" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA
ခွန်းဆက်
~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)
May 17, 2013
ဦးစားပေးခံရခြင်း ဆိုရာဝယ်
ဘုတ်ဆုံမတစ်ယောက် ဒီနေ့ အလုပ်သွားဖို့ နောက်ကျပြန်လေပြီ။
အင်း.. ပြောရရင်တော့ ဒီနေ့မှ မဟုတ်ပါဘူးလေ။ နေ့တိုင်းလိုလို အကြောင်းအမျိုးမျိုးနဲ့ နောက်ကျနေတာပါပဲ။ နောက်ကျတတ်တာကိုက ဘုတ်ဆုံမရဲ့  signature တစ်ခုလိုကို ဖြစ်နေပါပြီလေ။ အရင်နေ့တွေကတော့ နောက်ကျရင် တက္ကဆီစီးပေမဲ့ ခုတစ်လော တက္ကဆီစီးရတာတွေများနေတဲ့အပြင် လကုန်ခါနီးမို့ ပိုက်ဆံပြတ်နေတာနဲ့ပဲ ဒီနေ့တော့ mrt ပဲ စီးတော့မယ်။ အိမ်နဲ့ mrt က တော်တော် အလှမ်းဝေးတာမို့ လမ်းကလည်း မလျှောက်ချင်တာကြောင့် ဘတ်(စ်)ကားစီးဖို့ စဉ်းစားလိုက်ပါတယ်။
"အင်း.. ဘတ်(စ်)ကားက အကြာကြီး စောင့်ရရင်တော့ ဒုက္ခ"လို့ တွေးရင်း အလုပ်နောက်ကျရင် မျက်နှာကြီးစူပုတ်ထားမဲ့ ချစ်မန်နေဂျာမရဲ့မျက်နှာကို မြင်ယောင်ကာ ဘတ်(စ်)ကားဂိတ်ကို ပြေးမတတ် လမ်း လျှောက်လာလိုက်ပါတယ်။ လူက ကားမှတ်တိုင်လည်းအရောက် ဘတ်(စ်)ကားကလည်းအရောက်မို့ ဝမ်းသာအားရ အပြေးတက်၊ ကားပေါ်ရောက်တော့ ထိုင်စရာ နေရာတွေကလည်းများ.. အင်း ဘုတ်ဆုံမတစ်ယောက် နောက်ကျပေမဲ့ ကံတော့ကောင်းနေသေးသကိုး။ ထိုင်ခုံမှာထိုင်လိုက်တော့ ကိုယ့်အရှေ့က ခုံတန်းမှာထိုင်နေတာက သိပ်ကိုချစ်ဖို့ကောင်းတဲ့ကလေးမလေးတစ်ယောက်နဲ့ သူမရဲ့အမေ။ ကောင်မလေးက ကောင်းကောင်းမထိုင်ဘဲ ဆော့နေတယ်။ သဘောကျလို့ သူ့ကို ပြုံးကြည့်နေရာက ကားကမရွေ့လို့ ဘေးဘီကြည့်လိုက်တော့ ကားကမီးပွိုင့်မိနေတယ်။ "ကျွတ်.. နောက်ကျနေပါတယ်ဆိုမှ..."
ဂိတ်ဆုံးတော့ (MRTရှိတဲ့ဂိတ်က ဘတ်(စ်)ကားဂိတ်ဆုံးပါ။) ဆင်းမယ်ဆိုပြီးအထ အရှေ့က ကလေးမလေးက ဝုန်းဆို ထလိုက်ပြီး ခုန်ပေါက်နေလို့ သူတို့သားအမိကို အရင် ပေးသွားလိုက်ပါတယ်။ အရင် ပေးသွားလိုက်ပြီးကာမှ မှားသွားမှန်း သိလိုက်ရပါတယ်။ ကလေးက ခုန်ဆွ၊ခုန်ဆွနဲ့ ဆော့နေပြီး အနောက်က ဆင်းမဲ့သူတွေကို ပိတ်နေပါတော့တယ်။ အမေလုပ်သူကလည်း သူ..အလျင်မလိုတိုင်း ကလေးကို ဒီအတိုင်း ကြည့်နေပါတော့တယ်။
"အောင်မလေး.. ငါ့နှယ်.. နောက်ကျနေပါတယ်ဆိုမှ။  ဒီသားအမိ အရင်ဦးစားပေးလိုက်တာ ဒုက္ခနဲ့လှလှတွေ့ပါရောလား။ အမေလုပ်တဲ့သူကလည်း ဒီအချိန် လူတွေ အလုပ်သွားတဲ့အချိန်၊ အားလုံး အလျင်လိုနေကြတယ်ဆိုတာ မသိဘူးလား မသိပါဘူး။ အနောက်ကလူတွေကိုမှ အားမနာ။"
X X X X X X X X X X X X
သူတို့နှစ်ယောက်အနောက်ကနေ စိတ်ကိုဆွဲဆန့်ပြီး ဖြေးဖြေးချင်းဆင်းလာလိုက်တာ ကားအောက်လည်းရောက်ပြီမို့ mrt ဆီကို အသုတ်နှင်ပြီး ပြေးလိုက်မိပါတယ်။ mrt ထဲဝင်ပြီး စက်လှေကားပေါ်တက်မယ်လုပ်တော့ အဘွားတစ်ယောက် အရှေ့ကပိတ်ပြီး စက်လှေကားပေါ်တက်ဖို့ ကြိုးစားနေတာနဲ့ ပြေးတာကို ဘရိတ်အုပ်ပြီး အဘွားပြီးအောင် စောင့်လိုက်ပါတယ်။ ဒါပေမဲ့ အဘွားက စက်လှေကားပေါ် တက်ပြီးသွားတော့ ဘယ်ဘက်ကပ်မရပ်ဘဲ ညာဘက်မှာ ရပ်နေပြန်ရော... အဲ့ဒါနဲ့ သူ့ညာဘက်ကနေတက် ပြီးတော့ လှေကား တဆင့်ထက်တက်၊ ဘယ်ဘက်ပြောင်း၊ အပေါ်ကို ကဆုန်ပေါက်ပြေးတက်ခဲ့တယ်။ (ရထားဝင်လာတာတွေ့လို့)။
အလယ်မှာ ချောင်နေပြီး အဝမှာ ပြည့်ကျပ်နေတာမို့ လူတွေကို "Excuse Me" နာနာပြောပြီး ရထားအလယ်ထဲကိုတိုးဝင်ပြီး အလယ်မှာ ချောင်ချောင်ချိချိ ဝင်ရပ်နေလိုက်ပါတယ်။ နှစ်မှတ်တိုင်လောက်စီးပြီးတဲ့နောက် ကိုယ့်ရှေ့ကလူထသွားတာမို့ ထိုင်ခုံမှာ ဝင်ထိုင်ရင်း အတွေးတွေ နယ်ချဲ့ရင်းက ဘုတ်ဆုံမရဲ့စိတ်တွေ ဟိုးအတိတ်ဆီ ရောက်သွားပါတော့သည်။
X X X X X X X X X X X X
" မေမေ.. သမီးလည်း ဗြိတိသျှကောင်စီကဖွင့်တဲ့ အင်္ဂလိပ်စာသင်တန်း တက်ချင်တယ်။" 
ဘုတ်ဆုံမ ဆယ်တန်းစာမေးပွဲပြီးသွားလို့ BC က စာကြည့်တိုက်မှာ အိမ်က အသင်းဝင်လုပ်ပေးထားတာကြောင့် စာအုပ်သွားဖတ်ရင်း၊ အင်္ဂလိပ်စာ ကတ်ဆက်ခွေတွေ သွားနားထောင်ရင်း၊ စာအုပ်တွေငှားရင်းက တွေ့တွေ့နေရတဲ့ ကျောင်းသူကျောင်းသားတွေကို အားကျပြီး မေမေ့ကို ပူဆာလိုက်မိသည်။
" အို.. သမီးရယ်.. အခုက ကိုကို တက်နေတယ်လေ။ ဒေါ်လာနဲ့ ပေးရတဲ့ဟာကို။ နှစ်ယောက်ဆို မနိုင်ဘူး သမီးရဲ့။ ပြီးတော့ သူ့ GCE ကျူရှင်လခတွေလည်း ရှိသေးတယ်။ စာမေးပွဲကြေးတွေလည်း ပေးရဦးမှာ။ ခုလည်း သမီးကို ဒီလောက်ကောင်းတဲ့ တီချယ်အေးဆီမှာ အင်္ဂလိပ်စာသင်တန်း ထားပေးထားတာပဲဥစ္စာ။ သမီးက လိမ္မာပါတယ်။ ကိုကို အတန်းတွေအားလုံးပြီးတော့ သမီး တက်ပေါ့။ ဟုတ်ပြီလား။"
အင်းလေ.. ဟုတ်ပါတယ်။ ကိုကိုပြီးတော့မှပဲ ငါတက်တော့မယ်။ သူလည်း ခု.. upper inter A ရောက်နေပြီပဲဟာ။ ပြီးဖို့ သိပ်မလိုတော့ပါဘူးလေ။ တီချယ်အေးလည်း ဒီလောက်ကောင်းနေတာပဲဟာ။ တီချယ်အေးကျူရှင်ကအပြန် ကျောက်ကုန်းကနေ (၃၉)ကားကြီးစီးပြီး BCက စာကြည့်တိုက်ကို ပုံမှန်သွား၊ ညီမဝမ်းကွဲဖြစ်သူ BC မှာအတန်းရှိလို့ သူနဲ့အတူ ကပ်လိုက်ရင်လိုက်ရင်းက အကိုဖြစ်သူနဲ့ ညီမဝမ်းကွဲတို့ရဲ့ အတန်းတွင်းအတွေ့အကြုံများကိုနားထောင်ပြီး အားကျရင်းက ဘုတ်ဆုံမတစ်ယောက် အကိုဖြစ်သူ သင်တန်းပြီးမည့် အချိန်ကို လက်ချိုးရေတွက်ရင်းစောင့်နေမိပါသည်။
သို့သော်လည်း upper interတန်းများ ပြီးသည့်အခါ BC မှာ Advanced 1a, 1b, 1c, 2a, 2b, 2c ဆိုပြီး ပေါ်လာပြန်ပါသည်။ တက်မည့်ကျောင်းသား သိပ်မရှိလို့ Advanced 1b တွင် ထိုအတန်းများကို BC က ရပ်လိုက်ပြန်ပါသည်။ General English အတန်းများ တက်နေရင်းက "Better Writing", "Business English", "Phonetics" အစအစရှိသည့် သင်တန်းများကိုပါ BC တွင်တက်ခဲ့သောကိုကိုသည် Advanced 1b ပြီးသွားသောအခါ IELTS ဖြေမည် ဖြစ်သွားပါသည်။
ဘုတ်ဆုံမတစ်ယောက်လည်း စောင့်ရင်းစောင့်ရင်းက တက္ကသိုလ်များ ဖွင့်ပြီမို့ ကျောင်းတက်နေတာကြောင့် BCမှ စာကြည့်တိုက်ကိုတောင် တစ်ပတ်တစ်ခါသာ သွားနိုင်တော့ပါသည်။ ကိုကိုကတော့ IELTSကို BC တွင်သာမက.. စတန်လေလှ၊ အီရန်ကာတာ၊ တီချယ်အေးအစသဖြင့် တက်နေပြီး.. GCE 'A' level ဖြေရန် ကြိုးစားနေပါတော့သည်။
"သားရေ... အင်္ဂလန်မှာ ကျောင်းထားပေးဖို့က အရမ်း များလွန်းတယ်။ မင်းအဖေကလည်း အင်္ဂလန်ဆို မဖြစ်နိုင်ဘူး ပြောနေတယ်။ ခါးပြတ်မှာစိုးရတယ်။ နီးနီးနားနား စင်္ကာပူပဲ သွားပါလား။ ဒါဆို မင်းအဖေအဆင်မပြေတော့ရင်တောင်မှ အဒေါ်တွေက ဝိုင်းပံ့ပိုးပေးလို့ ရတယ်။ သား.. ကျောင်းပြီးသွားတော့ အငယ်တွေကို ပြန်ခေါ်ပေါ့"
လို့  နိုင်ငံခြားမှာ ကျောင်းသွားမတက်သေးခင် ရန်ကုန်က တက္ကသိုလ်တစ်ခုခုမှာ ကျောင်းဆက်တက်ဖို့ကိုလည်း လုံးဝလက်မခံသော၊ အမျိုးထဲတွင် အကြီးဆုံးဖြစ်သော၊ တစ်ဦးတည်းသောယောကျာင်္းလေးဖြစ်သော ကိုကို့ကို ကြီးတော်လုပ်သူက  အကြံပေးပါသည်။ ကိုကိုကတော့..
"ဟင့်အင်း... သားက အင်္ဂလန်မှ အင်္ဂလန်ပဲ။"
ပာု တွင်တွင်ငြင်းရင်းက ကျမတို့အငယ်တွေကို ဘာမှ တန်ဖိုးမရှိသော စာရွက်တစ်ရွက်အတွက် မြန်မာပြည်က တက္ကသိုလ်တွေမှာ အချိန်ဖြုန်းနေသည်ဟု ဆိုပြန်သေးသည်။
ဒီလိုနှင့်ပဲ.. မိမိမကျွမ်းကျင်သော၊ သူများကိုအားကိုး၍လုပ်ရသော စီးပွားရေးလုပ်ငန်းများကို လုပ်ရင်းက မိန်းမသားချည်းသာရှိသော ကျမတို့မိသားစုမှာ တဖြေးဖြေးနှင့်  ငွေကြေးအင်အားများ  ယိုင်နဲ့လာပါသည်။ တော်သေးသည်။ ကိုကို့ စကား နားမယောင်ဘဲ ကျမတို့တတွေ ထိုစာရွက်များကို ရအောင်ယူခဲ့မိသည်။ ထိုစာရွက်တွေကြောင့် ကျမတို့ ညီအမတစ်တွေ စင်္ကာပူတွင် ငါးပိသံဝဲသော အင်္ဂလိပ်စကားကိုပြောရင်း ဘဝကို တည်ဆောက်နိုင်၊ အိမ်ကို ပြန်ထောက်ပံ့နိုင်ခဲ့ကြလေသည်။  စီးပွားရေးမကောင်းသည့်ကြားက ကိုယ်တွေကို ဖြစ်မြောက်အောင် ရုန်းကန်ပြီး ထောက်ပံ့ပေးခဲ့သော မိသားစုကိုလည်း အလွန်ပင် ကျေးဇူးတင်မိပါသည်။
X X X X X X X X X X X X 
"အင်း.. ဘတ်(စ်)ကားပေါ်က ကလေးလေးနဲ့ စက်လှေကားပေါ်က အဘွားကတော့  အားနည်းတဲ့သူတွေမို့ ဦးစားပေးသင့်ပါတယ်လေ။ အဲ့လိုမဟုတ်ဘဲ မိသားစုတစ်စုမှာ၊ အဖွဲ့အစည်းတစ်ခုမှာဆိုရင်တော့ ဦးစားပေးရမဲ့ အရှေ့ကလူဟာ အားနည်းသူ မဖြစ်သင့်ဘူး။ အားကိုးရလောက်တဲ့သူ၊ မှန်ကန်တဲ့အတွေးအခေါ်ရှိတဲ့သူ၊ ကိုယ့်မိသားစု/ အဖွဲ့အစည်းကို ဦးဆောင်လမ်းပြနိုင်တဲ့သူ ဖြစ်သင့်တယ်။ မဟုတ်ရင်တော့ သူလည်း အရှေ့ကို မတက်၊ အနောက်ကလူတွေလည်း လမ်းပိတ်နေတော့မယ်။" လို့ အတွေးနယ်လွန်းနေရင်းက ရထားရပ်သွားလို့ မှတ်တိုင်ကို ကြည့်လိုက်တော့...
"အောင်မလေး...  ဆင်းရမဲ့မှတ်တိုင်ထက် နှစ်ခုတောင် ကျော်သွားပြီ။ သေတော့မှာပဲ။"လို့ ညီးတွားရင်း ရုံးနောက်ကျလို့ စူပုတ်နေမဲ့ ချစ်မန်နေဂျာမရဲ့ မျက်နှာလေးကို မြင်ယောင်ကာ ဘုတ်ဆုံမတစ်ယောက် ရထားပေါ်မှ အမြန် ပြေးဆင်းလိုက်ရပါတော့သည်။     ။
X X X X X X X X X X X X 
စကားချပ်။      ။ သူများတွေကို အားကျလို့ ဝတ္ထုရေးကြည့်တာ အက်ဆေးလိုလို၊ ဆောင်းပါးလိုလို ဖြစ်သွားပါတယ်။ လိုအပ်ချက်များ၊ တိုက်ဆိုင်မှုများရှိလျှင် ခွင့်လွှတ်ပါ။ ဆက်လက်ကြိုးစားပါဦးမည်။ ^^
Regards, witch83 (12:03PM; 17/05/2013; GMT+8)
Photo Source; http://lovethepossibility.wordpress.com
5 comments:
  1. အက်ဆေးဆန်ဆန်လေး။
    စကားပြေ၊ စကားပြော နည်းနည်းလေး ရောနေတာကလွဲရင် မက်ဆေ့ခ်ျရော ရေးထားတာလေးရော ဖတ်လို့ကောင်း
    :)
    ReplyDelete
  2. စကားပြောလေး နည်းသွားတာက လွဲရင် အကုန်ကောင်းတယ်။ မက်ဆေ့ဂ်ျပေးထားတာမျိုးလေးပါတော့သဘောကျတယ်။စာတပုဒ်ဖတ်ရင် မက်ဆေ့ဂ်ျ သို့မဟုတ် ရသလေးပါမှ ကြိုက်တတ်တော့ ဒီစာလေးကို ကြိုက်စ်။ ဆက်လက်ရေးသားပါဦး သူငယ်ချင်းလေးရေ။ အမြဲအားပေးနေမယ်နော်။ :)
    ReplyDelete
  3. ဦးစားပေးခံရခြင်းနဲ့ ဦးစားပေးခံရသူ တဲ့။
    မြတ်လည်း အိမ်မှာ အကြီးဆုံးဖြစ်ပြီး အရာရာမှာ မောင်နှင့်ညီမထက် ဦးစားပေးခံခဲ့ရတော့ သူတို့လေးတွေ ကိုယ့်ကြောင့် အငုံ့စိတ် မဝင်အောင်၊ ကိုယ့်အပေါ် အထင်မလွဲအောင်၊ ကိုယ့်ကို အမြဲတမ်း ချစ်ချစ်ခင်ခင် အားကိုးချင်အောင် ကြိုးစားနေထိုင်နေရတယ် ညီမရေ။
    ReplyDelete
  4. သတိတရနဲ့ အချိန်ပေးပြီး စာလာဖတ်ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။း)))
    @ ကိုဝေမိုးနိုင်.. ကိုယ့်ဘာသာဖတ်တုန်းက အဲ့နှစ်မျိုးရောနေတာ သတိမထားမိဘူး။ ဒီကွန်မန့်ရပြီး ပြန်ဖတ်မှ မြင်ပါတယ်။ ထောက်ပြပေးတဲ့ ကျေးဇူးပါ။ နောင်လည်း ဆက်ပြီး သင်ပြ၊ထောက်ပြပေးပါဦး။
    @ ကြည်ဖြူပိုင်.. ကျေးဇူးအထူး သူငယ်ချင်းမလေးရေ.. နောက်ဆို သတိထားပြီး ပြင်မယ်နော်။
    @ မမြတ်ပန်းနွယ်... အမပြောတာ မှန်ပါတယ် အမရေ.. ကိုယ်ကိုတိုင်လည်း အိမ်မှာ အကြီးမို့လို့ သတိထားရပါတယ်။ မမြတ်က အစ်မကောင်းတစ်ယောက်ဆိုတာကတော့ အစ်မရေးတဲ့စာတွေကနေ ခန့်မှန်းနိုင်ပါတယ်။ တကယ်ကတော့ အလုပ်နောက်ကျတဲ့နေ့က အတွေ့အကြုံကို အခြေခံပြီး စိတ်ထဲတွေးမိတာလေးကို ဆက်စပ်ရင်း ဇာတ်လမ်းဖွဲ့ထားတာပါ။ မက်ဆေ့(ခ်ျ) တစ်ခု ပေးချင်တဲ့သဘောလေးနဲ့ရေးတာပါ။
    ReplyDelete
  5. မိုးနတ်အထင်လဲ ဆရာဝေမိုးနိုင်သုံးသပ်သွားတာလေး မှန်တယ်လို့ထင်မိတယ်.....
    စကားပြေ စကားပြော နဲနဲ ရောနေတာလေးက နောက်များပြင်လိုက်ရင်
    အဆင်ပြေသွားမှာပါ မရယ်.....:)
    ဆက်လက်ထုဆစ်နိုင်ပါစေ မ :)
    တကယ်က မနေ့က ကတည်းကလာမန့်တာ...
    ကောက်နက်ရှင်ကြောင့် ဘယ်လိုမှ မန့်လို့မရတာ :(((
    ကောင်းသောညပါ ချစ်မ အာဘွားးးးးးးးးးးးးးးးး
    ReplyDelete
အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..
Followers
အားဆေးလေးတွေ...
Cool Blue Outer Glow Pointer