" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

December 15, 2010

ကြောက်စိတ်

ဆရာမောင်သစ်ဆင်းရေးတဲ့ "ကြောက်စိတ်" အပါအဝင် ဆောင်းပါးပေါင်းချုပ်စာအုပ်လေးကို ၂၀၀၄ခုနှစ်ထဲမှာ သူနဲ့ခင်မင်တဲ့သူဆီကနေတဆင့် ငှားဖတ်ဖူးပါတယ်။ အဲ့စာအုပ်ထဲက ဆောင်းပါးတိုင်းလိုလိုကို ကြိုက်ခဲ့ပါတယ်။ အကြိုက်ဆုံးကတော့ လိမ်ညာတာနဲ့ဆိုင်တဲ့ဆောင်းပါးရယ်၊ ပြုပြင်ပြောင်းလဲရေးနဲ့ဆိုင်တဲ့ ဆောင်းပါးရယ်၊ ကြောက်စိတ်ဆိုတဲ့ ဆောင်းပါးလေးရယ်ပါ။ ဝမ်းနည်းဖို့ကောင်းတာက အဲ့စာအုပ်လေးဟာ ထုတ်ပြီးနောက်မကြာခင်မှာ ပြန်အသိမ်းခံရတယ်လို့ ဆိုပါတယ်။ ကြိုက်လွန်းလို့ မိတ္တူကူးထားချင်ပေမဲ့ ကိုယ့်ဆိုင်ကစက်ကပျက်နေပြီး လက်ထဲမှာလည်း ပိုက်ဆံမရှိတာနဲ့ မကူးဖြစ်လိုက်ပါဘူး။ ဆရာ့ဆီမှာလည်း အဲ့စာအုပ်က တစ်အုပ်ပဲရှိတော့ သူကလည်း ပျောက်မှာကြောက်ပြီး ကြားလူက အသည်းအသန် ပြန်တောင်းနေတာနဲ့ အမြန်ဖတ်ပြီး ပြန်ပေးလိုက်ရပါတယ်။ အခုတော့ Facebook ပေါ်မှာ "ကြောက်စိတ်"post လေး အမှတ်မထင်တွေ့ရလို့ ပြန်လည်ဖော်ပြလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး။ ကျေးဇူးတင်ပါတယ်။

*************************************


ကြောက်စိတ်


ကြိမ်လုံးအကြောင်းစဉ်းစားမိတိုင်းအထက်တန်းကျောင်းသားဘ၀တုန်းက ကြုံခဲ့ရတာလေး တစ်ခုကို အမြဲသတိရနေမိပါတယ်။ မြန်မာစာ အချိန်မှာ ပင်ရင်း စကားပြေလက်ရွေးစင်ထဲက မင်းတုန်းမင်းနှင့် ငါးခြောက်ပြား ဆောင်းပါးကို သင်ပြီးစပေါ့။ မင်းတုန်းမင်းငယ်ရွယ်စဉ် မောင်လွင်ဘ၀က စံကျောင်း ဆရာတော် ဆီမှာပညာသင်ကြားခဲ့ရတယ်။တစ်နေ့မှာ အင်းသားကြီးငကြူးက ငါးခြောက်ပြားကြီး တစ်ပြားလာပြီး လှူတယ်။ ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။ ကျောင်းမှာကလည်း ငါးခြောက်ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာသေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေး တဲ့အခါ မောင်လွင်ကို ငါးခြောက် ဖုတ်ခိုင်း တော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။ ဆရာတော်ကတော့ လက်ဆေးပြီးနှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့.။ မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေ မေးမြန်းစုံစမ်းလို့မရဘဲ ဗျာများနေခိုက် ဟဲ့...... ငလွင်မရသေးဘူးလား လို့မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ပဲ ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့အကြောင်း တင်လျှောက် ရတော့တယ်။ ငလွင်......လာခဲ့ လို့ ထားဝယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲ့ ဆရာတော်အသံက ကျောင်းသား အားလုံးရဲ့ နှလုံးသားကို ကန့်လန့်ဖြတ်ဝင်သွားပါသတဲ့။
ဟဲ့...ငလွင် နင်ဟာ ဘုရင့်သား၊ အကြောင်း ညီညွတ်ရင် နိုင်ငံကို အုပ်ချုပ်မင်းလုပ်ရမယ့်သူ။ ဒီလိုလူက ငါးခြောက်ပြား တစ်ချပ်ကိုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို နင်ဘယ်လို လုံခြုံအောင်
လုပ်နိုင်တော့မှာလဲ လို့မိန့်ပြီး အချက်ပေါင်း များစွာ ရိုက်နှက်ဆုံးမပါသတဲ့။
ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို ဖြေခိုင်းပါတယ်။ မေးခွန်း တစ်ခုက စံကျောင်း ဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလား လို့ အဓိပ္ပါယ်မျိုးပေါက်တဲ့ မေးခွန်းပါ။ နောက်တစ်နေ့ မြန်မာစာအချိန်ရောက်တော့ ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ဝင်လာပါတယ်. အဖြေလွှာ တွေကို စားပွဲပေါ် ဘုန်းခနဲမြည်အောင် ပစ်ချလိုက်ပါတယ်။
ဆရာ့မျက်နှာက နီပြီးတင်းလို့။ တစ်တန်းလုံးကို ဝေ့၀ဲပြီးကြည့်တယ်။ တစ်တန်းလုံး ကလည်း ငြိမ်လို့။ ဆရာ ဘာဖြစ် လာတာပါလိမ့်လို့ တွေးနေကြပုံပဲ။ ဆရာက ကျောင်းသားတစ်ယောက်ရဲ့နာမည်ကို ခေါ်ပြီး အတန်းရှေ့ ထွက်ခိုင်းပါတယ်။ နောက်ဆုံးခုံက ကျောင်းသားတစ်ယောက်ထွက်လာပါတယ်။ ဆရာက အဖြေလွှာတစ်ရွက်ကို ဆွဲထုတ်ပြီး အဲဒီကျောင်းသားကို ပေးလိုက်တယ်။ "ဒါ မင်းအဖြေလား"။ "ဟုတ်ပါတယ် ဆရာ"၊ "အေး တစ်တန်းလုံး ကြားအောင် ဖတ်စမ်း" နည်းနည်း အံ့သြနေပုံနှင့် ကျောင်းသားက သူ့အဖြေကို ဖတ်ပါတယ်။ မှတ်မိသလောက်ဆိုရင် စံကျောင်းဆရာတော်ရဲ့ ဆုံးမပုံကို မကြိုက်ကြောင်း။ ဆရာတော်ရဲ့ အဲဒီအချိန်က စိတ်ခံစားမှုဟာ တပည့်ကို လမ်းညွှန်ချင်စိတ်ထက် မိမိအလွန်တရာ ကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကို ဘုန်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်ကပိုပြီး ကြီးမားနေနိုင်ကြောင်း၊ ပြီးတော့ ဒီကိစ္စဟာ ဒီလောက် ရိုက်နှက် အပြစ်ပေးစရာမလိုကြောင်း၊ နားဝင်အောင်ဆုံးမလျှင် ရပါလျှက်နှင့် သေရာပါ အမာရွတ်ထင်အောင် ရိုက်နှက်ခြင်းဟာ ဒေါသစိတ်ကြောင့် ဟု သံသယဖြစ်စရာရှိကြောင်း။ ဘုရားသားတော် တို့မည်သည်.....



ရသတဏှာဖြစ် ဆွမ်းဘုဉ်း မပေးသင့်သည်ကို သတိရသင့်ကြောင်း၊ ဆရာကိုယ်တိုင်က ဤ၀ိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ တပည့်ကို ဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်ကြောင်း၊ အသားနာမှ အရိုးစွဲမှတ်မည်လို့ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးဆုံးမခဲ့ပေမယ့် မင်းတုန်းမင်း လက်ထက်မှာ အောက်မြန်မာနိုင်ငံ တစ်ခုလုံးကို အင်္ဂလိပ် လက် ထိုးပေးလိုက်ရတဲ့အတွက် ဒီဆုံးမနည်းဟာ မအောင်မြင် နိုင်ကြောင်း၊ အဲဒီလိုတွေ ဖြေထားတာဗျ။

တစ်တန်းလုံးက တခိခိနဲ့ရယ်ကြတယ်၊ သူတစ်ကြောင်းဖတ်လိုက်၊ ခိခနဲ ကျိတ်ရယ်လိုက်ကြနဲ့။ ဆရာကတော့ ကျောင်းသားတွေရယ်လေ ဒေါသထွက်နေလေပါပဲ။ ကျောင်းသား ဖတ်သွားပြီးတော့ ဆရာက သူ့ကိုမေးတယ်။ "မင်း ငါ့ကို နောက်တာလား" "ဟာ.......မဟုတ်ပါဘူး ဆရာ၊ ကျွန်တော် မေးခွန်းကို ဖြေတာပါ" ကဲအားလုံး သူဖြေတာကို လက်ခံကြသလား၊ တစ်ယောက်စီ မေးမယ်၊ ကဲ....မင်းကစ၊ သူဖြေတာ မှန်သလား၊
မှားသလား။
ပထမဆုံး အမေးခံလိုက်ရတဲ့ ရှေ့ဆုံးခုံက ကျောင်းသားဟာ ရုတ်တရက် ဘာဖြေရမှန်း သိပုံမရဘူး။ အဖြေရှင်ကျောင်းသားကို ကြည့်လိုက် ၊ ဆရာ့ကို ကြည့်လိုက် ဘေးဘီကို ကြည့်လိုက်နဲ့။ ကျွန်တော့် စိတ်ထဲမှာတော့ အဲဒီကျောင်းသားရဲ့ အဖြေကိုကြိုက်နေတယ်။ ကျွန်တော်လည်း သူ့လိုခံစားမိတာပဲ။ ဒါပေမယ့် သူ့လို မဖြေတတ်ဘူး။ သူ့လို ထောင့်စေအောင် မမြင်တတ်ဘူး။ ပြီးတော့ သူ့လို မဖြေရဲဘူး။ တစ်တန်းလုံး လိုလိုလည်း ကျွန်တော့်လိုဘဲထင်တယ်။ သူတို့ မျက်နှာတွေကို ကြည့်ရင်သိသာပါတယ်။
ဟေ့ကောင်.......ဖြေလေကွာ ရှေ့ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။ အဖြေရှင်ကျောင်းသားကို တစ်ချက်ခိုးကြည့်ပြီး ခေါင်းငုံ့ချ လိုက်တယ်။
တကယ်တော့ ဆရာကမှန်သလား၊ မှားသလားဆိုတဲ့ မေးခွန်းနှစ်ခုကို မေးနေတယ် ဆိုပေမယ့် အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ ၀န်းကျင် အငွေ့အသက်တွေက မှားတယ်လို့ ဖြေစမ်း၊ မဖြေရင် ကြိမ်လုံး လို့ပြောပြီးသား ဖြစ်နေပါပြီ။ ဆရာက ကျောင်းသားတွေကို လိမ်နေသလို သူတရားပါတယ် ဖြစ်အောင် သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါ။ ဒါကို အဲဒီကျောင်းသားလည်း သဘောပေါက်ဟန်တူပါရဲ့။ သူဖြေတာ မှားပါတယ် ဟုတ်ပြီ၊ နောက်တစ်ယောက် မှန်....အဲ...မှားပါတယ် နောက်တစ်ယောက် မှားပါတယ်
တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ ကျွန်တော့်အလှည့်ရောက်လာပါတယ်။ ကျွန်တော်
ထရပ်လိုက်ပါတယ်။ အသက် တစ်ချက် ပြင်းပြင်း ရှူလိုက်တယ်။ မှားပါတယ်၊ အဖြေရှင်ကျောင်းသားကို မကြည့်ရဲပါဘူး။ ခေါင်းငုံ့ပြီး ခုံပေါ်က စာအုပ်ကိုပဲ စိုက်ကြည့် နေမိတယ်။ ထူးခြားတာက ကျောင်းသားအားလုံးလည်း ဒီလိုပါပဲ။
လူကုန်သွားတော့ ဆရာက အဲဒီကျောင်းသားကို နောက်ပြောင်မှုနဲ့ အတန်းထဲမှာ ရိုက်ပါတယ်။ ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ကျွန်တော့် ခန္ဓာကိုယ် တစ်နေရာမှာ နာနာသွားသလိုပဲ။ ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေရသလိုပဲ။ တစ်တန်းလုံးလည်း ကျွန်တော့လိုဘဲ ခံစားနေရမှာကပါ။ အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါတယ်။ ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကိုကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ ဆရာမှာ ဒီလိုတပည့်မျိုး ဆုံးရှုံးလိုက်ပါတယ်။
ကျောင်းမှာ အဲဒီလို ကျောင်းသားမျိုး ဆုံးရှုံးလိုက်ပါတယ်။ အဲဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ခင်ဗျာ။ ဒါဆုံးရှုံးမှုပါ။ ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုချင်း တူပါလျှက်နဲ့ သူ့လို မဖြေရဲခဲ့တာလဲ။ ဖြေရဲသူ ရှိလာတာတောင် ကျွန်တော်က ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့တာလဲ။ အာရုံထဲမှာတော့ ငယ်စဉ်ကတည်းက ကြုံကြိုက် ဆုံစည်းခဲ့ရတဲ့ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ.........။ ခက်ထန်တဲ့ အမူအရာတွေ။ ။

အဲဒီလို ကျွန်တော်တို့ရဲ့သွေးထဲမှာ အကြောက်မျိုးစေ့တွေ ပွားများလာပြီး အရွယ်ရလာတာနဲ့အမျှ ကြောက်သီးတွေ တတွဲတွဲ၊ ကြောက်ပွင့်တွေ တဝေေ၀နဲ့။ လုပ်ငန်းခွင်ထဲမှာ ပြုပြင် ပြောင်းလဲဘို့ လိုအပ်တဲ့ ပြသနာတွေ၊ အခက်အခဲတွေ ရှိရင်လည်း ကျွန်တော်ဘာမှ မပြောရဲဘူး။ အပြုဘက်က မြင်ပြီးပြောင်းလဲပစ်လိုက်ရင် အကျိုးရှိမယ်ဆိုတာ သေသေချာချာကြီး သိမြင်နေပါလျှက်ကနဲ့ အထက် လူကြီးမကြိုက်မှာစိုးလို့ ကျွန်တော်ဘာမှ အကြံမပြုရဲဘူး။ ကျွန်တော့ဆီက အကြံ၊ အတွေး၊ အမြင်၊ သဘောထားတွေကိုလည်း ဘယ်သူကမှ မတောင်းကြဘူးလေ။

သင်ခဲ့ရတဲ့ ပညာတွေ စာအုပ်ထဲ ပြန်သွားလည်း သွားပေရော့ပေါ့။ ဟောဒီ ပရောဂျက်ဟာ ဘယ်နေရာမှာ မှားနေတယ်လို့ ကျွန်တော် မြင်ပေမယ့် ဒါဟာ ပြောရမယ့် ကိစ္စလို့ ကျွန်တော် မထင်တော့ဘူး၊ တဖြည်းဖြည်းနဲ့ အဲဒါ ကျွန်တော်မှန်တယ်လို့ ထင်လာတယ်။ ကျွန်တော့အထက် အဆင့်ဆင့်၊ အောက်အဆင့်ဆင့်က လူတွေအာလုံးက ဒါကို မှန်တယ် ထင်လာကြရင်ဖြင့်......ဌာန မနာဘူးလား တိုင်းပြည်မနာဘူးလား၊ ပညာရပ်အမြင်နဲ့ ကြည့်ရင် တစ်ကမ္ဘလုံးနဲ့ လူသားအားလုံး နာပါတယ်။ ဒါပေမယ့်....... ကျွန်တော်
အိမ်ပြန်ရောက်တော့ အကြီးကောင်ရဲ့ ငိုသံပြဲကြီးကို ကြားရပါတယ်။

သူ့အမေ လက်ထဲမှာ တုတ်တစ်ချောင်းနဲ့.......
"ဘယ်လိုဖြစ်နေကြတာလဲကွာ" "ဘယ်လိုဖြစ်ရမလဲ၊ တော့်သားက အိမ်စာပြီးအောင် မလုပ်ဘဲ ကမြင်းတာလေ၊ ပန်းကန်တစ်လုံး ကွဲပြီ" "ဘာဖြစ်လဲကွ၊ ကလေးဆိုတာ ဒီအရွယ်မှာ.................................."
"တော်...... စာအုပ်ထဲက ဟာတွေလာပြောမနေနဲ့၊ ပန်းကန်တစ်လုံး ဘယ်လောက် အောက်မေ့လို့လဲ၊ ရှင့် ၀င်ငွေက ဘယ်လောက်..............................."
ရွယ်ထားတဲ့ တုတ်အောက်ကနေပြီး သားကြီးက အကြောက် မျက်လုံးများနဲ့ ကျွန်တော့်ကို အားကိုးတကြီး ကြည့်နေရှာပါတယ်။ ဒါပေမယ့် ဖေဖေ့မျက်လုံး တွေကလည်း သားရဲ့ မျက်လုံးတွေလိုဘဲ ဖြစ်နေတာ ကြာပါပြီကောလား သားရယ်.......။

(မောင်သစ်ဆင်း)
To Continue Reading

December 12, 2010

ကြုံရဆုံရ မြန်မာတို့ဘဝ

မနိုင်းနိုင်းစနေရဲ့ ကျွန်မနဲ့ အနီရောင်စာအုပ်လေး ကိုဖတ်ပြီး ရေးချင်တာတွေကို Facebook မှာ ချရေးထားတဲ့ post ကို ပြန် share တာပါ။ ကျေးဇူးတင်ပါတယ်။

*****************************************

နိုင်ငံခြားဆိုရင် ရွှေလီနယ်စပ်နဲ့ စလုံးကလွဲရင် ဘယ်နေရာမှ မရောက်ဖူးပါဘူး။ စလုံးလေဆိပ်မှာလည်း စဝင်တုန်းက IPA letter ပြပြီး ရန်ကုန်ပြန်တော့လည်း Student Passပြပြီး အဝင်အထွက်လုပ်ခဲ့တာပါ။ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ကျောင်းသားဖြစ်နေသေးလို့ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးနေသေးတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မြန်မာဆိုရင် အနှိမ်ခံရတာတော့ ဘယ်နေရာရောက်ရောက် တူလိမ့်မယ် ထင်ပါတယ်။ ကျောင်းမှာဆိုလည်း နိုင်ငံခြားသားတွေနဲ့ ပရောဂျက်လုပ်ရင် တစ်ချို့သော ဘဝင်မြောက်တဲ့သူတွေရဲ့ အနိုင်ကျင့်တာကို ခံရတတ်ပါတယ်။ (တကယ်တော့ သူတို့လည်း သေချာသိလားဆိုတော့ မသိ။ ) အပြင်မှာလည်း လူတွေက "Where are you from"လို့မေးလိုက်လို့ "Myanmar"လို့ဖြေပြီးရင် (များသောအားဖြင့်) မျက်နှာထား ပြောင်းသွားတာပါပဲ။ ဆက်ပြီးပြောရင် "နင်... ဘယ်လိုလုပ် အင်္ဂလိပ်စကား ပြောတတ်တာလဲ..." မေးတော့တာပါပဲ။ တစ်ခါကဆိုရင် ငါ...မြန်မာတွေကို မကြိုက်ဘူးလို့ ပေါ်တင်ပြောတဲ့ စလုံးတစ်ယောက်နဲ့ ကြုံဖူးပါတယ်။ ညံ့တယ်ဆိုပဲ။ အဲဒါနဲ့ နင်... မြန်မာဘယ်နှစ်ယောက်နဲ့ တွေ့ဖူးလဲ.... ညံ့တယ်လို့ ပြောရလောက်တဲ့ ကိစ္စမျိုးတွေရှိခဲ့လို့လား ... ဘယ်လိုမျိုးတွေ တွေ့ခဲ့ရလို့လဲဆိုတော့ အီး... အား... နဲ့။ IT ကျောင်းသူဆိုလို့ စကားပြောကြည့်တော့လည်း ဘာမှသေသေချာချာ ရေရေရာရာမသိ၊ တတ်ယောက်ကား လျှောက်ရွှီး။ ( ကိုယ်ဘာမှမသိတဲ့သူတောင် သူ့လိုမဟုတ်ဘူး.... :P )

အချိန်ပိုင်းအလုပ်မှာဆိုရင်လည်း များသောအားဖြင့် ပညာနည်းပြီး ဗဟုသုတနည်းသူတွေများတော့ ပိုဆိုးပါတယ်။ သူတို့ကိုယ်တိုင်က ဘာမှမဟုတ်ဘဲ မြန်မာဆိုတာနဲ့ နှိမ်ချင်တော့တာပါပဲ။ "You hear, Myanmar Girl" ဆိုပြီး ပြောတာတွေ ခဏခဏ ကြုံဖူးပါတယ် , "Girl" "Girl" ဆိုပြီး မဆိုင်တာတွေ လျှောက်ခိုင်းတော့တာပါပဲ။ အကျိုးဆက်အနေနဲ့ မြန်မာတစ်ချို့ မြန်မာလို့ အထင်ခံရမှာ ကြောက်လာကြတာပါပဲ။ စလုံးဟန်ဆောင်လာတာကြပါပဲ။ တစ်ချို့ဆို မြန်မာလို့ အထင်ခံရမှာဆိုးလို့ မြန်မာအချင်းချင်း အလုပ်မှာ စကား မပြောပါဘူး။ မြန်မာတွေနဲ့ မပေါင်းပါဘူး။ ဒီလိုဆိုရင် မြန်မာဟာ မြန်မာမဟုတ်ရင် ဘာဘာလဲ? ကျမကတော့ အဲဒါမျိုးတွေ လက်မခံပါဘူး။ မဆိုင်ပဲ အနိုင်ကျင့်ပြီး ခိုင်းရင် မလုပ်ပေးပါဘူး။ "ဒါ ငါ့အလုပ်မဟုတ်ဘူး" လို့ ခပ်တည်တည်ပဲ ပြန်ပြောလိုက်တာ များပါတယ်.... ကံကောင်းတာက ကိုယ်နဲ့တွဲရတဲ့ Full-timer တွေ ကောင်းနေလို့။ ငါ့လူကို လာမခိုင်းနဲ့... ကိုယ့်အလုပ်ကိုယ်လုပ်ဆိုပြီး စွာပေးကြတယ်။ :) (လူတွေကတော့ brand full-timerရော၊ part-timerပါ တော်တော်စွာကြတာပဲလို့ ပြောကြမယ်ထင်ပါတယ်။ ) ဒါပေမဲ့...မြန်မာတော်တော်များက အဲ့လိုခိုင်းရင် လုပ်ပေးလိုက်ကြပါတယ်။ ဒါမျိုးလုပ်ရင် လက်မခံပါနဲ့။ အနိုင်ကျင့်တယ်ဆိုတာ သူတို့ လုပ်လို့ရလို့ လုပ်တာပါ။ မရရင် သူတို့ မလုပ်ရဲပါဘူး။

တစ်ခါကဆိုရင် စလုံး customer တစ်ယောက်နဲ့ စကားများဖူးပါတယ်။ စစချင်း ဖဦးထုပ်လားလို့မေးပါတယ်။ မျက်နှာကြည့်တာနဲ့ ဒီ နှာဘူး .... date လုပ်ဖို့ပြောတော့မယ်ဆိုတာ သိပါတယ်။ မဟုတ်ဘူး... ငါ မြန်မာ လို့ပြောတော့ ...သြော်...မြန်မာလား... ဖဦးထုပ်ထင်လို့ ... အပျိုလားတဲ့။ ... အေး ...ဟုတ်တယ်ဆိုပြီး ခပ်တည်တည်နဲံ သူ့မျက်နှာစိုက်ကြည့်ပြောလိုကတော့ မြန်မာတွေက So Funny နော်တဲ့.... Why do you say so? လို့ပြန်မေးတော့ their English ဆိုးဖာနီတဲ့... ကောင်းလိုက်တဲ့ ပုဇွန်တောင်ဈေးခြင်း။ အေးပေါ့... သူတို့ပြောတာ ရီရမှာပေါ့ .. သူတို့က Singlish နဲ့မှ မပြောတာ...လို့ ပြန်ပြောလိုက်တော့ သူတော်တော် ဒေါသထွက်သွားတယ်။ ( ဒါတောင် ကိုယ်က တစ်ခွန်းလေးပဲ ပြန်ပြောရသေးတာ) သူက မပြီးဘူး...


နင် WP နဲ့ အလုပ်လုပ်နေတာမဟုတ်လားတဲ့.... မဟုတ်ဘူး.... ငါ NTU မှာ ကျောင်းတက်နေတာ student လို့ ပြောပြီး ခပ်တည်တည်နဲ့ လှည့်ထွက်ခဲ့ပစ်လိုက်တယ်။ CCTV camera ထဲမှာ ပါသွားမယ်။ သူ တိုင်ရင် သက်တောင့်သက်တာနဲ့ pay မဆိုးတဲ့ အလုပ်ကလေး ပြုတ်မယ်မှန်း သိရက်နဲ့ လုပ်လိုက်မိတာပါ။ တဆက်တည်းမှာပဲ Agent Fees တွေ အများကြီးပေးထားပြီး မဖြစ်စလောက်လခလေးနဲ့ WP ကိုင်ပြီး Full-time လုပ်နေတဲ့ မြန်မာမလေးတွေကို သနားမိပါတယ်။ မြန်မာတွေက ဖဦးထုပ်နဲ့ဆင်ပြီး ဖဦးထုပ်တွေကလည်း အဲ့ကိစ္စက လွယ်လွန်းတော့ တော်တော်ခက်ပါတယ်။ သူငယ်ချင်းတစ်ယောက်ဆိုမြန်မာပါလို့ပြောနေတဲ့ကြားက အတင်းဇွတ်လုပ်နေလို့ Supervisor ဝင်ပါရတဲ့အထိ ဖြစ်ဖူးပါတယ်။ ဒါတောင် သကောင့်သားက ဆိုင်ရှေ့မှာ ရပ်စောင့်နေလို့ သူ့ဘဲလာကြိုခိုင်းရပါတယ်။

ဒါပေမဲ့.... ပြောမဲ့သာပြောနေတာပါ။ နိုင်ငံခြားသားမှ မဟုတ်ပါဘူး။ အိမ်ထောင်ရှိတဲ့ တစ်ချို့သော မြန်မာငါးခုံးမတွေလည်း ဒီလိုပါပဲ။ (ကိုယ်တိုင်လည်း ကြုံဖူးပါတယ်။ အဲ့လူ မျက်နှာကို ပိတ်ရိုက်ပစ်ချင်စိတ်ကို တော်တော်ထိန်းခဲ့ရပါတယ်။ အလုပ်ပြုတ်ရုံတင်မဟုတ်ဘဲ ရဲစခန်းပါရောက်မှာကိုး ... ) မြန်မာယောကျာင်္းတွေ၊ အားကိုးရှာနေတဲ့ မြန်မာမလေးတွေကို ဖျက်ဆီးနေကြတာလည်း မကြားချင်မှ အဆုံးပါ။ သူငယ်ချင်းတစ်ယောက်နေတဲ့ အိမ်မှာဆို အဲ့ဒီ PR holder ကိုမြန်မာက တနင်္ဂနွေတိုင်း ခပ်တုံးတုံးပုံစံနဲ့ မြန်မာမလေးတွေကို တစ်လှည့်စီ ခေါ်လာတတ်ပါတယ်။ မိန်းမလည်း ရန်ကုန်မှာ ရှိပါတယ်။ အဲ့သူငယ်ချင်းအစ်မလည်း တစ်ရက်ကျ ကောင်မလေးတစ်ယောက်ကို "ဟဲ့...ညည်းတို့က ဘာလဲဆိုတော့ ... ရည်းစားတဲ့....ညည်း စလုံးမှာ ဘာလုပ်နေလဲဖိုတော့ စက်ရုံမှာ WP တဲ့.... အဲဒါနဲ့.... အေး... အဲ့လူမှာ မိန်းမရှိတယ်။ အပတ်စဉ်လည်း မိန်းကလေးတွေ ခေါ်လာတတ်တယ်" ပြောပြီး အိမ်ပြောင်းတော့တာပါပဲ။

ဒီနေရာမှာ ပြောချင်တာက မြန်မာမိန်းကလေးတစ်ချို့ အယုံလွယ်တာပါပဲ။ အားကိုးရှာလွယ် ကြတာပါပဲ။ သူများနိုင်ငံမှာ အလုပ်လုပ်ဖို့ စွန့်စားပြီးတောင် ထွက်လာကြပြီပဲ။ ဘာလို့ ဒီလို ဖြစ်နေစရာလိုလဲ? ကိုယ့်အလုပ်ကိုယ် တာဝန်ကျေအောင် လုပ်ပြီး ကိုယ့်ကို အကာအကွယ်ပေးမဲ့ ruleတွေ၊ ရပိုင်ခွင့်တွေ ဘာတွေရှိလဲလေ့လာပါ။ စလုံးက မိန်းကလေးတွေအတွက် တော်တော်လုံခြုံတဲ့နေရာပါ။ ဒီနိုင်ငံသားတွေရဲ စိတ်ဓါတ်အဆင့်အတန်းနဲံ ယဥိကျေးမှုကို ဖယ်လိုက်ရင် နေလို့ကောင်းတဲ့ တိုင်းပြည်ပါ။ (မမြင်ဘူး မူးဖြစ်ထင်နေမိသလားတော့ မသိပါဘူး။ )

မနိုင်းပြောတာ ပြန်ပြောကြပါစို့။ စာအုပ်အနီလေးကြောင့် အနှိမ်ခံရတယ်။ ထိုင်းလေဆိပ်က မယုံဘူး။ အနောက်နိုင်ငံတွေက အထင်သေးတယ်။ အနောက်နိုင်ငံသားတွေက ဥရောပသား မဟုတ်ရင် နှိမ်ကြတာပါပဲ။ မြန်မာဆို ပိုဆိုးမှာပေါ့။ ထားလိုက်ပါတော့။ ပြောချင်တာ ဒါ မဟုတ်ပါဘူး။ စာအုပ်အနီလေး အကြောင်းပြောချင်တာပါ။ အနှိမ်ခံရတဲ့ အကြောင်းရင်းတွေ စဉ်းစားကြည့်ရအောင်။
  • အစိုးရကြောင့် ... ဒီကိစ္စထားလိုက်တော့။ ကျမတို့ အားလုံး ပူးပေါင်းကြရင်တောင် ပြုပြင်ဖို့ အရမ်းဝေးတဲ့ကိစ္စ.... (ကျမဝန်ခံပါတယ်... ကျမကြောက်တတ်တယ်... တစ်ကိုယ်ကောင်း ဆန်တယ်... ကျမ ဘဝကို အဲ့ဒီအတွက် မစတေးရဲဘူး.... ကိုယ်ကိုကိုယ် ချစ်တယ်... မိသားစုကို ချစ်တယ်.... ကျမလိုလူမျိုးတွေ များလို့ သူရဲကောင်းတွေ စတေးနေရတာ၊ မြန်မာပြည်နိုင်ငံရေး ဒီလို ဖြစ်နေတာ... DASSK ကို ကျမ အရမ်း လေးစားတယ်။ သူ့မှာရှိတဲ့ မိန်းမတစ်ယောက်ရဲ့ အားမာန်၊ မျိုးချစ်စိတ် ... ဒါတွေကို ကြက်သီးထတယ်။ ဗိုလ်ချုပ်အောင်ဆန်းသမီး ပီသတယ်။ ဒါပေမဲ့ .... ဒီနိုင်ငံကို နည်းမှန်လမ်းမှန်နဲ့၊ တိုင်းပြည်အကျိုးကို တကယ်ကြည့်မဲ့ (စလုံးလို မလေးလက်အောက်ခံ၊ အနှိမ်ခံ တံငါရွာလေးကနေ ခုလိုဖြစ်အောင်လုပ်နိုင်တဲ့) နိုင်ငံခေါင်းဆောင်ဆိုရင် DASSKမှ မဟုတ်ဘူး။ ဘယ်သူကိုမဆို ထောက်ခံပါတယ်။ ကြိုဆိုပါတယ်။ အန်တီစုကလည်း သူ အုပ်ချုပ်မယ်တော့ မပြောပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီရရင် လေဆိပ်ကို လမ်းလျှောက်ပြန်မယ် ပြောခဲ့တာပဲ.....) ဒါပေမဲ့ ....မနိုင်းကို comment ရေးသွားတဲ့ fan တစ်ယောက်ပြောသလိုပေါ့ ... "ကြံဖန်ပြီး အကောင်းမြင်ရမယ် ဆိုရင်တော့ မြောက်ကိုရီးယားလို နိုင်ငံထဲကနေ ပေးမထွက်ဘဲ ခိုးထွက်ရင်လည်း အကျဉ်းစခန်း ပို့မယ် ဆိုတာမျိုး လုပ်မထားတာပဲ ကျွန်တော်တို့မှာ ကံကောင်းနေသလိုလို။" .... ကျမတို့ကံကောင်းပါသေးတယ်။
  • Professional living work မှာ အရည်အချင်း မပြည့်ဝလို့.... ဒီကိစ္စကတော့ ကျမတို့ ပြုပြင်လို့ရပါတယ်။ အရည်အချင်း မပြည့်ဝဘူးလို့ပြောရင် မြန်မာပြည်ပညာရေးစနစ်က ပါလာပါတယ်။ (ဒါနဲ့ ပတ်သတ်ပြီး MZ မှာလည်း comment ဝင်ပေးဘူးပါတယ်။ ကိုယ့်ဘလော့မှာလည်း UCSYမှာ မောင်ငယ်၊ ညီမငယ်များသို့....ဆိုပြီး ရေးဖူးပါတယ်။ အပိုင်း(၁) ပဲရေးလို့ Choco ဆက်ရေးခိုင်းဖူးပါတယ်။ စာမေးပွဲပြီးရင်တော့ ပြန်ရေးပါ့မယ်။ :) ... ) ပြောချင်တာက စနစ်မကောင်းတာပါ။ လက်တွေ့ပိုင်းအားနည်းမှုများတာပါ။ သင်ရိုးတွေ ကောင်းပါတယ်။ Learning by heart, Studying to get the answer from the teachers အကျင့်တွေကို ဖျောက်ပစ်ပြီး Concept ပိုင်နိုင်အောင်ကြည့်တဲ့ Self Studyပုံစံ ပြောင်းလိုက်ရင် အဆင်ပြေသွားမှာပါ။ Theoryပဲသင်ပေးပြီး Solutionတွေ ရအောင် မရမချင်း ရှာခိုင်းတဲ့ ၊ ကိုယ့်အားကိုယ်ကိုးပြီး အဖြေရှာတတ်အောင် လေ့ကျင့်ပေးတဲ့ teacher ဒေါ်စံပယ်သိန်း၊ ဆရာ ဦးဇော်မင်းဦး၊ ဆရာ ဦးကျော်ကျော်စိုးနဲ့ ဆရာဦးထွန်းနိုင်တို့ကို ဒီနေရာကနေ ကျေးဇူးတင်ပါတယ်။
  • နောက်တစ်ခုက communication problemပါ။ တခြားနိုင်ငံက မြန်မာတွေတော့ မသိပါဘူး။ စလုံးမှာတော့ မြန်မာတော်တော်များများ အင်္ဂလိပ်စာ ညံ့တယ်ထင်ပါတယ်။ (အားလုံးကို မဆိုလိုပါ။) ကိုယ်က ဘယ်လောက်ပဲ အရည်အချင်းရှိရှိ သူ့ကို စကား မပေါက်ရင် အလကားပါပဲ။ ဒီတော့ မြန်မာတွေ အင်္ဂလိပ်စာ တိုးတက်အောင် ကြိုးစားပါလို့ တိုက်တွန်းချင်ပါတယ်။ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ဒီပို့စ်ကိုရေးနေတဲ့ ကျမကိုယ်တိုင်လည်း အင်္ဂလိပ်စာ ညံ့ပါသေးတယ်။ ကြိုးစားနေဆဲပါ။ ခုထိလည်း ငါးပိ အင်္ဂလိပ်နဲ့ ထစ်ငေါ့... ထစ်ငေါ့ ... ပြောနေတုန်းပါ။ ဒီတော့ အတူတကွ ကြိုးစားကြရအောင်လေ....

နောက်ဆုံးပြောချင်တာကတော့ မြန်မာတွေ မညံ့ပါဘူး။ ဒါကြောင့် ကြိုးစားကြပါ။ မြန်မာဟာ (နိုင်ငံသားပြောင်းခဲ့ရင်တောင်) မြန်မာပါပဲ။ (စာအုပ် အရောင် မပြောင်းခဲ့တဲ့ မနိုင်းကိုလည်း လေးစားပါတယ်)။

မြန်မာဖြစ်ရတာ ရှက်စရာ မဟုတ်ပါဘူး။ မြန်မာတွေ တော်တယ်၊ အရည်အချင်းရှိတယ်ဆိုပြီး နိုင်ငံတကာအလယ်မှာ မော်ကြွားနိုင်အောင် အတူတကွ ကြိုးစားကြပါစို့လား သူငယ်ချင်းတို့ရေ...

မချော ( အစိမ်းရောင်လွင်ပြင်) ပြောသလို "တစ်နေ့နေ့တစ်ချိန်ချိန်တော့ ကိုယ့်နိုင်ငံနံမည်ကြားလိုက်ယုံနဲ့ အထင်ကြီးတဲ့ လေးစားတဲ့အကြည့်တွေနဲ့ ပြန်အကြည့်ခံရမဲ့အချိန် ရှိလာဦးမယ်လို့ မျှော်လင့်ချင်ပါတယ်..." ပြောရင်း ဒီ ပို့စ်လေးကို နိဂုံးချုပ်ပါရစေ...။ ။


WITCH83 To Continue Reading

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer