chocothazin ရေးထားတဲ့ For the rest of my life ဆိုတဲ့ ပို့(စ်)ကို ဖတ်ပြီး ရေးဖြစ်ပါတယ်။ Tagged post တော့ မဟုတ်ပါဘူး။ သူ ရေးထားတဲ့ပို့(စ်)မှာ comment ပေးပြီး ရေးချင်သွားလို့ပါ။ ဒါပေမဲ့ တကယ် ရေးမယ်ဆိုတော့လည်း နည်းနည်း ခက်ပါတယ်။ သူရေးပြီး တော်တော်ကြာမှ ရေးလို့ပြီးတယ်။ ရေးမဲ့ရေးလိုက်တော့လည်း မရည်ရွယ်ဘဲ တော်တော်.. ရှည်သွားပါတယ်။ :)
******************************
(၁) For the rest of my life
(
ကျန်ရှိနေသေးတဲ့ ကိုယ့်ရဲ့ဘဝအတွက်) အခုလက်ရှိအချိန်မှာ Stable life တစ်ခုရဖို့ ကြိုးစားရုန်းကန်နေပေမဲ့ for the rest of my life ဆိုတာ သိပ် မတွေးမိပါဘူး။
ကျောင်းပြီးတော့ အလုပ်ရ... အလုပ်မှာ အသားကျအောင် ကြိုးစား.... ကြွေးဟောင်းတွေဆပ်။ ကြွေးသစ်ကတော့ ~~~~~~!
ရုန်းရင်း၊ ကန်ရင်းနဲ့ အလုပ်မှာ အသားကျလာ။ နောက်နှစ်လောက်ဆိုရင်တော့ အခြေကျလောက်ပါပြီလို့ မျှော်လင့်ခဲ့။ အဲ့ဒီနောက်.. ထပ်မျှော်လင့်တာက လခတိုးရဖို့၊ permanent stay လေးရဖို့၊ ရာထူးတို့ဖို့ဆိုတာက ဒီကုမ္ပဏီမှာ သိပ်မဖြစ်နိုင်တော့ ဒီထက် တက်လမ်းရှိတဲ့ ကုမ္ပဏီကို နှစ်နည်းနည်းကြာတဲ့အခါ ပြောင်းဖို့၊ ............. ၊ တစ်ချိန်မှာ ကိုယ့်အိမ်ကိုယ်ပြန်ဖို့.....။ ။
ရေတို၊ ရေရှည်ရည်မှန်းချက်တွေရှိနေပေမဲ့... အဲ့ဒါတွေက သေချာတွေးကြည့်ရင်တော့ ရုပ်ဝတ္ထု ခပ်ဆန်ဆန်ရယ်။ ပြီးတော့.. နည်းနည်းလည်း လောဘကြီးနေသလားလို့။ :)
နောက်ပြီး... ကျန်ရှိနေသေးတဲ့ ကိုယ့်ရဲ့ဘဝဆိုတာကို သေချာ တွေးကြည့်လိုက်တော့.... ဘယ်အရာကမှ မသေချာတော့သလိုလို။ ဘာလို့လည်းဆိုတော့ လူဆိုတာက မနက်ဖြန် ကိုယ်... ဘာဖြစ်မယ်ဆိုတာတောင် သိနိုင်ကြတာ မဟုတ်ဘူးလေ။ ကိုယ့်ဘဝအတွက် အချိန် ဘယ်လောက်ကျန်မှန်းလဲ မသိနိုင်ဘူး။ ပြီးခဲ့တဲ့ (၃)နှစ်ကျော်က မှော်ဘီမှာ တရားစခန်းဝင်တုန်းက သတ္တမရံသီဘုန်းဘုန်းဟောသလိုပေါ့ ... လူဆိုတာ ကိုယ် ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်ရောဂါ၊ ဘယ်ပုံစံနဲ့သေရမယ်မှန်းမသိနိုင်ပါဘူးတဲ့။
(စကားချပ်။ ။ ဘုန်းဘုန်းဟောတာကတော့ မသိနိုင်ခြင်း (၅)မျိုးပါ။ ဘယ်ဘဝကို ရောက်မယ်ဆိုတာလည်း မသိနိုင်ဘူးတဲ့။ ဒီ ပို့(စ်)နဲ့ မဆိုင်ဘူးထင်လို့ အပေါ်က စာကြောင်းမှာ မထည့်ထားပါဘူး။)
ဒါပေမဲ့လည်း ဘဝဆိုတာ မသေချာပါဘူး။ ဘယ်အချိန်သေမယ်မှန်း မသိနိုင်ဘူး။ ကွေးသောလက်မဆန့် မီ... ဆန့်သောလက် မကွေးမီဆိုသလို.. တရားသွားအားထုတ်မယ်၊ လောကီကိုစွန့်ပြီး လောကတ္တရာပဲလုပ်တော့မယ်ဆိုတာမျိုးကလည်း မလုပ်နိုင်သေးတဲ့အတွက် မနက်ဖြန်ဆိုတာ ရှိနေသရွေ့ တော့ လက်ကျန်ဘဝကို ဘယ်လို ရှင်သန်နေထိုင်သွားမယ်ဆိုတာကို တွေးကြည့်လိုက်ပါဦးမယ်။
(၂) ကျန်ရှိနေသေးတဲ့ ကိုယ့်ရဲ့ဘဝကို ဘယ်လို ရှင်သန်နေထိုင်သွားချင်သလဲ??
ဘဝတလျှောက်လုံးမှာ ကိုယ်ဖြစ်ချင်တာကတော့ Soical, family, personal နဲ့ working life ကို မျှမျှတတ၊ ဟန်ချက်ညီညီနဲ့ ဖြတ်သန်းပြီး အောင်မြင်ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ချင်တာပါ။ အဲ့ဒီတော့ လက်ကျန်ဘဝမှာ ဖြစ်ချင်တာကလည်း ဒါပါပဲလို့ အလွယ်ကူဆုံး ပြောရင်ရမယ် ထင်ပါတယ်။
ဒါပေမဲ့ ဒီလိုဘဝကိုရဖို့ ဘယ်လို နေထိုင်သွားရင် ကောင်းမလဲ။ အောက်ကနည်းလေးတွေဆိုရင်တော့ အဆင်ပြေနိုင်မလားပဲ။
- Grow Up
အသက်ကြီးလာတာနဲ့အမျှ စိတ်ဓါတ် ရင့်ကျက်ချင်ပါတယ်။ grow old မဖြစ်ချင်ပါဘူး။ grow up ဖြစ်ချင်ပါတယ်။ ဒါပေမဲ့ လူကြီးကြီးလို တည်ငြိမ်ရင့်ကျက်တဲ့ပုံစံကြီးနဲ့တော့ မနေချင်ပါဘူး။ ပေါ့ပေါ့ပါးပါးလေးပဲ ပြုမူပြောဆိုနေထိုင်ပြီး အတွေးအခေါ်ပိုင်းမှာ ရင့်ကျက်ချင်ပါတယ်။ ပြဿနာတွေကိုလည်း ရင့်ရင့်ကျက်ကျက်၊ တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းနိုင်တဲ့သူ ဖြစ်ချင်ပါတယ်။ - Sleep without regrets & bad feelings
"Never go to sleep angry because you never know if the person you're mad at will not wake up the next day." တဲ့...
မကြာသေးခင်ကမှ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတာပါ။ ကျမကတော့ ဒီစာကြောင်းကို ကိုယ့်ဘာသာကိုယ် ပြန်ပြင်လိုက်ပါတယ်။ "Never go to sleep with regrets & bad feelings because you are not sure if you will wake up the next day. Have a sound sleep." လို့... ဟုတ်တယ်လေ.. မနက်ဖြန်ဆိုတာ မသေချာတဲ့ဘဝမှာ အိပ်ခါနီးကြီးကို ဘာလို့ စိတ်တိုဒေါသထွက်နေမလဲ။ နောက်ပြီး အိပ်ခါနီးမှာ ဘာကိုမှ မတွေးတာ ကောင်းပါတယ်။ အဲ့လိုဆိုရင် sound sleep ဆိုတာကို 80%လောက်တော့ ရပါလိမ့်မယ်။နောက်ပြီး နောက်နေ့ မနက်အိပ်ရာက နိုးမထနိုင်တော့ရင်တောင်မှ ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ ဘဝကို အိပ်စက်ခွင့်ရမှာပေါ့။ - Work to Learn first; Work to Earn comes later
"When you are young, work to learn, not to earn" လို့ Robert Kyiosaki ကဆိုပါတယ်။ ပြောရရင်တော့.... ကျမ မငယ်တော့ဘူးဆိုတာ ကျမကိုယ်ကျမ သိပါတယ်။ ဒါပေမဲ့ နည်းပညာပိုင်းကို ကျွမ်းကျင်သိရှိမှုနည်းသေးတဲ့အတွက် ကျည်ပွေ့အတက်ပေါက်ချင်တယ်ဆိုဆို ... အခုလက်ရှိအချိန်မှာ work to learn ပဲ လုပ်ချင်ပါတယ်။
ဒီကုမ္ပဏီမှာ ရာထူးတက်ဖို့ ခက်ပါတယ်ဆိုတာကို အရှေ့မှာ ပြောခဲ့ပါတယ်။ ကျမတို့ ကုမ္ပဏီရဲ့ policy ကြောင့်ပါ။ သူတို့က လူကို ခန့်မယ်ဆို ဘွဲ့နဲ့ လုပ်သက်ကို ကြည့်ပါတယ်။ ကျန်တာတွေ မကြည့်ပါဘူး။ ပြီးတော့ management style က flat triangle ဆိုပေမဲ့ တြိဂံကြီးက ပြောင်းပြန်ကြီးပါ။ မန်နေဂျာများပြီး executive နည်းတဲ့ ကုမ္ပဏီပါ။ စင်္ကာပူ၊ မလေးရှားနဲ့ ဗီယက်နမ် (၃)နေရာပေါင်းရင်တောင် Executive level staff နည်းနည်းလေးပဲ ရှိပါတယ်။ ( HQ မှာတော့ အဲ့လို မဟုတ်ပါဘူး။) အဲ့ဒီတော့ စင်္ကာပူမှာ ကိုယ့်မန်နေဂျာထွက်သွားရင်တောင် ရာထူးတိုးဖို့က လုပ်သက်အရ တိုးဖို့မလွယ်ပါဘူး။
ဒါပေမဲ့ ပညာအရမ်းရတဲ့အတွက် လုပ်နေတာပါ။ "Work to Learn" အတွက်ပါ။ "Work to Earn" နဲ့ "Work to get a position" ကတော့ နောက်မှ လာပါမယ်။ :) - Balance
လူမှုရေး၊ မိသားစုအရေး၊ မိတ်ဆွေအပေါင်းအသင်းအရေး၊ ကိုယ်ပိုင်ဝါသနာ၊ personal life နဲ့ professional life အာလုံး balance ညီအောင် ညှိပြီးလုပ်နိုင်တဲ့သူ ဖြစ်ချင်ပါတယ်။ ဖြစ်လာအောင်လည်း တော်တော်ကြီးကို ကြိုးစားရပါဦးမယ်။ - Try to look things from optimistic angle
နောက်တစ်ခုဖြစ်ချင်တာကတော့ အကောင်းဘက်ကကြည့်တတ်တဲ့ စိတ်ကလေး တစ်ခု ရှိချင်တာပါ။ ငယ်ငယ်တုန်းကတော့ ဘဝအကြောင်းကို သိပ်မသိပါဘူး။ စိတ်က ဖြူစင်ပါတယ်။ အရာအားလုံးကို၊ လူတွေအားလုံးကို အကောင်းမြင်ပါတယ်။ ခုတော့ စိတ်ဓါတ်တွေလည်း အရောင်ပြောင်းလဲလာတာ... တစ်ခုခုဆို မကောင်းတဲ့ဘက်က မြင်သလို ဖြစ်နေပါတယ်။ ကိုယ့်ကို သူ...အသုံးချနေပြီ။ ခိုင်းစားတော့မယ်။ အကျိုးလိုလို့ ညောင်ရေလာလောင်းနေပြီ။ ကိုယ့်ဆီက အခွင့်အရေး ယူနေပြီ။ ကိုယ့်အခွင့်အရေးတွေ သူ လုယူနေပြီ.... စသဖြင့်ပေါ့။
လူတွေကိုလည်း သံသယ အရမ်း ထားတတ်လာပါတယ်။
အဓိကကတော့ အကောင်းမြင်တတ်ဖို့ပါပဲ။ ပြဿနာတစ်ခုကို တခြား ကောင်းတဲ့ ရှုထောင့်ကနေ ကြည့်တတ်ဖို့ပါပဲ။ အဲ့လိုဆိုရင် လောကကြီးက ပိုနေချင်စရာကောင်းလာပြီး ကိုယ်တွေရဲ့စိတ်လည်း ပိုငြိမ်းချမ်းလာမယ် ထင်ပါတယ်။ - Gain self-confidence
ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် .. ငယ်ငယ်တုန်းက ကျမဟာ over-confident ပါ။ ကျောင်းတက်နေတုန်းကို... :) ကျောင်းတက်ခဲ့တဲ့တလျှောက်မှာ အနည်းနဲ့အများဆိုသလို အောင်မြင်တယ်လို့ ပြောလို့ရတာမို့... အတန်းဖော်တွေ၊ သူငယ်ချင်းတွေရဲ့ မျက်နှာသာပေးမှုနဲ့ ဆရာတွေရဲ့ ချီးကျူးမှု ၊ မိသားစုရဲ့ မြှောက်စားမှုတွေကို ရခဲ့ပါတယ်။ အဲ့ဒါတွေအပေါ်မှာလည်း သာယာခဲ့ပါတယ်။ ဒါကြောင့်လည်း ဝီရိယလည်း လျှော့ပေါ့ခဲ့ပါတယ်။ ( ပျင်းတတ်တာလည်း ပါတာပေါ့လေ။) ဖြစ်သင့်သလောက်လည်း မဖြစ်ခဲ့ပါဘူး။ မူလတန်းကျောင်းသေးသေးလေးမှာတက်တုန်းကတောင် တစ်ခါမှ ပထမ မရဘူးပါဘူး။ ဒုတိယ၊ တတိယနဲ့ပဲ လည်ပတ်နေခဲ့ပါတယ်။ ဒါပေမဲ့ ကျမမေမေနဲ့ အဒေါ်တွေဟာ ပထမ..မရ.ရကောင်းလားလို့ အပြစ်မတင်ဘဲ ကျမကို ချီးမြှောက်လေ့ရှိပါတယ် (ချီးမြှောက်သင့်တာထက် ပိုပါတယ်)။ မူလတန်းကျောင်းတုန်းက သူငယ်ချင်းတစ်ယောက် ပြောတဲ့စကားကို ခုချိန်ထိ မှတ်မိနေပါသေးတယ်။ " xxxxx အိမ်က... တော်တော် လုပ်ပေးတယ်နော်။ ပထမရရင် ဘယ်လိုများ လုပ်ပေးမလဲမသိဘူး။ နင်.. ပထမရအောင်လုပ်ပါလား" တဲ့။
အထက်တန်းကျောင်းရောက်တဲ့အချိန်မှာတော့ (၇)တန်းလောက်ထိက စာသိပ်မကြိုးစားတဲ့သူ ဖြစ်သွားပါတယ်။ ဒါပေမဲ့... အိမ်ကလူကြီးတွေက သိပ်.. အပြစ်မတင်ခဲ့ပါဘူး။ (၈)တန်း၊ (၉)တန်းလောက်မှသာ စာပြန်လုပ်တာပါ။ ဒါပေမဲ့ အဆင့်(၁)ဆိုတာ တစ်ခါတစ်လေမှသာ ချိတ်သလို ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်မှာ အဆင့်တွေနဲ့ roll ခွဲတော့လည်း roll-1 ဆိုတာ မရခဲ့ပါဘူး။ ဒါပေမဲ့ ကျမရတဲ့ ဒီ (3) (4) ဆိုတဲ့နေရာကိုပဲ ကျမ မိသားစုက ဂုဏ်ယူခဲ့ပါတယ်။ ( ဒီနေရာမှာ ကျေးဇူးတင်ချင်တာက ကျမကို ဘယ်တော့မှ သူငယ်ချင်းတွေနဲ့ နှိုင်းယှဉ်ပြီး အပြစ်မတင်ခဲ့တာကိုပါ။ တကယ်ဆို ကျမရဲ့ ဘဝတလျှောက်လုံးမှာ အဆင့် (၁) ရခဲ့တဲ့သူတွေဟာ ကျမရဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်တွေပါ။ )
နည်းနည်းလေးအဆင့်ကောင်းရင်ကို ဂုဏ်ယူတတ်တဲ့ ကျမ မိသားစုကြောင့် ကျမဟာ ကိုယ့်ကိုကိုယ် စွတ်အထင်ကြီးတတ်တာ သိပ်တော့ မထူးဆန်းဘူးထင်ပါတယ်။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက်လည်း ရတတ်တာမို့ ဘယ်အရာမဆို ကိုယ်... လုပ်နိုင်တယ် ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ရန်ကုန်မှာ အလုပ်ထဲဝင်ချိန်မှာတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ လျော့ကျခဲ့ပါတယ်။ အလုပ်ဝင်ခါစမှာ ကိုယ်သိခဲ့တာ၊ သင်ယူခဲ့တာတွေနဲ့ ... ကိုယ်လုပ်နေရတာ မတူတာမို့ တော်တော် ဒုက္ခရောက်ခဲ့ပါတယ်။ နောက်ပိုင်းမှသာ အဆင်ပြေသွားတာပါ။ အလုပ်ထဲဝင်ချိန်ရောက်မှသာ ... သီအိုရီသမားနဲ့ လက်တွေ့သမား ဘယ်လိုကွာတယ်။ working experinece ဆိုတာ ဘာဆိုတာကို သဘောပေါက်ခဲ့မိပါတယ်။ နောက်ပြီး ကိုယ့်ရှေ့ က senior တွေနဲ့  လုပ်ဖော်ကိုင်ဖက် တွေက တော်တော်ကြီး... တော်ကြ၊ သိကြ၊ တတ်ကြတာကို မြင်တော့ ... သြော်... ငါ...အများကြီး လိုသေးတာပါလားဆိုတာကို သိလာရပါတယ်။
အဲ့ဒီမှာ အားငယ်စိတ်တွေ ဝင်..ဝင်လာတာပါပဲ။
ဒီမှာ အလုပ်ဝင်တော့ ပိုဆိုးပါတယ်။ HQ ကလူတွေက exp ရှိတဲ့အပြင် well-trained တွေမို့ တော်တော် သိကြ၊ တတ်ကြပါတယ်။ training သွားတက်ရင်လည်း အော်စီ၊ ရုရှား၊ တောင်အာဖရိက ကလူတွေဆို တော်တော် တော်ကြပါတယ်။ ကျမနဲ့ တွဲရတဲ့ဗီယက်နမ်လေးဆိုလည်း အရမ်း တော်ပါတယ်။ ဖိလစ်ပိုင်လူမျိုးတစ်ချို့ ဆိုလည်း တော်ကြပါတယ်။ အဲ့ဒါတွေကြောင့်လည်း တစ်ခါတစ်ခါ အားငယ်စိတ်တွေ ဝင်လာတတ်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ လျော့လာတတ်ပါတယ်။
ဒါကြောင့် "work to learn" လုပ်ပြီး ကိုယ့်ရဲ့ self-confidence ကို ပြန်တင်ရပါဦးမယ်။ Self-Confidence is your beauty တဲ့ ... ဒါပေမဲ့... များလွန်းရင် အထိနာတတ်သလို.. နည်းလွန်းရင်လည်း မလိုအပ်ဘဲ ဆုံးရှုံးတတ်ပါတယ်။ - To be frank
ကျမဟာ ပုံမှန်အားဖြင့်တော့ သိပ်မခင်တဲ့သူတွေနဲ့ဆိုရင် ပွင့်လင်းတဲ့သူ၊ ရိုးသားတဲ့သူလို့ ကိုယ့်ကိုကိုယ် ယူဆပါတယ်။ ပြဿနာတစ်ခုဖြစ်တဲ့အခါ ကိုယ့်အမှားကိုဖုံးပြီး သူများကို စွတ်.. အပြစ်မတင်တတ်ပါဘုး။ ကိုယ်မရှိတာကို မရှိဘူး၊ မသိတာကို မသိဘူးလို့ ထုတ်ပြောလေ့ရှိပါတယ်။ ဒါကို ကျမနဲ့ တကယ် ရင်းရင်းနှီးနှီးတွဲနေတဲ့သူငယ်ချင်းတွေ သိကြပါတယ်။
ဒါပေမဲ့ .. တခြားတစ်ဖက်မှာလည်း ကျမဟာ ခံစားချက်တွေနဲ့ ပတ်သတ်လာရင်၊ ရင်းနှီးတဲ့သူတွေနဲ့ ပတ်သတ်လာရင်... ကိုယ့်ကိုကိုယ် လိမ်တတ်ပါတယ်။ မြိုသိပ်တတ်ပါတယ်။ တစ်ယောက်ယောက်က ဂရုမစိုက်ပဲနေလို့ပဲဖြစ်ဖြစ်၊ စိတ်တိုအောင်.. ဝမ်းနည်းအောင် လုပ်လို့ပဲဖြစ်ဖြစ် ကိုယ်ဝမ်းနည်းတာကို ထုတ်မပြဘဲ ဘာမထီပုံ လုပ်ပြတတ်ပါတယ်။ ကိုယ်မကြိုက်တာကိုလုပ်ရင်လည်း ထုတ်မပြောဘဲ မျက်နှာအမူအရာနဲ့ ပြတတ်ပါတယ်။ တချို့  ကိစ္စတွေဆို ထုတ်မပြောဘဲ ရင်ထဲမှာပဲ သိမ်းထားတတ်ပါတယ်။ ကြာလာတော့ ဘယ်သူမှ မသိဘဲ ကိုယ်တစ်ယောက်တည်း ပင်ပန်းလာပါတယ်။ ဟုတ်ပါတယ်။ ရင်းနှီးတဲ့သူတွေနဲ့ ပတ်သတ်လာရင် ကျမ... ဒီထက်ပိုပြီး ပွင့်လင်းဖို့ လိုပါတယ်။ ပွင့်လင်းနိုင်ဖို့လည်း ကြိုးစားရပါဦးမယ်။ People slip the view when you are closer to them တဲ့။ နီးလွန်းရင် မမြင်တတ်တာ မဆန်းပါဘူး။ မြင်အောင်၊ သိအောင် positive wayနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ ထုတ်ပြောရမှာကတော့ ကျမတာဝန်ပဲ ဖြစ်ပါတယ်။
ဒီအပေါ်ကအချက်လေးတွေကို လိုက်နာပြီး ကိုယ့်ကိုကိုယ် ပြုပြင်ပြောင်းလဲရင်တော့ တစ်ချိန်မှာ ကိုယ့်ရည်မှန်းချက်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရနိုင်မယ်လို့ ထင်ပါတယ်။ တစ်ချိန်တည်းမှာဘဲ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးလို့ အော်မနေဘဲ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်အကျိုးရှိအောင် နေထိုင်သွားချင်ပါတယ်။ အားလုံးကလည်း သူ့အကျိုး၊ ကိုယ့်အကျိုးကို မျှမျှတတလုပ်ဆောင်သွားကြမယ်ဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာထိ ရောက်သွားမယ် ထင်ပါတယ်။ ရေးရင်းရေးရင်းနဲ့ တော်တော်လည်း ရှည်သွားပြီမို့ ဒီပို့(စ်)လေးကို ဒီနေရမှာ နိဂုံးချုပ်ပါရစေ။း)
ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(18/10/2012; 12:05 PM; GMT+8)
ကောင်းတယ်။
ReplyDeleteတကယ်လုပ်ဖြစ်တာ၊ မဖြစ်တာ အသာထား။ တွေးမိ၊ရေးမိတယ်ဆိုရင်ပဲ ကိုယ့်ကိုကိုယ် alert ဖြစ်တာပေါ့။ ဆက်ကြိုးစားကြမယ်။
Cheers!
တချို့နေရာလေးတွေစိတ်ချင်းတူနေတယ်
ReplyDeleteဖေဖေက ဆုံးမဖူးတယ် ရန်သူကိုချစ်တတ်ပါ
လူတိုင်းကိုလဲအကောင်းမြင်တတ်ပါတဲ့
ဘာရယ်မဟုတ်ဘူးနော် အချိန်ကြာလာတော့ အဲဒီအချက်တွေကို
လိုက်နာဖို့ဆိုတာ အရမ်းခက်တာပဲ သိ သိလာတယ် ဒါပေမယ့်လဲ
ကြိုးစားနေပါတယ် မှတ်သားအတုယူစရာကောင်းတဲ့ ပိုစ့်လေးပါညီမရေ
ခင်မင်တဲ့ sis jasmine
ဟုတ်ပါတယ် မ jasmine ရေ...
ReplyDeleteကြာလာတော့ လိုက်နာဖို့ခက်တယ်ဆိုတာ သိလာရပါတယ်။
@Choco, လုပ်ဖြစ်အောင် လုပ်မှထင်တော်နော်။ Let's try together :)))