" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

May 29, 2013

ချွေးပေါက်ကျဉ်းပြီး ဝက်ခြံကင်းတဲ့ အသားအရေဖြစ်စေဖို့

မျက်နှာစာအုပ်မှာ သူများဝေမျှထားတာကို ပြန် revise လုပ်ပြီး ရေးထားတာပါ။ ရေးသူနာမည်ကတော့ "ရင်နှင်း"လို့ ထင်ပါတယ်။ မူလ ဓါတ်ပုံက စာထဲမှာ အဲ့နာမည် ပါသလိုပါပဲ။

Photo Source; SKII New Face
ချွေးပေါက်ကျဉ်းပြီး ဝက်ခြံကင်းတဲ့ လှပချောမွေ့သော အသားအရေဖြစ်စေဖို့....
ချွေးပေါက်ကျယ်စေတဲ့အကြောင်းရင်း

အဆီပိုတွေနဲ့ ဆဲလ်သေတွေကြောင့် ချွေးပေါက်တွေပိုကျယ်လာစေပြီး၊ ချွေးပေါက်ကျယ်တွေထဲကို မိတ်ကပ်တွေ၊ အညစ်အကြေးတွေဝင်ပြီး ၀က်ခြံတွေလည်း ဖြစ်စေတတ်ပါတယ်။

ချွေးပေါက်လေးတွေ ကျဉ်းသွားအောင် လုပ်ဆောင်ရမှာတွေ

(၁) အသားအရေကို သေချာသန့်စင်အောင် လုပ်မယ်။
  • တစ်ရက်ကို နှစ်ကြိမ် ကိုယ့်အသားအရေနဲ့ အဆင်ပြေတဲ့ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပေးပါ။
  • ညဘက် ဘယ်လောက်ပဲအိပ်ချင်နေပါစေ မိတ်ကပ်တွေဖျက်ပြီးမှ အိပ်ပါ။ မိတ်ကပ်မျက်နှာနဲ့ ဘယ်တော့မှ အိပ်ရာမဝင်ပါနဲ့။ ရေနဲ့မသစ်ချင်ရင် ကိုယ်နဲ့ သင့်တော်တဲ့ မိတ်ကပ်ဖျက်ဆေး ဝယ်ထားပါ။
  • မျက်နှာသစ်ပြီးတိုင်း ချွေးပေါက်ကျဉ်းဆေး (Toner) သုံးပါ။ ကိုယ်နဲ့ သင့်တော်တဲ့ အမျိုးအစားလည်းဖြစ်ဖို့ အရေးကြီးပါတယ်။ နောက်ပြီး toner သုံးရင် အသားအရေထဲကို စိမ့်နေအောင်လုပ်ဖို့ မလိုပါဘူး။ ဂွမ်းနုနုပေါ်မှာ toner ရေဆွတ်ပြီး သာသာလေး wipe လုပ်ရုံဆိုရပါတယ်။ မဟုတ်ရင် များသွားပြီး အခန့်မသင့်ရင် အသားတွေ လောင်တတ်ပါတယ်။ 
  • ဗီတာမင်စီပါတဲ့ cream တွေကို လိမ်းပေးရင်လည်း အသားအရေကို သန့်စင်စေသလို အသားအရေကို တင်းရင်းစေတဲ့ ကော်လာဂျင် ထုတ်လုပ်မှုကို အားပေးလို့ ချွေးပေါက်တွေကျဉ်းစေဖို့ အထောက်အကူ ပေးပါတယ်။ ဗီတာမင်စီ သိပ်များသွားရင်လည်း မျက်နှာ အဆီပြန်တတ်တယ်။
  • ဆဲလ်အသေတွေကို သေချာဖယ်ရှားနိုင်ဖို့ တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် Facial Scrub နဲ့ မျက်နှာချေးချွတ်ပါ။
  • တစ်ပတ်ကိုတစ်ကြိမ် မျက်နှာပေါင်းတင်ပေးဖို့လည်း မမေ့ပါနဲ့။ ချွေးပေါက်တွေကို သန့်စင်စေတဲ့ မျက်နှာပေါင်းတင်ကပ်ခွာ (Pore refining mark) ကို သုံးပေးတာပိုကောင်းပါတယ်နော်။

(၂) နေရောင်ခြည်ဒဏ်က ကာကွယ်မယ်။

နေရောင်ခြည်ကို လိုတာထက် ပိုခံခြင်းဟာ မလိုလားအပ်တဲ့ အရေပြားဆိုင်ရာဆိုးကျိုးတွေ ရရှိစေပါတယ်။ ဒါကြောင့် နေရောင် UV ဒဏ်က ကာကွယ်ပေးတဲ့ cream တွေ လိုအပ်ရင် လိမ်းဖို့လိုသလို အပြင်ထွက်ရင် ဦးထုပ်၊ ထီးတို့ဆောင်ဖို့လိုပါတယ်။ ဒါပေမဲ့ ဗိုက်တာမင်ဒီဟာ နေရောင်ကရတယ်ဆိုတာ မမေ့ပါနဲ့။ အရေပြားပေါ်က ပိုးတစ်ချို့ ကို သေစေဖို့ဆိုတာလည်း နေရောင်နုနုနဲ့ထိတွေ့ဖို့ လိုအပ်ပါတယ်။ မနက်စောစော နေရောင်နုနု ထခံတဲ့အကျင့်ကို ကျင့်ပေးပါ။

(၃) မိတ်ကပ်ကို အားမကိုးပါနဲ့။

ချွေးပေါက်တွေကို ဖုံးအောင်ဆိုပြီး မိတ်ကပ်တွေကို အထူကြီးမလိမ်းပါနဲ့။ အရေပြားပေါ်က ချွေးပေါက်တွေမှာလည်း လေဝင်လေထွက်ကောင်းဖို့ လိုအပ်ပါတယ်။ နောက်ပြီး  မိတ်ကပ်ကို အထူကြီးလိမ်းတာဟာ ချွေးပေါက်တွေကို ပိုပြီးပိတ်စေတတ်ပါတယ်။ မိတ်ကပ်လိမ်းရင် အသုံးပြုတဲ့ ရေမြုပ်၊ brush စတာတွေကိုလည်း အမြဲသန့်ရှင်းအောင်ထားပေးပါ။ ဘာလို့လည်းဆိုတော့အဲ့ဒါတွေပေါ်မှာရှိနေတဲ့ အဆီတွေ၊ ဘက်တီးရီးယားတွေဟာ ချွေးပေါက်တွေထဲကိုဝင်ပြီး မျက်နှာအရေပြားကို  ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။

(၄) ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်မှုပုံစံပြောင်းမယ်။

ရေကို များများသောက်ပါ။ ဒါမှ ခန္ဓာကိုယ်ထဲက အညစ်အကြေး အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မှာပါ။ အဆီလျော့စားပါ။ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ အဆီနည်းတဲ့အသား၊ ငါး များများစားပါ။ ready made food, processed food, preserved food တွေရှောင်ပါ။

(၅) ကျန်းမာရေးနဲ့ တစ်ကိုယ်ရေနေထိုင်မှုပုံစံပြောင်းမယ်။
  • သန့်သန့်ရှင်းရှင်းနေပါ။ ခေါင်းအုံးစွပ်၊ အိပ်ရာခင်း ပုံမှန် လဲပါ။ ခေါင်းအုံးကို နေလှန်းပေးပါ။ ဆံပင်ကို သန့်အောင်ထားပါ။ ကိုယ်ပြောနေတဲ့ ဖုန်းလက်ကိုင်ခွက် သန့်ရှင်းနေပါစေ။ မျက်နှာသုတ်ပုဝါကိုသန့်အောင် ထားပါ။ နေလှန်းပေးပါ။
  • စိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက်လျှော့ပါ။
  • အိပ်ရေးဝအောင် အိပ်ပါ။

ချွေးပေါက်လေးတွေ ပြန်ကျဉ်းစေမယ့် သဘာဝရဲ့စွမ်းအားများ

ဆဲလ်အသေတွေကို ပုံမှန်ဖယ်ရှားခြင်းဟာ ချွေးပေါက်တွေကို ပြန်ကျဉ်းစေမယ့် အကောင်းဆုံးနည်းပါပဲ။ ဆဲလ်အသေတွေကို ဖယ်ရှားတာကို အိမ်မှာပဲ သဘာဝပစ္စည်းတွေနဲ့ လုပ်လို့ရတယ်နော်။
- အရင်ဆုံး မျက်နှာသစ်ပါ။
- ပြီးတော့ မျက်နှာသုတ်ပုဝါကို ရေနွေးဆွတ် အရေညှစ်ပြီး မျက်နှာပေါ်ခဏတင်ထားပါ။
- ဒါမှ ချွေးပေါက်တွေကို ပွင့်စေပြီး ဆဲလ်သေတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်စေပါတယ်။
- ဂျုံ (သို့) မုန့်ဖုတ်ဆော်ဒါနဲ့ ရေကို ဆတူရောပြီး မျက်နှာပေါ်လိမ်းပါ။
- ခဏနေရင် ရေဆေးချလိုက်ရုံပါပဲ။
- တစ်ပတ်မှာ တစ်ခါထက်တော့ ပိုပြီး မလုပ်မိစေနဲ့နော်.. အလွန်အကျွံလုပ်ရင် အသားအရေကို ထိခိုက်သွားနိုင်တယ်လေ။

လွယ်ကူအစွမ်းထက်တဲ့ သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်နည်းများ

~~ သခွားသီးနဲ့ ထောပတ်သီး မျက်နှာပေါင်းတင်ဆေး ~~
ပါးပါးလှီးထားတဲ့ သခွားသီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ထောပတ်သီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ကြက်ဥအကာ တစ်လုံး၊ နို့မှုန့် လ္ဘက်ရည်ဇွန်း ၂ ဇွန်းအားလုံးကို သေချာသမပြီး ပျစ်ပျစ်လေးဖြစ်သွားအောင် Blender နဲ့ ရောမွှေလိုက်နော်။ ရရှိလာတဲ့ အနှစ်ကို မျက်နှာနဲ့ လည်ပင်းမှာ နှံ့စပ်အောင်လိမ်းပေးပါ။ ၃၀ မိနစ် (သို့) ခြောက်သွားတဲ့အခါ ရေနွေးနွေးလေးနဲ့ အရင်ဆေးချပြီး ရေအေးနဲ့ ပြန်ဆေးလိုက်ပါ။ မျက်နှာနဲ့ လည်ပင်းကို ခြောက်သွေ့အောင် သုတ်ပြီးတဲ့အခါ သင့်ချွေးပေါက်လေးတွေကျဉ်းပြီး နူးညံ့ချောမွေ့နေတဲ့ မျက်နှာလေးကို တွေ့ပြီး သင်လည်း အရမ်းကို ပျော်ရွှင်သွားမှာနော်။

~~ ကြက်ဥနဲ့ သံပုရာသီး မျက်နှာပေါင်းတင်ဆေး ~~
သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး ကြက်ဥအကာတစ်လုံးနဲ့ ၃ မိနစ်ခန့်ကြာအောင် ခေါက်မွှေပါ။ ပြီးတော့ မျက်လုံးတ၀ှိက်ကို ချန်ထားပြီး မျက်နှာအနှံ့လိမ်းလိုက်ပါ။ နာရီဝက်လောက် ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးချပြီး အစိုဓာတ်ထိန်းခရမ်တစ်ခုခု လိမ်းပေးလိုက်ရင် ချွေးပေါက်လေးတွေကျဉ်းပြီး လန်းဆန်းချောမွေ့နေတဲ့ မျက်နှာလေးကို ရရှိပါလိမ့်မယ်နော်။

~~ ငှက်ပျောသီးနဲ့ ပျားရည် မျက်နှာပေါင်းတင်ဆေး ~~
ချေထားတဲ့ ငှက်ပျောသီးနဲ့ ပျားရည်ကိုရော သမအောင်မွှေပြီး အနှစ်ပျစ်ပျစ်လေးရလာတဲ့အခါ မျက်နှာပေါ်မှာ လိမ်းပါ။ (၁၀) မိနစ်နေရင် ရေနွေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။ ငှက်ပျောသီးမှာပါတဲ့ သဘာဝအက်စစ်က ဆဲလ်ဟောင်းတွေကို ဖယ်ရှားပေးပြီး ပျားရည်က အသားအရေကို နူးညံ့ချောမွေ့စေတယ်လေ။ ဒီနည်းနဲ့ပဲ ချွေးပေါက်လေးတွေကို ကျဉ်းစေတာပါ။ ငှက်ပျောသီးအစား ချေထားတဲ့ စပျစ်သီး (သို့) စတော်ဘယ်ရီသီးနဲ့ ပျားရည်ကို ရောပြီးတော့လည်း လုပ်လို့ရတယ်နော်။

~~ witch83သုံးဖူးသော ရောသမမွှေ မျက်နှာပေါင်းတင်ဆေး ~~
တကယ်တော့ သဘာဝပေါင်းတင်ဆေးတွေထဲမှာ ကိုယ်တိုင် applyလုပ်ဖူးတာ ဒီနည်းတစ်ခုပဲရှိပါတယ်။ ကြက်ဥတစ်လုံးကိုဖောက် အကာကိုယူ၊ သဘာဝပျားရည် တစ်ဇွန်း၊ သံပရာသီး တစ်စိတ်ညှစ်၊ ဂျုံမှုန့် တစ်ဇွန်း၊ သခွားအသီးအနေတော်ကို အစေ့တွေဖယ်ပြီး ဇွန်းနဲ့ခြစ်၊ ခရမ်းချဉ်သီးတစ်လုံးကို အနှစ်တိုက်၊ ရေနွေးအနည်းငယ်ထည့်ပြီး အားလုံးကို သမအောင် စိတ်ရှည်လက်ရှည် ရောသမမွှေပြီး မျက်နှာနဲ့ လည်ပင်းမှာလူး.. (၁၀)မိနစ်လောက်နေရင် ရေနွေးနဲ့သစ်ချလိုက်ရုံပါပဲ။ ပိုတာကို ရေခဲသေတ္တာထဲ ထည့်ထားလို့ရပါတယ်။ ချွေးပေါက်တွေ ကျဉ်းပြီး၊ မျက်နှာလည်း ပိုဝင်းလာပါတယ်။ ဆားဝက်ခြံတွေလည်း ပျောက်ကုန်ပါတယ်။ အဲ့ဒါကတော့ လက်တွေ့ပါ။ ငယ်ငယ်တုန်းက ဆားဝက်ခြံတွေထွက်တုန်းက အဒေါ်တွေလုပ်ပေးတာကို လိမ်းဖူးတာပါ။ အေးစက်စက်အနှစ်တွေကို (၁၅)မိနစ်လောက် သီးခံပြီး မျက်နှာပေါ်တင်ထားရတာရယ်၊ လိမ်းပြီး နည်းနည်းကြာလာရင် မျက်နှာကအရေပြားတွေတင်းလာတာကိုလည်း သည်းခံရတာရယ်တော့ ရှိပါတယ်။ အကျိုးကတော့ တကယ်ထူးပါတယ်။ :)

~~ နနွင်းနဲ့ နွားနို့ပါတဲ့ ပေါင်းတင်ဆေး ~~
ဟိုတလောတုန်းကတော့ choco ဝေမျှထားတဲ့နည်းလေးပါ။ နွားနို့စစ်စစ်ထဲကို နနွင်းထည့်ပြီး ခပ်ပြစ်ပြစ်ဖျော်၊ မျက်နှာမှာလိမ်း.. ပြီးရင် မျက်နှာပြန်သစ်... အမဲစက်တွေပျောက်ပြီး မျက်နှာဝင်းပြီး စိုလာတယ်ပြောပါတယ်။ နနွင်းရော၊ နွားနို့မှာပါ မျက်နှာကိုဝင်းပြီး စိုစေတဲ့ဓါတ်ပါလို့နဲ့ တူပါတယ်။

ဘာပဲ ဖြစ်ဖြစ် ကျန်းမာရေးစာအုပ်တွေမှာ ဖတ်ဖူးတာကတော့ လိမ်းတာတွေထက် ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်ဖို့က ပို..အရေးကြီးတယ်လို့တော့ ဖတ်ဖူးပါတယ်။  ပေါင်းတင်ဆေးထဲမှာ ထည့်မဲ့ အဲ့ဒီ သဘာဝပစ္စည်းတွေကို လိမ်းတာထက် စားတာက ပိုအကျိုးရှိတယ်လို့ သိရပါတယ်။ အချိန်ရှိမယ်၊ လုပ်ဖို့လည်းအဆင်ပြေမယ်၊ စိတ်ရှည်မယ်ဆိုရင်တော့ သဘာဝ ဆေးဖက်ဝင်ပစ္စည်းတွေကို လိမ်းလည်းလိမ်း၊ စားလည်းစားပေါ့.. ဘေးမရှိပါဘူး။ :)

Sources;
1. အလှအပရေးရာဆွေးနွေးကြမယ်(Beauty Talk)
2. https://www.facebook.com/photo.php?fbid=528469827198796&set=a.494675580578221.101248.494671817245264&type=1&theater
3. http://en.wikipedia.org/wiki/Toner_(skin_care)

Disclaimer; I do not own the whole post. Adding some of my knowledge on this topic, I just copy the notes from the sources I mentined above and revise them into one post.

Regards, witch83
To Continue Reading

May 22, 2013

Valeria Lukyanova (Real Berbie Outside?)

Miss Universe 2004 first runner-up ဖြစ်တဲ့ Shandi Finnessey (Miss USA,2004)ကို အသက်ဝင်နေတဲ့ ဘာဘီဂဲ(လ်)အရုပ်လေးလို့ လူတော်တော်များများက တင်စားခေါ်ဝေါ်ကြတာ မှားတယ် မထင်မိပါဘူး။ ကျမဟာ အလှမယ်တွေကို သဘောကျတတ်တဲ့သူ၊ ဘာဘီဂဲ(လ်)အရုပ်လေးတွေကို သဘောကျတဲ့သူမို့ Shandi ကို အခုအချိန်ထိ နှစ်သက်မိတုန်းပါပဲ။ 
Shandi, Miss USA 2004
Shandi နဲ့ ပတ်သတ်တဲ့ ပို့(စ်)တစ်ပုဒ်ရေးဖို့ သတင်းတွေလျှောက်ဖတ်၊ ဓါတ်ပုံတွေ လျှောက်ရှာရင်းနဲ့ နောက်ထက် ဘာဘီဂဲ(လ်)တစ်ယောက်ကို ရှာတွေ့မိလို့ သူ့အကြောင်းကို အရင်ရေးပါရစေ။ သူမနာမည်ကတော့ Valeria Lukyanovaပါ။ ယူကရိန်းနိုင်ငံရဲ့ တတိယအကြီးဆုံး မြို့တော်ဖြစ်တဲ့ Odessa မြို့မှာ နေထိုင်သူတစ်ဦးဖြစ်တဲ့ Valeria Lukyanovaဟာ ရုရှားဘာသာသုံး အင်တာနက်လောကမှာ နာမည်အကြီးဆုံး၊ လူပြောအများဆုံး မိန်းကလေး ဖြစ်ပါတယ်။ YouTube, Tumblrနဲ့ Facebook အစရှိတဲ့ လူမှုကွန်ယက်ဆိုဒ်တွေကနေ နာမည်ကြီးလာတဲ့သူမဟာ တကယ့်ဘာဘီအရုပ်မလေးအတိုင်းပါပဲတဲ့။

သွယ်လျတဲ့ပေါင်တံနဲ့ ခြေသလုံး၊ သေးသွယ်တဲ့ ခါးသိမ်သိမ်သိမ်၊ လှပတဲ့ ရင်သား၊ အသဲပုံ နှုတ်ခမ်းလွှာ၊ ချွန်မြတဲ့နှာတံနဲ့ မေးတွေကို ပှိုင်ဆိုင်ထားတဲ့ Valeriaဟာ အပြာရောင် မျက်ကပ်မှန်၊ မျက်တောင်တုရှည်ရှည်တွေကို တပ်လေ့ရှိပြီး မိတ်ကပ်ထူထူလိမ်းထားတာကြောင့် သူမကို မြင်ရတာဟာ တကယ့်ကို ဘာဘီအရုပ်ပါပဲ။ Shandi ထိုင်ငိုချင်ရင် ငိုလို့ ရပါတယ်။


ဒါပေမဲ့ Valeriaဟာ Shandi လိုတော့ သဘာဝအတိုင်း ဘာဘီမလေးနဲ့တူတာမဟုတ်ပါဘူး။  အဲ့လိုတူဖို့အတွက် ပလက်စတစ် ဆာဂျရီ ခွဲစိတ်ပြုပြင်မှုတွေ အများကြီး လုပ်ခဲ့ပါတယ်လို့ လူတွေက ပြောဆိုဝေဖန် ကြပါတယ်။ သူမကိုယ်တိုင်ကတော့ ရင်သားခွဲစိတ်ထားတာကလွဲရင် ကျန်တာတွေကတော့ သဘာဝအတိုင်းပါလို့ ဆိုပါတယ်။ ဒီလို ခန္ဓာကိုယ်ရဖို့အတွက် နေ့စဉ်လေ့ကျင့်ခန်းတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။


နောက်တစ်ခုက သူမဟာ သက်သက်လွတ်အစားအစာများကိုသာ စားသုံးသူတစ်ဦး ဖြစ်ပါတယ်။ ခွဲစိတ်မှုမတိုင်ခင်ကတော့ အရက်သောက်ခဲ့၊ ဆေးလိပ်သောက်ခဲ့ပေမဲ့ ခွဲစိတ်ပြီးနောက်ပိုင်းတော့ အဲ့ဒါတွေ လုံးဝ ဖြတ်လိုက်တယ်လို့ သူမက အင်တာဗျူးတစ်ခုမှာ ဆိုပါတယ်။ Valeria ဟာ ငယ်ငယ်ကလေးကတည်းက ဘာဘီရုပ်ကလေးတွေကို တအား crazy ဖြစ်ခဲ့ပြီး သူမမှာ ဘာဘီအရုပ်ပေါင်း (၅၀)ကျော် ရှိတယ်လို့ ဆိုပါတယ်။ ငယ်ငယ်လေးကတည်းကလည်း ဘာဘီလိုပုံစံဖြစ်ဖို့ အိပ်မက် မက်ခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့ မိခင်ဖြစ်သူကတော့ သူမကို  ထောက်ခံအားပေးပါတယ်။

Valeria With Her Mum
သူမနဲ့ပတ်သတ်ပြီး လူတော်တော်များများက အဆိုးဘက်က ဝေဖန်ကြတာ များပါတယ်။ တစ်ချို့ကတော့ ဓါတ်ပုံတွေဟာ ဖိုတိုရှော့လုပ်ထားတယ်၊ 3D ကွန်ပျူတာပရိုဂရမ်တွေနဲ့ ဗွီဒီယိုလုပ်ထားတယ်လို့ ယူဆကြပါတယ်။ ဘာပဲဖြစ်ဖြစ် သူမဟာ သဘာဝအတိုင်း ပြုပြင်ပြောင်းလဲပြီးရလာတဲ့ အလှကို ပိုင်ဆိုင်ထားသူ မဟုတ်တာတော့ အသေအချာပါပဲ။ သူမမှာရှိတဲ့ feature တွေဟာ ဘယ်လိုမှ သဘာအတိုင်း ရနိုင်မယ် မထင်ပါဘူး။ ဒီလိုသေးသွယ်တဲ့ခါးကို လိုချင်ရင် ကိုယ်ထဲက နံရိုးတွေ ထုတ်ပစ်မှ ရမှာပါ။ နောက်ပြီး သူမရဲ့ အသားအရေဟာလည်း သဘာဝအတိုင်း မဟုတ်ပါဘူး။ သူမရဲ့ အရင်ကရုပ်ပုံတွေကိုလည်း လူတွေဟာ မြင်ဖူးတာမို့ ပလတ်စတစ်ဆာဂျရီကို အကြိမ်ကြိမ် မလုပ်ခဲ့ပါဘူးဆိုတာ အငြင်ပွားစရာတစ်ခုလို ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက်အတွက် ဒီလို ပလက်စတစ် ခွဲစိတ်ပြုပြင်မှုတွေ လုပ်တာဟာ အရမ်းကို အန္တရာယ်များလွန်းတယ်လို့ လူတွေ ပြောဆိုကြပါတယ်။ နောက်ဆက်တွဲဆိုးကျိုးတွေလည်း တစ်ပုံတစ်ပင် ရှိလာနိုင်ပါတယ်။(ဘာလို့လဲ မသိပါဘူး။ ရုရှားနဲ့ သူ့အနွယ်ဝင် အိမ်နီးနားချင်း နိုင်ငံတွေကဆို အဲ့လို ထူးထူးဆန်းဆန်း သတင်းတွေ၊ ဖြစ်ရပ်တွေ၊ ဇာတ်လမ်းတွေ မကြာခဏ တွေ့ရ၊ ကြားရတတ်ပါတယ်။

Before and After
နောက်ထပ် အငြင်းပွားစရာတစ်ခုက သူမရဲ့အသက်ပါ။ သူမရဲ့ websiteမှာတင်ထားတဲ့ သတင်းအရကတော့ အခုလာမဲ့ ဇွန်လ(၁၃)ရက်နေ့ဆို သူမ.. အသက် (၂၂)နှစ် ရှိပါပြီ။ ဒါပေမဲ့ (၂၀၁၃)ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းမှာ သူမကိုယ်တိုင် ဖြေထားတဲ့ အင်တာဗျူးတစ်ခုမှာ အသက်(၂၃)နှစ် ရှိပြီလို့ ဆိုပါတယ်။ Wiki မှာတင်ထားတဲ့ သတင်းအရကတော့ သူမဟာ အခုဆို (၂၇)နှစ် ရှိနေပါပြီ။ သူငယ်ချင်းတွေနဲ့ နီးစပ်ရာအသိုင်းအဝိုင်းကလည်း (၂၇)နှစ်လို့ ဆိုပါတယ်။ သူမ မဟာဘွဲ့ ရခဲ့တာကလည်း (၂၀၀၇)နှစ်မှာမို့ သူမအသက်ဟာ (၂၇)ခုနှစ်ဖြစ်ဖို့ ပိုဖြစ်နိုင်ချေရှိပါတယ်။


တကယ်တော့ ဘာဘီရဲ့ perfect match ဟာ Ken ပါ။ ဒါပေမဲ့ Ken ပုံစံအတိုင်းရအောင်အကြိမ် (၉၀)တိတိ ခွဲစိတ်မှုတွေလုပ်ခဲ့တဲ့ Justin Jedicaနဲ့ လူချင်းဆုံပေးခဲ့တုန်းကတော့ သူတို့နှစ်ယောက်ဟာ မြင်မြင်ချင်းမှာတင် တစ်ယောက်ကိုတစ်ယောက် မနှစ်သက်ကြပါဘူး။ Justin က Valeria ကို အတုကြီးလို့ပြောခဲ့ပါတယ်။ Valeria ကတော့ “Justinဟာ ချောပါတယ်။ ဒါပေမဲ့ သူ့နှစ်ခမ်းကို ပြင်ထားတာဟာ လိုတာထက် ပိုနေပါတယ်။ နောက်ပြီး သူက.. ကျမကို မကောင်းပြောခဲ့ပါတယ်။ ဒါပေမဲ့ ကျမဟာ သူ့လိုတော့ အကြိမ် (၉၀) မခွဲစိတ်ခဲ့ဖူးပါဘူး။ တစ်ကြိမ်ပဲ ခွဲစိတ်ဖူးတာပါ။ ဒါကြောင့် ဘယ်သူဟာ ပလတ်စတစ်ကြီးလို့ ပြောမနေတာ ပိုကောင်းပါလိမ့်မယ်”လို့ ဆိုပါတယ်။
အောက်က youtube clip ကလေးကတော့ သူတို့နှစ်ယောက် အပြင်မှာတွေ့တာကို ရိုက်ထားတဲ့ဗွီဒီယိုဖိုင်လေးပါ။


Valeriaဟာ အသက်(၁၄)နှစ်အရွယ်တုန်းက အချစ်ရေးအဆင်မပြေလို့ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားခဲ့ဖူးပါတယ်။ သူမဟာ အခုတော့ Dmitry Shkrabovနဲ့ ပျော်ရွှင်စွာ လက်ထပ်ထားပါတယ်။ အခုလက်ရှိတော့ သူမဟာ ကိုယ်အလေးချိန်တက်လာလို့ စိတ်ညစ်နေပါတယ်လို့ သိရပါတယ်။     ။

witch83

References:
1. http://fr.wikipedia.org/wiki/Valeria_Lukyanova
2. http://www.valerialukyanova.net/p/valeria-lukyanova-profile.html
3. http://www.dailymail.co.uk/femail/article-2272066/Real-life-Barbie-Ken-Valeria-Lukyanova-Justin-Jedlica-meet-hate-sight-other.html
To Continue Reading

May 17, 2013

ဦးစားပေးခံရခြင်း ဆိုရာဝယ်

 
ဘုတ်ဆုံမတစ်ယောက် ဒီနေ့ အလုပ်သွားဖို့ နောက်ကျပြန်လေပြီ။

အင်း.. ပြောရရင်တော့ ဒီနေ့မှ မဟုတ်ပါဘူးလေ။ နေ့တိုင်းလိုလို အကြောင်းအမျိုးမျိုးနဲ့ နောက်ကျနေတာပါပဲ။ နောက်ကျတတ်တာကိုက ဘုတ်ဆုံမရဲ့  signature တစ်ခုလိုကို ဖြစ်နေပါပြီလေ။ အရင်နေ့တွေကတော့ နောက်ကျရင် တက္ကဆီစီးပေမဲ့ ခုတစ်လော တက္ကဆီစီးရတာတွေများနေတဲ့အပြင် လကုန်ခါနီးမို့ ပိုက်ဆံပြတ်နေတာနဲ့ပဲ ဒီနေ့တော့ mrt ပဲ စီးတော့မယ်။ အိမ်နဲ့ mrt က တော်တော် အလှမ်းဝေးတာမို့ လမ်းကလည်း မလျှောက်ချင်တာကြောင့် ဘတ်(စ်)ကားစီးဖို့ စဉ်းစားလိုက်ပါတယ်။

"အင်း.. ဘတ်(စ်)ကားက အကြာကြီး စောင့်ရရင်တော့ ဒုက္ခ"လို့ တွေးရင်း အလုပ်နောက်ကျရင် မျက်နှာကြီးစူပုတ်ထားမဲ့ ချစ်မန်နေဂျာမရဲ့မျက်နှာကို မြင်ယောင်ကာ ဘတ်(စ်)ကားဂိတ်ကို ပြေးမတတ် လမ်း လျှောက်လာလိုက်ပါတယ်။ လူက ကားမှတ်တိုင်လည်းအရောက် ဘတ်(စ်)ကားကလည်းအရောက်မို့ ဝမ်းသာအားရ အပြေးတက်၊ ကားပေါ်ရောက်တော့ ထိုင်စရာ နေရာတွေကလည်းများ.. အင်း ဘုတ်ဆုံမတစ်ယောက် နောက်ကျပေမဲ့ ကံတော့ကောင်းနေသေးသကိုး။ ထိုင်ခုံမှာထိုင်လိုက်တော့ ကိုယ့်အရှေ့က ခုံတန်းမှာထိုင်နေတာက သိပ်ကိုချစ်ဖို့ကောင်းတဲ့ကလေးမလေးတစ်ယောက်နဲ့ သူမရဲ့အမေ။ ကောင်မလေးက ကောင်းကောင်းမထိုင်ဘဲ ဆော့နေတယ်။ သဘောကျလို့ သူ့ကို ပြုံးကြည့်နေရာက ကားကမရွေ့လို့ ဘေးဘီကြည့်လိုက်တော့ ကားကမီးပွိုင့်မိနေတယ်။ "ကျွတ်.. နောက်ကျနေပါတယ်ဆိုမှ..."

