" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

June 20, 2013

စံချိန်သစ်တင်တဲ့ SG Haze နှင့် ပတ်သတ်၍

အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းမှာ တောမီးတွေလောင်လို့ စကာင်္ပူမှာ မီးခိုးမှုန်မှိုင်းတွေနဲ့ ဝေပြီး လေထုညစ်ညမ်းမှုဖြစ်နေတာ ဒီနေ့နဲ့ဆို (၅)ရက်ရှိလာပါပြီ။

 
စလုံးမှာ မနေ့က (၁၉-၀၆-၂၀၁၃)ည (၁၀)နာရီမှာ PSI ( Pollution Standard Index) ဟာ 321 အထိတောင် တက်ပါတယ်။ အန္တရာယ်ရှိတဲ့အဆင့်အထိ ရောက်နေပါပြီ။ မနေ့က gym ကထွက်လာတုန်းက ည (၁၀)နာရီကျော်ကျော်ပါ။ ဖုန်နံ့တွေ မတရားများပြီး တအားမှိုင်းနေပေမဲ့ အဲ့လောက်မြင့်မှန်းမသိပါဘူး။ အိမ်ပြန်ရောက်မှ 321 မှန်း သိတာပါ။ ဒီနေ့မနက်တော့ (၁၂၀) ကျော်ကနေ (၁၁)နာရီမှာ ဖတ်ထားတဲ့ PSI value ကတော့ 198 ဖြစ်ပြီး (၁၂)နာရီမှာတော့ 299 ပါ။

{ မနေ့ညကတော့ ငါ.. အိပ်နေရင်းနဲ့ PSI value တွေတက်လာပြီး အသက်ရှုကျပ် သေသွားမလားမသိဘူး။ တော်ကြာ မကျွတ်မလွတ် ဖြစ်နေရင် ဒုက္ခလို့ တွေးမိပါတယ်။ လူချင်းပဲဆိုင်တယ်။ ကံချင်းမဆိုင်ဘူးဆိုပေမဲ့ မေမေ့ကိုတော့ ထားခဲ့ရမှာ စိတ်မချဖြစ်မိပါတယ်။ ရွေးချယ်ခွင့်ရှိမယ်ဆိုရင်တော့ မေမေ့နောက်မှပဲ ဒီလောကကြီးက စွန့်ခွာချင်ပါတယ်။ စိတ်မချလို့ပါ။ တော်တော် တရား မရှိတဲ့ witch83 ပဲနော်။ :) }

မလေးရှား JB ဘက်နဲ့ အင်ဒိုနီးရှားတွေမှာ ကိုယ့်ထက်ပိုဆိုးမှာဆိုပေမဲ့  စလုံးက ကိုယ်တွေလည်း တော်တော်အီနေပါပြီ။ Air conနဲ့ ပန်ကာအားကိုးနေရသေးလို့သာ တော်ပါသေးတယ်။ အိမ်မှာက နေ့ခင်း Air Con ဖွင့်ခွင့်မပေးတာမို့ သူများတွေက ရုံးပိတ်စေချင်ပေမဲ့ ကိုယ်ကတော့ ရုံးလာချင်ပါတယ်။ ပြီးတော့ ရုံးမှာကလည်း လုပ်စရာတွေမှ တစ်ပုံတစ်ပင်။

လောလောဆယ်တော့ စလုံးမှာ Air Purifierနဲ့ mask တွေလည်း တော်တော် အရောင်းသွက်ပါတယ်။ မနေ့ညက watson မှာ မျက်လုံးဆေးတဲ့အရည်နဲ့ mask သွားဝယ်တာလည်း maskက နောက်ကျသွားလို့ မရတော့ပါဘူး။ ကုန်ပြီတဲ့။ စလုံးလာကစတုန်းက ဖေကြီးပေးထားတဲ့ အဝတ်mask တွေလည်း ရှာတာ ဘယ်လိုမှ ရှာမတွေ့ဘူး။ ဒီနေ့တော့  mask ဝယ်လို့ရပါစေလို့ ဆုတောင်းပါတယ်။

ကိုယ်ကိုတိုင်လည်း ပထမတစ်ရက်၊ နှစ်ရက်ကတော့  လူကခံနိုင်နေသေးပေမဲ့ ရက်ကြာလာတော့ ခေါင်းက တခြမ်းကိုက်လာပါတယ်။ တစ်ခါတစ်ရံ ခေါင်းကို ဘယ်ညာ နှစ်ဘက်လုံးကို ဆွဲဆုတ်ထားသလိုပါပဲ။ အသက်ရှုရတာလည်း သိပ်မကောင်းတော့ပါဘူး။ မနေ့မနက်က MOM ကိုသွားတာ ရုံးပြန်ရောက်တော့ မျက်စိတွေတအားစပ်ပြီး ကွန်ပျူတာ ကောင်းကောင်း မကြည့်နိုင်တော့ပါဘူး။

 
အရေးထဲ အင်ဒိုအစိုးရဘက်က ပြောရေးဆိုခွင့်ရှိတဲ့သူကက ပြောတာကလည်း အမြင်ကတ်ချင်စရာ... မြန်မာပြည်အစိုးရပိုင်းက လူတစ်ချို့နဲ့ သိပ်မကွာ..


သတင်းတွေ ဖတ်သိရသလောက်တော့ အခုလက်ရှိ လေထုအခြေအနေက အဆုတ်ရောဂါ၊ နှလုံးရောဂါ၊ ပန်းနာရင်ကျပ် ရှိသူတွေနဲ့ လည်ချောင်းရောဂါ၊ အသက်ရှုလမ်းကြောင်းရောဂါ ရှိသူတွေအတွက် တော်တော်ကို မကောင်းပါဘူးတဲ့။ အစိုးရကလည်း အခြေအနေတွေ ဒီထက် ပိုဆိုးလာရင် အချိန်မီဖြေရှင်းနိုင်အောင် ဆေးရုံတွေ၊ ဆေးခန်းတွေကို ညွှန်ကြားချက်တွေ ပို့ထားတယ်လို့ သိရပါတယ်။ စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လုံး (Lee Hsein Lonong)ကလည်း စင်္ကာပူအစိုးရဟာ အင်ဒိုနီးရှားအစိုးရကို ဒီကိစ္စနဲ့ပတ်သတ်ပြီး အင်ဒိုအစိုးရကို မီးကူသတ်ပေးခွင့်တောင်းထားပါတယ်လို့ ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလက်ရှိတော့ ဒီကိစ္စက ချက်ချင်းပြေလည်မှာမဟုတ်လို့ ( မီးမငြိမ်းသေးမှာမို့) အားလုံး မိမိကိုယ်ကို ကာကွယ်ရေးကိုသာ အဓိက ထားကြပါလို့၊ အပြင်ထွက်တာ တတ်နိုင်သမျှရှောင်ပြီး၊ ထွက်ရင်လည်း face mask တွေ တပ်ဖြစ်အောင် တပ်ပါ။ ကိုယ်တိုင်လည်း အစက သူများတွေ mask တပ်တာမြင်တော့ ဒါဟာ ထိရောက်ပါ့မလားလို့ ထင်မိပေမဲ့ သူများတွေအပြောအရတော့ လေထဲမှာ ရုတ်တရက် မမြင်နိုင်တဲ့ အမှုန်လေးတွေ ပါနေပြီး အသက် ပြင်းပြင်းရှုမိရင် အဲ့ဒီအမှုန် လေးတွေက အဆုတ်ထဲကို ရောက်ပြီး ကြာလာရင် အဆုတ်မှာ ပြဿနာရှိလာနိုင်ပါတယ်တဲ့။ အဆုတ်တင်မဟုတ်ဘူး။ နှလုံးမှာလည်း ထိနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် အပြင်ထွက်ရင် mask ကို တပ်ကြပါ။ အကုန်မဟုတ်ရင်တောင် နည်းနည်းလေးတော့ ကာကွယ်နိုင်မယ် ထင်ပါတယ်။ အပြင်ဘက်မှာ ကိုယ်လက်လှုပ်ရှားမှုတွေလုပ်တာကို လျှော့ပါ။ တတ်နိုင်သလောက် အိမ်ခန်းထဲ၊ ရုံးခန်းထဲမှာ နေပါ။ ကိုယ့်ကိုထဲကိုဝင်နေတဲ့အဆိပ်တွေ ပြန်ထွက်အောင်၊ လည်ချောင်းနာခြင်းကင်းအောင် ရေများများသောက်ကြပါလို့။ အရက်နဲ့ ကော်ဖီ လျှော့ကြပါလို့။ မသောက်ပဲ နေနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့.



Regards, witch83 ( 20/06/2013; 01:03PM; GMT+8)

ကိုးကား
1. http://app2.nea.gov.sg/anti-pollution-radiation-protection/air-pollution/psi/psi-and-pm2-5-readings
2. http://www.channelnewsasia.com/news/singapore/s-pore-registers-concerns/715030.html
3. http://www.straitstimes.com/
4. The Real Singapore
To Continue Reading

June 16, 2013

ကျမရဲ့ ပထမဦးဆုံး အမျိုးသားချစ်သူ

ဟယ်... ဒီနေ့ဟာ Father's Day ပဲ...

ဒီနေ့ မနက် (၅)နာရီကျော်ကြီး အိပ်ရာက နိုးလာပြီး ပြန်အိပ်မရတဲ့အဆုံး ဟိုတွေး၊ ဒီတွေးလုပ်ရင်းက ဒီနေ့ အဖေများနေ့ဆိုတာ သတိရသွားပြီး ဘန်ကောက်မှာရှိတဲ့ ဖေကြီးဆီကို အလွန်တရာ ရှည်လျားသော email တစ်စောင် လှမ်းပို့လိုက်ပါတယ်။
~Happy Father's Day, Phay Gyi~
love, Tha Mee Gyi 
"Send"ခလုတ်ကိုနှိပ်လိုက်ပြီးတဲ့အချိန်မှာတော့ ကျမရဲ့လက်ကိုင်ဖုန်းထဲကို ဘန်ကောက်ကနေ ဖုန်းဝင်လာပါတယ်။ ကုန်းပေါ်မှာ သိပ်မရှိတတ်တဲ့ ဖေကြီးရဲ့ဖုန်းမှာ အင်တာနက်မရှိသလို အင်တာနက်ကို မေး(လ်)စစ်ရန်၊ ပို့ရန်သာသုံးတတ်တဲ့အတွက်ကြောင့် ကျမပို့လိုက်တဲ့ မေး(လ်)ကို သု. မဖတ်ရသေးဘူးဆိုတာ သေချာတဲ့အတွက်ကြောင့် စိတ်ရဲ့တိုက်ဆိုင်မှုတစ်ခုလို့ ဆိုရမယ်ထင်ပါတယ်။

ဖုန်းပြောကြတဲ့အခါမှာ သူက ကျမကို နေကောင်းလား၊ အဆင်ပြေလားမေးပြီး ကျမရဲ့ အခုလက်ရှိ အလုပ်ကိစ္စ၊ အလုပ်ပတ်(စ်)ကိစ္စတွေပြောပြီး... (ဒီလို အဖေများနေ့၊ အမေများနေ့ထုံးစံတွေနဲ့ မရင်းနှီးသူမို့) ပြောစရာရှိတာတွေပြောပြီး သူက ဖုန်းချသွားပါတယ်။ ကိုယ်ကလည်း အဖေလုပ်သူနဲ့ဆိုရင် ပြောစရာရှိတာမပြောဘဲ မြိုသိပ်ထားတဲ့ထုံးစံအတိုင်း အဖေလုပ်သူကို "Happy Father's Day"လို့ မပြောဖြစ်လိုက်ပါဘူး။

အရင်နှစ်တွေနဲ့မတူ ဒီနှစ်မှာမှလည်း ထူးထူးခြားခြား မျက်နှာစာအုပ်ပေါ်မှာ အဖေတွေနဲ့ပတ်သတ်တဲ့ ပို့(စ်)တွေကို တစ်နေကုန် မြင်တွေ့နေရပါတယ်။ ဖေကြီးကို ပိုသတိရမိပြီး ဖုန်းထဲမှာ wish လုပ်ရင်ကောင်းသားလို့ တွေးမိပါတယ်။

ခုနလေးတင်ကမှ စာတွေလိုက်ဖတ်ရင်းနဲ့ မဟေမာ(နှင်းနဲ့မာယာ) ရေးထားတဲ့ ကျမတို့ရဲ့ ပထမဆုံးချစ်သူ ဆိုတဲ့ ရသအက်ဆေးလေးကို ဖတ်မိပြီးတဲ့အခါမှာတော့ ဒီပို့(စ်)လေးကို ရေးချင်လာပါတယ်။

အန်းနာ၊ တီနာတို့ရဲ့ အဖေတွေလိုမျိုး မဟုတ်သော်ငြားလည်း ဖေကြီးဟာ စိတ်တိုတတ်သည်မှအပ သု့ရဲ့သားသမီးတွေကို ပညာတတ်စေချင်သော၊ ကိုယ့်အားကိုယ်ကိုးတတ်စေချင်သော၊ တတ်နိုင်ရင် တတ်နိုင်သလို အလိုလိုက်ခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်တွေအပေါ်မှာထားတဲ့ ဖခင် မေတ္တာကို ငယ်စဉ်ကမမြင်တတ်ခဲ့ပေမဲ့ ဒီအရွယ်မှာတော့ တွေ့ မြင်ခံစားတတ်လာခဲ့ပါတယ်။

