ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ရုံးအပြန် cold storage ထဲဝင်ပြီး ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်း ဝက်အူချို၊ နှလုံး၊ အသည်း နဲ့ အစာအိမ်၊ နံရိုးနဲ့ အသားကောင်းကောင်းတွေ သွားတွေ့ပါတယ်။ အဲ့ဒါနဲ့ပဲ ဆေးရကြောရ ခက်တဲ့ အစာအိမ်ကလွဲရင် ... ကျန်တာတွေ ဝယ်လာလိုက်ပါတယ်။ နောက်နေ့ညနေ ရုံးကပြန်လာတော့ နံရိုးနဲ့ အသားကို ကြံမဆိုင်နဲ့ ချက်လိုက်ပါတယ်။ ကျန်တာတွေတော့ တုတ်ထိုးလုပ်စားမယ်ဆိုပြီး ချန်ထားလိုက်ပါတယ်။
တုတ်ထိုးလုပ်မယ်ဆိုရင် ကိုယ်က နားရွက်နဲ့ လျှာလည်း ကြိုက်တာမို့ သောကြာနေ့ညနေ အလုပ်ကအပြန် NTUCမှာ ဝင်ရှာမယ် စဉ်းစားထားပေမဲ့ အဲ့ဒီနေ့က အလုပ်များနေပြီး အိမ်ပြန်နောက်ကျတဲ့အပြင် .. ဒီစနေ၊တနင်္ဂနွေမှာလည်း အလုပ် နည်းနည်း လုပ်ရအောင် ရုံးက laptop သယ်လာတာကြောင့် လေးနေတာနဲ့ ဈေးဝင်မဝယ်ဖြစ်တော့ပါဘူး။
+ + + + + + +
သောကြာနေ့ညဘက်... ညီမဖြစ်သူကို လာစားဖို့ ဖုန်းခေါ်တော့လည်း သူ့ပရောဂျက်က dead line နီးနေလို့ အလုပ်မှာ ပရိုဂရမ်သွားရေးနေရတာကြောင့် မလာနိုင်ဘူးဆိုပါတယ်။ ချစ်သုငယ်ချင်း Jasminebud ကလည်း full shift ဆင်းရမှာမို့ မလာနိုင်ပါဘူး။ ချက်ရမှာ တော်တော် ပျင်းသွားပါတယ်။
စနေနေ့ မနက်ရောက်တော့ ကျန်တာတွေ သွားရှာဝယ်သင့်မှန်းသိပေမဲ့ ပျင်းနေတာနဲ့ ဟိုယောင်ယောင်.. ဒီယောင်ယောင်လုပ်နေပြီး Brunch = Breakfast + lunchကို ( အိပ်ရာထနောက်ကျလို့... :P) ရှိတာနဲ့ စားလိုက်ပါတယ်။ Brunch စားပြီး နောက်မှ.. ချက်မဲ့ချက်တော့လည်း စုံအောင်ထည့်လိုက်ပါမယ်လေဆိုပြီး wet market မှာ ဈေးသွားဝယ်လိုက်ပါတယ်။ ဈေးသွားတဲ့အချိန်က (၁၂)နာရီကျော်နေပါပြီ။ :P ...ကံကောင်းစွာနဲ့ .. လက်ကျန် လျှာတစ်ချောင်း ရခဲ့ပါတယ်။ နှလုံး (ဈေးချိုလို့) နောက်တစ်ခုထပ်ဝယ်လိုက်ပါတယ်။ နားရွက်ကိုမေးတော့ တစ်ခေါင်းလုံးယူမှရမယ်ဆိုလို့ ကိုင်ရမှာ ကြောက်တာနဲ့ မဝယ်ခဲ့တော့ပါဘူး။
ဝက်သားတုတ်ထိုး ချက်နည်းကိုတော့ ဒီနေရာမှာ ရယူနိုင်ပါတယ်။ မဝတ်ရည် (Food House) ဆီမှာ ချက်နည်းပဲရေးထားလို့ အသားရေ ဆေးနည်းလေး.. သိသလောက် ပြောပြပါမယ်။ ကိုယ်ကိုတိုင်လည်း ချက်မယ်ဆိုမှ ဘယ်လို ဆေးရမယ်မှန်းမသိလို့ အိမ်ကို ဖုန်းဆက်ပြီး မေးထားတာပါ။ ;)
- အူချိုကို ဒီမှာတော့ sweet instine လို့ခေါ်ပါတယ်။ အူချိုမှာ အပေါ်ပိုင်းပဲကောင်းပါတယ်။ အောက်ပိုင်းက ခါးပါတယ်။ တကယ်လို့များ အောက်ပိုင်းကအူဆိုရင်တော့ ပဲမှုန့်အစိမ်းနဲ့နယ်ပြီးမှ စင်အောင်ဆေးပါ။ အပေါ်ပိုင်းဆိုရင်တော့ ရေနဲ့ဆေးရုံနဲ့ ရပါတယ်။
- နှလုံး ကတော့ အထဲကသွေးတွေ စင်အောင် ဆေးလိုက်ရင် ရပါတယ်။ ဆေးရတာ လွယ်ပါတယ်။
- လျှာ ကိုတော့ ရေနွေးပူပူနဲ့ စိမ်လိုက်ရပါတယ်။ ရေနွေးနဲ့စိမ်လိုက်ရင် လျှာက အလွှာပါးတစ်ထပ်ပေါ်လာပြီး အဲ့ဒီကောင်ကို ဆွဲဖယ်ထုတ်ရပါတယ်။
- အသည်း လည်း ရေနဲ့ပုံမှန်ဆေးလိုက်ရင် ရပါတယ်။
- နားရွက်ဆိုရင်တော့ ဒါးနဲ့သေချာခြစ်ပြီး ဆေးပါ။
ဝက်သားတုတ်ထိုးနဲ့ အတူစားဖို့ကိုတော့ ကြာဇံမကျော်တော့ဘဲ လွယ်ကုတဲ့ နာနတ်သီးထမင်းပဲကျော်စားလိုက်ပါတယ်။ နာနတ်သီးချက်နည်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- Sauce --- ဆား အနည်းငယ်၊ ပဲငံပြာရည်ကြည်တစ်ဇွန်း၊ သကြား ဇွန်းသေးတစ်ဇွန်း၊ နနွင်းရှိရင် အနည်းငယ် ( အဝါရောင် လိုချင်လို့ပါ။)၊ ရှာလကာရည် အနည်းငယ် ကြက်သွန်ဖြူကြိုက်ရင် ထောင်းထည့်ပါ ပေါင်းပြီးဆော့(စ်)အရည်လုပ်ထားပါ။
- နာနတ်သီးအစိတ်လေးတွေလှီးထားပါ။ အသီးအရွက်အနေနဲ့ကတော့ မုန်လာဥနီတို့၊ ပဲသီး အစိတ်လေးတွေလှီး ထည့်လို့ ရပါတယ်။ ပဲစိမ်းစေ့လည်း ထည့်လို့ရပါတယ်။ သီဟိုစေ့ အစိမ်းလေးတွေလည်း ထည့်ကျော်လို့ ရပါတယ်။ တခြားအစာအနေနဲ့ကတော့ ပုစွန်ခြောက်အကောင်လေးတွေ ထည့်လို့ရပါတယ်။ ( ကျမကတော့ ပုစွန်ခြောက်၊ နာနတ်သီးနဲ့ သီဟိုစေ့ပဲရှိလို့၊ ပဲစိမ်းစေ့လေးတွေကလည်း ခဲနေလို့.. ရှိတာပဲ ထည့်လိုက်ပါတယ်။)
- အသားထည့်ချင်ရင် ကိုယ်နှစ်သက်ရာ အသားကို သင့်ရုံအရွယ် လှီးထားပါ။
- ထမင်းကို အအေးခံထားပါ။
ဆီပူပေးပြီးရင် ကြက်သွန်ဖြူတစ်ပြားရိုက်ပြီး ဆီသတ်ပါ။ သီဟိုစေ့ အစိမ်းလေးတွေကို ထည့်ကျော်ပါ။ အသားထည့်ပါ။ နာနတ်သီး ထည့်ပါ။ တခြားအသီးအနှံတွေထည့်ပါ။ ရေနည်းနည်းထည့်ပြီး ဆီပြန်လာရင်.. ဆော့(စ်)နဲ့ရောနယ်ထားတဲ့ ထမင်းထည့်ပြီးကျော်ပေးပါ။ ကျက်ပြီဆိုရင်တော့ မွှေးပြီး ချိချဉ်အရသာရှိတဲ့ နာနတ်သီးထမင်းကြော်လေး ရပါပြီ။
+ + + + + + +
နာနတ်သီးထမင်းကြော်ပြီးတဲ့အချိန်မှာတော့ ဝက်သားတုတ်ထိုးတွေကို အရွယ်တော်လှီးပြီး ရေနွေးကြမ်းနဲ့ လွေးလိုက်ပါတော့တယ်။ ဘေးခန်းက မိသားစုကိုလည်း နည်းနည်း ပေးလိုက်ပါတယ်။ ဒီ weekend နှစ်ရက်လုံးလည်း ဝက်သားတုတ်ထိုးနဲ့ပဲ နှစ်ပါးသွားနေလိုက်ပါတော့တယ်။
စာကြွင်း
စာကြွင်းအနေနဲ့ကတော့ pork organ တွေဆေးပြီးတဲ့နောက်မှာ လူက မအီမလည် ဖြစ်သွားပါတယ်။ ဟင်းချက်ရတာကိုလည်း နည်းနည်း စိတ်ပျက်သွားပါတယ်။ နောက်တစ်ခေါက် ဝက်သားတုတ်ထိုး ထပ်ချက်စားဖို့ ဆိုတာကတော့ တော်တော်လေးကို စဉ်းစားရပါဦးမယ်။
witch83 ( 13-01-2012; 9:39PM; GMT+8)
မိုးနတ်တို့လဲ အိမ်မှာ တုတ်ထိုးကိုတော့ စိတ်လိုလက်ရရှိတိုင်း
ReplyDeleteအစုံဝယ်ပြီး တ၀လုပ်စားကြတယ်...(မိုးနတ်တို့ ဆိုလို့ အထင်မကြီးလိုက်ပါနဲ့...မိုးနတ်ဘာမှလုပ်တတ်ဘူး..မေလုပ်ပေး
တာ အဆင်သင့်ဝင်စားတာ) ခုနောက်ပိုင်း ဖေက ကောင်းကောင်း
ဆူထားလို့ အတော်ကို ဘရိတ်အုပ်ထားရတယ်....
ငယ်ငယ်ရွယ်ရွယ်နဲ့ ရောဂါကို ၀ယ်ယူနေတယ် ဆိုပြီးတော့လေ :)
ခင်တဲ့.....မိုးနတ်
ဝက်သားတုတ်ထိုးတော့ စားချင်သား.. ဒါပေမယ့် အသားမကိုင်တတ်ဘူး။
ReplyDeleteပြီးတော့ ရန်ကုန်ကပြန်ရောက်ကတည်းက ချက်ရပြုတ်ရမှာပျင်းပြီး ဆိုင်မှာချည်းဝယ်စားဖြစ်နေတယ်။
မမမေ ပြောပြောနေတဲ့ inertia ဆိုတာပေါ့း)
@မိုးနတ်ကြယ်စင်, ဟုတ်တယ်.. ရန်ကုန်မှာတုန်းကတော့ အိမ်ကလူကြီးတွေ လုပ်ကျွေးတာကို စားခဲ့ရတာပေါ့။ ဒီရောက်တော့လည်း အရာအားလုံးဟာ.. ကိုယ့်ကိုသာ အားကိုးရတော့တာ... :)
ReplyDelete@Choco, ဟင်းချက်ရတာ ပျင်းနေသလို.. "အချိန်ရရင်တောင်..ရေးဖို့ပျင်းနေသေး"ဆိုသလိုပေမဲ့ Inertia က မကြာခင် ပျောက်တော့မှာပါ။ ;)
witch83 ချက်တာလေးတွေကြည့်ပြီး စားချင်စိတ်တွေပေါက်သွားပြီ။ ဒါပေမယ့် ချက်ရမှာပျင်းစိတ်ကြီးကလွှမ်းမိုးနေတယ်။ ချက်တတ်ပြုတ်တတ်လေး...တော်လိုက်တာ :)
ReplyDeleteစားတော့မစားဘူးညီမလေးရေ ဗဟုသုတအဖြစ်ဖတ်ခဲ့တယ်နော်
ReplyDeleteသူများသိချင်ရင်ကိုယ်ပြောပြလို့ရအောင်လေ
အတော်လေးတော့လက်ဝင်မယ်ထင်ရတယ်
ကြည်ဖြူပိုင်က ဟင်း.. ပိုချက်တတ်ပါတယ်။ ချက်ရတာ ပျင်းတာကတော့ ကိုယ်လည်း အတူတူပါပဲ။ တစ်ပတ်ကို တစ်ရက်လောက်ပဲ ချက်နေသလိုတောင် ဖြစ်နေပြီ။
ReplyDeleteစာ.. လာဖတ်တဲ့အတွက် ကျေးဇူးပါ မဂျက်(စ်)ရေ... အမကို တကယ်ကို လေးစားပါတယ်.. ကိုလွင်ပြင်ကတော့ တော်တော် ကံကောင်းတာပဲ။း)))