ဂိတ်ဆုံးတော့ (MRTရှိတဲ့ဂိတ်က ဘတ်(စ်)ကားဂိတ်ဆုံးပါ။) ဆင်းမယ်ဆိုပြီးအထ အရှေ့က ကလေးမလေးက ဝုန်းဆို ထလိုက်ပြီး ခုန်ပေါက်နေလို့ သူတို့သားအမိကို အရင် ပေးသွားလိုက်ပါတယ်။ အရင် ပေးသွားလိုက်ပြီးကာမှ မှားသွားမှန်း သိလိုက်ရပါတယ်။ ကလေးက ခုန်ဆွ၊ခုန်ဆွနဲ့ ဆော့နေပြီး အနောက်က ဆင်းမဲ့သူတွေကို ပိတ်နေပါတော့တယ်။ အမေလုပ်သူကလည်း သူ..အလျင်မလိုတိုင်း ကလေးကို ဒီအတိုင်း ကြည့်နေပါတော့တယ်။
"အောင်မလေး.. ငါ့နှယ်.. နောက်ကျနေပါတယ်ဆိုမှ။  ဒီသားအမိ အရင်ဦးစားပေးလိုက်တာ ဒုက္ခနဲ့လှလှတွေ့ပါရောလား။ အမေလုပ်တဲ့သူကလည်း ဒီအချိန် လူတွေ အလုပ်သွားတဲ့အချိန်၊ အားလုံး အလျင်လိုနေကြတယ်ဆိုတာ မသိဘူးလား မသိပါဘူး။ အနောက်ကလူတွေကိုမှ အားမနာ။"

X X X X X X X X X X X X

သူတို့နှစ်ယောက်အနောက်ကနေ စိတ်ကိုဆွဲဆန့်ပြီး ဖြေးဖြေးချင်းဆင်းလာလိုက်တာ ကားအောက်လည်းရောက်ပြီမို့ mrt ဆီကို အသုတ်နှင်ပြီး ပြေးလိုက်မိပါတယ်။ mrt ထဲဝင်ပြီး စက်လှေကားပေါ်တက်မယ်လုပ်တော့ အဘွားတစ်ယောက် အရှေ့ကပိတ်ပြီး စက်လှေကားပေါ်တက်ဖို့ ကြိုးစားနေတာနဲ့ ပြေးတာကို ဘရိတ်အုပ်ပြီး အဘွားပြီးအောင် စောင့်လိုက်ပါတယ်။ ဒါပေမဲ့ အဘွားက စက်လှေကားပေါ် တက်ပြီးသွားတော့ ဘယ်ဘက်ကပ်မရပ်ဘဲ ညာဘက်မှာ ရပ်နေပြန်ရော... အဲ့ဒါနဲ့ သူ့ညာဘက်ကနေတက် ပြီးတော့ လှေကား တဆင့်ထက်တက်၊ ဘယ်ဘက်ပြောင်း၊ အပေါ်ကို ကဆုန်ပေါက်ပြေးတက်ခဲ့တယ်။ (ရထားဝင်လာတာတွေ့လို့)။

အလယ်မှာ ချောင်နေပြီး အဝမှာ ပြည့်ကျပ်နေတာမို့ လူတွေကို "Excuse Me" နာနာပြောပြီး ရထားအလယ်ထဲကိုတိုးဝင်ပြီး အလယ်မှာ ချောင်ချောင်ချိချိ ဝင်ရပ်နေလိုက်ပါတယ်။ နှစ်မှတ်တိုင်လောက်စီးပြီးတဲ့နောက် ကိုယ့်ရှေ့ကလူထသွားတာမို့ ထိုင်ခုံမှာ ဝင်ထိုင်ရင်း အတွေးတွေ နယ်ချဲ့ရင်းက ဘုတ်ဆုံမရဲ့စိတ်တွေ ဟိုးအတိတ်ဆီ ရောက်သွားပါတော့သည်။

X X X X X X X X X X X X

" မေမေ.. သမီးလည်း ဗြိတိသျှကောင်စီကဖွင့်တဲ့ အင်္ဂလိပ်စာသင်တန်း တက်ချင်တယ်။" 
ဘုတ်ဆုံမ ဆယ်တန်းစာမေးပွဲပြီးသွားလို့ BC က စာကြည့်တိုက်မှာ အိမ်က အသင်းဝင်လုပ်ပေးထားတာကြောင့် စာအုပ်သွားဖတ်ရင်း၊ အင်္ဂလိပ်စာ ကတ်ဆက်ခွေတွေ သွားနားထောင်ရင်း၊ စာအုပ်တွေငှားရင်းက တွေ့တွေ့နေရတဲ့ ကျောင်းသူကျောင်းသားတွေကို အားကျပြီး မေမေ့ကို ပူဆာလိုက်မိသည်။
" အို.. သမီးရယ်.. အခုက ကိုကို တက်နေတယ်လေ။ ဒေါ်လာနဲ့ ပေးရတဲ့ဟာကို။ နှစ်ယောက်ဆို မနိုင်ဘူး သမီးရဲ့။ ပြီးတော့ သူ့ GCE ကျူရှင်လခတွေလည်း ရှိသေးတယ်။ စာမေးပွဲကြေးတွေလည်း ပေးရဦးမှာ။ ခုလည်း သမီးကို ဒီလောက်ကောင်းတဲ့ တီချယ်အေးဆီမှာ အင်္ဂလိပ်စာသင်တန်း ထားပေးထားတာပဲဥစ္စာ။ သမီးက လိမ္မာပါတယ်။ ကိုကို အတန်းတွေအားလုံးပြီးတော့ သမီး တက်ပေါ့။ ဟုတ်ပြီလား။"
အင်းလေ.. ဟုတ်ပါတယ်။ ကိုကိုပြီးတော့မှပဲ ငါတက်တော့မယ်။ သူလည်း ခု.. upper inter A ရောက်နေပြီပဲဟာ။ ပြီးဖို့ သိပ်မလိုတော့ပါဘူးလေ။ တီချယ်အေးလည်း ဒီလောက်ကောင်းနေတာပဲဟာ။ တီချယ်အေးကျူရှင်ကအပြန် ကျောက်ကုန်းကနေ (၃၉)ကားကြီးစီးပြီး BCက စာကြည့်တိုက်ကို ပုံမှန်သွား၊ ညီမဝမ်းကွဲဖြစ်သူ BC မှာအတန်းရှိလို့ သူနဲ့အတူ ကပ်လိုက်ရင်လိုက်ရင်းက အကိုဖြစ်သူနဲ့ ညီမဝမ်းကွဲတို့ရဲ့ အတန်းတွင်းအတွေ့အကြုံများကိုနားထောင်ပြီး အားကျရင်းက ဘုတ်ဆုံမတစ်ယောက် အကိုဖြစ်သူ သင်တန်းပြီးမည့် အချိန်ကို လက်ချိုးရေတွက်ရင်းစောင့်နေမိပါသည်။

သို့သော်လည်း upper interတန်းများ ပြီးသည့်အခါ BC မှာ Advanced 1a, 1b, 1c, 2a, 2b, 2c ဆိုပြီး ပေါ်လာပြန်ပါသည်။ တက်မည့်ကျောင်းသား သိပ်မရှိလို့ Advanced 1b တွင် ထိုအတန်းများကို BC က ရပ်လိုက်ပြန်ပါသည်။ General English အတန်းများ တက်နေရင်းက "Better Writing", "Business English", "Phonetics" အစအစရှိသည့် သင်တန်းများကိုပါ BC တွင်တက်ခဲ့သောကိုကိုသည် Advanced 1b ပြီးသွားသောအခါ IELTS ဖြေမည် ဖြစ်သွားပါသည်။

ဘုတ်ဆုံမတစ်ယောက်လည်း စောင့်ရင်းစောင့်ရင်းက တက္ကသိုလ်များ ဖွင့်ပြီမို့ ကျောင်းတက်နေတာကြောင့် BCမှ စာကြည့်တိုက်ကိုတောင် တစ်ပတ်တစ်ခါသာ သွားနိုင်တော့ပါသည်။ ကိုကိုကတော့ IELTSကို BC တွင်သာမက.. စတန်လေလှ၊ အီရန်ကာတာ၊ တီချယ်အေးအစသဖြင့် တက်နေပြီး.. GCE 'A' level ဖြေရန် ကြိုးစားနေပါတော့သည်။
"သားရေ... အင်္ဂလန်မှာ ကျောင်းထားပေးဖို့က အရမ်း များလွန်းတယ်။ မင်းအဖေကလည်း အင်္ဂလန်ဆို မဖြစ်နိုင်ဘူး ပြောနေတယ်။ ခါးပြတ်မှာစိုးရတယ်။ နီးနီးနားနား စင်္ကာပူပဲ သွားပါလား။ ဒါဆို မင်းအဖေအဆင်မပြေတော့ရင်တောင်မှ အဒေါ်တွေက ဝိုင်းပံ့ပိုးပေးလို့ ရတယ်။ သား.. ကျောင်းပြီးသွားတော့ အငယ်တွေကို ပြန်ခေါ်ပေါ့"
လို့  နိုင်ငံခြားမှာ ကျောင်းသွားမတက်သေးခင် ရန်ကုန်က တက္ကသိုလ်တစ်ခုခုမှာ ကျောင်းဆက်တက်ဖို့ကိုလည်း လုံးဝလက်မခံသော၊ အမျိုးထဲတွင် အကြီးဆုံးဖြစ်သော၊ တစ်ဦးတည်းသောယောကျာင်္းလေးဖြစ်သော ကိုကို့ကို ကြီးတော်လုပ်သူက  အကြံပေးပါသည်။ ကိုကိုကတော့..
"ဟင့်အင်း... သားက အင်္ဂလန်မှ အင်္ဂလန်ပဲ။"
ပာု တွင်တွင်ငြင်းရင်းက ကျမတို့အငယ်တွေကို ဘာမှ တန်ဖိုးမရှိသော စာရွက်တစ်ရွက်အတွက် မြန်မာပြည်က တက္ကသိုလ်တွေမှာ အချိန်ဖြုန်းနေသည်ဟု ဆိုပြန်သေးသည်။

ဒီလိုနှင့်ပဲ.. မိမိမကျွမ်းကျင်သော၊ သူများကိုအားကိုး၍လုပ်ရသော စီးပွားရေးလုပ်ငန်းများကို လုပ်ရင်းက မိန်းမသားချည်းသာရှိသော ကျမတို့မိသားစုမှာ တဖြေးဖြေးနှင့်  ငွေကြေးအင်အားများ  ယိုင်နဲ့လာပါသည်။ တော်သေးသည်။ ကိုကို့ စကား နားမယောင်ဘဲ ကျမတို့တတွေ ထိုစာရွက်များကို ရအောင်ယူခဲ့မိသည်။ ထိုစာရွက်တွေကြောင့် ကျမတို့ ညီအမတစ်တွေ စင်္ကာပူတွင် ငါးပိသံဝဲသော အင်္ဂလိပ်စကားကိုပြောရင်း ဘဝကို တည်ဆောက်နိုင်၊ အိမ်ကို ပြန်ထောက်ပံ့နိုင်ခဲ့ကြလေသည်။  စီးပွားရေးမကောင်းသည့်ကြားက ကိုယ်တွေကို ဖြစ်မြောက်အောင် ရုန်းကန်ပြီး ထောက်ပံ့ပေးခဲ့သော မိသားစုကိုလည်း အလွန်ပင် ကျေးဇူးတင်မိပါသည်။

X X X X X X X X X X X X 

"အင်း.. ဘတ်(စ်)ကားပေါ်က ကလေးလေးနဲ့ စက်လှေကားပေါ်က အဘွားကတော့  အားနည်းတဲ့သူတွေမို့ ဦးစားပေးသင့်ပါတယ်လေ။ အဲ့လိုမဟုတ်ဘဲ မိသားစုတစ်စုမှာ၊ အဖွဲ့အစည်းတစ်ခုမှာဆိုရင်တော့ ဦးစားပေးရမဲ့ အရှေ့ကလူဟာ အားနည်းသူ မဖြစ်သင့်ဘူး။ အားကိုးရလောက်တဲ့သူ၊ မှန်ကန်တဲ့အတွေးအခေါ်ရှိတဲ့သူ၊ ကိုယ့်မိသားစု/ အဖွဲ့အစည်းကို ဦးဆောင်လမ်းပြနိုင်တဲ့သူ ဖြစ်သင့်တယ်။ မဟုတ်ရင်တော့ သူလည်း အရှေ့ကို မတက်၊ အနောက်ကလူတွေလည်း လမ်းပိတ်နေတော့မယ်။" လို့ အတွေးနယ်လွန်းနေရင်းက ရထားရပ်သွားလို့ မှတ်တိုင်ကို ကြည့်လိုက်တော့...
"အောင်မလေး...  ဆင်းရမဲ့မှတ်တိုင်ထက် နှစ်ခုတောင် ကျော်သွားပြီ။ သေတော့မှာပဲ။"လို့ ညီးတွားရင်း ရုံးနောက်ကျလို့ စူပုတ်နေမဲ့ ချစ်မန်နေဂျာမရဲ့ မျက်နှာလေးကို မြင်ယောင်ကာ ဘုတ်ဆုံမတစ်ယောက် ရထားပေါ်မှ အမြန် ပြေးဆင်းလိုက်ရပါတော့သည်။     ။
 
X X X X X X X X X X X X 

စကားချပ်။      ။ သူများတွေကို အားကျလို့ ဝတ္ထုရေးကြည့်တာ အက်ဆေးလိုလို၊ ဆောင်းပါးလိုလို ဖြစ်သွားပါတယ်။ လိုအပ်ချက်များ၊ တိုက်ဆိုင်မှုများရှိလျှင် ခွင့်လွှတ်ပါ။ ဆက်လက်ကြိုးစားပါဦးမည်။ ^^

Regards, witch83 (12:03PM; 17/05/2013; GMT+8)
Photo Source; http://lovethepossibility.wordpress.com
To Continue Reading

May 13, 2013

စတင်ရင်းနှီးဖူးခဲ့သော အမေများနေ့ ..

ကျမ (၁၀)တန်းပြီးခါစ တက္ကသိုလ်တက်ဖို့ စောင့်နေတုန်း မေလရဲ့ ဒုတိယမြောက် တနင်္ဂနွေနေ့ တစ်ရက်မှာ ကျမရဲ့ မေမေက.. ဘုရားကျောင်းက အပြန် ကျမကို ကဒ်လေးနှစ်ကဒ် လာပေးပါတယ်။ ( ပြောင်းပြန်ကြီးနော်.. အမေက သမီးကို :P)

တကယ်တော့ သူတို့ ဘုရားကျောင်းမှာ အမေများနေ့ ကျင်းပတာမို့ အားပေးတဲ့အနေနဲ့ ဝယ်လာတာပါ။ ပေတံသေးသေးလေး အရွယ်လောက်ရှိတဲ့ ကဒ်ထူစက္ကူအဖြူလေးပေါ်မှာ ရောင်စုံ ဘောပန်နဲ့ မိခင်မေတ္တာအကြောင်းကို ရေးဖွဲ့ထားတဲ့ အင်္ဂလိပ် စာကြောင်းလေးတွေပါ။ အဲ့ဒီ ကဒ်ထူစာရွက်ကလေးကို ပလတ်စတစ် အကြည်အပါးနဲ့ လောင်းထားပါတယ်။ ရေးထားတဲ့ အင်္ဂလိပ်စာ သဒ္ဒါကတော့ မမှန်ပါဘူး။

ကဒ်လေးနှစ်ကဒ်က တန်ဖိုးအားဖြင့်လည်း မကြီးပါဘူး။ ဒါပေမဲ့ သားသမီးသုံးယောက်ရှိတဲ့အနက် ကိုယ်ကပဲ အဲ့လိုဟာလေးတွေကို ကြိုက်တတ်လို့လား၊ တခြားနှစ်ယောက်ကို ပေးလိုက်ရင်ပဲ ပျောက်သွားမှာစိုးလို့လား မသိပါဘူး။ ကျမရဲ့မေမေဟာ သူ အပြင်က ပြန်ရောက်ရောက်ခြင်း အိမ်ရှေ့ခန်းမှာ စာထိုင်ဖတ်နေတဲ့ ကျမကိုပဲ သူဝယ်လာတဲ့ ကဒ်နှစ်ခုလုံးကို ပေးခဲ့ပါတယ်။ အမေလုပ်သူက ရှားရှားပါးပါးလက်ဆောင်ပေးတဲ့ အတွက်ကြောင့်ရော၊ ကိုယ့်တစ်ယောက်တည်းကို ပေးတဲ့အတွက်ကြောင့်ပါ.. အဲ့ဒီ hand-made ကဒ်လေးနှစ်ကဒ်ကို အရမ်း သဘောကျခဲ့၊ တန်ဖိုးထားခဲ့ပါတယ်။


(၁၀)တန်းပြီးတဲ့နှစ်ကတည်းက အမေများနေ့နဲ့ ရင်းနှီးခဲ့ပေမဲ့ မေမေ့ကို အမေများနေ့ အမှတ်တရလက်ဆောင်စပေးခဲ့တာတော့ ဂုဏ်ထူးတန်းကျောင်းသူဘဝမှပါ။ အစပိုင်းတုန်းကတော့ အမေများနေ့ အမှတ်တရ ပေးချင်တာပါ။ နောက်ပိုင်းတော့ အမေများနေ့မှ တန်ဖိုးထားရမှာ မဟုတ်ဘူး။ အမြဲလိုလို တန်ဖိုးထားပြီး ပေးရမှာဆိုပြီး ခံယူချက် ပြောင်းလာပါတယ်။ ဒါပေမဲ့ နှစ်စဉ်လိုလိုတော့ ဒီလိုနေ့ရောက်ရင် သူပျော်စေချင်တဲ့သဘောနဲ့ လက်ဆောင်တွေ ဝယ်ပေးနေမိတုန်းပါပဲ။ :) ဒီနှစ်အတွက်တော့ ပါတိတ်တစ်ထည်နဲ့ ကျမတို့ကုမ္ပဏီကပေးတဲ့ မှတ်စုစာအုပ်လေးပါ။ ပါတိတ်ကတော့ ပြီးခဲ့တဲ့နှစ်ပတ်ကျော်က ရုံးကိစ္စနဲ့ အင်ဒိုနီးရှားကို ခရီးသွားရတုန်းက အင်ဒိုနီးရှားလည်းရောက်တုန်း၊ အမေများနေ့လည်း နီးလာပြီဆိုတော့ ပါတိတ်ပဲ ဝယ်လိုက်တာပါ။ တကယ်တော့ အမေများနေ့ မရှိလည်း ခရီးသွားရင်တော့ လက်ဆောင်ဝယ်ပေးနေကြပါပဲ။ အမေများနဲ့ကြုံလို့ အမေများနေ့အတွက် လက်ဆောင် ဖြစ်သွားတာပါ။ :D
XXXXX
ဘာရယ် မဟုတ်ပါဘူး.. အမှတ်တရ ရေးကြည့်တာပါ။ မေမေက.. အရင်လို မကျန်းမာတော့လို့ပဲလားတော့ မသိဘူး။ ဖုန်းဆက်လို့ မရတာလည်း ပါမယ်ထင်တယ်။ ဒီနှစ် အမေများနေ့မှာ ထူးထူးခြားခြားကို အရမ်း သတိရမိတယ်။ စလုံးကို လာတုန်းက ရန်ကုန်က ကျမရဲ့ စာအုပ်သေတ္တာထဲမှာ ထည့်ထားခဲ့တဲ့ အဲ့ဒီ ကဒ်နှစ်ကဒ်ကို အရမ်းကို လိုချင်နေမိတယ်။ ဒီတစ်ခေါက် ရန်ကုန်ပြန်ရင်တော့ စလုံးကို သယ်လာဦးမယ်။ :)
XXXXX
အမေများနေ့ကို နိုင်ငံအလိုက် ရက်သတ်မှတ်တာတွေကွာပေမဲ့ လူတော်တော်များများကတော့ မေလရဲ့ ဒုတိယပတ်မြောက် တနင်္ဂနွေနေ့ကို လက်ခံ ကျင့်သုံးကြပါတယ်။ ဆရာကြီး ဦးသုခကတော့ ပြာသိုလပြည့်နေ့ မြန်မာ့အမေများနေ့လို့ သတ်မှတ်ခဲ့ပါတယ်။ ဒါကိုတော့ လွန်ခဲ့တဲ့သုံးနှစ်လောက်ကမှ စလုံးမှာ အတူနေဖူးတဲ့ အစ်မတစ်ယောက်ဆီက သိရတာပါ။ နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ အမေများနေ့တွေကို သိချင်ရင်တော့ ဒီနေရာမှာ သွားဖတ်ကြည့်လို့ ရပါတယ်။

Regards, witch83
To Continue Reading

May 07, 2013

(၂၀၀၀ -၂၀၁၂)ခုနှစ်ကြားမှ Miss Universe များ - ၅ ( နိဂုံးပိုင်း)

အရှေ့ က အပိုင်းတွေကို ပြန်ဖတ်ချင်တယ်ဆိုရင်...
(၂၀၀၀ -၂၀၁၂)ခုနှစ်ကြားမှ Miss Universe များ - ၁
(၂၀၀၀ -၂၀၁၂)ခုနှစ်ကြားမှ Miss Universe များ - ၂
(၂၀၀၀ -၂၀၁၂)ခုနှစ်ကြားမှ Miss Universe များ - ၃
(၂၀၀၀ -၂၀၁၂)ခုနှစ်ကြားမှ Miss Universe များ - ၎

အပိုင်း (၅)မှာတော့ ဒီ Miss Universe ခေါင်းစဉ်ကို ကျန်တဲ့ခုနစ်ယောက်အကြောင်း နည်းနည်းစီနဲ့ MU အကြောင်းနည်းနည်း ပြောပြီး နိဂုံးချုပ်ပါမယ်။MU2001, Denise Quiñones ကနေ စပါမယ်။

* Denise Quiñones (MU2001)ဟာ မယ်စကြာဝဠာလောကမှာ အရမ်းကို strong ဖြစ်တဲ့ ပုရေတိုရီကိုနိုင်ငံက လာတာပါ။ ဒါပေမဲ့ MU2001 ပြိုင်ပွဲဟာလည်း ပူရေတိုရီကိုနိုင်ငံမှာပဲ ကျင်းပခဲ့တာပါ။ Denise ဟာ မယ်စကြာဝဠာဆုအပြင် Miss Photogenic, Bluepoint Best in Swimsuit နဲ့Clairol Herbal Essences ကပေးတဲ့  Stylish ဆုတွေကိုပါ special awards တွေအနေနဲ့ ရတာပါ။ တကယ်တော့ Oxana Fedorova ဟာ (၂၀၀၁)မှာ ဝင်ပြိုင်ရမှာပါ။ သူ့ကျောင်းစာတွေကြောင့် postphone လုပ်လိုက်လို့ ရုရှားရဲ့ first runner-up က MU2001 ကိုသွားခဲ့ရတာပါ။ Oxana သာ (၂၀၀၁)ခုနှစ်မှာ ဝင်ပြိုင်လိုက်ရင် Denise ရမလား၊ Oxana ရမလားလို့ တွေးမိပါတယ်။ :)

Denise Crowning Oxana
Oxana & Denise @ MU2002
MU2001 ပြိုင်ပွဲတုန်းက Denise နဲ့ လူတွေ အရမ်းအားပေးကြတဲ့ Miss Greece, Evelina Papantoniou တို့ final top-2 ရောက်ခဲ့ပြီး Denise ဆုရသွားတာပါ။ ကျမကတော့ Denise ကို Evelina ထက် ပိုကြိုက်ပါတယ်။ နောက်ပြီး Deniseဟာ Global Beauties ကပေးတဲ့ အလှပဆုံးမယ်စကြာဝဠာစာရင်းမှာ အဆင့် (၁၄)ရထားပါတယ်။
Denise @ MU2001 Competition
Leila Lopes (MU2011)ဟာ အန်ဂိုလာနိုင်ငံသူပါ။ အန်ဂိုလာနိုင်ငံကို ပထမဦးဆုံးအကြိမ် မယ်စကြာဝဠာ သရဖူ ယူဆောင်ပေးတဲ့သူလည်း ဖြစ်ပါတယ်။ MU2011 ပြိုင်ပွဲမှာ MU ဆုအပြင် Miss Photogenic ဆုလည်း ရခဲ့ပါတယ်။ သူမဟာ အင်္ဂလန်နိုင်ငံ Campus Suffolk တက္ကသိုလ်က စီးပွားရေးစီမံခန့်ခွဲမှုနည်းပညာဘွဲ့ကို ရရှိထားသူ ဖြစ်ပါတယ်။ Leila ဟာ ဟိုးအရင်ကတည်းက HIV/AIDS ရောဂါသည်တွေကို ကူညီစောင့်ရှောက်ရေးအသင်းနဲ့ ရောဂါသည်တွေကို ခွဲခြားနှိမ့်ချဆက်ဆံခြင်းကို ဆန့်ကျင်တဲ့အသင်းတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ Miss Universe ဖြစ်မှ လူမှုရေးလုပ်ငန်းတွေ ထလုပ်တဲ့သူ မဟုတ်ပါဘူး။ ပြီးတော့ Leila ဟာ ရင့်ကျက်သူတစ်ဦးဖြစ်တာကြောင့် အသင်းအဖွဲ့တွေမှာ ဦးဆောင်ရလေ့ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ Miss Universe တွေထဲမှာတော့ တော်တော်လေးကို ရိုးသားပြီး၊ အရှိကိုအရှိအတိုင်း ပြောတတ်တဲ့၊ ကိုယ့်ကိုကိုယ်နှိမ့်ချတဲ့ အလှမယ်ဖြစ်ပါတယ်။ :)))
MU2011ပွဲမှာလည်း Miss Photogenic ဆုက်ု ရခဲ့ပါသေးတယ်။ နောက်ပြီး သူမဟာ Miss Angola UK, 2010 ဆုကိုလည်း ရခဲ့ပါတယ်။ ဒါပေမဲ့ သူမ..MU2011 ဖြစ်သွားပြီးနောက်မှာတော့ Miss Angola UKပြိုင်ပွဲကို စာရွက်စာတမ်းအတုနဲ့ ဝင်ပြိုင်ပါတယ်ဆိုပြီး ပြဿနာတက်လိုက်ပါသေးတယ်။ တရားထဆွဲတဲ့သူက တကယ် တိကျတဲ့ သက်သေမပြနိုင်တာကတစ်ကြောင်း၊ ပြီးတော့ သုမကလည်း ငြင်းတာကြောင်း၊ ဒါမဟုတ်ပါဘူးဆိုပြီး သူမဘက်က သက်သေလိုက်တဲ့သူတွေရှိတာကတစ်ကြောင်းကြောင့် ဒီကိစ္စပြီးသွားခဲ့ပါတယ်။ နောက်ထပ်ရတဲ့ဆုက Ideal Beauty ကပေးတဲ့ "Body of the Year, 2011" ပါ။ လက်တလောသတင်းအနေနဲ့ကတော့ Leilaဟာ အမေရိကန် ဘောလုံးကစားသမား Osi Umeniora နဲ့ (၂၀၁၃)ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ စေ့စပ်ခဲ့ပါတယ်။

  


Olivia Culpo ကတော့ USA ကပါ။ MU2012 ပြိုင်ပွဲကို USA မှာပဲ ကျင်းပခဲ့တာမို့.. Olivia ဟာ တော်တော်လေး အဝေဖန်ခံ၊ အပြောဆိုခံရပါတယ်။  Home Town Factor ဟာ (၂၀၁၂)ခုနှစ်ရဲ့ အလှမယ်လောကမှာ လူပြောအများဆုံးအချက် တစ်ချက် ဖြစ်ပါတယ်။ MU2012 ပြိုင်ပွဲအကြောင်းကိုတော့ ဒီနေရာမှာ ရေးဖူးပါတယ်။ နောက်ထပ်... Olivia နဲ့ပတ်သတ်ပြီး လူပြောများတဲ့အချက်က သူမ အရပ်ပုနေတာပါပဲ။ ၅'၇" လို့ရေးထားပေမဲ့ ၅'၃" ပဲ ရှိတယ်လို့ ကောလဟာလတွေ အရမ်းထွက်ပါတယ်။ ဟုတ်မဟုတ်တော့ သေချာမသိပေမဲ့ Olivia ဟာ တခြားအလှမယ်တွေနဲ့ ယှဉ်ရပ်ရင် သိသိသာသာကို ပုနေပါတယ်။ သူမကိုယ်တိုင်လည်း အဲ့ဒီအချက်ပေါ်မှာ စိတ်ညစ်ပုံရပါတယ်။ Miss Jamaica 2012 ကတော့ Olivia ဟာ ဒေါက်ဖိနပ်အမြင့်ကြီးတွေကို သက်တောင့်သက်သာနဲ့ အချိန် အကြာကြီးစီးနိုင်သူတစ်ဦး ဖြစ်ပါတယ်လို့ ဆိုပါတယ်။  ဘာပဲဖြစ်ဖြစ် Olivia မယ်စကြာဝဠာ ဖြစ်သွားတဲ့အတွက် သဘောကျမိတဲ့ အချက်တစ်ခုက Nana Meriwethersတစ်ယောက် Miss USA ဖြစ်သွားတာပါ။ လက်ရှိ Miss USA ဟာ Miss Universe ဖြစ်သွားရင် Miss USA (First Runner-Up) ကို Miss USA သရဖူလွှဲပြောင်းပေးရပါတယ်။ sweet ဖြစ်တဲ့၊ classy lady တစ်ယောက်ဖြစ်တဲ့ Olivia အကြောင်းကိုတော့ အရင်ကလည်း ရေးဖူးတာမို့ ဒီမှာ သိပ်မရေးတော့ပါဘူး။ သူ့ရဲ့.. အခုတစ်လောသတင်းဓါတ်ပုံတစ်ချို့  တင်ပေးလိုက်ပါတယ်။ :)

Amy WyneHouse ပွဲတက်တုန်းက
Screening for Network New York
Olivia and Nana Meriwethers
Miss Russia 2013 ပွဲတုန်းက 

Above Photo, From Left toRight: Olivia (MU2012), Stunning Miss Russia 2012 (One of my favourites) , Miss Rusia 2013, Wenxia (Miss World 2013)
 
Stefania Fernande (MU2009) ဟာ Vanezuela ကပါ။ ဒါပေမဲ့ သူမဟာ စပိန်၊ ယူကရိန်း၊ ရုရှားနဲ့ ပိုလန်လူမျိုး (၄)မျိုးစပ်ထားတာပါ။ သူမရဲ့ အမေဘက်ကအဖိုးဟာ ယူကရိန်းလူမျိုးဖြစ်ပြီး ရုရှားကို ပြောင်းရွှေ့ နေထိုင်ခဲ့တယ်လို့ သိရပါတယ်။  (၂၀၀၈)မှာ Dayana Mendozaက တစ်ကြိမ်၊ (၂၀၀၉)မှာ Stegania Fernade ကတစ်ကြိမ်နဲ့ Vanezuelaဟာ Miss Universe ဆုကို နှစ်နှစ်ဆက်တိုက် ရခဲ့ပါတယ်။ ဒါဟာ Miss Universe သမိုင်းမှာ တစ်ကြိမ်ပဲ ဖြစ်ဖူးပါတယ်။
တကယ်တော့ Stefania ဟာ သနားဖို့ကောင်းပါတယ်။ Dayanaက သူ့ရှေ့မှာ ဆုရထားတဲ့အပြင် အရမ်းအောင်မြင်ခဲ့တာကြောင့် သူမဟာ (၂၀၀၉)အတွက် chance သိပ်မရှိသလိုဖြစ်နေပါတယ်။ MU2009မှာပွဲမှာ သူမကို အားပေးတဲ့သူ သိပ်မရှိပါဘူး။ နောက်ပြီး ပထမဆုံးအကြိမ်အဖြစ် MU2009 ပွဲကို ustream က တိုက်ရိုက်ထုတ်လွှင့်ပေးတာကြောင့် တစ်ကမ္ဘာလုံးက ပရိတ်သတ်တွေဟာ ဒီပွဲကို ကြည့်ခွင့်ရခဲ့ကြပါတယ်။ ဒါကြောင့် Stefania ဟာ သူမရဲ့ မိတ်ကပ်အပြင်အဆင်နဲ့ အဝတ်အစားမှာလည်း တော်တော်လေးကို အဝေဖန်ခံရပါတယ်။ ပြီးတော့ Back-to-Back case ကြောင့်လည်း တော်တော်လေးကို အပြောအဆိုခံခဲ့ရပါတယ်။ သူမဆုရသွားတုန်းကလည်း Dayana နဲ့ သူမ ဟန်မဆောင်နိုင်အောင် ပျော်ရွှင်နေတာကလည်း ကြည့်ရတာ သိပ်အမြင်မတင့်ပါဘူး။ အရေးထဲမှာ Dayana က MU သရဖူကြီးကို ပြုတ်ကျအောင် လုပ်လိုက်သေးပါတယ်။ :( 

လူတွေဆိုတာ ပြောလိုက်ကြတာလွန်ရော။ ဖိလစ်ပိုင်လူမျိုးတွေကတော့ အဆိုးဆုံးပါပဲ။ (အခုလည်း Olivia ကို ရစရာမရှိအောင် ပြောနေကြတာပဲလေ။သရဖူပြုတ်ကျလို့ ကံဆိုးတော့မယ်ဆိုတာတောင် ပါသေး။) ဒီ back-to-back ကိစ္စကို MU ပရိတ်သတ်တော်တော်များများဟာ Miss Universe organization ကို စာတွေ၊ email တွေနဲ့ ကွန်ပလိန်းတက်ကြပါတယ်။ နောက်တော့ MU orgianzaion ရဲ့ ဒါရိုက်တာ Paula Shugart က ဒိုင်တွေရဲ့ အမှတ်စာရင်းကို ထုတ်ပြပြီး စာနယ်ဇင်းရှင်းလင်းပွဲ လုပ်ပေးလိုက်ပါတယ်။ ဒါဟာ Miss Universe သမိုင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် ဒီလို လုပ်ဖူးတာပါ။ ဒီတစ်ကြိမ်ပဲလည်း လုပ်ပေးဖူးပါတယ်။
သူမရဲ့ MU reign ကာလအတွင်းမှာလည်း Stefaniaဟာ အစကတည်းက အဆင်မပြေပါဘူး။ အင်ဒိုနီးရှားမှာ သွားရိုက်တဲ့ ကြော်ငြာနဲ့ ဓါတ်ပုံတွေကြောင့်ပါ။ အဲ့ဒါအပြင် သူမရဲ့ချစ်သူကိုလည်း လူသတ်မှုနဲ့ သံသယရှိလို့ အစစ်ခံရပါတယ်။ အစစ်ခံရချိန်မှာ သူမရဲ့ချစ်သူဟာ Vanezuela မှာ မရှိနေပါဘူး၊ သူမနဲ့အတူတူ New York မှာရှိနေပါတယ်လို့ အလီဘိုင်ယူတာကြောင့် မယ်စကြာဝဠာတစ်ယောက်အနေနဲ့ Stefania ရဲ့ image ဟာ တော်တော်လေးကို မကောင်းဖြစ်သွားပါတယ်။ လတွေကြာလာတဲ့အထိ လူတွေရဲ့အားပေးမှုကို မရတဲ့အခါ သူမရဲ့ဒီဇိုင်နာက သူမကို ဆံပင်ညှပ်လိုက်ဖို့၊ ပုံစံပြောင်းဖို့ အကြံပေးပါတယ်။ ဆံပင်ပုံပြောင်းပြီးတဲ့နောက်မှာတော့ ငယ်သွားတဲ့အပြင် ပိုပြီးဆွဲဆောင်မှုရှိသွားတာကြောင့် လူတွေဟာ သူမကို လက်ခံလာကြပါတယ်။
Before and After the Hair Cut
Who says, she doesn't deserve the crown?
Stefania at Miss Indonesia Competition
ဘာပဲဖြစ်ဖြစ် လူတွေ အားမပေးတဲ့ကြားက၊ အဝေဖန်အတိုက်ခံတွေကြားကနေ ကိုယ့်ကိုကိုယ် ထူမပြီး အဆင်ပြေအောင်ကြိုးစားနိုင်ခဲ့လို့ သူမကို လေးစားမိပါတယ်။ Stefania ကို လူတွေရဲ့အားပေးခြင်း မခံခဲ့ရတာကြောင့် Vanezula သမ္မတဟာ သူမကို တော်တော်လေးကို အထောက်အပံ့ ပေးခဲ့ပါတယ်။ ပြည်သူတွေကလည်း အရမ်းကို အားပေးခဲ့ကြပါတယ်။ ဒါပေမဲ့ MU2010 ပွဲမှာ ပိုပြီးလှလာတဲ့ Stefaniaဟာ MU2009 အနေနဲ့ နောက်ဆုံး fareware walk ကို လမ်းလျှောက်ရတဲ့အချိန်မှာ Venzula အလံဟောင်းကို ကိုင်ပြီးလမ်းလျှောက်ခဲ့ပါတယ်။ ( အလံသစ်ဟာ ကြယ်ရှစ်လုံးရှိပြီး အလံဟောင်းကတော့ ကြယ်ခုနစ်လုံးပဲ ရှိပါတယ်..) သူမရဲ့ အမူအယာဟာလည်း တကယ်ကို လေးနက်လွန်းပါတယ်။ အဲ့ဒီအချက်ဟာ လူတွေ အခုချိန်အထိ သူမကို အားပေးစေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကြောင့် ပြည်သူတွေရဲ့ချစ်ခင်ခြင်းကို ရခဲ့တဲ့အပြင် ကမ္ဘာပေါ်ကလူတွေကလည်း သူမကို ပိုလေးစားခဲ့ပါတယ်။ လူတွေက သူမကို Beauty with a courage လို့ ဆိုကြပါတယ်။ Stefania ဟာ MU reign ပြီးမှ ပိုပြီး အောင်မြင်လာတဲ့ အလှမယ်လည်း ဖြစ်ပါတယ်။
Stefania with her old National Falg
လက်ရှိ Stefania
( စကားချပ်။    ။ အခုလည်း Stafaniaဟာ Donald Trump ရဲ့ offer ကို လက်မခံဘဲ သူမနိုင်ငံသူမ ပြန်သွားလို့ လူတွေက သဘောကျနေကြပါတယ်။ MU organization ကို ဝယ်ထားတဲ့ Donald Trumpကို လူတွေ တော်တော်များများက မကြိုက်ကြပါဘူး။ နှစ်တိုင်းကျင်းပတဲ့ မယ်စကြာဝဠာပြိုင်ပွဲတိုင်းမှာ သူသဘောကျတဲ့ အလှမယ်တွေကို စာရင်းလုပ်ပြီး ဒိုင်အဖွဲ့ကို ပေးလေ့ရှိပါတယ်။ အဲ့ဒီ list ကိုလည်း ဘယ်သူမှ သေချာမသိရပါဘူး။ မနှစ်ကလည်း Miss USA Pennisula နဲ့ အမှုဖြစ်လိုက်ပါသေးတယ်။ အမှတ်တွေကို သူ့သဘောနဲ့ပြင်တယ်ဆိုပြီး သူမကပြောလို့ ဒေါ်နယ်က သူမကို တရားဆွဲပါတယ်။ ဒေါ်နယ် နိုင်သွားပါတယ်။ နောက်ပြီး Donald Trump ဟာ အလှမယ်တွေကို ဟိုကိုင်၊ဒီကိုင်လုပ်ရတာနဲ့.. ပါးနမ်းရတာနဲ့ နည်းနည်းလေးမှ ethics မရှိပါဘူး။ တကယ်ဆို ကျမသိသလောက်ပြောရရင် အမေရိကားမှာ ပါးချင်းကပ်တဲ့အလေ့ မရှိပါဘူး။ နောက်ပြီး Oxana တစ်ယောက် MU2002 အဖြစ်က နုတ်ထွက်လိုက်တာလည်း ဒေါ်နယ် မဟုတ်တရုတ်လုပ်လို့ဆိုပြီး လူတော်တော်များများက ပြောကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒေါ်နယ်ဟာ အလှမယ်တွေအပေါ်မှာ လူမြင်ကွင်းမှာတောင် အသားယူတတ်တယ်ဆိုတာကတော့ အမှန်ပါပဲ။)
 
Ximena Navarrete (MU2010)ကတော့ မက်ဆီကိုနိုင်ငံကပါ။ မက်ဆီကိုနိုင်ငံကို ဒုတိယအကြိမ်မြောက် သရဖူယူဆောင်ပေးတဲ့သူ ဖြစ်ပါတယ်။ အနီရောင်ကို တော်တော် ဝတ်တဲ့ အလှမယ်လည်း ဖြစ်ပါတယ်။ သူမရဲ့ siganature color လို့ ပြောရင်တောင် ရပါတယ်။ သူမဟာ sweet & classy lady တစ်ဦးပါပဲ။ လှပေမဲ့ အရပ်ပုပါတယ်။ ကိုယ်လုံး သိပ်မလှပါဘူး။ ဒါပေမဲ့ သူမကို အားပေးတဲ့သူ တော်တော်များပါတယ်။ ဒါပေမဲ့ အိန္ဒိယကို နှစ်ပတ်သွားလည်စဉ်က အဆင်မပြေဖြစ်ခဲ့တာတွေကို သူမကစိတ်အနှောင့်အယှက်ဖြစ်ပြီး ကွန်ပလိန်းလုပ်ခဲ့တာကြောင့် ပရိတ်သတ်တစ်ချို ( အထူးသဖြင့် အိန္ဒိယက ပရိတ်သတ်တွေက) သူမကို မကြိုက်ကြတော့ပါဘူး။ နောက်ဆုံးသတင်းအနေနဲ့ကတော့ Ximena ဟာ MU2012 ရဲ့ ဒိုင်အဖြစ်လည်း ပါဝင်ခဲ့ပါတယ်။ 



Justin Pasek (MU2002) ဟာတကယ်တော့ first runner-up ပါ။ Oxana တစ်ယောက် MU ရာထူးကနေ နုတ်ထွက်သွားတဲ့အတွက် သူမ Miss Universe ဖြစ်လာတာပါ။ လှတာတော့ လှပါတယ်။ ပနားကအလှမယ်ပါ။ ပနားမားဟာလည်း အဲ့ဒီ (၂၀၀၃)ခုနှစ် တစ်နှစ်ပဲ ဆုရဖူးပါတယ်။ လူတွေဟာ Oxana ကို အရမ်းအားပေးတာကြောင့် Oxana နုတ်ထွက်သွားချိန်မှာ Justin ကို သိပ်ပြီး အားမပေးကြပါဘူး။ Oxana တစ်ယောက် မယ်စကြာဝဠာရာထူးက နုတ်ထွက်တဲ့ (၂၀၀၂)ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့ဟာ လူတွေကို တော်တော်လေးကို တုန်လှုပ်စေပါတယ်။ သူမ ရာထူးက နုတ်ထွက်သွားပေမဲ့ Miss Universe Organization ကလွဲရင် လူတော်တော်များများဟာ MU2002 ဟာ Oxanaပဲဖြစ်တယ်လို့ လက်ခံကြပါတယ်။ ဒါကြောင့်လည်း ပနားမားအစိုးရက Miss Universe 2003 ပွဲကို ပနားမားမှာ လက်ခံကျင်းပပြီး သူတို့အလှမယ်ရဲ့ role ကို မြှင့်ပေးပုံ ရပါတယ်။ တကယ်တော့ Justin ဟာ လှပါတယ်။ first runner-up ဖြစ်ပြီး သူများနုတ်ထွက်မှ မယ်စကြာဝဠာရာထူးကို ရတာရယ်၊ Oxanaကို လူတွေ အရမ်းအားပေးတာရယ်ကြောင့်သာ သူမ အရောင်မှိန်ခဲ့တာပါ။ 
Donald Trump Crowning Justin Paske
Oxana visiting Panama
Justin as a new MU2002
Even as the first runner-up, she was the Country's pride
 
Zuleyka Rivera (MU2006)အကြောင်းကတော့ အပိုင်း(၁)မှာ ပြောဖူးပါတယ်။ ကျမ မကြိုက်ဆုံး မယ်စကြာဝဠာပါ။ ပူရေတိုရီကိုကပါပဲ။ (၂၀၁၃)နှစ်အစပိုင်းတုန်းကရခဲ့တဲ့ နောက်ဆုံး သတင်းကတော့ သူမ ကွာရှင်းတော့မယ်ဆိုတာပါပဲ။ သားကလေးကိုတော့ သူမက ထိန်းသိမ်းစောင့်ရှောက်မှာပါ။
 
 
Zuleka Rivera အကြောင်းပြောပြီးသွားရင်တော့ မယ်(၁၄)ယောက်လုံးအကြောင်းပြီးပါပြီ။ ဒီ(၁၄)ယောက်ထဲမှာ ...
~~ Oxana ဟာ လူတွေ အရမ်းအားပေးခံခဲ့ရသူဖြစ်ပြီး Stefaniaဟာ တော်တော်ကို အဝေဖန်ခံခဲ့ရသူ ဖြစ်ပါတယ်။
~~ Amelia (2003)ကစလို့ Rio Mori(2007)ခုနှစ်အထိကို MUဟာ fierecd era ( fierced beauty queenတွေ အောင်မြင်မှုရတဲ့နှစ်)လို့ သတ်မှတ်ပြီး နောက်ပိုင်းမှာ သွေးအေးလာပြီး Ximenea (2010)နောက်ပိုင်းကိုတော့ sweet era လို့ လူတွေက သတ်မှတ်ကြပါတယ်။
~~ MU2004ဖြစ်တဲ့ Jennifer Hawkins ကတော့ မယ်စကြာဝဠာဖြစ်ပြီး သိပ်အကြာခင်မှာ အော်ဆီက ကုန်တိုက်တစ်ခုမှာ catwalk လျှောက်နေတုန်း စကပ်လိုပတ်ထားတဲ့ ပိတ်စပြုတ်ကျပြီး အရှက်ကွဲဖူးပါတယ်။ လက်နှစ်ဖက်နဲ့ကွယ်ပြီး စင်အနောက်ကို ထွက်ပြေးတာ တန်းနေတာပဲ။ :D အဲ့ဒီကိစ္စကြောင့် Jennifer ကို တော်တော် လူသိများသွားပါတယ်။ သူ့နာမည်နဲ့ Google Search Result တွေ မတရားထိုးတက်သွားပါတယ်။ အဲ့ဒီကိစ္စဖြစ်ပြီး နောက်တစ်နေ့မှာတော့ Jennifer ဟာ ရုပ်မြင်သံကြားကနေတဆင့် လူတွေကို တောင်းပန်ခဲ့ပါတယ်။ ဒီထက်ပိုကောင်းတဲ့ အောက်ခံဘောင်းဘီ ဝတ်ထားမိရင်ကောင်းမယ်လို့လည်း ရယ်ရင်း ပြောပါသေးတယ်။
~~ MU2008, Dayana Mendoza ဟာ လက်ဝတ်ရတနာကုမ္ပဏီတစ်ခုအတွက် အဝတ်အစားတွေမပါဘဲနဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကိုကွယ်ပြီး ဓါတ်ပုံအရိုက်ခံဖူးပါတယ်။ တော်တော်လေးကို ဟိုးလေးတကျော်ကျော် ဖြစ်သွားပြီး နောက်ဆုံးတော့ MU organization က သူမကို တရားမစွဲဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ အကျိုးဆက်အနေနဲ့ ဒီကိစ္စပြီးလို့ သိပ်မကြာခင်မှာ Jennifer Hawkins ကလည်း မဂ္ဂဇင်းတစ်ခုမှာ ဖောင်ဒေးရှင်းတစ်ခုကို လှုဖို့အတွက်ဆိုပြီး အလားတူ nakedပုံတွေကို အရိုက်ခံခဲ့ပါတယ်။ Positivie attitude to body imageဆိုပြီး အကြောင်းပြခဲ့ပါတယ်။  (၂၀၀၇)နှစ်မှာ ယောကျာင်္းလေးမဂ္ဂဇင်းတစ်ခုက သူမကို nakedပုံ ရိုက်ချင်လို့ တောင်းဆိုတုန်းကတော့ Jenniferဟာ ငြင်းဆိုခဲ့ပါတယ်။
(၂၀၀၀ -၂၀၁၂)ခုနှစ်ကြားမှ Miss Universe များအကြောင်း ဒီတွင် ပြီး၏။ အလုပ်ကိစ္စနဲ့ ခရီးသွားနေရတာရယ်၊ ရုံးမှာ အလုပ်ရှုပ်နေတာရယ်တွေကြောင့် ဒီပို့(စ်) နည်းနည်း ကြာသွားပါတယ်။
Thank you for reading these posts. ^^
Regards, witch83 (07/05/2013; 2:55PM; GMT+8)
References
(1) http://www.missuniverse.com
(2) http://www.globalbeauties.com/mbmu/2011/07/14th-place-miss-universe-2011-denise-quinones/
(3) http://www.globalbeauties.com/mbmu/2011/06/33rd-place-miss-universe-2009-stefania-fernandez/
(4) http://www.globalbeauties.com/mbmu/2011/07/9th-place-miss-universe-2010-ximena-navarrete/
(5) http://www.globalbeauties.com/mbmu/2011/06/25th-place-miss-universe-2002-justine-pasek/
(6) http://en.wikipedia.org/wiki/Leila_Lopes_Miss_Universe
(7) http://missosology.org/missuniverse/featured/item/1704-opinion--its-official-the-fierce-era-is-over
To Continue Reading

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer