။ သိတယ်မလား? ခုခေတ်က FB ပေါ်မှာ လူတွေ အဆဲခံရတဲ့ခေတ်လေ၊ ဘဘော့ဂါအစ်မတစ်ယောက်ပြောသလိုပေါ့... ဘာမှ မလုပ်လည်း အဆဲခံရတယ်၊ တစ်ခုခုထလုပ်လည်း အဆဲခံရတယ်။ အကောင်းပြောလည်း အဆဲခံရတယ်၊ မကောင်းပြောလည်း အဆဲခံရတယ်.. )

ကျမညီမရဲ့ မင်္ဂလာဆောင်
ရန်ကုန်ပြန်ရောက်ပြီး နောက်တစ်ရက် စနေနေ့က မိဘမဲ့စာသင်ကျောင်းမှာ မင်္ဂလာဦးအလှုအနေနဲ့ ဘုန်းကြီးတွေနဲ့ မယ်သီလရှင်တွေကို ဆွမ်းကပ်၊ ကလေးတွေကို ထမင်းကျွေး၊ ကျောင်းစိမ်း၊ စာအုပ်၊ ခဲတံ စသဖြင့် လိုတာတွေကိုလှု... ကိုယ့်အလှုမဟုတ်ပေမဲ့..  မြင်ရတာ အရမ်း ကြည်နူးရပါတယ်။ သဒ္ဓါ အရမ်းပေါက်တာနဲ့ တစ်မျိုးလုံးဆီက အလှုလိုက်ခံ၊ ကိုယ်တိုင်လည်း အလှုငွေထည့်ပြီးတော့ ပိုက်ဆံလှုလိုက်ပါတယ်။ ကျမညီမရဲ့ မင်္ဂလာဦးအလှုပြီးတော့ မင်္ဂလာဧည့်ခံပွဲအတွက် လိုတာတွေလိုက်ဝယ်၊ ပြင်ဆင်စရာရှိတာတွေပြင်ဆင် အလုပ်တွေ ရှုပ်နေတာပါပဲ။ ဧည့်ခံပွဲနေ့ကျတော့လည်း ရှုပ်ရှက်ခတ်နေတာပါပဲ။ "မင်္ဂလာဆောင်ရတာ တော်တော် မလွယ်ပါလားနော်"လို့ မေမေနဲ့ ကြီးကြီးကို ပြောလိုက်တော့ သူတို့က သဘောတွေကျပြီး ရီပါတယ်။ ဒါဆို "ညည်းက မယူတော့ဘူးလား" တဲ့.. မယူဘူးမပြောပါဘူး။ ယူကို ယူမယ်လည်းမပြောပါဘူး။ မင်္ဂလာဆောင်ရတာ စိတ်မော.. လူမောဖြစ်ရတယ်။ မလွယ်ဘူးလို့ ပြောတာပါ။ :P

Family Gathering
မိသားစုမင်္ဂလာဆောင်လည်းဖြစ်... ဟိုး အစောကြီးကတည်းက ကြိုစီစဉ်ထားတာကြောင့်.. အားလုံး အိမ်ပြန်လာကြတာမို့ family gathering လို့ပြောရင် ရနိုင်ပါတယ်။
- အလုပ်များတဲ့ကြားက အိမ်ကချက်ပေးတဲ့ ဟင်းကောင်းကောင်းလေးတွေစားရင်စား၊
- အမျိုးတွေအိမ်လျှောက်လည်ပြီး ချက်ပြီးတဲ့ မြန်မာဟင်းအထူးအဆန်းတွေစားရင်စား
- အပြင်ထွက်ပြီး YKKO တို့၊ မင်းလမ်းမုန့်တီတို့ သွားစားတဲ့အခါစား
- မိသားစု ဓါတ်ပုံတွေရိုက်၊ လူကြီးတွေကိုကန်တော့၊ မောင်နှမတွေပြန်စုံ၊ ငြင်းကြ၊ နောက်ကြ၊ စကားနာထိုးကြ .. ပျော်စရာကြီးပါပဲ။ နေခဲ့ရတဲ့(၁၀)ရက်တာကာလဟာ တော်တော် မြန်လွန်းပါတယ်။

ပဲခူးခရီးတို
မင်္ဂလာဧည့်ခံပွဲပြီးနောက်တစ်ရက်ကတော့ အိမ်မှာ မနက်ပိုင်းနား.. ညနေဘက် မိသားစုစားဝိုင်းလေး တစ်ခု အပြင်မှာလုပ်။ နောက်တစ်ရက်ကျတော့ ပဲခူးကို နေ့ချင်းပြန်ခရီးထွက်ပါတယ်။ တနေကုန် ပျော်စရာကြီးပါပဲ။
စသွားတုန်းက ရန်ကုန်အလွန်မှာရှိတဲ့ စိုပြေစားသောက်ဆိုင်ကို သွားတာပါ။ နောက်နေ့မနက်အစော လေဆိပ်ဆင်းရမှာမို့ ခရီးမသွားချင်ပေမဲ့ ညီမနှစ်ယောက်နဲ့ မောင်လုပ်သူတို့က တက်ကြွနေတာမို့ ညီမရဲ့သူငယ်ချင်းကလည်း စိုပြေကို ညွှန်းထားတာမို့ သွားဖို့ သဘောတူလိုက်တာပါ။ ကျမညီမက သူ့ wedding dinner ကိုမလာတာ မကျေနပ်နေသူမို့ ခရီးတိုသွားဖို့ သဘောတူလိုက်တာပါ။ ဒါပေမဲ့ နောက်နေ့မနက်.. တကယ်လည်း မြို့ပြင်ထွက်ရော.. စိုပြေကနေ ပဲခူးဖြစ်သွားပါတယ်။ ပဲခူးအပြန်မှ စိုပြေဝင်မယ်ဆိုပြီး အစီအစဉ်ပြောင်းသွားပါတယ်။ 
ပဲခူးမဝင်ခင် ထမင်းဝင်စားပါတယ်။ ဆိုင်နာမည်တော့ မမှတ်မိပါဘူး။ ဆိုင်လေးက တော်တော် ကောင်းပါတယ်။ ကားတွေရပ်ပေးနေကျဆိုင်တော့ မဟုတ်ပါဘူး။ အဝစား (၂၅၀၀)လို့ ဆိုပါတယ်။ ဒီနေရာမှာ သတင်းတစ်ခုပေးချင်ပါတယ်။ စားပွဲထိုးလေးက တစ်ယောက်..အဝစား (၂၅၀၀)လို့ ပြောလိုက်တော့ ကိုယ်က ထမင်းပွဲပေါ်မူတည်ပြီး ယူတယ်ထင်လို့ ဟင်းတွေမှာမယ်ဆိုတော့ ညီမက တားပါတယ်။ အဝစား (၂၅၀၀)ဆိုပေမဲ့ .. သူက ဟင်းပွဲယူတဲ့အပေါ်မှာ ပိုက်ဆံယူတာပါ။ ကျန်တာက ထမင်းလိုက်ပွဲအနေနဲ့ ယူတာပါ။ ဥပမာ။    ။ ကိုယ်တွေက လူ(၆)ယောက်ရှိပြီး ဟင်း(၄)ပွဲ၊ ထမင်း(၆)ပွဲမှာတယ်ဆိုပါစို့။ သူက (၂၅၀၀ x ၄ = ၁၀၀၀၀+ ထမင်း (၂)ပွဲစာ = ၅၀၀ x ၂ = ၁၀၀၀; ပေါင်း = ၁၁၀၀၀ကျပ်) ယူပါတယ်။ ဟင်းမှာတဲ့သူက ထမင်း ထပ်တောင်းရင် ပိုက်ဆံပေးစရာမလိုပါဘူး။ ပုစွန်ဟင်းကတော့ ချွင်းချက်အနေနဲ့ တစ်ပွဲ (၄၀၀၀)ပါ။ အဲ့ဒါကိုလည်း ကြိုပြောပါတယ်။ အကောင်လည်း ကြီးပါတယ်။ အရသာလည်း ရှိပါတယ်။  ပဲခူးဘက်ရောက်ရင် ငါးရံ့အူဟင်းမှာရတယ်လို့ ညီမက ပြောပါတယ်။ ဘာလို့လည်းတော့ မသိပါဘူး။ စားကောင်းတာတော့ အမှန်ပါပဲ။ ငါးချဉ်သုတ်လည်း သတ်သတ် ထပ်မှာဖို့ မမေ့ပါနဲ့။ ပဲခူးမှာ.. ငါးဖယ်ချဉ်၊ ပုစွန်ချဉ် နာမည်ကြီးပါတယ်။  လက်ဖက်သုတ်၊ ရေနွေးကြမ်း၊ ငါးပိရည်၊ တို့စရာ၊ ချဉ်ရေဟင်းတို့ကတော့ ထုံးစံအတိုင်း အလကားပေးပါတယ်။ ထန်းလျက်ကို အချိုတည်းဖို့ အလကား ချပေးပေမဲ့ အသီးစားချင်ရင်တော့ တစ်ပွဲကို (၃၀၀)ပေးရပါတယ်။ ( မှတ်ချက်။  ။ သိပြီးသားကို ဆရာလုပ်တယ် မထင်စေချင်ပါ။ စေတနာဖြင့် သတင်းပေးခြင်းသာ ဖြစ်ပါသည်။)
ပဲခူးမှာ အစုံတော့ မသွားပါဘူး။  ရွှေသာလျောင်းသွား၊ ပြီးတော့ မြွေဘုရား။ အဲ..ရွှေတိဂုံမှာ ကင်မရာခွန်မဆောင်ရတော့ပေမဲ့ ပဲခူးကဘုရားတွေမှာတော့ ဆောင်ရတုန်းပါ။ ဟန်းဖုန်းဆိုတစ်ဈေး၊ ကင်မရာအသေးဆိုတစ်ဈေး၊ အကြီးဆိုတစ်ဈေး။ :) နောက်.. ကမ္ဘောဇသာဒီနန်းတော်ကို သွားပါတယ်။ ( ခေါင်တွေ တော်တော် ပျက်စီးနေပါပြီ။ maintenance မရှိတာဆိုးပါတယ်။) ယိုးဒယားက သိမ်းလာတဲ့ မိဖုရားပုံတူရုပ်ထုလည်း မရှိတော့ပါဘူး။ အနောက်က ကျားလိုက်သလို သွားရတဲ့ခရီးမဟုတ်လို့ အေးအေးဆေးဆေးနဲ့ စိတ်ချမ်းသာရပါတယ်။

စိုပြေ resort
ပဲခူးကအပြန် စိုပြေကို ဝင်ပါတယ်။ ပိုက်ဆံမရဘဲ ကြော်ငြာပေးလိုက်ဦးမယ်။ :P ကားပေါ်ကဆင်းပြီး ဆိုင်ကို မြင်ရကတည်းက ပျော်စရာကြီးပါ။ ပန်းပုရုပ်တွေ အများကြီးပါပဲ။ နိုင်ငံခြားသားအကြိုက် လုပ်ထားတာ ဖြစ်မယ်ထင်တယ်။အစားအသောက်လည်း ကောင်းပါတယ်။ ဈေးလည်း သင့်ပါတယ်။ မှိုကြော်လေးလည်း မြည်းစမ်းကြည့်ပါ။ မှိုအပွင့်ကို အကြော်မှုန့်နဲ့ ကြော်ထားတာပါ။ ကြွပ်ကြွပ်ရွရွအိအိလေးနဲ့ တော်တော်စားကောင်းပါတယ်။ တစ်ဆိုင်လုံး ပန်းပုအရုပ်တွေနဲ့ အလှဆင်ထားပါတယ်။ ခုံတွေကိုလည်း ပန်းပုခုံလေးတွေ ထုထားပါတယ်။ 
နာဂစ်ဖြစ်တုန်းက လဲကျသွားတဲ့အပင်တွေကို လေလံဆွဲပြီး ပန်းပုထုပစ်တာလို့ ဆိုပါတယ်။ လူတွေကို ပြိုင်ပွဲဝင်ခိုင်းပြီး ဆုရတဲ့အရုပ်တွေကို ဆိုင်နဲ့ .. ဝင်းထဲမှာ ပြထားပြီး ကျန်တဲ့အရုပ်တွေကိုတော့ အမိုးပဲပါတဲ့အဆောင်မှာ စီပြီး ပြထားပါတယ်။ ဝင်းက တော်တော်ကျယ်ပြီး တံတားနှစ်ခုရှိပါတယ်။ ဘန်ဂလိုမျိုး အိပ်ဆောင် (၄)ဆောင်ရှိပြီး ညအိပ်လို့ ရပါတယ်။ ဒါပေမဲ့ booking လုပ်ဖို့တော့ လိုပါတယ်။ ည(၇း၃၀)လောက်ကျတော့ စိုပြေက ထွက်လာကြပြီး ရန်ကုန်ကို ၈နာရီခွဲကျော်ကျော်လောက် ပြန်ရောက်လာကြပါတယ်။ ကားပေါ်ကဆင်းတာ ကိုယ်တွေ နောက်ဆုံးမို့ မဆင်းခင်.. သေချာစစ်ပြီး သူများ ကျန်တဲ့ပစ္စည်းတွေပါ ကောက်သိမ်းပေးခဲ့ပါတယ်။ ဒါပေမဲ့... ဝမ်းနည်းစရာကောင်းတာက မနှစ်ကမှ ဝယ်ထားတဲ့ ကျမရဲ့ digital camera လေး ကျန်ခဲ့ပါတယ်။ အိမ်ပေါ်ရောက်ပြီး ညီမအငယ်က ကင်မရာတောင်းတော့မှ ကျန်ခဲ့တာ သိပါတယ်။ ဒါပေမဲ့ ... ညီမနဲ့ အရမ်းခင်တဲ့ agent ကနေ ကားငှားပြီးသွားတာမို့ ပြန်ရမယ်လို့ ယူဆခဲ့ပါတယ်။ အဲ့ဒါနဲ့ ညီမဆီဖုန်းဆက်ပြီး အကျိုးကြောင်းပြောရပါတယ်။ ဒါပေမဲ့ .. ညမိုးချုပ်နေလို့ မနက်မှ ဖုန်းဆက်ပေးမယ်ပြောပါတယ်။

Prepare to go back to second home
ခရီးကနေအိမ်ကိုပြန်ရောက်၊ ညီမဆီဖုန်းဆက်။ ပြီးတော့ ရေမိုးချိုးပြီးသကာလ စလုံး ပြန်ဖို့ပြင်ဆင်ရပါတော့တယ်။ စိတ်ကလည်း လေးလံပြီး ငိုချင်သလိုလိုဖြစ်လာပါတယ်။ မေမေနဲ့ အဒေါ်တွေလည်း မျက်နှာ မကောင်းကြတော့ပါဘူး။ ပစ္စည်းအများကြီး မပါလာသူမို့ ကိုယ့်အဝတ်နဲ့ ပစ္စည်းနည်းနည်းကို ထည့်ပြီးတဲ့နောက်တော့ အဒေါ်တွေကပဲ စားစရာတွေ စီပြီး ထည့်ပေးပါတယ်။ နောက်နေ့မနက်တော့ မောင်လုပ်တဲ့သူက လေဆိပ်ကို မနက်စောစော လိုက်ပို့ပေးပါတယ်။ ဖေကြီးကတော့ ဘုရားသွားစရာရှိလို့ မလိုက်ပါဘူး။ မေမေနဲ့ ကြီးကြီးလေးပဲ လိုက်ပို့ပါတယ်။ အရင်အခေါက်တွေကဆို ငိုမဲ့ငိုမဲ့လုပ်တတ်တဲ့ မေမေကတော့ ... မကြာခင် စလုံး လိုက်လာမှာမို့ နည်းနည်း ငြိမ်နေတာကလွဲရင် အဆင်ပြေပါတယ်။ =)
 
Back to my Second Home
စလုံးလေဆိပ်ကိုရောက်တော့ အချစ်ဆုံးသူငယ်ချင်း စံပယ်ဖူး (nick-nameသုံးထားသည်။) က လာကြိုပါတယ်။ အိမ်ကို ပြန်ရောက်ပြီး ပစ္စည်းတွေ ပြန်ထုတ်တော့ ထည့်ပေးလိုက်တာ ဟင်းတွေ၊ စားစရာတွေ... အများကြီးပါ။ ကိုယ့်အကြိုက်တွေကြီးပါပဲ။ ဝမ်းနည်း၊ ဝမ်းသာဖြစ်ရပါတယ်။ မိသားစုကပေးတဲ့ နွေးထွေးတဲ့မေတ္တာ၊ စေတနာဆိုတာ ကိုယ့်ရဲ့အိမ်မှာပဲ ရနိုင်ပါတယ်။ ဒါပေမဲ့.. ဘဝရဲ့လိုအပ်ချက်၊ မိသားစုရဲ့လိုအပ်ချက်တွေကြောင့် အိမ်နဲ့ ခွဲနေရဦးမှာပါ။ တစ်ချိန်မှာတော့ အိမ်ကို သေချာပေါက် အပြီး ပြန်ရဦးမှာပါ။

People's Decency
စလုံးပြန်ရောက်ပြီး အိမ်ကို ဖုန်းဆက်တော့ .. ကင်မရာက ပြန်မရဘူးလို့ ပြောပါတယ်။ ကားမောင်းတဲ့သူက သူကားကို ပြန်မအပ်ခင်.. သေချာစစ်တယ်၊ မတွေ့ဘူးလို့ ပြောပါတယ်။ အဲ့ဒါနဲ့ ညီမလုပ်သူက "စိုပြေ"ကိုဆက်တော့ မကျန်ခဲ့ဘူးပြောပါတယ်။ စိုပြေမှာ မကျန်ခဲ့တာကတော့ ဟုတ်ပါတယ်။ ကားပေါ်မတက်ခင် ညီမရဲ့ယောက္ခမဖြစ်သူကို ကျမ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ပြပြီး ထွက်လာတော့ လက်ထဲမှာ ကင်မရာပါလာပါတယ်။ ကားပေါ်တက်တော့ ပိုက်ဆံအိတ်နဲ့ကင်မရာကို ပေါင်ပေါ်တင်လိုက်ပါတယ်။ ကားက စူပါကာစတန်မို့ အနောက်ခန်းမှာ နှစ်တန်းပေါင်းမှ (၆)ယောက်ပဲ ထိုင်ရပါတယ်။ ဒါပေမဲ့ လူကများလို့ အနောက်ခန်းမှာ (၈)ယောက်ထိုင်ပါတယ်။ တိုးဝှေ့ထိုင်ရင်း ဟိုရွှေ့ ဒီရွှေ့ မှာ အောက်... ပြုတ်ကျသွားပုံရပါတယ်။ ကင်မရာအိတ်က အမဲရောင်ဖြစ်တဲ့အပြင် compact type မို့ မဲမဲသေးသေးလေးဖြစ်တာကြောင့် ရှာမတွေ့တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နောက်တစ်ခေါက် ပြန်ရှာပေးဖို့ ပြောတော့ ဖုန်းမကိုင်တော့ပါဘူး။ ဘယ်သူ့ကိုမှ မစွပ်စွဲချင်ပေမဲ့ စိတ်ထဲ မကျေနပ်ပါဘူး။
ကင်မရာကို မနှစ်က စက်တင်ဘာလမှာလုပ်တဲ့ IT show မှာမှ ဝယ်ထားတာပါ။ ဝယ်ထားတာ သိပ်မကြာသေးပါဘူး။ review တွေ လျှောက်ဖတ်ပြီးမှ အရောင်ရော၊ အရွယ်အစားရော၊ specificationရောချိန်ပြီး ကိုယ့်စိတ်ကြိုက် ရွေးဝယ်ထားတာပါ။  ခရီးခဏခဏသွားရတာမို့ compact ဖြစ်လွန်းတာ ဝယ်လိုက်တာ အမှားများ ဖြစ်သွားလား မသိပါဘူး။
တကယ်ဆို ကင်မရာ ကျန်တာ ဒီတစ်ခေါက်တည်း မဟုတ်ပါဘူး။ ထိုင်ဝမ်ကို ပထမဆုံးအကြိမ် training သွားတက်ရတုန်းက ကျမရဲ့ ကင်မရာအဟောင်းလေး taxi ပေါ်မှာ ကျန်ခဲ့ဖူးပါတယ်။ နောက်တစ်နေ့မှာ ပြန်ရပါတယ်။ ဒုတိယအကြိမ်မြောက်သွားတုန်းကလည်း ဒီကင်မရာအသစ် dining room ထဲမှာ မနက်စာစားပြီး ချန်ခဲ့ဖူးပါတယ်။ ညနေဘက် ဟိုတယ်ပြန်ရောက်တော့ ဧည့်ကြိုကောင်တာမှာ သွားရွေးယူရုံပါပဲ။ ခု.. ဒီတစ်ခေါက်မှ ပြန်မရတာပါ။ ဒီအကြောင်းကို သူငယ်ချင်းကိုပြောတော့ "Decency is different" တဲ့။ ဆက်ပြောစရာစကား ရှာမတွေ့ တော့လောက်အောင် ဆွံ့ အခဲ့ရပါတယ်။
ပျောက်သွားတဲ့ camera အမျိုးအစား SONY DSC WX-7

ကင်မရာကို မနှမြောတာ မဟုတ်ပါဘူး။ နှမြောပါတယ်။ ဒါပေမဲ့ အထဲက  ဓါတ်ပုံတွေကို ပိုနှမြောပါတယ်။ ဒီ ကင်မရာဝယ်ပြီးကတည်းက ရိုက်ခဲ့တဲ့ပုံတွေ ကွန်ပျူတာထဲ မထည့်ရသေးပါဘူး။ အကုန်လုံး အဲ့ဒီ ကင်မရာအိတ်ထဲက memory card နှစ်ကဒ်ထဲမှာပါ။ ရှုခင်းမြင်ရင် မရိုက်ရမနေနိုင်သူမို့ ရှုခင်းပုံတွေ အများကြီးပါ။ ကိုယ်ကိုတိုင်ရဲ့ potrait ပုံတွေအများကြီးကလည်း အဲ့ထဲမှာပါပဲ။ သွားခဲ့တဲ့ တစ်ချို့နေရာတွေဟာလည်း နောက်တစ်ခေါက် ပြန်ရောက်ဖို့ မလွယ်တော့ပါဘူး။ ပိုဆိုးတာက မိသားစုဓါတ်ပုံတွေပါ။ အားလုံးဟာ တစ်ယောက်တစ်နေရာဆီ ရောက်နေကြပြီး မိသားစုမှာ မင်္ဂလာဆောင်ရှိလို့သာ ခုလို လူစုံတက်စုံ ရှိတာပါ။ အရမ်းကို နှမြောပါတယ်။ ဒါပေမဲ့လည်း အားလုံးက ကိုယ့်ပေါ့ဆမှုမို့ စိတ်ဖြေနေရပါတယ်။
ပစ္စည်းသင်္ခါရ..လူသင်္ခါရဆိုသော်လည်း ခုချိန်ထိတိုင်အောင်... မနက်မိုးလင်းလို့ အိပ်ရာကနိုးရင် ကင်မရာကိုပဲ သတိရနေပြီး.. ကောက်ရမဲ့သူကို မေတ္တာလှမ်းပို့၊ ပြန်ပို့နိုင်မဲ့ connection ကို ရပါစေလို့ ဆုတောင်းရင်း မနက်..မနက်တွေကို နိုးထနေရပါတယ်။ ခုချိန်ထိတော့ ပြန်ရမဲ့လမ်း မမြင်သေးပါဘူး။        ။

 ရန်ကုန်ပြန်မှတ်တမ်း ဒီတွင်ပြီး၏။

Thank you for reading this post.

witch83
(27/11/2012;6:24PM; GMT+8)
To Continue Reading

November 21, 2012

Oxana Gennadyevna Fedorova (2)

ကိုယ်ဝန်ရှိတယ်ဆိုတဲ့ စွပ်ဆွဲချက်ကို Fedorovaက ငြင်းခဲ့ပါတယ်။ ဒါပေမဲ့ သူမ ကိုယ်ပိုင်သဘောအရ Miss Universe 2002 ရာထူးမှ နုတ်ထွက်ပါတယ်ဆိုပြီး ပြောပါတယ်။ အဓိကအကြောင်းရင်းကတော့ သူမရဲ့ပါရဂူဘွဲ့ကို ပြီးအောင် လုပ်ချင်လို့..လို့ဆိုပါတယ်။
နောက်တစ်ခုက.... သူမဟာ အမေရိကန်ရုပ်ရှင်ပြဇာတ်တစ်ခုဖြစ်တဲ့ အောက်မလွတ် ညစ်တီးညစ်ပတ်တွေ အရမ်းပြောတတ်တဲ့ Howard Stern Showရဲ့ အလွန်အကျွံ စော်ကားတာကို ခံရပါတယ်ဆိုပြီး Miss Universe အနေနဲ့ ထမ်းဆောင်ရမဲ့တာဝန်တွေကိုငြင်းပယ်ပါတယ်။  Sternက သူမကို မကြာခဏမေးလေ့ရှိတဲ့ sexual မေးခွန်းတွေကို organizerတွေက သတိပေးတားမြစ်တာမျိုး မလုပ်ဘူးလို့ .. သူမက အပြစ်တင်ပါတယ်။
(Stern Show အကြောင်းကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။ Federal Communications Commission မှာ ခဏခဏ ဒဏ်ငွေဆောင်ရတဲ့ channel ပဲ ဖြစ်ပါတယ်။)
ဒီလိုနဲ့ ... Miss Universe 2012 ဆုကို ပနားမားမယ် Justine Pasek က လွှဲပြောင်းယူလိုက်ရပါတယ်။ ( သူမဟာလည်း ပနားမားအတွက် ပထမဆုံးသော Miss Universe ပါ။) Fedorovaဟာ Miss Universe တစ်ယောက်အနေနဲ့ ထမ်းဆောင်ရမဲ့ တာဝန်တွေကို ငြင်းပယ်ပြီး၊ Miss Universe ဘွဲ့ကို ကိုယ့်သဘောနဲ့ကိုယ် နုတ်ထွက်တဲ့ ပထမဦးဆုံးသော အလှမယ် ဖြစ်ပါတယ်။ Oxana Fedorova နုတ်ထွက်ပြီးနောက်မှာ Miss Universe Comitte က သူမကို Miss Universe 2002 အနေနဲ့ လုံးဝ လက်မခံတော့ပေမဲ့ အများပြည်သူအပေါင်းကတော့ Fedorova ကိုသာ Miss Universe 2002 အဖြစ် သတ်မှတ်ခဲ့ပါတယ်။ လူတွေဟာ သူမကို သရဖူပြန်ရုတ်သိမ်းခြင်းခံရတဲ့သူ ( Dethroned Miss Universe)လို့ ပြောရင်တောင် လက်မခံပါဘူး။ volunteerly give up လုပ်တာပါတဲ့လေ။ Resigned Miss Universe ပေါ့။ :) 


Cadet and Beauty Queen life မှသည် ..  Miss Russia (2002) ဆုကို ရယူခဲ့တဲ့၊ ရုရှားနိုင်ငံအတွက် ပထမဆုံးသော Miss Universe ဘွဲ့ကို ယူပေးခဲ့တဲ့၊ Yes or No person (မတွေဝေတတ်သူ) လို့ အဒေါ်ဖြစ်သူက သတ်မှတ်ခဲ့တဲ့၊ သူ့အကြောင်းကို အငြင်းပွားမယ်ဆိုရင် ခုချိန်ထိ အငြင်းပွားလို့သေးတဲ့ ရုရှားပြည်သူတွေရဲ့ အချစ်တော်... Oxana Fedorova

After giving up the crown

Miss Universe 2002 ဘွဲ့ကို စွန့်လွှတ်ပြီးတဲ့နောက်....Oxana Fedorova ဟာ...

  •  (၂၀၀၂)ခုနှစ် ဒီဇင်ဘာလ (၂၇)ရက်နေ့မှာ သူမရဲ့ Phd စာတမ်း Fedorova ဟာ ကို ပြီးဆုံးအောင်မြင်ခဲ့ပါတယ်။ (၂၀၀၃)ခုနှစ် မေလ (၁၆)ရက်နေ့မှာ ပါရဂူဘွဲ့ရခဲ့ပါတယ်။
(1) Career Life

  • ပါရဂူဘွဲ့ရပြီးတဲ့နောက်မှာလည်း အဲ့ဒီ MVD တက္ကသိုလ်မှာပဲ အချိန်ပိုင်းအနေနဲ့ စာဆက်သင်ခဲ့ပါတယ်။ 
  • ရဲအရာရှိအလုပ်ကိုလည်း ဆက်လုပ်ပြီး စက်တင်ဘာ (၂၀၀၂)ခုနှစ်မှာ ဗိုလ်ကြီးအဆင့် ရာထူးတိုးပေးခြင်းခံရပြီး၊ (၂၀၀၅)ခုနှစ်မှာ ဗိုလ်မှုးအဆင့်ထိ ရောက်ခဲ့ပါတယ်။ 
  • (၂၀၀၂)နှစ်အကုန်ပိုင်းကစပြီး ရုပ်မြင်သံကြား အစီအစဉ်မှုးလုပ်.. နောက်ပိုင်း ဂီတ၊ ရုပ်ရှင်၊ အက၊ modellingစတာတွေလုပ်ကိုင်ပြီး အနုပညာလောကထဲ ဝင်ရောက်အောင်မြင်လာခဲ့ပါတယ်။
ဒီဇင်ဘာ (၂၀၀၂)ခုနှစ်ကစပြီး "Spokoinoi Nochi, Malyshi" .. "ကောင်းသောညချမ်းပါကလေးတို့ရေ.." ဆိုတဲ့ ရုပ်မြင်ဇာတ်လမ်းတွဲမှာ ဝင်ရောက်ကပြခဲ့ပြီး အောက်တိုဘာ(၂၃)မှာ ဒီအစီအစဉ်လေးဟာ ရုရှားရဲ့ အကောင်းဆုံး TEFI Children's Show ဆုကို ရရှိခဲ့ပါတယ်။ သူမပြောတာကတော့ အဲ့ဒီရုပ်မြင်သံကြားကုမ္ပဏီဟာ သူမကို TV presenter လုပ်ဖို့ ကမ်းလှမ်းနေပေမဲ့ သူမက အကြိမ်ကြိမ် ငြင်းနေခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံးတော့ ကလေးအစီအစဉ်မှာလုပ်ပေးပါဆိုလို့ ကလေးတွေကိုချစ်တဲ့အတွက်ကြောင့် လက်ခံလိုက်ပါတယ်။  အောက်က ရုပ်ရှင် clipအတိုလေးကတော့ သူမပါတဲ့ အပိုင်းတိုလေးကို ထည့်ထားပေးတာပါ။



ဒီအစီအစဉ်လေးဟာ တော်တော်ကို နာမည်ကြီးပြီး ပြင်သစ်အပါအဝင် တခြားနိုင်ငံအချို့ကို သွားရောက် ကပြခဲ့ရပါသေးတယ်။ သူမဟာ (၂၀၁၂)ခုနှစ် ကလေးမမွေးခင်အချိန်အထိ ဒီရုပ်သံအစီအစဉ်လေးကို ပါဝင်ကပြနေတုန်းပါပဲ။
Fedorova ဟာ (၂၀၀၆)ခုနှစ် Dancing with the Stars ( Russia) show ပြိုင်ပွဲမှာ Alexander Litvinenko နဲ့တွဲကပြီး ပြိုင်ပွဲဝင်ခဲ့ပါတယ်။ top-5 ဝင်သွားခဲ့တယ်လို့ သိရပါတယ်။ ဒေါက်ဖိနပ်နဲ့ကသွားတာ တော်တော်ကြီးကို လှပါတယ်။ အောက်က ဗွီဒီယိုမှာ ကြည့်နိုင်ပါတယ်။


သူမဟာ (၂၀၀၈)ခုနှစ် ဧပြီလမှာ... ရုရှားရဲ့ "Sony Vaios P Series" ရဲ့ မော်ဒယ် ဖြစ်ခဲ့ပါသေးတယ်။ သူမပါဝင်ခဲ့တဲ့ TV show တွေ၊ ရုပ်ရှင်တွေ၊ အစီအစဉ်တွေများလို့ အကုန် မပြောတော့ပါဘူး။ ထင်ရှားတာလေးတွေပဲ ဒီ ပို့(စ်)ထဲမှာ တင်ထားပါတယ်။ ဆုတွေလည်း ရခဲ့ပါတယ်။ 

(၂၀၀၈)ခုနှစ် အောက်တိုဘာလမှာတော့ သူမကိုယ်တိုင်ရေးသားတဲ့ "The formula of Style" စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အလှအပနဲ့ ဖက်ရှင်စတိုင်တွေအကြောင်းရေးထားပြီး သူမရဲ့ ကိုယ်ရေးရာဇဝင်လည်း ပါပါတယ်။

(၂၀၀၉)ခုနှစ်မှာတော့ သူမဟာ ဂီတလောကထဲ ဝင်လာပါတယ်။ ဂီတသင်တန်းကျောင်းတက်ပြီးတဲ့နောက်...  Fedorova ဟာ သီချင်းဆိုခြင်းကို စတင်ခဲ့ပါတယ်။ (၂၀၀၉)ခုနှစ် သြဂုတ်လမှာ ရုရှား tenor ( ယောကျာင်္းအသံမြင့် အဆိုတော်) Nikolay Baskovနဲ့ "Love is Right" လို့အမည်ရတဲ့ စုံတွဲသီချင်းတစ်ပုဒ်ကို စဆိုခဲ့ပါတယ်။ သူမရဲ့ တစ်ကိုယ်တော်ခွေကတော့ (၂၀၁၀)မှာ ထုတ်တာပါ။ သူမရဲ့ တစ်ကိုတော်သီချင်းမှာ ဂီတာတီးတယ်လို့ အင်တာဗျူးတစ်ခုကနေ သိရပါတယ်။ အောက်က သီချင်းအစီအစဉ်လေးကတော့ (၂၀၀၉)ခုနှစ်တုန်းက ရုရှားရုပ်သံအစီအစဉ်တစ်ခုမှာ  "Felicità" လို့အမည်ရတဲ့ အီတလီစုံတွဲသီချင်းကို Nikolay Baskovနဲ့ ဆိုထားတာပါ။ မြန်မာလို  "ပျော်ရွှင်ခြင်း"လို့ အဓိပ္ပါယ်ရပါတယ်။( Fedorova ဟာ သီချင်းဆိုတာတော့ သိပ်မကောင်းပါဘူး။ )



 
(2) Charity Work
Fedorovaဟာ မယ်တစ်ယောက်ဖြစ်တာကြောင့် charityလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ပါတယ်။ သူမဟာ ( ၂၀၀၄)ခုနှစ်လောက်ကတည်းက ကလေး charity programme တွေမှာ ဝင်ပါခဲ့ပါတယ်။ (၂၀၀၆)ခုနှစ် မေလကတည်းက UNICEFမှာ စဝင်လုပ်ခဲ့ပြီး (၂၀၀ရ)ခုနှစ် စက်တင်ဘာလ (၁၇)ရက်နေ့မှာ ရုရှားဖယ်ဒရေးရှင်းရဲ့ သံတမန်ရာထူးကို ရရှိခဲ့ပါတယ်။ ကလေးတွေအတွက် ပရောဂျက်တွေ၊  အများကြီး လုပ်ပေးခဲ့ပါတယ်။ ကမ်ပိန်းတွေလည်း ထောင်ပေးခဲ့ပါတယ်။
(၂၀၀၉)ခုနှစ် အောက်တိုဘာလမှာ ကလေးတွေအတွက် ရုရှားစစ်တပ်နဲ့ Orthodox ဘာသာရေးအသင်းတို့ရဲ့ အကူအညီကိုရယူပြီး "Спешите делать добро!, Hurry to Create Wonders"ဆိုတဲ့ charity ဖောင်ဒေးရှင်းတစ်ခုကို ထူထောင်ပါတယ်။ ဒုက္ခရောက်နေတဲ့ ကလေးတွေအတွက်ပါ။ ဒါပေမဲ့ တာဝန်ထမ်းဆောင်ရင်းနဲ့ ကျဆုံးသွားတဲ့ ရုရှားစစ်တပ်ကစစ်သားတွေနဲ့ ပြည်ထဲရေးကဝန်ထမ်းတွေရဲ့ သားသမီးတွေကို ဦးစားပေးလက်ခံပါတယ်။ ( တကတည်းမှပဲ.. ဒါကြောင့် ရုရှားအစိုးရနဲ့ မြန်မာအစိုးရ မဟာမိတ်ဖြစ်တာ... )  အောက်က ဗွီဒီယို clip လေးကတော့ UNICEF ambassodor အနေနဲ့ စကားပြောထားတာလေးကို ထည့်ပေးထားတာပါ။ ရုရှားလိုပြောတာဆိုတော့ ကိုယ်လည်း နားမလည်ပါဘူး။




(3) Political Activity 

(၂၀၀၃)ခုနှစ်ကနေ (၂၀၀၅)ခုနှစ်ကြားထဲမှာ ရုရှားလူနေမှုဘဝပါတီ ( တိုက်ရိုက်ဘာသာပြန်လိုက်သည် :P) အတွက် မဲလိုက်ဆွယ်ပေးခဲ့ပါတယ်။ (၂၀၀၄)ခုနှစ် သမ္မတရွေးကောင်ပွဲအတွက် အဲ့ဒီပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်ပြီး (၂၀၀၃)ခုနှစ်တုန်းကလည်း လူငယ်များအသင်းမှာ တွဲဖက်ဥက္ကဌလို့ သိရပါတယ်။
ပြောရမယ်ဆိုရင်တော့ ပါလေရာငါးပိချက်ပါပဲ။ သူကိုယ်တိုင်ကလည်း ပြောပါတယ်။ ဘဝမှာ ကိုယ်လုပ်လို့ရနိုင်သမျှကို လုပ်ကြည့်သင့်တယ်လို့ အင်တာဗျူးတစ်ခုမှာ ထုတ်ပြောဖူးပါတယ်။ ကျမထင်တာတော့ သူမဟာ civil law နဲ့ ကျောင်းပြီးထားပြီး လူငယ်တွေ၊ ကလေးတွေကို မြေတောင်မြှောက်ချင်ပုံ ရပါတယ်။  ဒါကြောင့်လည့် Missology ကပေးတဲ့ All time gooddess Miss Universe (၅)ယောက်ထဲမှာ တစ်ယောက်အပါအဝင် ဖြစ်ခဲ့တာနေမှာ။


(4) Marriage Life
Fedorova ဟာ အင်တာဗျူးတော်တော်များများမှာ မိသားစုဘဝကို လိုချင်တယ်၊ မိခင်ဘဝကို ရချင်တယ်လို့ ပြောတတ်ပါတယ်။ (၂၀၀ရ)ခုနှစ် သြဂုတ်လမှာတော့ Philip Toftလို့ အမည်ရတဲ့ ဂျာမန် စီးပွားရေးသမားတစ်ယောက်နဲ့ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ လက်ထပ်ခဲ့ပါတယ်။ 


(၂၀၁၀)ခုနှစ် ဧပြီလမှာတော့ တရားဝင် ကွာရှင်းပြတ်ဆဲခဲ့ပါတယ်။ ကွာရှင်းပြီးနောက်မှာလည်း အခင်အမင်မပျက် ဆက်ဆံလျက်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ သူနဲ့တွဲဆိုနေကြအဆိုတော် Nikolay Baskov နဲ့ သူငယ်ချင်းအဆင့်က ကျော်လွန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ (၂၀၁၁)ခုနှစ်မှာတော့ အသက်(၃၈)နှစ်ရှိပြီဖြစ်တဲ့ ရုရှားသမ္မတရုံးက အရာရှိတစ်ဦးဖြစ်သူ Andrey Mikhaylovich Borodin နဲ့ လက်ထပ်ခဲ့ပါတယ်။ Andreyဟာ ရုရှားလက်ဝှေ့ကော်မတီရဲ့ ဒုတိယဥက္ကဌလည်း ဖြစ်ပါတယ်။ 


(၂၀၁၂)ခုနှစ် မတ်လ၊ (၆)ရက်နေ့မှာတော့ Oxana Fedorovaဟာ သားယောကျာင်္းလေးတစ်ဦးကို မော်စကိုမြို့မှာ ဖွားမြင်ခဲ့ပါတယ်။ ကလေးနာမည်ကို Fyodor (Fedor)လို့ ပေးထားပါတယ်။


Fedorovaဟာ ကလေးမမွေးခင်အထိ "Good Night, Children"အစီအစဉ်မှာ ပါဝင်ကပြခဲ့ပြီး ကလေးမွေးပြီးသွားတော့လည်း TV presenter ဆက်လုပ်နေတုန်းပါပဲ။ ဝိတ်ချဖို့တော့ လိုပါပြီ။ :)
2011
2012

(၂၀၁၁)ခုနှစ်မှာ Fedorovaကို Global Beauties က အားလုံးသော Miss Universe ထဲမှာ အလှဆုံးအဖြစ် ရွေးချယ်ခဲ့ပါတယ်။ Missosology ကလည်း တွေ့ဖူးသမျှပြိုင်ပွဲဝင်တွေအားလုံးမှာ Fedorova ရဲ့ Performaceဟာ အကောင်းဆုံးလို့ ဆိုပါတယ်။ (၂၀၁၂)ခုနှစ်မှာ ရုရှားမှာ poll လုပ်ကြတော့ Oxana Fedorova ကပဲ ရုရှားရဲ့ အလှဆုံးအမျိုးသမီးဆုကို ရသွားပါတယ်။

ဘက်စုံတော်သော၊ အရည်ချင်းရှိသော Oxana Fedorova တစ်ယောက် ဒီထက်အောင်မြင်မှုတွေ ရပါစေလို့ ဆုတောင်းပေးရင်း ဒီပို့(စ်)ကို နိဂုံးချုပ်လိုက်ပါတယ်။
စာကြွင်း။        ။ တကယ်လို့များ သူမရဲ့ ဓါတ်ပုံတွေ ထပ်ကြည့်ချင်တယ်ဆိုရင်တော့ internet ပေါ်မှာ အများကြီး ရှိပါတယ်။ Youtube ပေါ်မှာလည်း အင်တာဗျူးတွေ၊ TV showတွေ၊ MTVတွေ၊ dance show တွေ အများကြီးရှိပါတယ်။ စိတ်ဝင်စားရင် ရှာကြည့်လို့ရပါတယ်။

Thank you for reading this post.
witch83
(21/11/2012; 10:44AM; GMT+8)
To Continue Reading

Oxana Gennadyevna Fedorova (1)

စာရေးသူရဲ့အမှာ

ကျမဟာ Beauty contest တွေ၊ show တွေကြည့်ရတာ နှစ်သက်သူမို့ မယ်တွေအကြောင်းကို စိတ်ဝင်စားပါတယ်။ ဟို..ဒီ လျှောက်ရှာဖတ်ရင်းက ဖတ်ရှုသိရှိမိတဲ့.... တခြားမယ်တွေနဲ့မတူဘဲ တမူထူးခြားတဲ့ Russia အလှမယ်(2001)... Miss Universe (2002) winner.... Oxana Gennadyevna, (Russian: Оксана Геннадьевна Фёдорова , Fedorova Oksana Gennad'yevna Fyodorova)ရဲ့ အကြောင်းကို  ပြန်လည်ဝေမျှချင်ပါတယ်။

ဒါပေမဲ့ ဒီပို့(စ်)ဟာ ပထမဦးဆုံးရေးတဲ့ Biography ဖြစ်ပြီး ဘာသာပြန်နေကြသူ မဟုတ်တာကတစ်ကြောင်း၊ မြန်မာစကားလုံး အသုံးမကြွယ်တာကတစ်ကြောင်း၊ ပြီးတော့... wikipedia site ကလွဲရင် ကျန်တာတွေက ရုရှားဆိုဒ်တွေက data ရှာရတာမို့.. Russian English ကို ဘာသာပြန်ရတာကတစ်ကြောင်းကြောင့် ဖတ်ရတာ ထောက်နေမယ်၊ အမှားအယွင်းလေးတွေ ရှိနေမယ်ဆိုရင် ခွင့်လွှတ်စေချင်ပါတယ်။

နောက်တစ်ခုက Fedorovaရဲ့ information ကို ရှာတဲ့အခါမှာ ဆိုဒ်တစ်ခုနဲ့တစ်ခု ပြောထားတာလေးတွေ မတူပါဘူး။ ပြည့်လည်းမပြည့်စုံပါဘူး။ အများကြီးလျှောက်ဖတ်ပြီး တိုက်ဆိုင်မှ အမှန်ယူထားရတာပါ။ ဒါကြောင့် ဒီ information တွေအားလုံး ၁၀၀%မှန်ချင်မှ မှန်ပါလိမ့်မယ်။

နောက်ဆုံးပြောချင်တာကတော့ ဒီပို့(စ်)ကို နန်းခင်ဇေယျာ ရေပန်းမစားခင်အချိန်ကတည်းက စရေးထားတာပါ။ အခုမှ ရေးလို့ပြီးပါတယ်။ data ရှာလိုက်၊ ဓါတ်ပုံရှာလိုက်၊ ပုံတွေပြင်လိုက်၊ Youtube က ဗွီဒီယိုတွေရှာပြီးကြည့်လိုက်၊ အင်တာဗျူးရှာကြည့်လိုက်၊ စာတွေ ရေးလိုက်၊ စာပြန်ပြင်လိုက်နဲ့ တော်တော့်ကို အားစိုက်ထားရပါတယ်။ အချိန်တွေလည်း အများကြီး ယူထားရပါတယ်။ ဒါကြောင့် ဒီပို့(စ်)ကို ပြန်လည်ဝေမျှတော့မယ်ဆိုရင် ကျေးဇူးပြုပြီး witch83 ကို creditပေးဖို့ တောင်းဆိုပါတယ်။ ကျေးဇူးတင်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အမည် : Oxana Fedorova
မွေးနေ့ : 17-Dec-2012
Hometwon : Pskov, Russia
Race/ Religion : Russian Orthodox Christian
Height : 5 ft 10in (178cm)
ပညာအရည်အချင်း : P.hd (Civil Law), St.Petersburg University (MVD University)
P.hd Dissertation : Regulation of Private Detective and Security Activity in the Russian Federation
အလုပ်အကိုင် : Television presenter, အဆိုတော်, ရဲအရာရှိ (retired), former lecturer, actress, UNICEF ambassodor
ရရှိဖူးသည့် Title များ : Miss Russia 2001, Miss Universe 2002 (Dethroned/ Resigned)
Others : Martial Arts expert, Kalashnikov rifle shooter, volleyball palyer, play saxophone & guitar
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
"လှတဲ့ မိန်းကလေးတွေဟာ မတော်တတ်ဘူး၊ အရည်အချင်း မရှိဘူးတတ်ဘူး"လို့ လူတစ်ချို့  ပြောတတ်ကြပါတယ်။ ဒါကို မှားယွင်းကြောင်း သက်သေပြတဲ့သူတွေထဲက တစ်ဦးကတော့ ၂၀၀၁ခုနှစ်ရဲ့ ရုရှားအလှမယ် Oxana Gennadyevna Fedorova ပဲ ဖြစ်ပါတယ်။

Fedorovaကို (၁၉၇၇)ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့.... ရုရှားနိုင်ငံ၊ Pskov မြို့လေးမှာ မွေးဖွားခဲ့ပါတယ်။ တစ်ဦးတည်းသောသမီးဖြစ်ပြီး မိခင်ဖြစ်သူနဲ့ မိခင်ဘက်က အဘိုးအဘွားတို့ရဲ့ ပြုစုပြိုးထောင်ခြင်းကို ခံခဲ့ရပါတယ်။ သူမ အသက်(၁၈)နှစ်ပြည့်တဲ့အထိ အဲ့ဒီမြို့မှာပဲ နေထိုင်ခဲ့ပါတယ်။ Fedorova ရဲ့ အပြောအရတော့ သူမရဲ့ မိခင်ဘက်ကအဖိုးအဖွားတွေဟာ သူမအပေါ်မှာ သိပ်ကို ရည်မှန်းချက် မြင့်မားတယ်လို့ သိရပါတယ်။ ( မူရင်းစာထဲမှာတော့ demanding ဖြစ်တယ်လို့ ရေးထားပါတယ်။)
(၅)နှစ်သမီး Fedorova
သူမရဲ့မိခင်ဖြစ်သူဟာလည်း အရမ်းလှတယ်လို့ သိရပါတယ်။ မိခင်က စိတ်ရောဂါကုဆေးရုံမှာ သူနာပြုအလုပ်လုပ်ပြီး ဖခင်က နျူကလီးယားပညာရှင်ဖြစ်ပါတယ်။ သူမ.. (၃)နှစ်သမီးအရွယ်မှာ ကွာရှင်းခဲ့ကြပြီး Fedorovaဟာ ဖခင်ဖြစ်သူရဲ့အကြောင်းကို အဲ့ဒီကတည်းက လုံးဝ မသိရတော့ပါဘူး။ (၂၀၀၅)ခုနှစ်မှာ ဖခင်ဖြစ်သူကို ပြန်ရှာခဲ့ပေမဲ့ သေဆုံးသွားပြီဖြစ်ကြောင်း သိရှိခဲ့ပါတယ်။

Fedorova ရဲ့ ကလေးဘဝတုန်းက မိသားစုပုံ
အသက်ရှစ်နှစ်အရွယ်မှာ comprehensive school ပြီးတော့ secondry police school မှာ ကျောင်းဆက်တက်ခဲ့ပါတယ်။ အဲ့ဒီ ရဲသင်တန်းကျောင်းမှာတက်နေတုန်းက သူမဟာ သူမတို့ရဲ့ သံစုံတီးဝိုင်းမှာ ဆက်ဆိုဖုန်းတီးခဲ့တဲ့သူ ဖြစ်ပါတယ်။ ကျောင်းဘော်လီဘောအသင်းမှာ ပါဝင်ခဲ့တဲ့သူဖြစ်ပြီး သူမတို့အသင်းဟာ (၁၉၉၅)ခုနှစ်မှာ မြို့ အလိုက်ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။ Police academyက ဒီပလိုမာသင်တန်းကို ဂုဏ်ထူးနဲ့ အောင်ပြီးတော့  Pskov လေဆိပ်မှာ စုံစမ်းစစ်စေးသူအဖြစ် (၆)လ အလုပ်လုပ်ခဲ့ပါတယ်။ အဲ့ကနေမှတဆင့် St.Petersburg တက္ကသိုလ်မှာ ကျောင်းဆက်တက်ခဲ့ပါတယ်။ တက္ကသိုလ်တက်နေတဲ့အချိန်တလျှောက်မှာပဲ Pulkovo ရဲစခန်းမှာ ရဲစုံထောက်အဖြစ် အလုပ်လုပ်ခဲ့ပါတယ်။
ရဲစုံထောက် Fedorova
 တစ်ချိန်တည်းမှာဘဲ သူမဟာ မော်ဒယ်အလုပ်ကို စတင် လုပ်ကိုင်လာပြီး အလှမယ်ပြိုင်ပွဲတွေမှာ ဝင်ပြိုင်လာပါတော့တယ်။ အင်တာဗျူးတစ်ခုမှာ ပြောတာကတော့ သူမကို အမျိုးသမီးတစ်ယောက်က မော်ဒယ်အလုပ်ကိုလုပ်ဖို့၊ မော်ဒယ်သင်တန်းကျောင်းလာတက်ဖို့ လာရောက်ကမ်းလှမ်းပြီး နှစ်ပတ်အကြာမှာ လက်ခံလိုက်တာလို့ဆိုပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ သူမရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ရဲဝန်ထမ်းတွေဟာ သူမရဲ့အမာခံပရိတ်သတ်တွေ ဖြစ်လာပါတော့တယ်။ (၁၉၉၉)နှစ်မှာတော့ သူမတို့ တက္ကသိုလ်ရဲ့ အလှမယ်.. Miss St.Petersburg (1999)ဆုအပြင် Miss Kakoagathia 1999 ဆုကိုပါ ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Miss Fitness, Miss Fortune ဆုတွေကို ရရှိခဲ့ပြီး ၂၀၀၁ခုနှစ်မှာတော့ Miss Russia ဘွဲ့ ကို ရရှိခဲ့ပါတယ်။

ရေကူးဝတ်စုံနဲ့ အလှကြီးလှနေတဲ့ Oxana Fedorova

ပညာရေးဘက်ကို ပြန်ပြောရမယ်ဆိုရင်တော့... သူမဟာ (၂၀၀၀)ခုနှစ်မှာ ရွှေတံဆိပ်ဆုနဲ့ ဘွဲ့ရခဲ့ပြီး အဲ့ဒီ St.Petersburg (MVD Universtiy)မှာပဲ ဘွဲ့လွန်ဆက်တက်ခဲ့ပါတယ်။  ဘွဲ့ လွန်တက်ရင်း dissertation ရေးနေတဲ့အချိန်အတွင်းမှာ.... သူမဟာ အဲ့ကျောင်းမှာပဲ နည်းပြပြန်လုပ်ပြီး civil law ဘာသာကို ပြန်လည်ပို့ချခဲ့ပါတယ်။ သူမရဲ့ PHD ဘွဲ့ အတွက် "ရုရှားဖယ်ဒရေးရှင်းရဲ့ လျှို့ဝှက်စုံထောက်တွေလိုက်နာရမဲ့ နည်းဥပဒေနဲ့ ကာကွယ်စောင့်ရှောက်ရေး လမ်းစဉ်များ"ဆိုတဲ့စာတမ်းကို ပြုစုခဲ့ပါတယ်။

အဲ့ဒီနှစ်ပိုင်းတွေဟာ သူမရဲ့ အောင်မြင်မှုသရဖူဆောင်းမဲ့လမ်းကြောင်းကို လျှောက်လှမ်းနိုင်စေဖို့ရဲ့ လမ်းစပဲလို့ ရုရှားပြည်သူတွေက ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း (၂၀၁၀)ခုနှစ်လောက်တုန်းကဖြေခဲ့တဲ့ အင်တာဗျုးတစ်ခုမှာ "ကျမဟာ လွန်ခဲ့တဲ့ (၈)နှစ်လောက်တုန်းကမှ လူသိများခဲ့တာပါ။ အဲ့မတိုင်ခင်တုန်းကတော့ ရိုးရှင်းတဲ့မိန်းကလေးမှသာ ဖြစ်ပါတယ်။ မော်ဒယ်အလုပ်ကမ်းလှမ်းခံရပြီးမှ ဒီလို ပြောင်းလဲခဲ့တာ"လို့ ဆိုပါတယ်။ ဒီ (၂၀၀၂/ ၂၀၀၃)ဝန်းကျင် ကာလတွေဟာ သူမဘဝကို တစ်ဆစ်ချိုး ပြောင်းလေစေခဲ့တာပါပဲ။
(Fedorova ရုရှားမယ် ပြိုင်ပွဲဝင်နေတဲ့အချိန်ကို တွေးကြည့်ရင် တော်တော်ဟော့ခဲ့မယ် ထင်ပါတယ်။ တက္ကသိုလ်ရဲ့မယ်ဘွဲ့ကို  (၁၉၉၉)မှာရပြီး (၂၀၀၀)မှာ gold medal နဲ့ graduate ဖြစ်။ ဘွဲ့ လွန်ဆက်တက်ရင်း တက္ကသိုလ်က ဆရာမလုပ်။ သူ... Miss Russia ဝင်ပြိုင်နေတဲ့အချိန်မှာ တက္ကသိုလ်ရဲ့ အလှမယ်ဟောင်းအနေနဲ့ အားပေးကြမဲ့ ကျောင်းနေဖော်၊ကျောင်းနေဖက်တွေ၊ ကိုယ့်ဆရာမအချောအလှလေးကို ဝိုင်းအားပေးကြမဲ့ တက္ကသိုလ်ကျောင်းသားတွေ၊ သူ့ရဲ့ အမာခံပရိတ်ဖြစ်တဲ့ လုပ်ဖက်ကိုင်ဖက်ဟောင်းတွေ .... အင်း... တော်တော်ကို ဝက်ဝက်ကွဲ အားပေးကြမယ်ထင်တယ်နော်။ Miss Myanmar 2012, နန်းခင်ဇေယျာကိုအားပေးတဲ့သူတွေနဲ့ ဘယ်သူက ပိုသာမလဲတွေးမိသေး။ အဟေး။ :P )

Fedorova ဟာ Miss Russia 2001 ဘွဲ့ ကို ရခဲ့ပေမဲ့ Miss Universe ပွဲကို သွားပြိုင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါကြောင့် first runner-up ဖြစ်တဲ့ Oxana Kalandyrets က သွားပြိုင်ခဲ့တယ်လို့ သိရပါတယ်။၂၀၀၂မှာမှ သွားပြိုင်ပြီး  ရုရှားနိုင်ငံအတွက် ပထမဦးဆုံးသော Miss Universe (2002)ဆုကို ဆွတ်ခူးပေးခဲ့ပါတယ်။



သွားမပြိုင်မီ
Fedorova ဟာ ဒီ ၂၀၀၂ခုနှစ် Miss Universe အတွက် သွားပြိုင်တာတောင် case တက်လိုက်ပါသေးတယ်။ Fedorova သွားပြိုင်မှာလား၊ မပြိုင်ဘူးလားဆိုတာ နောက်ဆုံးနေ့ရောက်တဲ့အထိတောင် မသေချာသေးပါဘူး။ ဘာလို့လည်းဆိုတော့ မေလ holidays ကြောင့် စာရွက်စာတမ်းတွေ မပြည့်စုံဘူးလို့ ဆိုပါတယ်။ ဒါကြောင့်လည်း Miss Universe 2002 လက်ခံကျင်းပပေးတဲ့ Pureto Rico က သူမကို ဗီဇာမထုတ်ချင်ခဲ့ပါဘူး။ အဲ့ဒီအတွက်ကြောင့် Fedorovaဟာ ပြိုင်ပွဲကို (၄)ရက်တိတိနောက်ကျပြီးမှ ဝင်ပြိုင်ရပါတယ်။ ဒီလိုနောက်ကျတဲ့အတွက်ကြောင့် Miss Universe Comitte လည်း အစည်းအဝေးထိုင်ပြီး ခေါင်းချင်းရိုက်ခဲ့ကြပါတယ်။ နောက်ဆုံးတော့ ပေးပြိုင်လိုက်ပါတယ်။ အကယ်၍သာ Fedorovaဟာ နောက်ထပ်တစ်ရက် နောက်ကျခဲ့မယ်ဆိုရင် သူမဟာ ဒီ Miss Universe ပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။

Miss Universe Competition
ပြိုင်ပွဲဝင်ခွင့်ရသွားပြီးတဲ့နောက် swimming suits ပြိုင်ပွဲမှာ သူမကို ဒိုင်တွေက 10မှတ် မှာ 9.88 ပေးပါတယ်။ ဒါဟာ Miss Universe ပြိုင်ပွဲတွေမှာပါမက တခြား beauty pageants ပြိုင်ပွဲတွေအားလုံးရဲ့ swimwear competitionမှာ စံချိန်အမြင့်ဆုံးပါပဲ။ သူမဟာ ကိုယ်လုံးလှတဲ့အပြင် Atheletic ပါ ဖြစ်ပါတယ်။ တော်တော်လေးကို ကျစ်ကျစ်လစ်လစ် ရှိပါတယ် (ဒါက ကိုယ့်အမြင် )။ ။  2002 ရဲ့ evening gown section မှာလည်း ပြိုင်ပွဲဝင်တွေအားလုံးကြားမှာ Fedorovaကပဲ 9.64နဲ့ အမှတ်အများဆုံး ရသွားခဲ့ပါတယ်။
(၂၀၀၂)ခုနှစ်မှာ နာက်ဆုံး top 5 ဝင်သွားသူတွေကတော့ "Miss South Africa", "Miss China", "Miss Venezuela, "Miss Panama" နဲ့ "Miss Russia"တို့ပဲ ဖြစ်ပါတယ်။ 

Miss Universe 2002, Top-5

ဒီငါးယောက်လုံးကို မင်းကို.. ဘယ်အရာက ရှက်သွေးဖြာစေသလဲ ( What makes you blush?)လို့ မေးပါတယ်။ တခြားမယ်တွေဖြေတာ ပေါက်ကရတွေလိုပါပဲ။ ဒါပေမဲ့ စိတ်လှုပ်ရှားနေလို့လဲ ဖြစ်နိုင်ပါတယ်။ Miss South Africa ဖြေတာတော့ မဆိုးပါဘူး။
Fedorova ဖြေပုံလေးက တိုတိုလေးပါပဲ၊ ရိုးလည်းရိုးပါတယ်။ "အမှားတွေပြောမိတဲ့အချိန်မှာ ကျမ ရှက်သွေးဖြာပါတယ်"တဲ့။ ( "I blush when I say wrong things") ဒါပေမဲ့ ထူးခြားတာက မဖြေခင်မှာ ရှက်ပြုံးလေးပြုံးပြီး .. သာသာလေးရယ်လိုက် ပါတယ်။ ဒီစကားကိုပြောပြီးချိန်မှာတော့.. သူမမျက်နှာမှာ ရှက်သွေးဖြာသွားတာပါပဲ။ လူတွေ ပြောစမှတ်ပြုစေလောက်အောင်ကို ချစ်ဖို့ကောင်းလွန်းပါတယ်။ အောက်မှာ ဗွီဒီယိုလေး ချိတ်ပေးထားပါတယ်။ ကြည့်ကြည့်ပါ။ 

 

Oxana Fedorova ရဲ့ Miss Universe 2002 ပြိုင်ပွဲဝင်ပုံတွေကို ဖြတ်ပြီးစုပေါင်းထားတဲ့ Youtube Clip လေးပါ။ Euro Asia နေရာကလူမို့ Miss Universe 2001 နဲ့ ပါးသုံးခါကပ်ပါတယ်။ ကြည့်ရင်းကြည့်ရင်းနဲ့ကို ချစ်မိပါတယ်။ presenter နှစ်ယောက်က သူ့ကို သဘောကျကြတယ်ဆိုတာလည်း ဒီ movie clip လေးမှာ ပေါ်လွင်ပါတယ်။ ပွဲကြည့်ပရိသတ်ကလည်း တော်တော် အားပေးကြပါတယ်။ Miss Universe ဆုကို ကြေငြာပြီးလို့ သူ..အံ့သြဝမ်းသာဖြစ်နေပုံလေးကလည်း ချစ်စရာလေးပါ။ "Oh my god, Oh my god" ဆိုပြီး ရွတ်နေပါတယ်။ 

with other pageants
Last 3 Beauties ( L --> R, Panama, China, Russia)
Are you ready? (Panama & Russia)

After crowning
Miss Universe 2002ဆုကို ရခဲ့တဲ့အတွက်ကြောင့် Fedorovaဟာ Miss Universe Comitte ကအပြင် ရုရှားနိုင်ငံကပါ လက်ဆောင်တွေ၊ ဆုတွေ အများကြီးရခဲ့ပါတယ်။ နာမည်ထင်ရှားတဲ့ ရုရှား အရုပ်ဒီဇိုင်နာ Helen Yarmak ကလည်း Fedorovaအတွက် အရုပ်လုပ်ပေးခဲ့ပါသေးတယ်။
Fedorovaဟာ  ၂၀၀၂ခုနှစ်ရဲ့ စကြာဝဠာ အလှမယ်အနေနဲ့ ပြင်သစ်၊ အီတလီ၊ ကင်ညာ၊ ကနေဒါ၊ ဂရိ၊ ပနားမား၊ အင်ဒိုနီးရှားနဲ့ ပူရေတိုရီစတဲ့ နိုင်ငံများကို သွားခဲ့ပါတယ်။ ကင်ညာကို အေအိုင်ဒီအက်(စ်)ရောဂါသည်များနဲ့ မိဘမဲ့ကလေးများအစီအစဉ်အတွက် သွားတာဖြစ်ပါတယ်။

Panama Visit
Africa visit
Africa visit
Indonesia visit
ဒါပေမဲ့ သိပ်မကြာခင်မှာပဲ Fedorova ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့သတင်း ထွက်လာပါတော့တယ်။

အပိုင်း(၂)ဆက်ပါမယ်။ ပို့(စ်)က တအား ရှည်သွားလို့ပါ။ ဒီနေ့ပဲ ပြီးအောင် တင်ပေးမှာပါ။း)
Thank you for reading this post.
witch83
(21/11/2012; 10:29 AM ;GMT+8)

Reference
1. http://en.wikipedia.org/wiki/Oxana_Fedorova
2. http://www.missosology.org/
3. http://www.mademan.com/chickipedia/oxana-fedorova/
4. http://persona.rin.ru/eng/view/f/0/30161/oxana-fedorova
5. http://kimguarnes.wordpress.com/2008/09/11/on-spotlight-oxana-fedorova-2/
To Continue Reading

November 15, 2012

တွေးမိသော အင်နားရှားသီအိုရီ

Inertia is the resistance of any physical object to a change in its state of motion or rest, or the tendency of an object to resist any change in its motion.
အင်နားရှားဆိုသည်မှာ အရာတ္ထုတစ်ခု၏ ရွေ့ လျှားနေသော၊ ရပ်နေသောအခြေအနေမှ ဆန့်ကျင်ဘက် အခြေအနေသို့ ပြောင်းလဲရန်ဆန့်ကျင်သောအား ဖြစ်သည်။
ဥပမာ။        ။  ဘတ်(စ်)ကားပေါ်တွင် မတ်တတ်ရပ်စီးလာသော လူတစ်ဦးသည် ရုတ်တရက် ကားဆောင့်ရပ်လိုက်သောအခါ ကားသွားရာလမ်းအတိုင်း ရှေ့ သို့ ငိုက်စိုက်လဲကျသွားသည်မှာ အင်နားရှားသဘောတရား ဖြစ်သည်။
အင်နားရှားသီအိုရီဟာ ရူပဗေဒဘာသာအတွက် တကယ့်ကို အရေးပါပြီး Newton First Law ရဲ့ အခြေခံလည်း ဖြစ်ပါတယ်။ အရွေ့  / အလျှင်သဘောတရားအတွက် ဖြစ်ပေမဲ့ ... ဒီလောကရဲ့ ပုံမှန်လှုပ်ရှားမှုတွေအတွက်လည်း မှန်သင့်သလောက် မှန်ပါတယ်။

ဥပမာ အနေနဲ့ ပြောရရင် ... 
~~ စာမေးပွဲမဖြေခင်နဲ့ ဖြေခါနီး စာကို အသည်းအသန် ကြိုးစားပြီး ကြည့်ခဲ့ပြီးတဲ့နောက် စာမေးပွဲနောက်ဆုံးနေ့ကိုကျော်... နောက်တစ်ရက်၊နှစ်ရက်လောက်အထိ... နေမထိ၊ ထိုင်မသာ ဖြစ်ရခြင်းဟာလည်း နေမြဲအတိုင်းနေလိုခြင်း (အင်နားရှား) ပဲ ဖြစ်ပါတယ်။
~~ ကျောင်းပိတ်ရက်ရှည်ကုန်လို့ ကျောင်းပြန်ဖွင့်ရင် ကျောင်းပြန်မတက်ချင်တာ လည်းအင်နာရှားပဲ ဖြစ်ပါတယ်။

ကိုယ်ကိုတိုင်အနေနဲ့ ဥပမာပေးရရင်တော့....
~~ ရုံးမှာ အမြဲတမ်း အလုပ်များနေရာက လွန်ခဲ့တဲ့ လေး..ငါးပတ်ကျော်လောက်ကစပြီး အလုပ်.. သိပ်...မရှိတော့ အတော် မနေတတ် မထိုင်တတ်ဖြစ်ခဲ့ပါတယ်။ အဲ့လိုဖြစ်လို့ စာလည်းမလုပ်ချင်တာနဲ့ blogging ဘက်ကိုလှည့်ပြီး စာရေး၊ စာဖတ် ပြန်လုပ်ရင်း နေသားကျလာပါတယ်။
~~ အလုပ်သိပ်မရှိရာကနေ... ပြန်..အလုပ်ရှုပ်လာတော့လည်း စိတ်က အလုပ်မလုပ်ချင်တော့ပါဘူး။ ရန်ကုန်မပြန်ခင် တစ်ပတ်လောက်အလိုမှာ အလုပ်နည်းနည်း ပြန်များလာတော့ အလုပ်လုပ်ရတာ စိတ်ထဲ သိပ်မပျော်တော့ပါဘူး။ ပြန်ရမဲ့ တစ်ပတ်.. တနလာင်္နေ့လည်းရောက်ရော ရုတ်တရက်ကြီး အလုပ် အရမ်း များသွားပြီး " Inertia, Intertia" လို့စိတ်ထဲကနေပြောပြီး အလုပ်တွေလုပ်ရင်းက ပို့(စ်)တစ်ပုဒ်တော့ တင်ဦးမယ်လို့ တေးထားလိုက်ပါတယ်။
တနင်္လာနေ့ကနေ..ကြာသာပတေးအထိ (၄)ရက်လုံး... ပေါ်လာတဲ့ issue တွေကိုရှင်း၊ hand over လုပ်စရာရှိတာတွေလုပ်၊ clear လုပ်စရာရှိတာတွေအပြီးသတ်။ ကြာသာပတေးမှာ ရုံးပြန်နောက်ကျ... သောကြာနေ့ မနက်အစောကြီး ရန်ကုန်ထပြန်... ဒါနဲ့ပဲ ပို့ (စ်)မရေးဖြစ်ပါဘူး။
~~  ရန်ကုန်ကနေ စလုံးကို ပြန်လာရမယ်ဆိုတော့ ဘယ်လိုမှ ပြန်မလာချင်တော့ပါဘူး။ သြော်... Intertia... Intertia... စလုံးကနေ ရန်ကုန်ပြန်မယ်ဆိုတော့ မပြန်ချင်ဘူးဆိုတာ မရှိသလိုပဲနော်!!!!

ရန်ကုန်ကပြန်ရောက်တော့ အရင်လောက် အလုပ်.. သိပ်မရှိတော့တာမို့ mood မပျောက်ခင်... ဒီပို့(စ်)ကိုမြန်မြန် ချရေးလိုက်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အင်နားရှားသီအိုရီနဲ့ စတင်ထိတွေ့ခဲ့ရတာကတော့ (၉)တန်းကျောင်းသူဘဝတုန်းက ရူပဗေဒဘာသာမှာပါ။ ဒါပေမဲ့ ရူပဗေဒကို သိပ်.. စိတ်မဝင်စားသူမို့၊ ပြီးတော့ (၁၀)တန်းပြီးလို့ တက္ကသိုလ်တက်တော့လည်း ရူပဗေဒကို မသင်ရတာမို့ ဒီ..သီအိုရီကို မေ့မေ့ပျောက်ပျောက်ပါပဲ။ ဒီသီအိုရီကို ခုချိန်ထိ မှတ်မိစေတာကတော့ ဆရာမ ဂျုးရဲ့ " စောင့်ဆိုင်းခြင်းနိယာမ" ဝတ္ထုတိုကို ဒုတိယအကြိမ်မြောက် ဖတ်ပြီးမှပါ။ (ပထဦးဆုံးအကြိမ်ဖတ်မိတုန်းက High School တက်တုန်းကပါ။ ဘယ်နှစ်တန်းတုန်းက ဖတ်ခဲ့တာလည်းတော့ မသိတော့ပါဘူး။ Physics ပဲ မသင်ရသေးတာလား၊ ငယ်သေးလို့ absorb လုပ်ပုံ မတူတာလားတော့ မသိပါဘူး။ အဲ့ဒီ အင်နားရှားသီအိုရီကို သတိမထားမိပါဘူး။ )

ဝတ္ထုတိုလေးရဲ့ အကျဉ်းချုပ်ကတော့.... တစ်ဦးနဲ့တစ်ဦး သိပ်ချစ်ကြတဲ့၊ အသွင်မတူတဲ့ လင်မယားမှာ ယောကျာင်္းဖြစ်သူက နိုင်ငံခြားကို အလုပ်ကိစ္စနဲ့ နှစ်အနည်းငယ် ( သေချာ မမှတ်မိပါ။ (၃)နှစ်ထင်ပါသည်။) သွားရတော့ တစ်ယောက်တည်းကျန်ခဲ့တဲ့  မိန်းမနေရာကနေ စကားပြောတဲ့ပုံစံလေးပါ။ သွားခါစတုန်းက လွမ်းပြီး မနေတတ်၊မထိုင်တတ်ဖြစ်ပြီး လွမ်းခဲ့ရပေမဲ့ .... ကြာလာတော့ တစ်ယောက်တည်းနေရတဲ့ဘဝကို နှစ်သက်လာပြီး စည်းကမ်းကြီးတဲ့ ယောကျာင်္းလုပ်သူ မြန်မာပြည်ပြန်လာခါနီးမှာ ဝမ်းမသာနိုင်တော့တဲ့အကြောင်း၊ လေဆိပ်မှာ သွားကြိုရင် (၃)နှစ်ကြာခွဲနေရတဲ့ ယောကျာင်္း ပြန်လာလို့ ပျော်ရွှင်တဲ့ဟန်လုပ်ပြီး ပြုံးနိုင်ဖို့ ကြိုးစားရမဲ့အကြောင်း ရေးထားတာပါ။
အဲ့ဒီ ဝတ္ထုတိုထဲမှာ Juu ရေးထားတာတဲ့ အချက်နှစ်ချက်ကို ခုချိန်ထိ မှတ်မိနေပါသေးတယ်။

  • အင်နားရှားရဲ့ သီအိုရီအတိုင်း  ယောကျာင်္းထွက်သွားတဲ့အချိန်မှာ မခွဲနိုင်မခွာရက်ဖြစ်ရပြီး ပြန်လာခါနီးကျတော့ တစ်ယောက်တည်းနေရတဲ့ဘဝကို နေမြဲအတိုင်း  နေလိုတယ်ဆိုတာရယ်...
  • တစ်စုံတစ်ခုကို လိုချင်လို့ ..... စောင့်ဆိုင်းရတဲ့အရာကို ရရှိခြင်းနဲ့ ရရှိလို့ ပျော်ရွှင်ရခြင်းနှစ်ခုကြားက  ဝှက်ဖဲမှာ အဲ့ဒီအရာကို ရရှိတဲ့အချိန်ဖြစ်တယ်ဆိုတာရယ်ပါ။ ( ကိုယ်လိုချင်တာ/ ကိုယ်ဖြစ်ချင်တာကို ရလာတာ/ ဖြစ်လာတာကို ပျော်တယ်မပျော်ဘူးဆိုတာ ရလာတဲ့၊ ဖြစ်လာတဲ့ "အချိန်"ပေါ်မှာ မူတည်ပါတယ်။)
အဲ့ဒီနှစ်ချက်ထဲက ဒုတိယအချက်ကို ဒီဘလော့က Quote Post တစ်ခုမှာ ထည့်ရေးဖူးပါတယ်။ ခုတော့ ပထမအချက်အကြောင်းကို ရေးပါရစေ။
အဲ့ဒီ ဝတ္ထုကို ဒုတိယအကြိမ်ဖတ်ပြီး သတိထားမိသလောက်တော့ လူတွေဟာ လုပ်နေကျအရာတစ်ခု မလုပ်ရတော့ရင် မနေတတ်၊ မထိုင်တတ် ဖြစ်တတ်ကြပါတယ်။ အဲ.. မလုပ်ရတာကြာလာပြီဆိုရင်တော့ ပြန်လုပ်ရတဲ့အချိန်မှာ မလုပ်ချင်တော့ပါဘူး။ အထူးသဖြင့် ကိုယ့်အတွက် ပင်ပန်းခက်ခဲတဲ့အရာဆို ပိုဖြစ်တတ်ပါတယ်။
အချစ်၊ အမုန်းခံစားချက်မှာလည်း ဒီလိုပါပဲ။ "Love makes time pass, but time is certain to make love pass"တဲ့.... အဲ့လို ကြားဖူးပါတယ်။ "အချိန်ဟာ အကောင်းဆုံးသမားတော်"လို့လည်း ပြောတတ်ကြတယ် မဟုတ်လား???

ဒါကြောင့်... Change တစ်ခုလုပ်ဖို့လိုလာရင် ကောင်းသောပြောင်းလဲခြင်းသာဖြစ်ခဲ့မယ်ဆိုရင်... Inertia သဘော ( နေမြဲအတိုင်းနေလိုခြင်း) ကို သွေဖယ်ပြီး "adaptation time" ကျော်ရင်ရလာမဲ့ ကောင်းကျိုးလေးတွေကိုတွေးပြီး ပြောင်းလဲစရာရှိ ပြောင်းလဲရအောင်လို့ ပြောရင်း ဒီပို့(စ်)လေးကို နိဂုံးချုပ်လိုက်ပါတယ်။

Thank you for reading my blog post.
witch83
(15/11/12; 2:24 PM; GMT+8)
To Continue Reading

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer