ရန်ကုန်မပြန်ခင်
မင်္ဂလာဆောင်ရှိတာမို့ ရန်ကုန်မှာ သုံးစရာတွေရှိတာကြောင့်... စက်တင်ဘာလထဲမှာရော၊ အောက်တိုဘာလဆန်းမှာပါ... ဒီမှာသုံးဖို့ နည်းနည်းပဲချန်ပြီး၊ ရန်ကုန်ကို ပိုက်ဆံ အကုန်..လွှဲလိုက်ပါတယ်။လွှဲပြီးမှ ငွေသုံးစရာတွေက ပေါ်လာပါတယ်။ တယ်လီဖုန်းဘေ(လ်)ကလည်း ဒီလကျမှ outgoing call ကို အလွန်အကျွံ ပိုပြောမိပါတယ်။ ဘေ(လ်)မြင်ပြီး တော်တော် ရင်ခံသွားပါတယ်။ ( စကားချပ်။ ။ ဒါဟာ စလုံးမှာနေခဲ့တဲ့ နှစ်တွေတလျှောက်လုံးမှာ ပထမဆုံးပါ။ ကျောင်းသူဘဝတုန်းက student plan နဲ့ မိနစ်(၁၀၀)ဖိုးဝယ်ပြီး မိနစ်(၂၀၀)ဖိုးသုံးရတုန်းကတောင် မိနစ်ကိုကျော်မသုံးဖူးပါဘူး။ မိနစ်ကျော်မဲ့ကျော်တော့လည်း အလွန်အကျွံ)။ ဒီကြားထဲ သူငယ်ချင်းအရင်းတစ်ယောက်ကလည်း ငွေလိုနေတော့ ကူလိုက်ရပါသေးတယ်။ အောက်တိုဘာလ (၂၈)ရက်နေ့မှာ အိမ်ပြောင်းဖို့ရှိပေမဲ့ လခက(၂၆)၊ (၂၇)ရက်နေ့ဆို ပုံမှန်ဝင်တတ်တော့ စိတ်..သိပ်မပူမိပါဘူး။ အဲ... ကံဆိုးချင်တော့ Operation Managerမက audit တွေနဲ့ အလုပ်တွေရှုပ်နေတဲ့အပြင် ..မလေးရှားသွားရလို့ လခက ဝင်နေကြအချိန်မှာ မဝင်ပါဘူး။
(၂၈)ရက်နေ့မှာက အိမ်လခတစ်လစာနဲ့ ကျန်နေတဲ့ စပေါ်တစ်ဝက်၊ ပြီးတော့ (၄)ရက်စောဝင်လို့ ရက်နဲ့တွက်ပြီးပေးရမဲ့ အခန်းငှားခ၊ အိမ်ပြောင်းပေးတဲ့ mover အစ်ကိုကြီးကို ပေးရမဲ့ အဖိုးအခ.. အားလုံးပေါင်းတွက်ပြီး မျက်လုံးပြူးရပါတော့တယ်။ အဲ့ဒါနဲ့ သူငယ်ချင်းဆီက ပိုက်ဆံပြန်တောင်း၊ ပြီးတော့ wallet ထဲကငွေသားအပါအဝင် ကိုယ့်မှာရှိတဲ့ပိုက်ဆံအားလုံးကိုစုလိုက်တော့ ပေးရမဲ့ပိုက်ဆံပမာဏထက် (၇၀)လိုနေပါတယ်။ ဒါနဲ့ပဲ (၂၉)ရက်နေ့မှာ လခ ပုံမှန်ဝင်တဲ့ သူငယ်ချင်းကို ( သူ့မှာ ပိုက်ဆံ သိပ်..မကျန်တော့မှန်း သိပေမဲ့) ပိုက်ဆံ ချေးခိုင်းရပါတော့တယ်။ လခက (၃၀)ရက်နေ့မှဝင်ပြီး (၃၁)ရက်နေ့မှ သုံးလို့ရပါတယ်။ ပြန်မှာက နိုဝင်ဘာလ(၂)ရက်နေ့ မနက်အစောပိုင်းမို့ တော်တော် ကသိကအောက် ဖြစ်ပါတယ်။ credit card ကလည်း ကိုယ့်အတွက်ရော၊ သူငယ်ချင်းတစ်ယောက်အတွက်ပါ IPP plan နဲ့ ဝယ်ထားပြီး သူများမှာတဲ့ ပစ္စည်းတွေကို credit card နဲ့ဝယ်ထားပေးတာမို့ ပိုက်ဆံသိပ်မကျန်တော့ပါဘူး။ bill ဆောင်ရအောင်ကလည်း လခဝင်ပြီးမှ ဆောင်လို့ရမှာဆိုတော့။ လက်ဆောင်တစ်ချို့  ကြိုဝယ်ထားလို့သာတော်ပါတော့တယ်။ ကျန်နေတဲ့သူတွေအတွက်ကိုတော့ လေယာဉ်ကွင်းကို မနက် အစောကြီးရောက်အောင်သွားပြီး လေဆိပ်ကဆိုင်တွေမှာ ဝယ်ရပါတော့တယ်။
အီဖေကိုယ်နှင့် စလုံးလေဆိပ်လုံခြုံရေး
ခရီးသွားရင် ကျော့ကျော့လေး သွားရတာကိုကြိုက်ပေမဲ့ လက်ဆောင်ထုတ်တွေပါတာကြောင့် hand carry တစ်အိတ် ယူလာပါတယ်။ ဝယ်ထားတဲ့ လက်ဆောင်အိတ်ကို ချုံ့ ပြီးပေါင်းထည့်ထားပေမဲ့ hand carry အိတ်အပြင်၊ အိတ်က နောက်တစ်အိတ်သတ်သတ် ထပ်ဖြစ်နေပါတယ်။ Boarding queue ကတော်တော် ရှည်ပါတယ်။ နာရီဝက်ကျော်လောက်များ စောင့်ရသလားတောင် မသိပါဘူး။ အရေးထဲ လူဖြူအဖွားကြီးတစ်ယောက်က ကြားလာဖြတ်ပါသေးတယ်။ ပြောလိုက်ပါသေးတယ် " ကြားဖြတ်ရလို့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ လူတန်းကြီးက အရမ်း ရှည်လို့ပါ" ဆိုပြီး။ ကိုယ့်အရှေ့ က လူလတ်ပိုင်း ကိုလူဖြူလူရွယ်ကလည်း "ဒါ လူတိုင်းလုပ်ရတဲ့ တစ်ခုတည်းသောနည်းလမ်း၊ အနောက်မှာ စီနေတဲ့သူတွေအများကြီး..ဘာညာဆိုပြီး" ကွန်ပလိန်းတက်ပါတယ်။ အဖွားကြီးက မျက်နှာနည်းနည်းပျက်သွားပေမဲ့ နေရာကတော့ မရွေ့ ပါဘူး။ ( သြော်... နိုင်ငံကြီးသူ၊ နိုင်ငံကြီးသူ)။
လေယာဉ်ချိန်က ၇း၅၅၊ ကိုယ့်အလှည့်ရောက်တော့ ၇း၃၀နေပါပြီ။ ပစ္စည်းတွေကို scanဖတ်တော့ အရည်ပါတယ်လို့ပြောပြီး ထုတ်ခိုင်းပါတယ်။ ကိုယ်ကလည်း လုံးဝ မထည့်ထားသူမို့ ... မပါဘူး။ ကိုယ့်ဘာသာကိုယ်ရှာလို့ ပြောပြီးငြင်းပါတယ်။ ( ဒီနေရာမှာ စလုံးက လုံခြုံရေးအရာရှိနဲ့ မြန်မာပြည်ကအရာရှိ ကွာပါတယ်။ ကိုယ့်ပစ္စည်းကိုကိုင်ရမှာ အသေကြောက်ပါတယ်။ အထက်စီးက မပြောပါဘူး။) သူနဲ့ကိုယ်ရှာရင်းနဲ့မှ သူငယ်ချင်းထည့်ပေးလိုက်တဲ့ ဘုန်းကြီးကိုလှုဖို့ထည့်ထားတဲ့အထုတ်ထဲက ယိုလိုလိုဟာကို သွားတွေ့ပါတယ်။ အဲ့ဒါနဲ့ ထားခဲ့ရပါတယ်။ နှမြောဖို့ ကောင်းပါတယ်။ လခသိပ်မကောင်းတဲ့ သူငယ်ချင်းက သဒ္ဓါပေါက်ပေါက်နဲ့ ဘုန်းကြီးကို ဈေးကြီးတာတွေ ဝယ်လှုလိုက်တာပါ။ သူငယ်ချင်းကိုပြန်ပြောတော့ အဲ့ဒါ ငှက်သိုက်လို့ ပြောပါတယ်။ အဲ့ဒါပါတယ်လို့ ကျမကို သူပြောလိုက်တယ်လို့လည်း ပြောပါတယ်။ ပြန်စဉ်းစားတော့ မသေချာပါဘူး။ ထားပါတော့။ သူလာပို့တဲ့အချိန်က တော်တော် နောက်ကျနေပြီး ကိုယ်ကလည်း တခြားသူငယ်ချင်းတစ်ယောက်အိမ်ပြောင်းတာ သွားကူပြီးအပြန်ဆိုတော့ ပင်ပန်းပြီး အိပ်ငိုက်နေပါပြီ။
ဘာပဲဖြစ်ဖြစ် လေဆိပ်မှာအစစ်ခံရတာဟာ ကျမဘဝမှာ ဒါ... ပထမဦးဆုံးပါပဲ။ ကိုယ်တိုင်မထည့်ထားတဲ့ပစ္စည်းကို အရှာခံရခြင်း အကျိုးဆက်အနေနဲ့ကတော့ ပစ္စည်းတွေ ပွကျဲကုန်တာပါပဲ။ ပစ္စည်းတွေ ပြန်ထည့်ပြီးထွက်အလာမှာ ကျမ အရမ်းကြိုက်တဲ့ (ကျမသူငယ်ချင်းတွေလည်း ကြိုက်ကြတဲ့) အမြဲဝတ်နေကျ ကုတ်အကျီ င်္အမဲလေး ကျကျန်ခဲ့ပါတယ်။ လေယာဉ်ထွက်မှ သတိထားမိပါတယ်။ နှမြောလိုက်တာ။ :(
ရန်ကုန်လေဆိပ် အတွေ့အကြုံ
ရန်ကုန်ရောက်တော့ queue စီပြီး တော်တော်ကြာမှ Form နောက်တစ်ခုလိုနေတာ သိရလို့ ဖောင်ပြန်သွားယူပြီးဖြည့် queue ပြန်စီ။ ဒါနဲ့ပဲ မကြာသင့်ဘဲ ကြာသွားပါတယ်။ Immigrationဝင်တော့ လူတွေ နည်းနည်း ပြောင်းလဲသွားပါပြီ။ လူဝင်မှုကြီးကြပ်ရေးအရာရှိက သိပ်..စကားမများတော့ပါဘူး။ အဖေနာမည်မေးပြီး မပြန်ခင် D-Form လုပ်ဖို့ပဲ ပြောပါတယ်။
(အရင်အခေါက်တုန်းကတော့ Passport ထဲ (တမင်တကာ) ပိုက်ဆံ(၁၀)မညှပ်ဘဲပေးလိုက်လို့ ... ဒီနိုင်ငံကို ဘာလို့ သွားတာလဲ၊ ဟိုနိုင်ငံကိုဘာလို့သွားတာလဲ၊ ဘာ pass နဲ့နေတာလဲ။ အလုပ်လုပ်တဲ့ cardလေးပြပါ၊ အလုပ် ဘယ်တုန်းကစလုပ်တာလဲ.. မေးတာ စုံနေတာပါပဲ။ နောက်ဆုံး.. စိတ်မရှည်တော့လို့ .. အလုပ် ကိစ္စနဲ့သွားတာ၊ business visa လို့ စာရွက်ပေါ်မှာ ရေးထားတာတွေ့တယ်မဟုတ်လား။ အလုပ်ကိစ္စနဲ့ သွားတာပေါ့။ ဘာပြဿနာရှိနေလို့လဲဆိုပြီး မျက်နှာကြောတင်းတင်းနဲ့ မေးလိုက်တော့မှ... အနားကို In-charge တစ်ယောက် ကောင်တာနား ရောက်လာပါတယ်။ အဲ့တော့မှ.. အဲ့ဒီ ကောင်တာကလူလည်း ဘာမှ ဆက်မမေးတော့ဘဲ ပေးဝင်လိုက်ပါတယ်။
နောက်တစ်ခုသတိထားမိတာက Immigration ဝင်တော့ နိုင်ငံခြားသားတွေဘက်က queueက အရှည်ကြီးပါပဲ။မြန်မာတွေဘက်မှာ လူသိပ်မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ရန်ကုန်ပြန်တိုင်း လူဝင်မှုကြီးကြပ်ရေးအရာရှိကို ဒေါ်လာတစ်ဆယ်နဲ့ ချောကလက်တစ်တောင့် ဘယ်တုန်းကမှ မပေးခဲ့ဖူးတာ ကိုယ့်ကိုကိုယ် ကျေနပ်မိပါတယ်။
Immigrationကိုကျော်တော့ အိတ်သွားရွေးရပါတယ်။ ကိုယ်သယ်လာတဲ့ hand carry အိတ်ကို ညီမအမျိုးသားရဲ့အစ်ကိုက သူ့လှည်းပေါ် တင်ထားပေးပါတယ်။ ( သူက စလုံးကို transit ပါ။) ပြီးတော့ ကိုယ်က laggage collection လုပ်တဲ့နေရာနားသွားပြီး ကိုယ့်အိတ်ကို သွားစောင့်နေလိုက်ပါတယ်။ အစောကြီး check in ဝင်မိလို့လား မသိပါဘူး။ အိတ်က တော်တော်နဲ့ထွက်မလာပါဘူး။ ထွက်လာတော့ အိတ်ယူတဲ့ပုံက ရီရပါတယ်။ ဒီတစ်ခေါက်က ပဲများပြီး ပြန်လာတာဆိုတော့ စကပ်အတိုအကျပ်နဲ့၊ ဒေါက်ဖိနပ်အချွန်၊ အမြင့်နဲ့ ဖြစ်နေပါတယ်။ ဘေးတိုက်အတိုင်းလာနေတဲ့ ကိုယ့်အိတ်ကိုဆွဲမယူပြီး ( လေးလို့)အောက်ကို ပစ်ချလိုက်ပါတယ်။ ပြီးမှ ဘေးတိုက်ကို အပေါ်ပြန်ထောင်၊ ဆွဲတဲ့လက်ကိုင်ကိုထုတ်ပြီး .. ကိုယ့်ကို နောက်ကနေ မျက်လုံးပြူးနဲ့ကြည့်နေတဲ့ သူ့အစ်ကိုကို "I am done, let's go"ဆိုပြီး ခပ်တည်တည်နဲ့ ထွက်လာခဲ့ပါတယ်။ လေဆိပ်ရောက်နေတဲ့ ကြီးတော်အလတ်ကတော့ ကိုယ်ဖြစ်နေတာတွေကို နောက်ကနေမြင်ပြီး အသည်းယားနေပါတယ်။ ကိုယ်မှန်းလည်း သူ..မသိပါဘူး။ ဒီကောင်မလေး စကပ်တိုလေးနဲ့ဆိုပြီး စိတ်ထဲတွေးနေတုန်း ကိုယ်က သူ့မြင်ပြီး လက်ပြလိုက်တော့ ..အမလေးဟဲ့ ငါ့တူမ.. အတင်းမပြောမိတာကံကောင်းဆိုပြီး ဖြစ်သွားပါတော့တယ်။ :P
ကိုယ်တိုင်မြင်တွေ့ခဲ့ရသော လက်ရှိရန်ကုန်
မြန်မာပြည်မှာ အရင်က ပိုက်ဆံရှိမှ ကားစီးနိုင်၊ ဟန်းဖုန်းကိုင်နိုင်ပေမဲ့ အခုတော့ အဲ့လို မဟုတ်တော့ပါဘူး။
(၁) ကိုယ့်မျက်စိနဲ့တွေ့ရတာတော့ ကားတွေ အရမ်း များလာတယ်ဆိုတာပါပဲ။ လမ်းတွေ တအားကျပ်ပြီး အပြင်ထွက်ရင် လမ်းပေါ်မှာတင် တော်တော် အချိန်ကုန်ပါတယ်။ ကားမောင်းကြတာလည်း စည်းပျက်၊ကမ်းပျက်ကြီးပါပဲ။ ကားအရေအတွက်တိုးလာတာ၊ ဈေးကျလာတာ တကယ်ပဲ ဝမ်းသာမိပါတယ်။ ဒါပေမဲ့ လမ်းတွေ တိုးချဲ့ ဖို့တော့ လိုနေပါပြီ။ လှည်းတမ်းဂုံးကျော်တံတားကြီးကတော့ ကိုယ်စလုံးပြန်လာတဲ့ နိုဝင်ဘာလ (၁၃)ရက်နေ့အထိ မပြီးသေးပါဘူး။ အိုဘားမားလာတဲ့နေ့က မျက်နှာစာအုပ်ပေါ်မှာ တွေ့လိုက်ရတာကတော့ လှည်းတန်းဂုံးကျော်တံတားကြီး ပြီးသွားပါပြီ။ လမ်းကြီးမှ အကျယ်ကြီးပါပဲ။
(၂) နောက်တစ်ခုက ဖုန်း service ပါ။ ရန်ကုန်ကို လေယာဉ်ဆိုက်ဆိုက်ချင်း "Welcome to Myanmar, Roaming service... blah blah"ဆိုပြီး sms ဝင်လာပါတယ်။ ဈေးကြီးနေသေးပေမဲ့ International Roaming service ရပြီမို့ ဝမ်းသာပါတယ်။ နောင်ဆို dataနဲ့ sms roaming ပါ ရမယ်ထင်ပါရဲ့။
နောက်ပြီး လိုင်းတွေ ပို..ကောင်းလာပါတယ်။ အရင်တုန်းက အိမ်ရှေ့ ဝရန်တာရဲ့ နေရာနှစ်ခုမှာ မတ်တတ်ရပ်ပြီးပြောမှ၊ ညဘက်ဆိုရင်တော့ ထိုင်ပြောလို့ရပါတယ်။ အိမ်နောက်ဖေးမှာ တခါတလေ လိုင်းမိပါတယ်။ မဟုတ်ရင် လိုင်းမမိပါဘူး။ အခုဆိုရင် handset အဟောင်း၊ အစုတ်သုံးတာတောင် အိမ်အတွင်းထဲကနေလည်း ပြောလို့ရပါတယ်။ ဖုန်းကို အခန်းထဲထည့်ထားလည်း ဖုန်းမြည်ပါတယ်။ လိုင်းမကောင်းဘူးဆိုပြီး Internet ပေါ်မှာ ကာတွန်းပုံတွေ ဘာကြောင့်များ ခုထိ ရှယ်ကြတုန်းလဲဆိုတာ စဉ်းစားမရနိုင်ပါဘူး။ အရင်ကဆို ရန်ကုန်ကို ဖုန်းခေါ်ရတာ အရမ်း ခက်ပါတယ်။ ခုများဆို ဖုန်းခေါ်ရတာ လွယ်သွားပါတယ်။ တစ်ခါတစ်ရံ ကိုယ့် handsetမကောင်းတာ ကြောင့်လည်း ဖုန်းပြုတ်ကျတာ ဖြစ်နိုင်ပါတယ်။ ဖုန်းခေါ်မရတာ ဖြစ်နိုင်ပါတယ်။ စလုံးလိုနေရာမှာတောင် တစ်ခါတစ်လေ ဖုန်းခေါ်မရဘူးဆိုတာ ဖြစ်တတ်သေးတာပဲ မဟုတ်လား? ဒါပေမဲ့ .. မြန်မာပြည်ဟာ Standardization တော့ လုပ်ဖို့လိုပါတယ်။ GSM ရော၊ CDMA ရော၊ WCDMA၊ Satellite ရော၊ Cellularရော .. နည်းစုံလျှောက်လုပ်တော့ လိုင်းတွေ ရှုပ်ကုန်ပါတယ်။ မြို့ပြဧရိယာမှာ GSM ကို ဒီ frequency နဲ့သုံးမယ်၊ ကမ်းရိုးတန်းဧရိယာဆို WCDMA သုံးမယ်အားလုံးကို uniform လုပ်တာ ပိုအဆင်ပြေမယ် ထင်ပါတယ်။ နောက်ပိုင်းတော့ ပြောင်းမယ် ထင်ပါတယ်။ ခုတောင် cellular phone တွေသိမ်းပြီး တခြားဖုန်းအသစ် ပြန်ထုတ်ပေးတယ်ဆိုလားပဲ။
ဖုန်းဈေးတွေ ကျလာတာကိုလည်း ဝမ်းသာပါတယ်။ ကျပ် (၅၀၀၀)တန် SIM ကဒ်ဆိုပြီး မဖြစ်နိုင်လွန်းတဲ့ကိစ္စမျိုးကို တောင်းဆိုမနေချင်တဲ့သူဆိုတော့ ဖုန်းတွေ ပေါများလာပြီး ဈေး..ကျလာတာကိုပဲ ဝမ်းသာမိပါတယ်။ ပွဲစားလည်း မလိုတော့သလို အပိုငွေဆောင်းပေးရတယ်ဆိုတာ မရှိတော့တာကလည်း အပေါင်းလက္ခဏာပါပဲ။ ခုပဲခေတ်ပြောင်း၊ ခုပဲ (၅၀၀၀)တန်ဖုန်းချပေးဆိုတာကတော့ ပြည်သူတွေ နည်းနည်း demanding ဖြစ်တယ် ထင်ပါတယ်။ မြန်မာနိုင်ငံဟာ ဟန်လည်းမရှိ၊ အဆံလည်းမရှိတော့တဲ့နိုင်ငံပါ။ ဘယ်သူ့ကြောင့်၊ ဘယ်ဝှာ့ကြောင့်လို့ ပြောနေရမဲ့အချိန်လည်း မဟုတ်တော့ပါဘူး။ အစိုးရနဲ့လူတစ်ချို့ ကို အပြစ်မတင်မီ၊ ကိုယ်တိုင်ကရော နိုင်ငံသားကောင်း ဟုတ်ရဲ့လား ပြန်မေးသင့်ပါတယ်။ ကိုယ့်တိုင်းပြည်ကိုရော ဘာပြန်ပေးပြီးပြီလဲဆိုတာ တွေးသင့်ပါတယ်။ ကိုယ်ကိုတိုင်က အပြင်ကလူဖြစ်ပြီး ဒါမျိုးပြောရတာလည်း သဘာဝမကျဘူးဆိုတာ သိပါတယ်။ အထဲမှာရှိတဲ့သူလည်း မကူနိုင်၊ အပြင်မှာရှိတဲ့သူတွေလည်း မပြန်နိုင်တဲ့အချိန်မှာ ပြင်နိုင်တဲ့သူတွေ၊ ပြင်ချင်တဲ့သူတွေ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေချိန်မှာ ကိုယ်နိုင်တာလေးတွေ ဝိုင်းလုပ်ပေးရင်း ကောင်းသောပြောင်းလဲခြင်းတွေကို ကြိုဆိုသင့်ပါတယ်။ တအားကြီးလည်း စွတ်..မတောင်းဆိုသင့်ပါဘူး။ စိတ်မတည့်တာနဲ့ စီတန်း ဆန္ဒပြတာမျိုးကိုလည်း မကြိုက်ပါဘူး။ ( ဒါမျိုးစကား FB ပေါ်မှာ သွားမပြောရဲပါဘူး။ သိတယ်မလား? ခုခေတ်က FB ပေါ်မှာ လူတွေ အဆဲခံရတဲ့ခေတ်လေ၊ ဘဘော့ဂါအစ်မတစ်ယောက်ပြောသလိုပေါ့... ဘာမှ မလုပ်လည်း အဆဲခံရတယ်၊ တစ်ခုခုထလုပ်လည်း အဆဲခံရတယ်။ အကောင်းပြောလည်း အဆဲခံရတယ်၊ မကောင်းပြောလည်း အဆဲခံရတယ်.. )
ကျမညီမရဲ့ မင်္ဂလာဆောင်
ရန်ကုန်ပြန်ရောက်ပြီး နောက်တစ်ရက် စနေနေ့က မိဘမဲ့စာသင်ကျောင်းမှာ မင်္ဂလာဦးအလှုအနေနဲ့ ဘုန်းကြီးတွေနဲ့ မယ်သီလရှင်တွေကို ဆွမ်းကပ်၊ ကလေးတွေကို ထမင်းကျွေး၊ ကျောင်းစိမ်း၊ စာအုပ်၊ ခဲတံ စသဖြင့် လိုတာတွေကိုလှု... ကိုယ့်အလှုမဟုတ်ပေမဲ့.. မြင်ရတာ အရမ်း ကြည်နူးရပါတယ်။ သဒ္ဓါ အရမ်းပေါက်တာနဲ့ တစ်မျိုးလုံးဆီက အလှုလိုက်ခံ၊ ကိုယ်တိုင်လည်း အလှုငွေထည့်ပြီးတော့ ပိုက်ဆံလှုလိုက်ပါတယ်။ ကျမညီမရဲ့ မင်္ဂလာဦးအလှုပြီးတော့ မင်္ဂလာဧည့်ခံပွဲအတွက် လိုတာတွေလိုက်ဝယ်၊ ပြင်ဆင်စရာရှိတာတွေပြင်ဆင် အလုပ်တွေ ရှုပ်နေတာပါပဲ။ ဧည့်ခံပွဲနေ့ကျတော့လည်း ရှုပ်ရှက်ခတ်နေတာပါပဲ။ "မင်္ဂလာဆောင်ရတာ တော်တော် မလွယ်ပါလားနော်"လို့ မေမေနဲ့ ကြီးကြီးကို ပြောလိုက်တော့ သူတို့က သဘောတွေကျပြီး ရီပါတယ်။ ဒါဆို "ညည်းက မယူတော့ဘူးလား" တဲ့.. မယူဘူးမပြောပါဘူး။ ယူကို ယူမယ်လည်းမပြောပါဘူး။ မင်္ဂလာဆောင်ရတာ စိတ်မော.. လူမောဖြစ်ရတယ်။ မလွယ်ဘူးလို့ ပြောတာပါ။ :P
Family Gathering
မိသားစုမင်္ဂလာဆောင်လည်းဖြစ်... ဟိုး အစောကြီးကတည်းက ကြိုစီစဉ်ထားတာကြောင့်.. အားလုံး အိမ်ပြန်လာကြတာမို့ family gathering လို့ပြောရင် ရနိုင်ပါတယ်။
- အလုပ်များတဲ့ကြားက အိမ်ကချက်ပေးတဲ့ ဟင်းကောင်းကောင်းလေးတွေစားရင်စား၊
- အမျိုးတွေအိမ်လျှောက်လည်ပြီး ချက်ပြီးတဲ့ မြန်မာဟင်းအထူးအဆန်းတွေစားရင်စား
- အပြင်ထွက်ပြီး YKKO တို့၊ မင်းလမ်းမုန့်တီတို့ သွားစားတဲ့အခါစား
- မိသားစု ဓါတ်ပုံတွေရိုက်၊ လူကြီးတွေကိုကန်တော့၊ မောင်နှမတွေပြန်စုံ၊ ငြင်းကြ၊ နောက်ကြ၊ စကားနာထိုးကြ .. ပျော်စရာကြီးပါပဲ။ နေခဲ့ရတဲ့(၁၀)ရက်တာကာလဟာ တော်တော် မြန်လွန်းပါတယ်။
ပဲခူးခရီးတို
မင်္ဂလာဧည့်ခံပွဲပြီးနောက်တစ်ရက်ကတော့ အိမ်မှာ မနက်ပိုင်းနား.. ညနေဘက် မိသားစုစားဝိုင်းလေး တစ်ခု အပြင်မှာလုပ်။ နောက်တစ်ရက်ကျတော့ ပဲခူးကို နေ့ချင်းပြန်ခရီးထွက်ပါတယ်။ တနေကုန် ပျော်စရာကြီးပါပဲ။
စသွားတုန်းက ရန်ကုန်အလွန်မှာရှိတဲ့ စိုပြေစားသောက်ဆိုင်ကို သွားတာပါ။ နောက်နေ့မနက်အစော လေဆိပ်ဆင်းရမှာမို့ ခရီးမသွားချင်ပေမဲ့ ညီမနှစ်ယောက်နဲ့ မောင်လုပ်သူတို့က တက်ကြွနေတာမို့ ညီမရဲ့သူငယ်ချင်းကလည်း စိုပြေကို ညွှန်းထားတာမို့ သွားဖို့ သဘောတူလိုက်တာပါ။ ကျမညီမက သူ့ wedding dinner ကိုမလာတာ မကျေနပ်နေသူမို့ ခရီးတိုသွားဖို့ သဘောတူလိုက်တာပါ။ ဒါပေမဲ့ နောက်နေ့မနက်.. တကယ်လည်း မြို့ပြင်ထွက်ရော.. စိုပြေကနေ ပဲခူးဖြစ်သွားပါတယ်။ ပဲခူးအပြန်မှ စိုပြေဝင်မယ်ဆိုပြီး အစီအစဉ်ပြောင်းသွားပါတယ်။
ပဲခူးမဝင်ခင် ထမင်းဝင်စားပါတယ်။ ဆိုင်နာမည်တော့ မမှတ်မိပါဘူး။ ဆိုင်လေးက တော်တော် ကောင်းပါတယ်။ ကားတွေရပ်ပေးနေကျဆိုင်တော့ မဟုတ်ပါဘူး။ အဝစား (၂၅၀၀)လို့ ဆိုပါတယ်။ ဒီနေရာမှာ သတင်းတစ်ခုပေးချင်ပါတယ်။ စားပွဲထိုးလေးက တစ်ယောက်..အဝစား (၂၅၀၀)လို့ ပြောလိုက်တော့ ကိုယ်က ထမင်းပွဲပေါ်မူတည်ပြီး ယူတယ်ထင်လို့ ဟင်းတွေမှာမယ်ဆိုတော့ ညီမက တားပါတယ်။ အဝစား (၂၅၀၀)ဆိုပေမဲ့ .. သူက ဟင်းပွဲယူတဲ့အပေါ်မှာ ပိုက်ဆံယူတာပါ။ ကျန်တာက ထမင်းလိုက်ပွဲအနေနဲ့ ယူတာပါ။ ဥပမာ။ ။ ကိုယ်တွေက လူ(၆)ယောက်ရှိပြီး ဟင်း(၄)ပွဲ၊ ထမင်း(၆)ပွဲမှာတယ်ဆိုပါစို့။ သူက (၂၅၀၀ x ၄ = ၁၀၀၀၀+ ထမင်း (၂)ပွဲစာ = ၅၀၀ x ၂ = ၁၀၀၀; ပေါင်း = ၁၁၀၀၀ကျပ်) ယူပါတယ်။ ဟင်းမှာတဲ့သူက ထမင်း ထပ်တောင်းရင် ပိုက်ဆံပေးစရာမလိုပါဘူး။ ပုစွန်ဟင်းကတော့ ချွင်းချက်အနေနဲ့ တစ်ပွဲ (၄၀၀၀)ပါ။ အဲ့ဒါကိုလည်း ကြိုပြောပါတယ်။ အကောင်လည်း ကြီးပါတယ်။ အရသာလည်း ရှိပါတယ်။ ပဲခူးဘက်ရောက်ရင် ငါးရံ့အူဟင်းမှာရတယ်လို့ ညီမက ပြောပါတယ်။ ဘာလို့လည်းတော့ မသိပါဘူး။ စားကောင်းတာတော့ အမှန်ပါပဲ။ ငါးချဉ်သုတ်လည်း သတ်သတ် ထပ်မှာဖို့ မမေ့ပါနဲ့။ ပဲခူးမှာ.. ငါးဖယ်ချဉ်၊ ပုစွန်ချဉ် နာမည်ကြီးပါတယ်။ လက်ဖက်သုတ်၊ ရေနွေးကြမ်း၊ ငါးပိရည်၊ တို့စရာ၊ ချဉ်ရေဟင်းတို့ကတော့ ထုံးစံအတိုင်း အလကားပေးပါတယ်။ ထန်းလျက်ကို အချိုတည်းဖို့ အလကား ချပေးပေမဲ့ အသီးစားချင်ရင်တော့ တစ်ပွဲကို (၃၀၀)ပေးရပါတယ်။ ( မှတ်ချက်။ ။ သိပြီးသားကို ဆရာလုပ်တယ် မထင်စေချင်ပါ။ စေတနာဖြင့် သတင်းပေးခြင်းသာ ဖြစ်ပါသည်။)
ပဲခူးမှာ အစုံတော့ မသွားပါဘူး။ ရွှေသာလျောင်းသွား၊ ပြီးတော့ မြွေဘုရား။ အဲ..ရွှေတိဂုံမှာ ကင်မရာခွန်မဆောင်ရတော့ပေမဲ့ ပဲခူးကဘုရားတွေမှာတော့ ဆောင်ရတုန်းပါ။ ဟန်းဖုန်းဆိုတစ်ဈေး၊ ကင်မရာအသေးဆိုတစ်ဈေး၊ အကြီးဆိုတစ်ဈေး။ :) နောက်.. ကမ္ဘောဇသာဒီနန်းတော်ကို သွားပါတယ်။ ( ခေါင်တွေ တော်တော် ပျက်စီးနေပါပြီ။ maintenance မရှိတာဆိုးပါတယ်။) ယိုးဒယားက သိမ်းလာတဲ့ မိဖုရားပုံတူရုပ်ထုလည်း မရှိတော့ပါဘူး။ အနောက်က ကျားလိုက်သလို သွားရတဲ့ခရီးမဟုတ်လို့ အေးအေးဆေးဆေးနဲ့ စိတ်ချမ်းသာရပါတယ်။
စိုပြေ resort
ပဲခူးကအပြန် စိုပြေကို ဝင်ပါတယ်။ ပိုက်ဆံမရဘဲ ကြော်ငြာပေးလိုက်ဦးမယ်။ :P ကားပေါ်ကဆင်းပြီး ဆိုင်ကို မြင်ရကတည်းက ပျော်စရာကြီးပါ။ ပန်းပုရုပ်တွေ အများကြီးပါပဲ။ နိုင်ငံခြားသားအကြိုက် လုပ်ထားတာ ဖြစ်မယ်ထင်တယ်။အစားအသောက်လည်း ကောင်းပါတယ်။ ဈေးလည်း သင့်ပါတယ်။ မှိုကြော်လေးလည်း မြည်းစမ်းကြည့်ပါ။ မှိုအပွင့်ကို အကြော်မှုန့်နဲ့ ကြော်ထားတာပါ။ ကြွပ်ကြွပ်ရွရွအိအိလေးနဲ့ တော်တော်စားကောင်းပါတယ်။ တစ်ဆိုင်လုံး ပန်းပုအရုပ်တွေနဲ့ အလှဆင်ထားပါတယ်။ ခုံတွေကိုလည်း ပန်းပုခုံလေးတွေ ထုထားပါတယ်။
နာဂစ်ဖြစ်တုန်းက လဲကျသွားတဲ့အပင်တွေကို လေလံဆွဲပြီး ပန်းပုထုပစ်တာလို့ ဆိုပါတယ်။ လူတွေကို ပြိုင်ပွဲဝင်ခိုင်းပြီး ဆုရတဲ့အရုပ်တွေကို ဆိုင်နဲ့ .. ဝင်းထဲမှာ ပြထားပြီး ကျန်တဲ့အရုပ်တွေကိုတော့ အမိုးပဲပါတဲ့အဆောင်မှာ စီပြီး ပြထားပါတယ်။ ဝင်းက တော်တော်ကျယ်ပြီး တံတားနှစ်ခုရှိပါတယ်။ ဘန်ဂလိုမျိုး အိပ်ဆောင် (၄)ဆောင်ရှိပြီး ညအိပ်လို့ ရပါတယ်။ ဒါပေမဲ့ booking လုပ်ဖို့တော့ လိုပါတယ်။ ည(၇း၃၀)လောက်ကျတော့ စိုပြေက ထွက်လာကြပြီး ရန်ကုန်ကို ၈နာရီခွဲကျော်ကျော်လောက် ပြန်ရောက်လာကြပါတယ်။ ကားပေါ်ကဆင်းတာ ကိုယ်တွေ နောက်ဆုံးမို့ မဆင်းခင်.. သေချာစစ်ပြီး သူများ ကျန်တဲ့ပစ္စည်းတွေပါ ကောက်သိမ်းပေးခဲ့ပါတယ်။ ဒါပေမဲ့... ဝမ်းနည်းစရာကောင်းတာက မနှစ်ကမှ ဝယ်ထားတဲ့ ကျမရဲ့ digital camera လေး ကျန်ခဲ့ပါတယ်။ အိမ်ပေါ်ရောက်ပြီး ညီမအငယ်က ကင်မရာတောင်းတော့မှ ကျန်ခဲ့တာ သိပါတယ်။ ဒါပေမဲ့ ... ညီမနဲ့ အရမ်းခင်တဲ့ agent ကနေ ကားငှားပြီးသွားတာမို့ ပြန်ရမယ်လို့ ယူဆခဲ့ပါတယ်။ အဲ့ဒါနဲ့ ညီမဆီဖုန်းဆက်ပြီး အကျိုးကြောင်းပြောရပါတယ်။ ဒါပေမဲ့ .. ညမိုးချုပ်နေလို့ မနက်မှ ဖုန်းဆက်ပေးမယ်ပြောပါတယ်။
Prepare to go back to second home
ခရီးကနေအိမ်ကိုပြန်ရောက်၊ ညီမဆီဖုန်းဆက်။ ပြီးတော့ ရေမိုးချိုးပြီးသကာလ စလုံး ပြန်ဖို့ပြင်ဆင်ရပါတော့တယ်။ စိတ်ကလည်း လေးလံပြီး ငိုချင်သလိုလိုဖြစ်လာပါတယ်။ မေမေနဲ့ အဒေါ်တွေလည်း မျက်နှာ မကောင်းကြတော့ပါဘူး။ ပစ္စည်းအများကြီး မပါလာသူမို့ ကိုယ့်အဝတ်နဲ့ ပစ္စည်းနည်းနည်းကို ထည့်ပြီးတဲ့နောက်တော့ အဒေါ်တွေကပဲ စားစရာတွေ စီပြီး ထည့်ပေးပါတယ်။ နောက်နေ့မနက်တော့ မောင်လုပ်တဲ့သူက လေဆိပ်ကို မနက်စောစော လိုက်ပို့ပေးပါတယ်။ ဖေကြီးကတော့ ဘုရားသွားစရာရှိလို့ မလိုက်ပါဘူး။ မေမေနဲ့ ကြီးကြီးလေးပဲ လိုက်ပို့ပါတယ်။ အရင်အခေါက်တွေကဆို ငိုမဲ့ငိုမဲ့လုပ်တတ်တဲ့ မေမေကတော့ ... မကြာခင် စလုံး လိုက်လာမှာမို့ နည်းနည်း ငြိမ်နေတာကလွဲရင် အဆင်ပြေပါတယ်။ =)
Back to my Second Home
စလုံးလေဆိပ်ကိုရောက်တော့ အချစ်ဆုံးသူငယ်ချင်း စံပယ်ဖူး (nick-nameသုံးထားသည်။) က လာကြိုပါတယ်။ အိမ်ကို ပြန်ရောက်ပြီး ပစ္စည်းတွေ ပြန်ထုတ်တော့ ထည့်ပေးလိုက်တာ ဟင်းတွေ၊ စားစရာတွေ... အများကြီးပါ။ ကိုယ့်အကြိုက်တွေကြီးပါပဲ။ ဝမ်းနည်း၊ ဝမ်းသာဖြစ်ရပါတယ်။ မိသားစုကပေးတဲ့ နွေးထွေးတဲ့မေတ္တာ၊ စေတနာဆိုတာ ကိုယ့်ရဲ့အိမ်မှာပဲ ရနိုင်ပါတယ်။ ဒါပေမဲ့.. ဘဝရဲ့လိုအပ်ချက်၊ မိသားစုရဲ့လိုအပ်ချက်တွေကြောင့် အိမ်နဲ့ ခွဲနေရဦးမှာပါ။ တစ်ချိန်မှာတော့ အိမ်ကို သေချာပေါက် အပြီး ပြန်ရဦးမှာပါ။
People's Decency
စလုံးပြန်ရောက်ပြီး အိမ်ကို ဖုန်းဆက်တော့ .. ကင်မရာက ပြန်မရဘူးလို့ ပြောပါတယ်။ ကားမောင်းတဲ့သူက သူကားကို ပြန်မအပ်ခင်.. သေချာစစ်တယ်၊ မတွေ့ဘူးလို့ ပြောပါတယ်။ အဲ့ဒါနဲ့ ညီမလုပ်သူက "စိုပြေ"ကိုဆက်တော့ မကျန်ခဲ့ဘူးပြောပါတယ်။ စိုပြေမှာ မကျန်ခဲ့တာကတော့ ဟုတ်ပါတယ်။ ကားပေါ်မတက်ခင် ညီမရဲ့ယောက္ခမဖြစ်သူကို ကျမ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ပြပြီး ထွက်လာတော့ လက်ထဲမှာ ကင်မရာပါလာပါတယ်။ ကားပေါ်တက်တော့ ပိုက်ဆံအိတ်နဲ့ကင်မရာကို ပေါင်ပေါ်တင်လိုက်ပါတယ်။ ကားက စူပါကာစတန်မို့ အနောက်ခန်းမှာ နှစ်တန်းပေါင်းမှ (၆)ယောက်ပဲ ထိုင်ရပါတယ်။ ဒါပေမဲ့ လူကများလို့ အနောက်ခန်းမှာ (၈)ယောက်ထိုင်ပါတယ်။ တိုးဝှေ့ထိုင်ရင်း ဟိုရွှေ့ ဒီရွှေ့ မှာ အောက်... ပြုတ်ကျသွားပုံရပါတယ်။ ကင်မရာအိတ်က အမဲရောင်ဖြစ်တဲ့အပြင် compact type မို့ မဲမဲသေးသေးလေးဖြစ်တာကြောင့် ရှာမတွေ့တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နောက်တစ်ခေါက် ပြန်ရှာပေးဖို့ ပြောတော့ ဖုန်းမကိုင်တော့ပါဘူး။ ဘယ်သူ့ကိုမှ မစွပ်စွဲချင်ပေမဲ့ စိတ်ထဲ မကျေနပ်ပါဘူး။
ကင်မရာကို မနှစ်က စက်တင်ဘာလမှာလုပ်တဲ့ IT show မှာမှ ဝယ်ထားတာပါ။ ဝယ်ထားတာ သိပ်မကြာသေးပါဘူး။ review တွေ လျှောက်ဖတ်ပြီးမှ အရောင်ရော၊ အရွယ်အစားရော၊ specificationရောချိန်ပြီး ကိုယ့်စိတ်ကြိုက် ရွေးဝယ်ထားတာပါ။ ခရီးခဏခဏသွားရတာမို့ compact ဖြစ်လွန်းတာ ဝယ်လိုက်တာ အမှားများ ဖြစ်သွားလား မသိပါဘူး။
တကယ်ဆို ကင်မရာ ကျန်တာ ဒီတစ်ခေါက်တည်း မဟုတ်ပါဘူး။ ထိုင်ဝမ်ကို ပထမဆုံးအကြိမ် training သွားတက်ရတုန်းက ကျမရဲ့ ကင်မရာအဟောင်းလေး taxi ပေါ်မှာ ကျန်ခဲ့ဖူးပါတယ်။ နောက်တစ်နေ့မှာ ပြန်ရပါတယ်။ ဒုတိယအကြိမ်မြောက်သွားတုန်းကလည်း ဒီကင်မရာအသစ် dining room ထဲမှာ မနက်စာစားပြီး ချန်ခဲ့ဖူးပါတယ်။ ညနေဘက် ဟိုတယ်ပြန်ရောက်တော့ ဧည့်ကြိုကောင်တာမှာ သွားရွေးယူရုံပါပဲ။ ခု.. ဒီတစ်ခေါက်မှ ပြန်မရတာပါ။ ဒီအကြောင်းကို သူငယ်ချင်းကိုပြောတော့ "Decency is different" တဲ့။ ဆက်ပြောစရာစကား ရှာမတွေ့ တော့လောက်အောင် ဆွံ့ အခဲ့ရပါတယ်။
ပျောက်သွားတဲ့ camera အမျိုးအစား SONY DSC WX-7 |
ကင်မရာကို မနှမြောတာ မဟုတ်ပါဘူး။ နှမြောပါတယ်။ ဒါပေမဲ့ အထဲက ဓါတ်ပုံတွေကို ပိုနှမြောပါတယ်။ ဒီ ကင်မရာဝယ်ပြီးကတည်းက ရိုက်ခဲ့တဲ့ပုံတွေ ကွန်ပျူတာထဲ မထည့်ရသေးပါဘူး။ အကုန်လုံး အဲ့ဒီ ကင်မရာအိတ်ထဲက memory card နှစ်ကဒ်ထဲမှာပါ။ ရှုခင်းမြင်ရင် မရိုက်ရမနေနိုင်သူမို့ ရှုခင်းပုံတွေ အများကြီးပါ။ ကိုယ်ကိုတိုင်ရဲ့ potrait ပုံတွေအများကြီးကလည်း အဲ့ထဲမှာပါပဲ။ သွားခဲ့တဲ့ တစ်ချို့နေရာတွေဟာလည်း နောက်တစ်ခေါက် ပြန်ရောက်ဖို့ မလွယ်တော့ပါဘူး။ ပိုဆိုးတာက မိသားစုဓါတ်ပုံတွေပါ။ အားလုံးဟာ တစ်ယောက်တစ်နေရာဆီ ရောက်နေကြပြီး မိသားစုမှာ မင်္ဂလာဆောင်ရှိလို့သာ ခုလို လူစုံတက်စုံ ရှိတာပါ။ အရမ်းကို နှမြောပါတယ်။ ဒါပေမဲ့လည်း အားလုံးက ကိုယ့်ပေါ့ဆမှုမို့ စိတ်ဖြေနေရပါတယ်။
ပစ္စည်းသင်္ခါရ..လူသင်္ခါရဆိုသော်လည်း ခုချိန်ထိတိုင်အောင်... မနက်မိုးလင်းလို့ အိပ်ရာကနိုးရင် ကင်မရာကိုပဲ သတိရနေပြီး.. ကောက်ရမဲ့သူကို မေတ္တာလှမ်းပို့၊ ပြန်ပို့နိုင်မဲ့ connection ကို ရပါစေလို့ ဆုတောင်းရင်း မနက်..မနက်တွေကို နိုးထနေရပါတယ်။ ခုချိန်ထိတော့ ပြန်ရမဲ့လမ်း မမြင်သေးပါဘူး။ ။
ရန်ကုန်ပြန်မှတ်တမ်း ဒီတွင်ပြီး၏။
Thank you for reading this post.
witch83
(27/11/2012;6:24PM; GMT+8)
To Continue Reading