မျက်နှာစာအုပ်ပေါ်မှာ ကိုမျိုးဇေယျာဦးရေးထားတဲ့ စတေးတပ်(စ်)ကို သဘောကျနှစ်သက်မိလို့ ကိုယ်တိုင်လည်း ဖတ်ချင်တဲ့အခါ ပြန်ဖတ်ရအောင်နဲ့၊ စာလာဖတ်တဲ့ သူငယ်ချင်းတွေကိုလည်း ပြန်လည်ဝေမျှချင်တာကြောင့် ဒီနေရာမှာ ပြန်လည်ကူးယူ ဖော်ပြလိုက်ပါတယ်။ ခေါင်းစဉ်ကိုတော့ အဆင်ပြေမယ်ထင်တာ ရွေးလိုက်ပါတယ်။ ဓါတ်ပုံကတော့ ကိုယ်သဘောကျလို့ စုထားတဲ့ပုံတွေထဲက အုပ်စုပုံ(၃)ပုံကို collage လုပ်ပြီး သုံးထားတာပါ။
+++++++++++++++++++++++++++++++++++++++++++++
ကျွန်တော် အသက် ၂၀ လောက်မှာ အိမ်ပေါ်ကဆင်းတော့ ရရာအလုပ်ရှာရင်း ဟောတယ်တစ်ခုမှာ Bell Boy ဝင်လုပ်ရတယ်။ ဒါကို အမေက သိတော့ ကျွန်တော်နေတဲ့ နေရာကို မြန်မာကားတွေထဲက သူဌေးမကြီးစတိုင်လ်နဲ့ ပိုက်စံအိပ်ကြီးကိုင်ပြီး ကားပေါ်ကဆင်းလာတယ်။ နောက် စိတ်လျှော့ပြီး အိမ်ပြန်လာဖို့ ခေါ်တယ်။ မလိုက်မှန်းသိတော့ သုံးဖို့ဆွဲဖို့ဆိုပြီး ပိုက်စံ အထပ်လိုက်လာပေးတယ်။ ပြီးတော့ ပင်ပင်ပန်းပန်း ဘာအလုပ်မှ မလုပ်ပါနဲ့ သားရယ်တယ်။ မင်းအဖေရော၊ အမေရော ငုတ်တုတ်ရှိနေရဲ့သားနဲ့ အမေ့သား အဲလို အောက်ကျနောက်ကျ အလုပ်တွေ လုပ်နေရတာ အမေ မကြည့်ရက်လို့ ဆိုပြီး မျက်ရည်စမ်းစမ်းနဲ့ ပြောရှာပါတယ်။ အဲဒီမှာ ကျွန်တော် အမေပြောပြောနေတဲ့ စကားတခွန်းကို သွားသတိရတယ်။ "မင်းက ငါ့ဗိုက်ထဲကို မှားပြီးရောက်လာတာ" တဲ့။ အမေကဒေါသထွက်လို့ ဒီစကားကို ပြောပေမဲ့ ကျွန်တော်က ဝမ်းနည်းတာတို့ စိတ်မကောင်းဖြစ်တာတို့ မရှိပါဘူး။ သူပြောနေတာ အမှန်ကြီးပဲကိုး။ မိဘတွေက သူတို့ သားသမီးကို ဖြစ်စေချင်တဲ့ ပုံစံရှိသလို သားသမီးတွေမှာလည်း သူတို့ မိဘကို သူတို့ ဖြစ်စေချင်တဲ့ ပုံစံဆိုတာရှိတယ်။ ဘယ်သူ့ဘယ်သူကမှ ရွေးချယ်ပိုင်ခွင့်မရှိပဲနဲ့ ဖြစ်နေကြတာ။ ကျွန်တော်ကလည်း အခုလို ကိုယ့်သားအလုပ်လုပ်တာကို ကြည့်ပြီး မျက်ရည်စမ်းစမ်းနဲ့ မလုပ်ပါနဲ့လို့ တားတဲ့ အမေမျိုးကို လိုချင်တာမဟုတ်ဘူး။ အခုလိုမျိုး ကိုယ့်သားက ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်တာဝန်ယူရဲပြီး ကိုယ့်ဘဝကိုရ်ကျောင်းဖို့ သမာအာဇီဝ အလုပ်ကို လုပ်တာ အားပေးတဲ့ အမေမျိုးပဲလိုချင် ခဲ့တာ။ အမေ့ကို ဒေါသလည်းထွက်နေတော့ တော်တော်ပြောပလိုက်တယ်။ အမေဟာ ဘွဲ့ရတစ်ယောက်ဖြစ်ပြီး အတွေးအခေါ်မရှိဘူးလို့။ အမေက မိဘမေတ္တာဆိုတာ တစ်ခုတည်းကြည့်ပြီး သမာအာဇီဝလုပ်စားပြီး ဘဝကို ထူထောင်မဲ့ သားတယောက်ရဲ့ ဘဝကို အားပေးရမဲ့အစား လာဖျက်ဆီးနေတယ်ဆိုတာ မသိဘူးလို့။ နောက်ဆုံးတော့ အမေလည်း စိတ်မကောင်း၊ ကျွန်တော်လည်း စိတ်မကောင်းနဲ့ ကျွန်တော်တို့ သားအမိက ထုံးစံအတိုင်း ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်ကြတာပါပဲ။ ကျွန်တော်လည် အဲအလုပ်ကလေးကနေ ဌာနတွေ ဘာတွေပြောင်း၊ အလုပ်တွေ ဘာတွေပြောင်းနဲ့ ဘွဲ့တစ်ခုရခဲ့တယ်။ အမေကလည်း ကြုံရင်ကြုံသလို ဝင်လာပြီး ကျွန်တော်အိမ်မှာ မရှိတဲ့ အတွက် မိဘတွေ ဘယ်လို စိတ်ဆင်းရဲရတယ်၊ လွမ်းဆွေးရတယ်ဆိုတာတွေ လာပြောတတ်တယ်။ (အိမ်မှာရှိတုန်းကလည်း စိတ်ဆင်းရဲရတယ်လို့လည်း အမေက ခဏခဏပြောတတ်တယ်။)
ယူကေကို ရောက်ပြီးတော့ ဒီနိုင်ငံက မိဘတွေကို ကြည့်ပြီး အမေပြောတဲ့ "မင်းက ငါ့ဗိုက်ထဲကို မှားပြီးရောက်လာတာ"ဆိုတဲ့ စကားကို ပိုပြီး သဘောကျလာတယ်။ ဒီနိုင်ငံက မိဘတွေကို သတိထားကြည့်မိတာက အများစုက သူတို့ သားသမီးတွေကို ကိုယ့်အားကိုယ်ကိုးတတ်အောင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင်၊ အရာရာကို ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်တတ်အောင် သင်ပေးကြတယ်။ ဒီမှာဆို ၁ နှစ်၊ ၂ နှစ် ကလေးတွေကို စားစရာပန်းကန်ရှေ့မှာ ကော်ဇွန်း (ကလေးဇွန်း) တစ်ချောင်းနဲ့ ဆော့နေ၊ ဒါမှမဟုတ် စားနေတာတွေ တွေ့ရလေ့ရှိတယ်။ ညစ်ပတ်ပေရေနေလည်း မိဘက ခဏနေ ရှင်းပေးလိုက်တာပဲ။ သိပ်မကြာခင်မှာ ဒီကလေးက ကိုယ့်ဘာသာ ကိုယ်စားတတ်သွားတယ်။ ကျွန်တော်တို့ဆီမှာလို ၅ နှစ် ၆ နှစ်လောက်အထိ မိဘ ဒါမှမဟုတ် တစ်ယောက်ယောက်က ခွံ့ကျွေးတာတွေ တွေ့ရခဲတယ်။ နဲနဲ အရွယ်ရောက်လာပြီဆို ကိုယ့်ဘာသာကိုယ် ခူးခပ်စားရတယ်။ ကိုယ့်ပန်းကန် ကိုယ်ဆေးရတယ်။ ကျွန်တော်တို့တွေဆို ငယ်ငယ်ထဲက အိမ်မှာ ကူဖော်လောင်ဖက်တွေနဲ့ နေခဲ့ရတော့ ကိုယ့်ပန်းကန် ကိုယ်ဆေးတာတောင် မိဘအိမ်ကဆင်းမှ စဆေးဖြစ်တယ်။ အဲဒီတော့ အခုထိ ပန်းကန်ဆေးရမှာ ပျင်းတုန်း။ မိဘက ကိုယ့်ပန်းကန် ကိုယ်ဆေးအောင် သင်ပေးတယ်။ ကျွန်တော်တို့ကလည်း အပျင်းကြီးတယ်။ ဘေးမှာ လုပ်ပေးမဲ့ သူတွေကလည်း အဆင်သင့်။ (အဒေါ်တွေ၊ အမဝမ်းကွဲတွေဆို ကြီးတဲ့အထိ ကိုယ်တွေစားပြီးပြီ ဆိုတာနဲ့ ပန်းကန်ကို ယူဆေးလိုက်ပြီ။) မိဘကလည်း ဒီလိုမျိုးကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ပေးဖို့ဆိုတာ၊ တခြား ပညာရေး၊ ဘာသာရေး၊ လူမှုရေး၊ စီးပွါးရေးတွေလောက် အရေးမကြီးဘူးလို့ ထင်ထားတာလည်း ပါရင် ပါမှာပေါ့။ ဘာပဲပြောပြော ဒီဘက်က ကလေးအတော်များများက ကိုယ့်စားပြီးတဲ့ ပန်းကန်ကို ကိုယ်ဆေးရမဲ့ဆိုတာကို နားလည်ပြီး ကြီးပြင်းခဲ့ကြတယ်။ ကျွန်တော်တို့ကတော့ စားပြီးနားမလည်တွေ အဖြစ်နဲ့ ကြီးပျင်းဖို့ဘက်ကို အလေးသာခဲ့ကြတယ်။
နောက်တစ်ခုက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် လုပ်ပေးတာပဲ။ မိဘက တတ်နိုင်ရင် တတ်နိုင်သလို၊ ကိုယ့်သားသမီးကို ငယ်ငယ်ထဲက ကုတင် ဒါမှမဟုတ် အခန်းခွဲအိပ်စေတယ်။ ၆ လ၊ ၁ နှစ်အရွယ်လေးတွေကိုဆို ကလေးငိုသံကြားရအောင် အခန်းထဲမှာ ဝေါ်ကီတော်ကီလို စက်ကလေး တစ်လုံးထားပေးထားပြီး ကလေး ငိုသံကြားမှ မိဘက ဘာဖြစ်လဲ ဝင်ကြည့်တယ်။ ကလေးတွေက ငယ်ငယ်ထဲက အခုလို တစ်ယောက်ထဲနေရတော့ အလကားနေ အလကား ကြောက်စိတ်မဝင်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု confidence ပိုရှိလာတယ်လို့ ထင်တယ်။ ကျွန်တော်တို့ မြန်မာကလေးတွေလို သရဲတွေ၊ ဘာတွေ ကြောက်တာပြုတာ အရမ်းနည်းသွားတယ်။ ကျွန်တော်တို့က ညီအကို ၃ ယောက်ဆိုတော့ သိတတ်စအရွယ်ထဲက အဖေ၊ အမေနဲ့ မအိပ်ခဲ့ရတာ တော်တော်ကံကောင်းတယ်။ မိဘကလည်း အစဉ်ပြေတော့ ကိုယ့်အခန်းနဲ့ကိုယ် နေလာခဲ့ရတယ်။ အဲဒီတော့ သရဲ ကြောတ်တာတို့ဘာတို့က လူပျိုပေါက်အရွယ်လောက်မှာ ပျောက်သွားတယ်။ ပြီးတော့ ဒီမှာ ကလေးတွေ မေးတာတွေကို လူကြီးအများစုက စိတ်ရှည်ရှည်နဲ့ ဖြေပေးလေ့ရှိကြတယ်။ လွယ်လွယ်နဲ့ ပြီးရောဆိုပြီး လုပ်ဇာတ်တွေ သိပ်မပြောကြတော့ဘူး။ ကလေးတွေ မသိသင့်သေးတဲ့ ကိစ္စဆိုရင်တောင် ဒီအရွယ်မှာ မသိသင့်သေးတဲ့ အကြောင်းရှင်းပြတယ်။ ကလေးတွေကို ငယ်ငယ်ထဲက သိသင့်၊ သိထိုက်တာကို စိတ်ရှည်လက်ရှည် ရှင်းပြတော့ ကလေးတွေမှာ အသိဉာဏ်တိုးတယ်။ ပညာရေး၊ ဘာသာရေးကလွဲပြီး ကျန်တာတွေ ကလေးသူငယ်တွေ စိတ်မဝင်စားသင့်ဘူးလို့ မလုပ်ကြဘူး။ ကျွန်တော်တို့ ငယ်ငယ်ကဆို သိချင်တာတွေမေးမိလို့ လူကြီးတွေက မဖြေနိုင်ရင်၊ ဒါမှမဟုတ် မဖြေချင်ရင် "ကလေး၊ ကလေးလို မနေဘူး"တို့ ဘာတို့ အပြောခံရတယ်။ ဒီမှာလည်း ဒီလိုပြောတဲ့ သူတွေရှိတော့ ရှိနေသေးပါတယ်။ ဒါပေမဲ့ နည်းသွားပြီ။ ကလေးတွေက သိသင့်တာတွေ သိရပြီး၊ သူတို့ကို လူတွေက နှိမ်မထားတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာကြတယ်။ အဲဒီအတွက် ဆိုးကြိုးတချို့လည်း ရှိပါတယ်။ over confidence ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်ပြီး တလွဲတွေကို ဘယ်သူ့မှ ဂရုမဆိုက်ပဲ လုပ်ပြစ်တာတွေ။ အမှန်တော့ ဒီလို့ ဘဝင်တွေက လူ့အဖွဲ့အစည်းတိုင်းမှာ ပုံစံမျိုးစုံနဲ့ ရှိနေတတ်ပါတယ်။
အရေးအကြီးဆုံးလို့ ကျွန်တော်ထင်တာကတော့ အရာရာကို ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်တတ်အောင် သင်ပေးတာပဲ။ မုန့်ဆိုင်တွေမှာ၊ စတိုးဆိုင်တွေမှာ ကလေးနဲ့ ဝယ်နေတဲ့ မိဘတွေဆို ကိုယ့်ကလေး ဘာစားချင်လဲ၊ ဘာဝယ်ချင်လည်းကို စိတ်ရှည်လက်ရှည်နဲ့ မေးတယ်။ ကလေးလိုချင်တာက သူတို့အတွက် ဒုက္ခမဖြစ်စေဘူးဆိုရင် ကိုယ်ကောင်းမယ်ထင်တာထက် သူတို့လိုချင်တာကို ပိုပြီး ဦးစားပေးတယ်။ ဥပမာ ကလေးကို ရေခဲမုန့်ဝယ်ကျွေးတယ်ဆိုပါစို့။ ကလေးက vanilla စားမလား၊ chocolate စားမလားကို သူ့ဘာသာ သူရွေးစေတယ်။ အဝတ်အစားဝယ်ရင် သူတို့ဘယ်အရောင်ကြိုက်လည်းက အစ မိဘက မေးပြီးမှ ဝယ်တယ်။ ၂ နှစ် ၃ နှစ် အရွယ် စကားစပြောတတ်တဲ့ ကလေးကိုက အစ စိတ်ရှည်လက်ရှည်နဲ့ မေးတယ်။ ကလေးတွေကို ကိုယ့်အတွက်ကိုယ် ဆုံးဖြတ်ချက်ချနိုင်အောင် ငယ်ငယ်ထဲက လေ့ကျင့်ပေးနေတာလို့ ကျွန်တော်မြင်တယ်။ ကျွန်တော်တို့ ဆီမှာလို မိဘက လက်နဲ့ရေးတာကို ခြေနဲ့ဖျက်တယ်တို့ ဘာတို့ မပြောဘူး။ တတ်နိုင်သမျှ သားသမီးကို သူ့ဘဝကို သူတို့ကိုယ်တိုင် ရွေးချယ်နိုင်အောင်၊ တည်ဆောက်နိုင်အောင်၊ တာဝန်ယူနိုင်အောင် လေ့ကျင့်ပေးတယ်။ ဒါကြောင့် ဒီက လူငယ်အများစုက ၁၆၊ ၁၇ လောက်ဆိုရင်ပဲ အချိန်ပိုင်းအလုပ်တွေဝင်လုပ်ကြပြီ။ တက္ကသိုလ်၊ ကော်လိပ် တတ်တဲ့ကျောင်းသားတွေဆိုလည်း အပိုငွေသုံးရအောင် အချိန်ပိုင်း အလုပ်တွေ လုပ်လာကြတယ်။ အစိုးရကလည်း လူငယ် အလုပ်လက်မဲ့တွေ များလာတာနဲ့ သေသေချာချာ အစီအမံတွေနဲ့ လျှော့ကျအောင် ဆောင်ရွက်တယ်။ မိဘကို အားကိုးချင်စိတ် နဲအောင် လေ့ကျင့်ပေးကြတယ်။ ကိုယ်ဖြစ်စေချင်တဲ့ ဘဝထက် သူတို့ကိုယ်တိုင်ရွေးချယ်ပြီး တည်ဆောက်တဲ့ ဘဝမျိုးဖြစ်အောင် ပံ့ပိုးပေးတယ်။ ကျွန်တော်တို့ဆီမှာ အဲဒါတွေ အားနည်းခဲ့လို့ သားသမီးတွေက မိဘအိမ်မှာ အသက်ကြီးတဲ့ အထိ နေကြတာတွေ များမယ်။ မိဘကို မခွဲနိုင်လို့ နေတဲ့ သူတွေလည်း ရှိပါတယ်။ လူဆိုတာက ကိုယ့်ကို တချိန်လုံး အလကားပေးကမ်းထားပြီး အကုန်လိုက်လုပ်ပေးနေရင် ဖျက်ဆီးသလိုဖြစ်နေတယ်ဆိုတာ မိဘတွေအနေနဲ့ သတိမပြုမိတာလားတော့ မသိဘူး။ ဒီမှာ ဒီလို အမှားမျိုးကို အစိုးရကလုပ်တယ်။ အလုပ်မရှိတဲ့ လူတွေကို အစိုးရက တင်ကျွေးထားတော့ လူတွေက အလုပ်မလုပ်ပဲ အစိုးရဆီကပဲ တောင်းစားနေကြတယ်။ အခုတော့ ဒီအစိုးရလည်း တကယ်အလုပ်မလုပ်နိုင်တဲ့သူတွေနဲ့ မဖြစ်မနေလိုအပ်တဲ့လူတွေကိုပဲ ထောက်ပံ့ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေရတယ်။
ကျွန်တော့အမြင်မှာတော့ တတ်နိုင်တဲ့ မြန်မာမိဘ အများစုက ကိုယ့်သားသမီးကို အရမ်းချစ်ရင် သားသမီးတွေ ဘဝကို လိုလေသေးမရှိအောင် ဖန်တည်းပေးချင်ကြတယ်။ သားသမီးတွေရဲ့ ဘဝထဲမှာလည်း ဘယ်အရွယ်ရောက်ရောက် ထဲထဲဝင်ဝင် ဝင်ပါချင်ကြတယ်။ ဒါကိုလည်း အချစ်လို့ ခံယူချင်ကြတယ်လို့ မြင်မိတယ်။ ဒါတွေရဲ့ ဆိုးကြိုးဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းချင်းတို့၊ ကိုယ့်ဘာသာကိုယ် မစဉ်းစားမဆင်ချင်မဆုံးဖြတ်နိုင်ခြင်းတို့၊ ကိုယ့်အားကိုယ်မကိုးတတ်တော့ပဲ အမြဲတမ်း အကူအညီကိုမြှော်ခြင်းတို့ တွေကို မတွေးမိတတ်တာလားတော့ မသိဘူး။ သားသမီး အပေါ်မှာ ဖြစ်စေချင်တဲ့ စိတ်တွေအရမ်းများနေတယ်။ ဒါတွေက မိဘမေတ္တာမဟုတ်ပဲ ကိုယ့်ဆန္ဒကို ရှေ့တမ်းတင်တာတွေ များနေတယ်ဆိုတာ သတိမမူမိကြဘူး။ ဒါတွေကို ပြောတဲ့လူတွေကိုလည်း ကံကြီးထိုက်မယ်၊ မြေမျိုမယ်၊ ငရဲကြီးမယ် ဆိုတာတွေနဲ့ ချောက်လှန့်ထားကြတယ်လို့ မြင်မိတယ်။ သားသမီးတွေ အရွယ်ရောက်လာရင် ဝင်မပါသင့်တဲ့ ကိစ္စတွေမှာလည်း စိတ်ထဲမှာလည်း ကလေးလိုပဲ မြင်နေတုန်းဆိုပြီး ဝင်ပါနေကြသေးတယ်။ ကိုယ်ဝင်ပါလိုက်တိုင်း၊ ကိုယ့်သားသမီးတိုင်း ကိုယ်ပိုင်အရည်အချင်းနည်းအောင် တခါလုပ်လိုက်တယ်ဆိုတာကို မတွေးမိကြဘူးလို့ ထင်တယ်။ ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ရပ်တည်ရဲတဲ့ ယုံကြည်မှုအပြည့်နဲ့ကြီးပျင်းခဲ့ရတဲ့ ကလေးနဲ့ အရာရာ မိဘဆုံးဖြတ်ချက်၊ မိဘ အုပ်ထိမ်းမှုအောက်မှာ မိဘကိုပဲ အားကိုးတတ်တဲ့ ကလေးတွေ လူကြီးဖြစ်လာရင် ဘယ်လိုလူမျိုးက ရေရှည်မှာ ပိုကောင်းမလဲဆိုတာတော့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ကြပါ။ ကျွန်တော်ကတော့ မိဘတွေအနေနဲ့ မသိလိုက်လို့ ကိုယ့်သားသမီးကိုယ် စနစ်တကျ ဖျက်ဆီးပစ်လိုက်မိတယ်လို့ မဖြစ်စေချင်တာပါပဲ။
ဒီပိုစ့်လေးဖတ်ပြီး တယောက်ထဲကစား တယောက်ထဲအိပ် ခဲ့ရတဲ့ငယ်ဘ၀လေးကိုတောင်သတိရနေမိတယ်.......
ReplyDeleteမြန်မာ မိဘတိုင်း ဖတ်မှတ်သိကျင့် ရမည့် ဆောင်းပါး တင်းပေးသည့် အတွက် ကျေးဇူးပါ။
ReplyDelete