မှတ်မိသလောက်ပြောရရင် ဟိုးကလေးဘဝ ငယ်ငယ်ကလေးကတည်းကနေ  မေမေ အမြဲမေ့တတ်တဲ့ ကျမတို့ရဲ့မွေးနေ့တွေကို ခုချိန်ထိတိုင်အောင် ဖေကြီးကတော့ ဘယ်တော့မှ မမေ့တတ်ခဲ့ပါဘူး။ ရောက်ရာနေရာကနေ မေး(လ်)နဲ့ဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ မွေးနေ့ဆုတောင်းပေးတတ်သူက ဖေကြီးရယ်သာပါပဲ။

လေးကြောင်းမျဉ်းနဲ့ ကျမကို လက်ရေးလှ ကျင့်ပေးခဲ့တဲ့သူဟာလည်း ကျမရဲ့ ဖေကြီးပဲ ဖြစ်ပါတယ်။ မူလတန်းကျောင်းသူဘဝတုန်းက နှစ်စဉ်ဆုရခဲ့တဲ့ဆုတွေပေါ်မှာ
"မ......
ဒုတိယဆု (ပထမတန်း)" 
လိုမျိုးစာသားလေးတွေကို သူ့လက်ရေးလှလှလေးနဲ့ စိတ်ရှည်လက်ရှည် လိုက်ရေး၊ လိုက်ကပ်ပေးခဲ့သူဟာလည်း ကျမ ဖေကြီးသာပါပဲ။

တက္ကသိုလ်ကျောင်းသူဖြစ်နေတာတောင်မှ အချိန်နာရီမတွက်တတ်တဲ့ကျမကို ကမ္ဘာ့မြေပုံကြီးချပြီး နိုင်ငံအလိုက် အချိန်နာရီကွာခြားပုံကို ဘယ်လိုတွက်ရတယ်ဆိုပြီး သင်ပေးခဲ့တာကလည်း ကျမရဲ့ ဖေကြီးသာဖြစ်ပါတယ်။

ကိုယ်တွေ အိမ်ပြန်နောက်ကျရင် ပူပင်တတ်သော၊ ကျမ အပျိုစဖြစ်ပြီဆိုကတည်းက ဘယ်အမျိုးအိမ်မှ ( ယုတ်စွအဆုံး သူသိပ်ချစ်တဲ့ သူ့မိခင်၊ ကျမအဖွားအိမ်မှာတောင်) သွားမအိပ်စေတတ်သော  ပုပန်တတ်မှုတွေရှိတတ်သူဟာလည်း ဖေကြီးပါပဲလေ။ မနှင်းနဲ့မာယာပြောသလိုပါပဲလေ... အဖေတွေဟာ ယောကျာင်္းသားတွေဖြစ်တဲ့အတွက်ကြောင့် ကိုယ့်သမီးတွေကို ယောကျာင်္းတွေရဲ့ရန်ကနေ ဘယ်လိုကာကွယ်ပေးရမလဲဆိုတာ အမေတွေထက် ပိုသိကြပုံရပါတယ်။
{ စကားချပ်။   ။ ကျမရဲ့ဖေကြီးကတော့ ကျမကို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့၊ အရည်အချင်းရှိတဲ့ အပျိုကြီးတစ်ယောက်လုပ်ဖို့ ကျမငယ်စဉ်ခါတုန်းက မကြာခဏပြောခဲ့ဖူးပါတယ်။ အိမ်ထောင်ပြုတာ မကောင်းဘူး။ အိမ်ထောင်ပြုတာဟာ မိန်းမတွေအဖို့ အရှုံးကြီးပဲရယ်တဲ့လေ..း) }

ဘာပဲဖြစ်ဖြစ် .. ကျမကလေးပေါက်စနမလေးအရွယ်တုန်းက.. မေမေ စည်းပေးတဲ့ ကြက်တောင်စီးလေးစီးကာ၊ ဂါဝန်လေးဝတ်ပြီး ( ဖေကြီးစိတ်မရှည်တတ်တာကို သိသော်ငြားလည်း ဖေကြီးဝယ်ကျွေးတတ်သော ဝက်သားတုတ်ထိုး၊ ဝက်သားကော်ပြန့်လိပ်များ၊ ဖေကြီးဝယ်ပေးတတ်သော အရုပ်များမျက်နှာဖြင့်.. ) ဖေကြီးနောက်က တကောက်ကောက် ဇွတ်အတင်းလိုက်ခဲ့သော နေ့ရက်များကို ဒီညမှာ သတိရနေမည်သာ။     ။

အဖေတွေဟာ သမီးတွေရဲ့ ပထမဆုံးချစ်သူဆိုရင် သမီးတွေဟာ ဖခင်တွေရဲ့ ပထမဆုံး အိပ်မက် ဖြစ်နေပါလိမ့်မယ်။ (နှင်းနဲ့မာယာ)

အဖေများနေ့အမှတ်တရ...
witch83 (16/06/2013;11:11PM; GMT+8)
To Continue Reading

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer