" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

December 13, 2012

ရေးမိရေးရာ ( ခုတလော စိတ်ထဲ ခိုးလို့ခုလုဖြစ်နေသော အရာလေးများ)

စာရေးသူ၏အမှာ

ဒီပို့(စ်)က စိတ်ထဲ ဘဝင်မကျတာလေးတွေ၊ ခိုးလို့ခုလုဖြစ်နေတာလေးတွေကို... လျှောက်ရေးထားတာပါ။
ရေးချင်တဲ့ ပို့(စ်)တွေရှိပေမဲ့ တကယ်တမ်းရေးမယ်ဆိုတော့ ... အဲ့ဒီပို့(စ်)တွေက ...အချိန် သေချာပေးပြီး.. လေ့လာပြီးမှ ရေးလို့ကောင်းမှာမို့ ကြားဖြတ်ပို့(စ်)အနေနဲ့ ဒီပို့(စ်)ကိုရေးပြီး ဆားချက်လိုက်တာပါ။ :)

(၁) အထက်တန်းကျောင်း ပညာအရည်အချင်းသာရှိတဲ့ မြန်မာတစ်ယောက်အတွက် ... SPass  လျှောက်တာ ...agent က ဘွဲ့ ရအဖြစ် လိမ်ထားတာကို MOM က ဖမ်းမိ..
ရန်ကုန်မပြန်ခင် အောက်တိုဘာလကုန်ခါနီးတုန်းက ဒီသတင်းကို ဖတ်ရတာပါ။  ဒီသတင်းကိုဖတ်မိတော့... ဒီနှစ်အတွက် 39 offenders မှာ ဘယ်လူမျိုး၊ ဘယ်နှစ်ယောက်ပါတယ် မပြောထားဘဲ၊ (၃၉)ယောက်ထဲမှာမှ.. မြန်မာလူမျိုး... နာမည် ဘယ်သူ... လိမ်ပါတယ်၊ အခု တရားရုံးတင်ပြီး ဘယ်လို အပြစ်ပေးမယ်ဆိုတာကို စောင့်နေပါတယ်... ဆိုပြီးရေးထားတာကို လုံးဝ (လုံးဝ) ဘဝင်မကျမပါဘူး။ ပြီးတော့ အဲ့ဒီ အင်္ဂလိပ်လိုရေးထားတဲ့ orginial သတင်းလင့်(ခ်)ကို FB ပေါ်မှာ မြန်မာတွေ share ကြတာကို မြင်ရတဲ့အခါ တော်တော် စိတ်.အနှောင့်အယှက် ဖြစ်ရပါတယ်။  ကိုယ့်ပေါင်ကိုယ်လှန်ထောင်း... ကိုယ့်လူမျိုးကိုယ် ပြန်အရှက်ခွဲနေလိုက်ကြတာ။ အဲ့ဒါကြောင့် ... share ထားတဲ့သူတွေ အများကြီးထဲကမှ ကိုယ်နဲ့ တော်တော်ရင်းနှီးပြီး စကားကို သမာသမတ်ပြောတတ်တဲ့သူငယ်ချင်း ရဲ့ link ပေါ်မှာ မနေနိုင်မထိုင်နိုင် comment တက်ရေးမိပါသေးတယ်။ လိမ်တာ မကောင်းပေမဲ့၊ မလုပ်သင့်ပေမဲ့ ... အဲ့ဒီ သတင်းမှာ ethics မရှိတဲ့အကြောင်း။ လိမ်တာမိတဲ့ လူ(၃၉)ယောက်မှာ မြန်မာတစ်ယောက်တည်းရဲ့ နာမည်၊ အသက်ကို ဖော်ပြထားတာ လွန်တဲ့အကြောင်း ဝင်ပြောလိုက်ပါသေးတယ်။

အဲ့လိုပြောပြီး သိပ်မကြာခင်မှာပဲ FB ပေါ်က Myanmar Page တစ်ခုက.. ဒီသတင်းကို မြန်မာလို ဘာသာပြန်ပြီး publicly share လုပ်တော့ ရင်ထဲ တော်တော် မကောင်းပါဘူး။

False Data ပေးတာ မှားယွင်းပေမဲ့ ကာယကံရှင် ကိုယ်တိုင်တောင် အဲ့လို လိမ်ထားတယ် သိချင်မှသိမှာပါ။  ငွေရဖို့သာသိတဲ့... သု့ရဲ့ MM agentက လုပ်ချင်ရာ လုပ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ မြန်မာ agent တွေ.. မြန်မာတွေဆီက အခကြေးငွေတွေ အလွန်အကျွံတောင်း.. ဒီရောက်ရင် သူများတွေနဲ့ပေါင်း... ကိုယ့်လူမျိုးကိုယ်... မတရားတွေလုပ်... ဒါတွေဟာ... မကြားချင်မှအဆုံးပါ။ ဒီလိုမျိုးဇာတ်လမ်းတွေဟာ စလုံးမှာမှ မဟုတ်ပါဘူး။ နေရာတကာမှာ ဖြစ်ပျက်နေတာပါ။ ခံရတဲ့သူတွေဟာ ဘယ်လိုမှလုပ်လို့မရလို့ ( တစ်ချို့ဆို...အကြွေးတွေနဲ့လာခဲ့တာမို့) ဒီလိုပဲ ငြိမ်ခံပြီး ရုန်းကန်နေရတာတွေ အများကြီးပါ။ ဒါမှမဟုတ်.. မလွှဲသာမရှောင်သာမို့.. လိမ်ရတာလည်း ဖြစ်နိုင်တာပဲဟာ။ ဒါမျိုးမလုပ်နဲ့... လုပ်ရင် ဒီလိုဖြစ်တတ်တယ်ဆိုပြီး ပညာပေးတဲ့သဘောနဲ့ ဝေမျှတယ်ဆိုလည်း အမည်တွေ ဘာတွေ မပါသင့်ပါဘူး။ သူများကို အရှက်ခွဲသလို မလုပ်သင့်ပါဘူး။ မုဒိန်းကျင့်၊ ဓါးပြတိုက်၊ ခိုးဆိုးလုယက်နေတာမှ မဟုတ်တာ။

(၂) လုပ်အားခနှင့် နေထိုင်ရသော ပတ်ဝန်းကျင်ကို မကျေနပ်၍ SMRT မှ ဆန္ဒပြသော ဘတ်(စ်)ကားမောင်းသူ ဝန်ထမ်း (၆၀၀)ကို အပြစ်ပေး၊ စင်္ကာပူမှနှင်ထုတ်... 
သူတို့ ဆန္ဒစပြတဲ့နေ့က နိုဝင်ဘာလ (၂၆)ရက်နေ့.. ရုံးမှာ အလုပ်ရှုပ်နေပါတယ်။ အဲ့ဒီသတင်း မဖတ်မိပါဘူး။ ရုံးအပြန် သူငယ်ချင်းနဲ့ချိန်းထာတာ.. ဘတ်(စ်)နဲ့ဆို တိုက်ရိုက်ရောက်တာမို့... ဘတ်(စ်)ကားဂိတ်မှာ ကား..စောင့်လိုက်တာ၊ နာရီဝက်မက စောင့်လိုက်ရပါတယ်။ သူငယ်ချင်းနဲ့တွေ့တော့ .. သူက .. အဲ့ဒီသတင်းကို ပြောပြပါတယ်။ (၂၇)ရက်နေ့မှာလည်း ဆက်..ဆန္ဒပြတယ်လို့ သိရပါတယ်။ အဲ့ဒီ case အပြီး.. နောက်နေ့မနက်ရောက်တော့ Straits Times သတင်းစာထဲမှာ ခေါင်းဆောင်(၄)ယောက်ရဲ့ ဓါတ်ပုံတွေ၊ နာမည်၊ အသက်တွေဖော်ပြပြီး စာလုံးအမဲကြီးတွေနဲ့ သတင်းပါလာပါတယ်။ Criminal တွေကို ဖြစ်လို့။

ဒီလို SMRTကဝန်ထမ်းတွေ ဆန္ဒပြတာဟာ စည်းကမ်းတင်းကျပ်တဲ့ စင်္ကာပူနိုင်ငံတွင်းမှာ (၂၆) နှစ် ကြာ ဆန္ဒပြ တောင်းဆိုမှုမရှိခဲ့ခြင်းကို အဆုံးသတ် သွားစေတယ်လို့ စလုံးသတင်းစာတွေက ပြောပါတယ်။ (ကမ်းလက်) ဒီလို ဆန္ဒပြတာမျိုးဆိုရင် စလုံးအစိုးရက လုံးဝ လက်မခံပါဘူး။ ဒီ..စင်္ကာပူနိုင်ငံမှာ လူ(၃)ယောက်ထက် ပိုပြီး တွဲမလျှောက်ရတဲ့ နေရာတွေ ရှိပါတယ် (ဥပမာ... Orchard Road)။ လူအများနဲ့လုပ်မဲ့ social/ religion/ cultural eventတွေ ရှိတယ်၊ လုပ်ချင်တယ်ဆိုလည်း town councilကို ကြိုအကြောင်းရပါတယ်။ ဟိုတလောက စလုံးမှာ လာဖွင့်တဲ့ နယူးဇီလန်စားသောက်ဆိုင်ဖွင့်ပွဲမှာ .. အကြောင်းမကြားဘဲ.. လူ ဆယ်ယောက်ကျော်လောက် လမ်းမပေါ်မှာ ကလိုက်လို့ Fine ထိလိုက်ပါသေးတယ်။ ပြီးတော့ စလုံးမှာ... အစားအသောက်ကိစ္စကလွဲရင် လူစုပြီး.. freedom of speech ဆိုတာမျိုးလုပ်လို့မရဘူးလို့ တစ်နေရာမှာ ဖတ်ဖူးပါတယ်။ အဲ့ဒါကြောင့် ပြီးခဲ့တဲ့နှစ်ကလုပ်ခဲ့တဲ့ ဇာဂနာရဲ့ Surving Beauty Showမှာတောင်.. ရုပ်ရှင်အတို (၅)ကား ပြပြီးတဲ့အချိန်မှာ နောက်ကျန်တဲ့(၇)ကားကို ပေးမပြရတော့ပါဘူး။

စင်္ကာပူအစိုးရဘက်က ဒီကိစ္စကို ဆန္ဒပြပါတယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်မပြောပေမဲ့ ... စလုံးရဲ့ အလုပ်လုပ်တဲ့ပုံစံအတိုင်း .. ပြင်းပြင်းထန်ထန် အပြစ်ပေးပါတယ်။ ခေါင်းဆောင်(၄)ယောက်ကို တရားရုံးတင်ပါတယ်။ သူတို့ဟာ ငွေဒဏ် (သို့) ထောင်ဒဏ်၊ ဒါမှမဟုတ်.. နှစ်မျိုးစလုံး ဒဏ်ပေးခံရနိုင်ပါတယ်။ ဆန္ဒပြသူအားလုံးကို တရုတ်ပြည်ပြန်ခိုင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်... အမှုစစ်တာပြီးသွားရင်.. အပြစ်ခံစရာရှိတာခံပြီးရင် သူတို့ နိုင်ငံသူတို့ ပြန်ရမှာပါ။ ပြည်နှင်တယ်ဆိုပါတော့။ ခုလောလောဆယ်တော့ Passport တွေ သိမ်းထားပါတယ်။ တရုတ်သံရုံးကလည်း လုပ်စရာရှိတာတွေ လိုက်လုပ်ပေးနေပါတယ်။ တရုတ်အစိုးရကလည်း သူ့လူတွေအတွက် စိုးရိမ်တယ်လို့ ဆိုပါတယ်။ ( မြန်မာပြည်အစိုးရ၊ မြန်မာသံရုံးဆို.. ဒီလို လိုက်လုပ်ပေးပါ့မလားပဲ...) December (၆)ရက်နေ့တုန်းကတော့ ခေါင်းဆောင် (၁)ယောက်ကို စလုံးဒ်ါလာ ၂၀၀၀၀၊ ကျန်တဲ့ ခေါင်းဆောင် (၃)ယောက်ကို စလုံး ဒေါ်လာ ၁၀၀၀၀စီနဲ့ အာမခံထားပြီး လွှတ်ပေးလိုက်ပါတယ်လို့ Channel News Aisa ထဲမှာ ဖတ်လိုက်ရပါတယ်။ နိုင်ငံကူးလတ်မှတ်တွေတော့ သိမ်းထားတုန်းပဲလို့ သိရပါတယ်။ စင်္ကာပူအစိုးရဟာ ကော်လာပြာအလုပ်သမားတွေကို နိုင်ငံထဲခေါ်ပြီး အလုပ်ခေါ်ခိုင်းတဲ့ ပေါ်လစီကို ပြန်လည်သုံးသပ်နေပြီလို့ သတင်းစာတွေထဲမှာလည်း ဖော်ပြထားပါတယ်။ စင်္ကာပူအစိုးရက ဒီလူတွေကို အပြစ်ပေးတာ နောင်ကျဉ်အောင် လုပ်တာပါ.. ထပ်လုပ်မဲ့သူတွေကိုလည်း.. မလုပ်ရဲအောင် ..စံပြ ..လုပ်ပေးလိုက်တာပါ။ သူ့အရပ်နဲ့သူ့ဇာတ်၊ သူ့နိုင်ငံစည်းမျဉ်းနဲ့ အပြစ်ပေးတာ ဘာမှ မပြောလိုပါဘူး။ ဒါပေမဲ့ လူပုံတွေကို သတင်းစာထဲထည့်တာ သိပ်.. သဘောမကျပါဘူး။

ဒါပေမဲ့ SMRT ကိုလည်း သတိပေးတာမျိုး လုပ်သင့်ပါတယ်။ အရင် SMRT က CEO ဟာ တကယ့်ကို အမြတ်အစွန်းရရှိရေးကိုသာ... ဦးစားပေးတဲ့သူပါ။ Maintenance လုပ်သင့်သလောက် မလုပ်လို့ ရထားတွေ ဟိုမှာပိတ်၊ ဒီမှာပိတ်၊ ရထားလမ်းတွေပျက်ဖြစ်ခဲ့တာ သိပ်မကြာသေးပါဘူး။ ပြီးတော့ ဟိုတလောက SMRT ဝန်ထမ်းတွေထဲကမှ စလုံးတွေနဲ့ ပီအာတွေကို လစာတိုးပေးပါတယ်။ နိုင်ငံခြားသားတွေကိုတော့ မတိုးပေးပါဘူး။ ဒါကို တရုတ်တွေက မကျေနပ်ကြပါဘူး။ (ကိုယ်သာဆိုလည်း ကိုယ့်ကုမ္ပဏီမှာ စလုံးနဲ့ PR တွေကိုပဲ လခတိုးပေးပြီး ကိုယ့်ကိုချန်ထားခဲ့ရင် ခံစားရမှာပါပဲ။) သူ့လူမျိုးတွေကိုတိုးပေးရတဲ့ ရည်ရွယ်ချက်က သူတို့တွေ ဒီအလုပ်ကို လုပ်ချင်စိတ်ရှိလာအောင် စွဲဆောင်လိုက်တာပါ။ (စင်္ကာပူရီးယန်းတွေဟာ ဒီလို ကားမောင်း၊ ရထားမောင်းတဲ့အလုပ်မျိုး မလုပ်ချင်ကြပါဘူး။ ဒါကြောင့် ယာဉ်မောင်းသူ တော်တော်များများဟာ နိုင်ငံခြားသားတွေပါ။) မိဘဟာ သူ့သားသမီးအရင်းကို ပိုဂရုစိုက်တဲ့သဘောပါ။ နည်းနည်းတော့ မမျှတပေမဲ့ ဒါက လက်ခံနိုင်ပါသေးတယ်။  ဒါပေမဲ့ ကားမောင်းတဲ့သူတွေကို ဆောက်လုပ်ရေးဝန်ထမ်းတွေနဲ့ အတူထားတာကတော့ သိပ်..မကောင်းပါဘူး။ ကားမောင်းတဲ့သူဟာ ညဘက် အိပ်ရေးဝအောင် အိပ်ဖို့ လိုပါတယ်။ ပြီးတော့ ဆောက်လုပ်ရေးဝန်ထမ်းနဲ့ ကားမောင်းတဲ့သူတွေရဲ့ အဆင့်အတန်းကလည်း မတူပါဘူး။ နေပုံထိုင်ပုံလည်း မတူပါဘုး။ ကားမောင်းတဲ့သူတွေဟာ ဘွဲ့ရတွေပါ။ အလုပ်မှာ good working condition မပေးတဲ့SMRT ကိုလည်း အရေးယူသင့်ပါတယ်။ ဒါမှသာ.. ဒီလိုလုပ်နေတဲ့ တခြားကုမ္ပဏီတွေလည်း ဆင်ခြင်ကြမှာပါ။

လက်ပတောင်းတောင်ကိစ္စ
ဒီကိစ္စမှာ အစိုးရ၊ တရုတ်ကုမ္ပဏီ၊ ပြည်သူလူထု နိုင်ငံရေးသမားအချို့ ...အားလုံးမှားတယ်လို့ ထင်ပါတယ်။

ကျမအမြင်မှာတော့ ဘုန်းကြီးတွေဟာ နိုင်ငံရေးနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်။ ဒီလိုတော့ မဆိုင်ဘူး မပြောနဲ့။ ဦးဥတ္တမလည်း နိုင်ငံရေးပါခဲ့တာပဲလို့ ငြင်းချင်ရင် ငြင်းလို့ ရပါတယ်။ ဒါပေမဲ့ ကျမ အမြင်မှာတော့... မြတ်စွာဘုရားရဲ့ တရားတော်အရ.. ဘုရားသားတော်တွေဟာ နိုင်ငံရေး ဝင်မပါသင့်ဘူးလို့ပဲ ထင်ပါတယ်။ ပြီးတော့ ...များသောအားဖြင့်က.. ဘုန်းဘုန်းတွေဟာ လောကီအရေးကို သိပ်..မသိပါဘူး။ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံမှာ ဘုန်းဘုန်းတွေပြောရင် လူတွေက လက်ခံတတ်ကြပါတယ်။ လူတွေက ဘုန်းဘုန်းတွေအပေါ်မှာ အဲ့ဒီအချက်ကိုကိုင်ပြီး အသုံးချနေတယ်လို့ ခံစားရပါတယ်။

ဒါပေမဲ့ အစိုးရဘက်ကလည်း အဲ့လိုမျိုး . အကြမ်းဖက်တာမျိုး မလုပ်သင့်ပါဘူး။ တရားမဝင် သပိတ်စခန်းဖွင့်ထားရင်တောင်မှ ရိုဟင်ဂျာတွေလို အကြမ်းဖက်နေတာ မဟုတ်ပါဘူး။ ငြိမ်းချမ်းစွာ ဆန္ဒပြနေတာပါ။ ညှိနှိုင်းပေးစရာရှိတာ ညှိပေးလိုက်ရင် အဆင်ပြေသွားမှာပါ။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီး ဘုန်းဘုန်းတွေကို ဒီလိုလုပ်တာ အံ့သြလို့ မဆုံးပါဘူး။ ရွှေဝါရောင်တော်လှန်ရေးပြီးတာဖြင့် ဘယ်လောက်မှ မကြာသေးပါဘူး။ အဆိုးဆုံးက သံဃာတော်တွေ ခံစားနေရတာတွေပါပဲ။

 မြေအသိမ်းခံရတဲ့သူတွေရဲ့ ခံစားချက်ကို (ကိုယ်ကိုတိုင်လည်း အိမ်အသိမ်းခံရဖူးသူမို့...) ကောင်းကောင်း နားလည်ပါတယ်။ အိမ်စုတ် (၄) (၅)လုံးတောင်မရှိတဲ့၊ ကိုယ်ထူကိုယ်ထ နိုင်လွန်ကတ္တရာလမ်းချောတွေရှိတဲ့၊ ရပ်ကွက်အတွင်း လမ်းဖွဲ့စည်းပုံကောင်းတဲ့၊ အငြိမ်းစားတွေအနေများတဲ့၊ ပြည်လမ်းမဘေးမှာတင်ရှိတဲ့ ကျမတို့ရပ်ကွက်လေးကို သတ်မှတ်ရက်အတွင်း ဆင်းပေးရင်ဆင်းပေး၊ မဆင်းပေးရင် ဘူဒိုဇာနဲ့ ကလော်ချမယ်ဆိုပြီး မတရားသိမ်းသွားခဲ့တာပါ။ ဦးသန်းရွှေအမျိုးရှိတယ်ဆိုတည်း လှည်းတန်းဂုံးကျော်တံတားနားက အိမ်တွေထက် အများကြီး သာပါတယ်။ ပြန်ပေးတော့ ခိုအိမ်လို တိုက်ခန်းအစုတ်အပြတ်တွေ ပေးခဲ့တာပါ။ ကိုယ့်ရပ်ကွက်မှာတောင် ကိုယ် ပြန်မရပါဘူး။ အိမ်ငှားတွေ တိုက်ခန်းအလကားရသွားတာကို မုဒိတာပွားနိုင်ပေမဲ့ အိမ်ပိုင်ရှင်တစ်ချို့ ဘဝပျက်ကုန်ကြတာတော့ ရင်နာစရာကြီးပါ။ (၁၉၉၆/၉၇) နှစ်ပိုင်းမှာစဖြစ်ပြီး ... (၂၀၀၂)ခုနှစ်မှာ ရှိသမျှလမ်းထွက်ပေါက်တွေကိုပိတ်ပြီး ညသန်းခေါင်ကျော်ကြီးမှ... မဆင်းပေးတဲ့ အိမ်(၂၀)ကျော်ထဲက ကျောထောက်နောက်ခံမရှိတဲ့ အိမ် (၆)အိမ်၊ (၇)အိမ်ကလူတွေကို.. စံပြ.. ရိုက်နှက်ပြီး အကုန်လုံးကို ဆင်းခိုင်းခဲ့တာပါ။ ဒီလို ကိစ္စဖြစ်ခဲ့တာ ရန်ကုန်မြို့ထဲမှာ ဖြစ်ခဲ့တာပါ။ အဲ့ဒီအိမ်ဟာ ကျမအဖိုး တသက်လုံး စုဆောင်းထားတဲ့ငွေနဲ့ မြေဝယ်ပြီး.. သူကိုယ်တိုင် ဒီဇိုင်းဆွဲ၊ သူကိုယ်တိုင် ကြီးကြပ်ပြီး ဆောက်ခဲ့တာပါ။ အိပ်မက်.. သိပ်မမက်တတ်တဲ့ ကျမဟာ အဲ့ဒီ အောက်ထပ်က အုတ်နဲ့ အပေါ်ထပ်က ရေနံချေးတွေဝအောင်သုတ်ပြီး ဆောက်ထားတဲ့ ပျဉ်အိမ်လေးကို အသက်တော်တော်ကြီးတဲ့အထိ အိပ်မက်ထဲမှာ ပါပါလာတတ်ပါတယ်။ တက္ကသိုလ်ကျောင်းသူဘဝကို ရောက်တဲ့အထိတိုင်အောင်...အဲ့ဒီဘက်ကို အကြောင်းတိုက်ဆိုင်လို့ရောက်သွားရင်  မကြည့်မိအောင် မျက်စိကို သတိထားပြီး ထိန်းရပါတယ်။ (ကြည့်မိရင် နှမြောလို့၊ စိတ်မကောင်းဖြစ်လို့)... နောက်ပိုင်းမှသာ ဆုံးရှုံးဖို့ပါလို့ ဆုံးရတာပါပဲ။ ရန်သူမျိုးငါးပါးဒဏ်ဆိုတာ ရှောင်လွှဲလို့မှ မရတာဆိုပြီး ဖြေတတ်သွားတာပါ။

ဒါကြောင့်.. လယ်မြေအသိမ်းခံရတဲ့သူတွေကို တကယ်ပဲ ကိုယ်ချင်းစာပါတယ်။ တောင်သူလယ်သမားတွေအတွက်တော့ လယ်ရှိမှ လုပ်ကိုင်စားသောက်နိုင်မှာပါ။ ဒါပေမဲ့ လယ်စိုက်ဖို့ သိပ်မဖြစ်ထွန်းတဲ့.. ကြေးနှီထွက်တဲ့နေရာမှာ... အားလုံး အဆင်ပြေအောင် ညှိပြီး၊ ကိုယ့်အတွက်လည်း အကျိုးရှိ၊ နိုင်ငံလည်း အကျိုးရှိအောင် လုပ်သင့်တယ်လို့ ထင်ပါတယ်။ခေတ်ကြီးလည်း ပြောင်းလာပါပြီ။ ကိုယ်ကျေနပ်လောက်အောင်ညှိပေးမယ်။ (၃)ဘက်လုံးအကျိုးရှိမယ်ဆိုရင် ဒီစီမံကိန်းကို လက်ခံလိုက်သင့်ပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး သူများတွေရဲ့ comment တစ်ချို့ကို သဘောကျလို့ အောက်မှာ ပြန်လည် ဝေမျှလိုက်ပါတယ်။ ဖတ်ကြည့်ပါဦး။ (စကားချပ်။     ။ writer တွေကို credit ပေးထားပါတယ်။ ဒါပေမဲ့ ကာယကံရှင်တွေက မကြိုက်ဘူးဆိုရင် အချိန်မရွေး ပြန်ဖျက်ပေးပါ့မယ်။ ကျေးဇူးတင်ပါတယ်။)
  • နိုင်ငံပိုင်စာချုပ်စာတမ်းတစ်ခုတွင် အများပြည်သူ အကျိုးစီးပွား ကာကွယ်ရမည့် အချက်များ ပြတ်ပြတ်သားသား ထည့်ထားခဲ့ရမည်ကို မသိသားဆိုးဝါးခြင်း (သို့မဟုတ်) ပေါ့လျော့ခြင်း၊ ထည့်တွက်ခဲ့သည် ဆိုပါကလည်း လူအများကျေနပ်သည်ထိ သိသာထင်ရှားအောင် ပွင့်ပွင့်လင်းလင်း ချမပြခြင်း၊ ပွင့်လင်းမြင်သာမှုဆိုသည်မှာ အုပ်ချုပ်ခံများအတွက် ကျေနပ်မှုပေးရုံသာမက အုပ်ချုပ်သူအတွက်ပါ ဖိစီးမှုလျော့ပါးစေသည် ဆိုသည့်ကောင်းကွက်ကို သေသေချာချာ သဘောမပေါက်သေးခြင်း၊ တစ်ဖက်၏ သဘောထားကို မငြင်းဆန်နိုင်သလောက် အခြားတစ်ဖက်၏ ဆန္ဒကို အလေးမထားခြင်း သို့မဟုတ် လျှော့တွက်ခြင်း၊ တာဝန်ယူမှုမရှိခြင်း၊ တာဝန်မခံလိုခြင်း၊ အတိတ်က အမှားအယွင်းများ၊ လွဲချော်သော စီမံခန့်ခွဲမှုများကို ရိုးရိုးသားသား ဝန်မခံခြင်း သို့မဟုတ် ကာကွယ်ထောက်ထားစရာများဖြင့် အကျပ်အတည်းဆိုက်နေခြင်း၊ နည်းနည်းလေးမှ အလျှော့မပေးလို/နိုင်ခြင်း၊ သုညသို့မဟုတ် တစ်ရာရာခိုင်နှုန်းကိုသာ တွေးတတ်ခြင်း၊ အမြင်မတူသူများနှင့် ဆွေးနွေးတိုင်ပင်မှု ရှိဟန်မတူခြင်း၊ ပြဿနာဖြစ်လာသောအခါ ပြေပြေလည်လည်ရှင်းရန် အခြား ဖြစ်နိုင်ခြေ နည်းလမ်းများကို ဦးနှောက်သုံးပြီး မစဉ်းစားခြင်း၊ အဆိုးဆုံးကတော့ အကျင့်ဟောင်းကို မဖျောက်နိုင်ခြင်း။ (အသရေဖျက်ခြင်းမဟုတ်၊ အပြုသဘော ဝေဖန်ခြင်းမျှသာ။) By Pandora
  •  ဆဲချင်ကြလဲ အားလုံးဝိုင်း ဆဲကြဗျာ။ ဒီပွဲမှာ မြန်မာနိုင်ငံ ရဲ့ ၂နှစ်သားဒီမိုကရေစီ မရင့်ကျက်သေးကြောင်း၊ ကလေးအဆင့်ပဲရှိသေးကြောင်းကမ္ဘာကို ပြလိုက်တာပဲ။ ကျွန်တော်ကတော့ ဒီကိစ္စမှာ သုံးဘက်လုံးမှားတယ်ယူဆပါတယ်၊ လက်ရှိအစိုးရဟာ အရင်အစိုးရလက်ထက်က အထုပ်တွေကို လက်ဆင့်ကမ်းကာကွယ်နေတာ ရပ်သင့်ပါပြီ၊ ဒေသခံတွေအတွက် ထည့်သွင်း စဉ်းစားထားခြင်းမရှိတဲ့ Project မှန်သမျှ ပြန်သုံးသပ်ပြီး Revise လုပ်သင့်ပါပြီ၊ မြန်မာနိုင်ငံ သည် Sovereign State ဖြစ်တဲ့အတွက်၊ နိုင်ငံအကျိုး၊ လူထုအကျိုး အတွက် မှန်ကန်စွာ Revise လုပ်ခြင်းကို ဘယ်နိုင်ငံမှ အပြစ်ပြောလို့မရပါ၊ Investor ဆိုတာ မတောင်းရင်တော့ အလိုလိုပေးမှာ မဟုတ်ပါ၊ မပေးလို့မရတဲ့ ဥပဒေ စည်းမျည်း ရှိလျှင် ပေးကြမှာပါ၊ လက်တင် အမေရိကက Belize နိုင်ငံဟာ မဟော်ဂနီသစ် ကောင်းထွက် လို့ နာမည်ကြီးပါတယ်၊ သူ့ဆီမှာ သစ်ခုတ်ခြင်ရင် ခုတ်တဲ့ အပင် အရေအတွက် အတိုင်း အစားထိုးပြန်စိုက် ပြီး ရှင်ပြီ သေချာမှ သစ်ပေးခုတ်ပါတယ်၊ ဒါ့အပြင် သစ်အလုံးလိုက် ပေးမပို့ပါဘူး၊ အချောထည်စက်ရုံများထောင်ခိုင်းပြီး အချောထည်များပဲ Export ပေးပါတယ်၊ တချက်ခုတ်သုံချက်ပြတ်ပေါ့၊ Investor တွေက လိုချင်တော့လာရတာပဲ၊ Investor ဆိုတာ လွယ်ရင်တော့လုပ်မှာပဲ၊ မလွယ်လဲလာလုပ်ကြတာပါပဲ၊ နဲနဲမြတ်တာနဲ့ များများမြတ်တာပဲကွာတာကိုး၊ မလွယ် ရင် လူသန့်သွားပါတယ်၊ နောက်တခု Pacific Ocean ထဲက Nauru ဆိုတဲ့ကျွန်းနိုင်ငံသေးသေးလေး၊ ၈မိုင်ပါတ်လည်ပဲရှိတယ်၊ လူဦးရေက ၁သောင်းမပြည့်ဘူး၊ ဖော့စဖိတ်ထွက်တယ်၊ ကိုလိုနီတွေရဲ့ ခေါင်းပုံဖြတ်တာာ တသက်လုံးခံခဲ့ရတယ်၊ ဩစတျေးလျား အဓိကပေါ့၊ လွတ်လပ်ရေးလဲရရော၊ ၊ ဖော့စဖိတ် တဝက်ကျော်ကုန်ပြီ၊၊ကျွန်းလဲရစရာမရှိတော့ဘူး၊ အဲဒီမှာ ဩစတျေးလျားကို တရားစွဲတာ နိုင်သွားတော့ ဩစတျေးလျားက ကျွန်းသားတိုင်းကို တလ AUD ၂၅၀၀ ထောက်ပံ့ရတယ်၊ Nauru ကျွန်းသားတွေ ဩစတျေးလျားမှာနေချင်ရင် PR တန်းပေးရတယ်၊ ခုချိန်မှာ Pacific Island တွေထဲမှာ တဦးချင်းဝင်ငွေအမြင့်ဆုံးပဲ၊ သူ့ဆီမှာ ဖော့စဖိတ်တူးချင်ရင် ကျွန်းသားတွေအတွက် ရန်ပုံငွေထူပေးရတယ်၊ ဖော့စဖိတ်ကုန်သွားရင် ကမ္ဘာ တည်သရွေ့စားလောက်အောင်၊ ဒါလဲလာတူးကြတာပဲ၊ အရင်တုံးကတော့ကျွန်တော်တို့မမာနိုင်ဘူး၊ Sanctions တွေကြောင့်၊ အခုမာလို့ရပြီ၊ မြန်မာ့ကျွန်း၊ ကျောက်စိမ်း၊ ပတ္တမြား၊ ကြေးနီ၊ စသည်ဖြင့် ကမ္ထာ မှာနာမည်ကြီးတယ်၊ မြန်မာကရတာအနဲဆုံးပဲ၊ ကြားပွဲစားနဲ့ ဝိသမ Investor တွေကပိုရနေတယ်၊ ခုကြေးနီကိစ္စ အစိုးရက တရုပ်ကုမ္ပဏီကို Agreement Revise ပြန်လုပ်ခိုင်းလို့ရပါတယ်၊ Revise လုပ်တာနဲ့ Cancel လုပ်တာမတူပါ၊ ဒေသခံတွေ အတွက် အကျိုးအမြတ်ကျေနပ်အောင်ခွဲပေးလိုက်ရင်ပြီးသွားမှာပါ၊ Environmental Rehabilitation ပါပါရပါမည်၊ ဆန္နပြတာကို အလွံအကျွံအင်အားသုံးဖြေရှင်းတာအလွန်မှားပါတယ်။ ဒေသခံတွေကကော?၊ စိးပွားဖြစ်လယ်စိုက်လို့မရတဲ့မြေကို ပိုက်ထားပြီး၊၊ကျားကျားမီးယပ်ပဲဆိုပြီး ကဏ္ဏကောဇ လုပ်နေဘို့မသင့်ပါ၊ မိမိလည်းသူဌေးမဖြစ်လောက်၊ နိုင်ငံတော်ပြည်သူလည်း အကျိုးအမြတ် မရအောင်လုပ်နေကြရင် ဒီတိုင်းပြည် ဘယ်လိုပိုက်ဆံရှာ တိုးတက်တော့မလဲ?၊ တိုက်ရတောင်းရမှာက၊၊ရလာမဲ့အကျိုးအမြတ်ကိုထိုက်သင့်စွာရှယ်ပေးဘို့၊ လယ်မစိုက် တပိုင်ကြေးမချက်ပဲ နေထိုင်စားသောက်နိုင်ဘို့တောင်းရမှာပါ။ နိုင်ငံရေးအင်အားစုတွေကကော?၊ ပွဲဆူရင်ပြီးရော မြောက်မပေးသင့်ပါ၊ နိုင်ငံလည်းနာမည်ပျက်၊ လူတွေလဲနစ်နာပါတယ်၊ တိုင်းပြည်အတွက်၊လူထုအတွက်စေတနာထားရင်၊ ရှဉ့်လဲလျှောက်သာ ပျားလဲစွဲသာတဲ့ အဖြေကိုရအောင်ထုတ်ပြီး၊ အစိုးရကို Advocate လုပ် လူထုကို Educate လုပ်ရမှာ၊ နိုင်ငံရေးသမားတွေရဲ့တာဝန်ပါ။ (မှတ်ချက်၊ လက်ပံတောင်းတောင်ဖြစ်စဉ်တွင်၊ ထိခိုက်နစ်နာသူ အားလုံး အတွက် ကာယကံရှင်၊ မိသားစု များနည်းတူ အလွန်ဝမ်းနဲပါကြောင်း၊ (By Wanna More)  
  • နိုင်ငံရဲ့  စီမံကိန်းတွေ က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ပါတယ်။ နောက်ပြီး ပြည်သူတွေကသာ ဒီစီမံကိန်းကို ရပ်ပေးပါ ရပ်ပေးပါ လို့ အော်နေကြတာ နိုင်ငံမှာ ကြွေးမီတွေက အရမ်း များနေပါတယ်။ အဲဒီ ကြွေးမီတွေကို ဘယ်သူ ဆပ်ပေးမှာလဲ... ပြည်သူတွေဆီက ပိုက်ဆံတောင်းပြီး ဆပ်ပေးမှာလား... စီမံကိန်းတစ်ခု ကို (အရင်အစိုးရက) လက်မှတ်ထိုးတဲ့ အခါ ဒီစီမံကိန်း မဖြစ်ရင် လျော်ကြေးဘယ်လောက် ဘယ်လောက် ပေးရမယ်ဆိုပြီး ထည့်ချုပ်ပြီးသားပါ၊ မြစ်ဆုံ ကိစ္စ တုံးကလည်း ကြားဖူးတာက မြစ်ဆုံစီမံကိန်းရဲ့ တန်ကြေးတင် ဒေါ်လာ ၂ ဘီလီယံ တန်တယ်လို့ ကြားဖူးတယ်။ လျော်ကြေးမဟုတ်သေးဘူးနော်.. တန်ကြေးပဲ ရှိသေးတယ်။ လုံးဝ ရပ်ဆိုင်းလိုက်တာနဲ့ လျော်ပေတော့ပဲ...။ ဒါပေမယ် မြစ်ဆုံက တစ်နိုင်ငံလုံးရဲ့ အသက်သွေး ဖြစ်တဲ့ အတွက် လျော်ရရင်တောင် တန်ပါသေးတယ်။ နိုင်ငံ တစ်ခုလုံးမှာ ရှိတဲ့ ယခု စီမံကိန်းလို မျိုးတွေ အားလုံးကို ရပ်ရမယ် ဆိုရင် လျော်ရမယ့် လျော်ကြေးက ဘယ်လောက်ရှိမလဲဆိုတာ မခန့် မှန်းနိုင်ပါဘူး။ အရင် (ချီးထုပ်) အစိုးရ က လက်မှတ်ထိုးခဲ့တယ်ဆိုတာလည်း ဦးသန်းရွှေ ရဲ့ ပိုင်ဆိုင်မှုအနေနဲ့ ထိုးတာမဟုတ်ပါဘူး၊ နိုင်ငံ့ ခေါင်းဆောင် အနေနဲ့ ထိုးတာပါ အဲဒါကြောင့် စီမံကိန်း အားလုံးဟာ အစိုးရ ဘယ်နှစ်ဆက်ပြောင်းပြောင်း နိုင်ငံရဲ့  အမွေ ဖြစ်သွားပါပြီ။ ဒါတွေအားလုံးကို လျော်ဖို့ ဘယ်က ပိုက်ဆံရပြီး ဘယ်လို ဆပ်ကြမှာလဲ... နိုင်ငံရဲ့  အခွန်တော်ကို ထမ်းဆောင်နေတဲ့ လူဟာ နိုင်ငံမှာ ရှိတဲ့ လူဦးရေ ရဲ့  ၁% ခန့် ပဲ ရှိတယ်လို့ ဖတ်ဖူးပါတယ်။ အဓိက ရတဲ့ ငွေဟာ အဲဒီ စီမံကိန်းတွေ ရောင်းစားတာနဲ့  ဌာနဆိုင်ရာတွေက ရတဲ့ ငွေ (ဥပမာ - စည်ပင်သာယာ) တွေနဲ့  နိုင်ငံ့ အရင်းအမြစ်တွေ ကို ထုတ်ရောင်းတဲ့ ဆီက ရတဲ့ ပိုက်ဆံနဲ့ ပဲ နိုင်ငံ ဆက်လက်ရပ်တည်နေရတာပါ။ ဘာလို့  Complain တက်ရလဲဆိုတော့ အကို ပြောတာတဲ့ အားလုံးကို Revise လုပ်သင့်တယ်ဆိုတာ ကလည်း Cancel နဲ့ မတူတာမှန်ပါတယ်။ ဟိုဘက်ကရော လက်ခံဦးမှပါ။ လက်မခံရင် လျော်ပေရော့ပဲ... အဲဒါကြောင့် နိုင်ငံ အတွက် ဝိုင်းဝန်းစဉ်းစားပေးကြပါ။ By Pixie Lay  
  • ဝေဖန်တာကျေးဇူးပါ၊ ကျွန်တော်ကိုယ်တိုင် ပါဝင်ခဲ့ဘူးတဲ့ Investment Project Agreement ချုပ်ဆိုတာနဲ့ပါတ်သက်ပြီးပြောရရင်၊ နိုင်ငံတော် အဆင့် ဘယ်စာချုပ်မှာမှ လျော်ကြေးဆိုတာမပါပါ၊ Government to Government (G to G), Government to Private/ Public (G to P) နုစ်မျိုးရှိရာမုာ၊ G to G project ကနဲပါတယ်၊ G to G မှာလဲ လျော်ကြေးဆိုတာမပါပါ၊ တရုတ်နဲ့က G to P တွေများပါတယ်၊ G to P မှာဘာပါလည်းဆိုတော့ Sovereign Guarantee ခေါ်တဲ့ Project ကို ပြည်သူပိုင် မသိမ်းပါဘူးဆိုတဲ့ အာမခံချက်နဲ့၊ ပြည်သူပိုင် သိမ်းခဲ့ရင် နစ်နာကြေး ပြန်ဖော်နိုင်အောင် ဗဟိုဘဏ်က State Bank Guarantee ထုတ်ပေးပါတယ်၊ တခြားနိုင်ငံတွေရဲ့ State Bank Guarantee က တန်ဘိုးအရှိဆုံး Guarantee တွေဖြစ်ပေမဲ့၊ Defacto အစိုးရ အုပ်ချုပ်ပြီး Sanction အောက်က Myanmar ရဲ့ Sovereign Guarantee နဲ့ State Bank Guarantee က ကမ္တာ့စာချုပ်စာတမ်းဈေးကွက်မှာ ငါးပြားမှမတန်ပါဘူး၊ နောက်ပြီးစာချုပ်တိုင်းမှာ Force Majeure ဆိုတာပါပါတယ်၊ Project လုပ်နေတဲ့နိုင်ငံမှာ စစ်ဖြစ်ခဲ့ရင်၊ "ဆန္န ပြပွဲဖြစ်ခဲ့ရင်"၊ သဘာဝဘေးကျရောက်ခဲ့ရင်၊ အစိုးရ (သို့) Investor က Notice ပေးပြီး တဘက်သတ်ရပ်လို့ရပါတယ်၊ ဘာလျော်ကြေးမှပေးစရာမလိုဘူး၊ ဒါကြောင့် ဦးသိန်းစိန် အစိုးရက မြစ်ဆုံကို ဖျက်သိမ်း (ပြည်သူပိုင်သိမ်း) တယ် မပြောဘဲ ရပ်ဆိုင်းတယ်လို့ပြောတာပါ၊ Force Majeure ကိုသုံးတာပါ၊ အင်မတန်ကောင်းတဲ့ရွှေ့ကွက်ပါ၊ ဒါကြောင့်တရုပ်တွေ ဘာမှလုပ်မရဘဲ ဟိုအော် ဒီအော် နဲ့ ပြန်ညှိမယ်လုပ်နေတာပါ၊ ဒီဥပမာကို ကြည့်ရင်၊ အစိုးရက Force Majeure သုံးပြီး Investor ကိုပြန်ညှိ ခိုင်းလို့ရကြောင်း ထင်ရှားပါတယ်၊ ကြေးနီတောင် ကိစ္စမှာ ကော်မရှင်ဖွဲ့တာ ပထမခြေလှမ်းပါ၊ မြစ်ဆုံတုံးက Without Notice လုပ်ခဲ့တဲ့အတွက် နောက်တခု ထပ်လုပ်ရင်မကောင်းတတ်လို့၊ ဆန္န ပြပွဲ နဲ့ ကော်မရှင်ကို ခေါင်းစဉ်တပ်၊ ဆင်ခြေဆင်လက် ပေးပြီး တရုတ်နဲ့ညှိ ဖို့ ဖြစ်နိုင်ပါတယ်၊ မယုံရင်ကြည့်ပါ တရုတ်က ပြန်ညှိ လာပါလိမ့်မယ်၊ Investor ဆိုတာ လျော်ကြေး လိုချင်တာမဟုတ်ပါ၊ စီးပွားရေးလုပ်ချင်လို့ အကျိုးအမြတ် များများရချင်လို့လာလုပ်တာပါ၊ ကြေးနီတောင် Investment Project Agreement ကို လူထုကြားချပြပြီး နားလည်သူများက တဖက်စောင်းနင်း ဖြစ်နေတဲ့ အချက်တွေပြင်၊ နှစ်ဘက်မျှတ အောင် ပြန်ရေး၊ ဒေသခံတွေ အတွက်၊ သဘာဝပတ်ဝန်းကျင် အတွက် အချက်တွေ ဖြည့်စွက် လိုက်ရင်၊ တရုတ် ငြင်းလို့မရပါဘူး၊ သူငြင်းရင် သူက စာချုပ်ဖောက်ဖျက်သူဖြစ်သွား ပါမယ်၊ အဲ စာချုပ်မှာ အဘ တို့အတွက် ပွဲခတွေ၊ ဆွေ ၇နှစ်ဆက် ပေးရမယ့်ကော်မရှင်တွေပါလို့ ချမပြရဲရင်တော့ မပြောတတ်ဘူး ဗျာ၊ ဥပမာပေးရရင် တောင်အမေရိက ဗင်နီဇွဲလား သမ္မတ Hugo Chavez က American ကိုကြည့်မရတော့ American ရေနံကုမ္မဏီတွေ နဲ့ နိုင်ငံတော် အဆင့် စာချုပ်ထားတဲ့လုပ်ကွက်တွေ အားလုံးကို ဘလိုင်းကြီး ပြည်သူပိုင်သိမ်းပြီး မောင်းထုတ်၊ ငါးပြားမှ နစ်နာကြေးမပေးနိုင်ဘူးကွာ ဆိုပြီး ထုတ်ပေးထားတဲ့ Guarantee တွေအားလုံး Cancel လုပ် လိုက်တာ American တွေ ကက်ကက်လန်အောင် အော်ယုံ ပဲတတ်နိုင်တယ် ဘာမှ လုပ်လို့မရ၊ တကမ္တာလုံးက တရားရုံးတွေမှာ တရား ပတ်စွဲလဲ ဒီနေ့ထိ ငါးပြားမှ မရသေးပါ၊ သူကတော့ လူဆိုးပေါ့ဗျာ၊ ဒါပေမဲ့ Sovereign State ဆိုတာ လုပ်ချင်ရင် လုပ်လို့ရကြောင်း ပြောတာပါ၊ နောက်တော့ ကျွန်တ်ာတို့ဇာတ်လိုက် တရုတ်က ဗင်နီဇွဲလား ကိုပြေးပြီး လုပ်ကွက်တွေ အားလုံးကို Take Over လုပ်လိုက်တာပါ၊ ဒါကြောင့် ကျွန်တော်တို့ လုပ်ရမှာက နိုင်ငံတော်အဆင့် ကော်မရှင်ဖွဲ့ပြီး ကြေးနီတောင် အပါအဝင် နိုင်ငံတော် အဆင့် စီမံကိန်း အားလုံးရဲ့ စာချုပ် တွေပြန်စိစစ် Investor တွေနဲ့ပြန်ညှိ ဖို့တောင်းဆိုရမှာပါ၊ စာချုပ် တွေ ဖျက်သိမ်းဖို့ကို အားမပေးပါ၊ အရင်စာချုပ်တွေပြန်ညှိ၊ နောက်လာမဲ့စာချုပ်တွေကို သေချာ စိစစ်ပြီး မသာမနာ ရအောင် အကြံပေးနိုင်တဲ့ တတ်သိပညာရှင်များ၊ နဲ့ပါ သင့်သူများပါတဲ့ Foreign Direct Investment Advisory ကော်မရှင်ကို မှန်ကန်စွာ ဖွဲ့နိုင်ရင် ပြည်တွင်းလဲ လေးစား၊ ပြည်ပလဲ လေးစားပြီး လက်ရှိပြသနာတွေ လဲပြေလည်၊ Investment အသစ်တွေလဲ ပိုပြီး ဝင်လာနိုင်ပါတယ်၊ By Wanna More
  • ဘာပဲဖြစ်ဖြစ် တခြားနိုင်ငံတွေကလိုမျိုး.. ခံခဲ့ရတဲ့ ပြည်သူနဲ့ သံဃာတော်တွေကို သမ္မတက တောင်းပန်လိုက်သင့်တယ်။  witch83 
  • သိုးကလေး ပြောသလို... အကြမ်းဖက်ဖြိုခွင်းမှု ကိစ္စကို ဘာ့ကြောင့်ဖြစ်တာလဲ သိအောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပီး စုံစမ်းရေး ကော်မရှင်ဖွဲ့ထားကြောင်း၊ ဒဏ်ရာရခဲ့တဲ့ သံဃာတော်များကို လိုအပ်တဲ့ စောင့်ရှောက်ကုသမှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ၊ စီမံကိန်းရဲ့ အကြောင်းအရာ အစစ်အမှန်များကိုလဲ ကော်မရှင်က စုံစမ်းပီးတဲ့ အခါ ပြည်သူသိအောင် တင်ပြသွားမှာ ဖြစ်ကြောင်း၊ မည်သို့ကြောင့် ယခုကဲ့သို့ မီးလောင်နှိမ်နင်းမှု ဖြစ်ပေါ်ခဲ့သလဲ မသိရသေးပေမဲ့ ဖြစ်ခဲ့တဲ့ အကြောင်းအရာအတွက်တော့ ပြည်သူများအားလုံးနဲ့ ဒါဏ်ရာရ သံဃာများကို တောင်းပန်ကြောင်း၊ နောက်နောင် အဲ့ဒီလို အကြမ်းဖက်နှိမ်နင်းမှုမျိုး မဖြစ်ပေါ်အောင် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း...သမ္မကြီးက TV ကနေ.. အဲ့လိုမျိုးလေး တောင်းပန်သင့်ပါတယ်။ 
ဒါဆို မဖြစ်သင့်တာတွေ မဖြစ်တော့ဘဲ ပြည်သူတွေလည်း ကျေနပ်သွားမှာပါ။ ခုဆို တခြားနေရာတွေမှာပါ  ဆန္ဒပြနေပါပြီ။ ဒီလက်ပတောင်းတောင်အရေးကနေ တခြားနေရာတွေမှာပါ ပြန့်ပြီး မဖြစ်သင့်တာတွေ မဖြစ်အောင်လုပ်ဆောင်သင့်ပါတယ်လို့ပြောရင်း ဒီပို့(စ်)လေးကို အဆုံးသတ်လိုက်ပါတယ်။

Thank you for reading this post
13-12-12 ( 12:42PM; GMT+8)

4 comments:

  1. နံပါတ် ၁ မြန်မာတယောက်ရဲ့သတင်းလေးကတော့
    သတင်းဘလော့တွေနဲ့ ဖဘ မှာအတော်လေးတွေ့လိုက်ရတယ်
    ခုရေးထားတာလေးဖတ်မိတော့ သိပ်မှန်တာပေါ့.....
    ကျန်တဲ့သတင်းလေးတွေကတော့ ခုမှသေချာသိလိုက်ရတာပါ....
    ဆက်လက်ရေးသားနိုင်ပါစေ
    ချစ်ခင်တဲ့ sis jasmine

    ReplyDelete
  2. comment အတွက် ကျေးဇူး အများကြီး တင်ပါတယ် sis jasmine ရေ... ဘာရယ်မဟုတ်ပါဘူး။ ဒီလိုပဲ ချရေးကြည့်တာပါ။ :)

    ReplyDelete
  3. သိပ်ပြီးတော့ စဉ်းစားမနေပါနဲ့ Data လိမ်တယ်ဆိုတာက ကြားလူကလိမ်ပေးတာလည်းရှိတယ် ကိုယ်တိုင်တမင်လည်းလိမ်တယ် လူတွေကိုနားမလည်ဘူး သူတို့ပဲသုံးမရတဲ့ဘွဲ့လို့ပြော ပြီးတော့ အဲဒီ့သုံးမရတဲ့ ဘွဲ့လေးတောင်မရခဲ့လို့ လိမ်ပြီးထည့်ကြရတယ် မြန်မာနိုင်ငံသားတစ်ယောက် လိမ်ခဲ့တာဟုတ်ပါတယ် အဲဒါတစ်ခုနဲ့ မြန်မာနိုင်ငံသားတွေ လူလိမ်ဖြစ်သွားတာမှမဟုတ်တာ တစ်ခြားနိုင်ငံသားတွေလည်း လိမ်ကြတာပါပဲ အဲဒီလိုသာယူဆလိုက်ပါ အဲဒါစိတ်ချမ်းသာတယ် :D

    ReplyDelete
  4. တန်ဖိုးမရှိတဲ့ဘွဲ့ဆိုပြီး မယူဘဲနေပြီးမှ လိုအပ်မှန်းသိလာတဲ့အခါ ကောက်လိမ်တာလည်း ဖြစ်နိုင်ပါတယ်။ ဟုတ်ပါတယ် လူပျိုကြီးရယ်... အဲ့လိုပဲတွေးတာ ကောင်းပါတယ်။ တစ်ယောက်လိမ်ရုံနဲ့တော့ အားလုံးလိမ်တယ် ပြောလို့မရပါဘူး။ ဒါပေမဲ့လည်း ......

    ReplyDelete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer