" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

March 16, 2013

စကားပြောခြင်းဆိုရာဝယ်...

လူရယ်လို့ဖြစ်လာပြီး လူ့လောကကြီးမှာ ကျင်လည်ရုန်းကန်ရတဲ့အခါ "စကားပြောခြင်း"ဆိုတဲ့ အတတ်ပညာဟာ မရှိမဖြစ် လိုအပ်ပါတယ်။ လူမှုပတ်ဝန်းကျင်မှာ စကားပြောခြင်းဟာ တကယ်ကို အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်တာမို့ ကျမတို့အားလုံးဟာ စကားကောင်းကောင်းပြောတတ်ဖို့တော့ လိုပါလိမ့်မယ်။ စကားပြောခြင်းကပဲ... ကိုယ့်ကို လူတွေ ချစ်ခင်ကူညီချင်လာစေနိုင်သလို ကိုယ့်ကိုမုန်းသူတွေ တပုံတပင်ရှိအောင်လည်း လုပ်ဆောင်နိုင်ပါတယ်။ အဲ့တော့ စကားကို ကောင်းကောင်းပြောဖို့လိုပါမယ်။

စကားပြောကြတဲ့အခါမှာ "ငါ့စကားနွားရ"သဘောမျိုး မပြောမိအောင်၊ သူများ ဒုက္ခရောက်မဲ့စကားမျိုးတွေမပြောမိအောင် ကြိုးစားကြဖို့ လိုမယ်ထင်ပါတယ်။ နောက်တစ်ခုက ပြစ်တင်ဝေဖန်တဲ့သဘောနဲ့ အလွယ်တကူ မပြောဖို့လည်း သတိထားသင့်ပါတယ်။ "Do not criticize someone easily. Go walk into his/her shoes and you will know what his/her life is like"တဲ့.. ကိုယ်တိုင်မလုပ်ကြည့်ရသေးပဲနဲ့၊ ကိုယ်တိုင်တွေ့ကြုံမခံစားရသေးပဲနဲ့ သူများကို မဝေဖန်သင့်ပါဘူး။ ကျမကြည့်နေရသလောက်ကတော့  လူတော်တော်များများဟာ (အထူးသဖြင့် ဖွဘုတ်ပေါ်မှာ) .. ကိုယ်တိုင်ကတော့ ဘာမှ မလုပ်ဘဲနဲ့ သူများကို ဝေဖန်အပြစ်တင်ရင်းနဲ့ပဲ အချိန်တွေဖြုန်းနေကြသလိုပါပဲ။

မန်လည်ဆရာတော်ဘုရားကြီးက မာဃဒေဝလင်္ကာ (၂၆၁) မှာ...

" လောကီလူတမ်း ၊ လူ့နှုတ်ခမ်းကား၊
ချီးမွမ်းကဲ့ရဲ့ ၊ ဖြစ်ခဲ့တက်ခဲ့ရှင့် ၊
 ပြစ်ဖွဲကြည်ညို ၊ ပြောကြဆိုလည်း ၊
 ပြောဆိုသူနှင့် ၊ နှိုင်းကာချင့်တည့် ၊ 
ယခင်ထိုသူ ၊ ယုတ်မြတ်ဟူသည် ၊ 
အယူတူမျှ ၊ ကြည်ညိုကြ၏"
ဆိုပြီး ရေးသားခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ " လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဝေဖန်ပြောဆိုခြင်း၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း.. စတာတွေကို ပြုလုပ်တဲ့အခါမှာ ကိုယ့်ရဲ့စိတ်သဘောထား၊ အယူအဆနဲ့ နှိုင်းယှဉ်ပြီး ပြောခြင်းသာဖြစ်ပြီး..
ယုတ်ညံ့ခြင်း ၊ မြင့်မြတ်ခြင်းဟူသည်မှာလည်း တစ်ဦးနှင့်တစ်ဦး သဘောအယူအဆခြင်း တူညီကြလျှင်
ယုတ်ညံ့သူဖြစ်စေ ၊ မြင့်မြတ်သူဖြစ်စေ တစ်ဦးနှင့်တစ်ဦး ကြည်ညိုကြသည်သာဖြစ်သည်" လို့ ဆိုလိုတာပါ။ [Ref:2]

မြတ်စွာဘုရားက သူတစ်ပါးနဲ့ မိမိကိုယ်တိုင်မှာ နှစ်ဦးထဲက တစ်ဦးချင်းအတွက် (သို့မဟုတ်) နှစ်ဦးလုံးအတွက် အကျိုးမရှိဘူးဆိုရင် အဲ့ဒီစကားကို မပြောဖို့ ဟောကြားခဲ့ပါတယ်။
  • မှန်ကန်၊ အကျိုးရှိ၊ ကြားသူနှစ်သက် သောစကား
  • မှန်ကန်၊ အကျိုးရှိ၊ ကြားသူမနှစ်သက်သောစကား
  • မှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သောစကား
  • မှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်သောစကား
  • မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သောစကား
  • မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်သောစကား
ဆိုပြီး စကားကြီး (၆)ခွန်းရှိတဲ့အထဲကမှ ပထမစကားနှစ်မျိုးကိုသာ ပြောသင့်တယ်လို့ ဟောကြားခဲ့ပါတယ်။

နောက်ပြီး ဝစီကံဟာ အရေးကြီးတဲ့ အမှုဖြစ်တာမို့ စကားပြောမယ်ဆိုရင် ကောင်းမွန်မှန်ကန်ပြီး အကျိုးရှိတဲ့စကားကိုသာ ပြောသင့်ပါတယ်။ ကိုယ့်ခံစားချက် ( ချစ်ခြင်း၊ မုန်းခြင်း..) တွေ၊ အယူအဆတွေပေါ်မူတည်ပြီး သူများကို အကျိုးမဲ့အောင် လျှောက်မပြောသင့်ပါဘူး။

ဒါကြောင့် မြတ်စွာဘုရားက အံ(၅)၊ ဝါစာ(၂၁၃)ထဲမှာ ...

"ပြောသင့်တဲ့အချိန်မှပြော၊ 
အမှန်ကိုပြော၊
 နူးညံ့သိမ်မွေ့စွာပြော၊ 
အကျိုးရှိမှပြော၊
 မေတ္တာရှေ့ထား၍ပြော"
 ဆိုပြီး ဟောကြားခဲ့ပါတယ်။ [Ref:1]

ကိုယ်က ဗုဒ္ဓဘာသာမို့ မြတ်စွာဘုရားရဲ့ တရားတော်တွေနဲ့ယှဉ်ပြီး ပြောနေပေမဲ့ တကယ့်တကယ်တော့ ဘယ်ဘာသာရဲ့ဘုရားကမှ သူများအကျိုးမဲ့စေမဲ့ မဟုတ်တန်းတရားပြောပါလို့ မိန့်ခဲ့မှာမဟုတ်ပါဘူး။ ဘယ်ဘာသာပဲဖြစ်ဖြစ် တကယ်ဆန်းစစ်ကြည့်ရင် အားလုံးက မေတ္တာတရားကိုသာလျှင်   အခြေခံထားကြမှာပါပဲ။ နောက်ပြီး..  ဘာသာရေးရှုထောင့်က မပြောဘုူးဆိုရင်တောင် ဒါဟာ လောကနီတိအရ လက်ခံကျင့်သုံးသင့်တဲ့လမ်းစဉ်ပါပဲ။ "စကား၊စကားပြောပါများ... စကားထဲက ဇာတိပြ" ဆိုတဲ့ဆိုရိုးလည်း ရှိတာမို့ မကောင်းတဲ့ဇာတိရှိသူ မဖြစ်ရလေအောင် စကားကောင်းပြောနိုင်အောင် ကောင်းမွန်တဲ့အမြင်၊ ကောင်းမွန်တဲ့ ခံယူချက်တွေ ရှိသင့်ပါတယ်။ သူများကို ဝေဖန်ပြစ်တင်၊ မကောင်းပြောဆိုတာမျိုး မလုပ်သင့်ပါဘူး။

ဒါကြောင့်မို့လို့ လူသားအားလုံး တစ်ယောက်နဲ့တစ်ယောက်ကြားမှာ မှန်ကန်သော၊ ကောင်းမွန်သော၊ အကျိုးရှိသောစကားများကို မေတ္တာရှေ့ထားပြီး ပြောနိုင်ကြပါစေလို့ ဆုတောင်းရင်း ဒီပို့(စ်)လေးကို နိဂုံးချုပ်လိုက်ပါတယ်။

မှတ်ချက်။    ။
ဒီပို့(စ်)ကို ရေးဖြစ်သွားစေတာကတော့ World of Wisdom FB page မှ တရားစာသားကိုတွေ့သွားတာကနေ စတာပါ.. စိတ်ထဲမှာ စကားပြောခြင်းအကြောင်းကို စာရေးချင်နေတာမို့ ဒီစာသားလေးကို တွေ့ပြီးတဲ့နောက်မှာတော့ ... google လုပ်ရင်းက zawlay1979 နဲ့ yatanavasa ဘလော့တွေက ပို့(စ်)နှစ်ခုကို အခြေခံကာ စိတ်ထဲ ဘဝင်မကျတာလေးတွေနဲ့ပေါင်းပြီး ဒီပို့(စ်)ကို ရေးပါတယ်။

မြင်ရတွေ့ရတာတွေ ဘဝင်မကျလို့ ရေးတာဆိုပေမဲ့ ...ကျမကိုယ်တိုင်ဟာလည်း  ခင်မင်ရင်းနှီးတဲ့သူတွေနဲ့တွေ့ရင် စကား အင်မတန်များပြီး တောင်စဉ်ရေမရလျှောက်ပြောတတ်တဲ့သူပါ။  တစ်ခါတစ်ရံလည်း ရှေ့နောက်မဆင်ခြင်ဘဲ ပြောတတ်ပါတယ်။ ကိုယ့်ကိုကိုယ်လည်း ပြုပြင်ရဦးမှာပါ။ ဒါပေမဲ့ သူများရဲ့ အဖျင်း၊ သူများရဲု့အားနည်းချက်နဲ့ သူများဒုက္ခရောက်မဲ့စကားမျိုးတွေတော့ မပြောပါဘူး။

နောက်ပြီး..အိမ်မှာ..  ကိုယ်က အကြီးဖြစ်ပြီး၊ ရန်ကုန်မှာတုန်းကလည်း အငယ်တန်းလေးတွေကို စကာင်္ပူမထွက်လာခင်အထိ စာသင်တဲ့အလုပ်လုပ်ခဲ့သူမို့ နည်းနည်းတော့ ဆရာလုပ်တတ်ပါတယ်။ ဆရာမကြီးလေသံနဲ့ ရေးထားသလိုကြီး ဖြစ်နေရင် ဒီစာကို လာဖတ်သူတွေ ကျမကို ခွင့်လွှတ်ပေးကြပါ။ :)

Regards,
witch83(16/03/2013; 10:20PM; GMT+8)

Reference:
1. http://www.worldofwisdom.asia/
2. http://zawlay1979.blogspot.sg/2011/02/blog-post_4999.html
3. http://yatanavasa.blogspot.sg/2011/08/blog-post_11.html

2 comments:

  1. တစ်ယောက်စကား တစ်ယောက်နားမှာ၊
    မခါးရအောင် သတိဆောင်၍
    မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ။

    ReplyDelete
  2. Haha, yeah, you are right. I miss something here, we've also got to be careful to say good and sweet words. I think, the way I write here is like quarelling cause I was in an angry mood at that time. But, let it be. Don't want to edit the post again. :)

    ReplyDelete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer