မင်္ဂလာ တနလာင်္နေ့ပါ။ " ဟင်းချက်ဖြစ်တဲ့ သောကြာနေ့ည " post လေးတင်ချင်ပါတယ်။ ဖတ်ပေးကြပါဦး။ :)
**********
စင်္ကာပူရောက်ပြီး full-time စလုပ်ကတည်းက အီဖေကိုယ်အတွက်တော့ သောကြာနေ့ညနေဆိုတာ တန်ဖိုးထားစရာတစ်ခုလို အလိုလို ဖြစ်သွားပါတယ်။ များသောအားဖြင့်တော့ သူငယ်ချင်းနဲ့ ရုပ်ရှင်ကြည့်ရင်ကြည့်၊ shopping ထွက်ရင်ထွက်၊ အပြင်မှာ မုန့်ထွက်စားရင်စား၊ အဲ... အပြင်မထွက်ဖြစ်ရင်တော့ take away food ဝယ်လာပြီးစား၊ ဟင်းချက်ရင်လည်း လွယ်ပြီးမြန်မြန်ကျက်တဲ့ ရှုးရှဲ soup ချက်စားတတ်ပါတယ်။ ရုပ်ရှင်ကြည့်၊ သီချင်းနားထောင်..အဲ.. ခု..နောက်ပိုင်းတော့ NTUC က punch အချိုရည်လေးလည်း သောက်တတ်လာပါတယ်။ ဟဲ.. ဟဲ...
သောကြာနေ့ဆို ဘာကြောင့်မှန်းမသိ အိမ်မှာ ဘာဆိုဘာမှမလုပ်ဘဲ သက်တောင့်သက်တာနေချင်တာ အကျင့်လို ဖြစ်နေပါတယ်။ ပြီးတော့ သောကြာနေ့၊ စနေနေ့ညနေဟာ ညီမဖြစ်သူ အပြင်ထွက်နေကျမို့ ကျမအတွက်တော့ တစ်ယောက်တည်း နားအေးပါးအေး လွတ်လွတ်လပ်လပ် နေရတဲ့အချိန် ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတာကို ပြောရမယ်ဆိုရင်တော့ ... ကျမရဲ့ ညီမဖြစ်သူဟာ အင်မတိအင်မတန် အပျော်ကြိုက်သောသု၊ ပျော်ဖို့အတွက်ဆိုရင် အမြဲ up ဖြစ်နေသောသူ၊ အိမ်မှာရှိနေရင် အင်မတန် အသံထုတ်သူ ဖြစ်ပါတယ်။ ကိုယ့်လို သူက စကားမများပေမဲ့၊ မပျော်တဲ့.. အလုပ်နဲ့ အပြင်မှာ အဆင်မပြေခဲ့တဲ့ ခံစားချက်တွေကို ထုတ်မပြောဘဲ မြိုသိပ်ထားတတ်ပါတယ်။ ကြည့်ရတာ သူက ထွက်ပေါက်အနေနဲ့ အသံ ပြန်ထုတ်တယ်ထင်ပါတယ်။ သီချင်းအကျယ်ကြီးဖွင့်ပြီးကရင်က၊ ဒါမှမဟုတ်ရင် ကာရာအိုကေဆို... အဲ.. အဲ့လိုမှ မဟုတ်ရင်တော့ ရုပ်ရှင်ကို ကြည့်ကြည့်မကြည့်ကြည့် အကျယ်ကြီးဖွင့်ထားတတ်ပါတယ်။ ဗမာကားတစ်ချို့ဆို သူ.. ဖွင့်သာဖွင့်ထားတာ သေချာ မကြည့်ပါဘူး။
သူနဲ့ ဆန့်ကျင်ဘက် ကိုယ်ကတော့ မကျေနပ်တာ၊ စိတ်တိုလာတာတစ်ခုရှိပြီဆို တစ်ယောက်ယောက်ကို ပြောပြလိုက်ရမှ။ အိမ်က အမေနဲ့ အဒေါ်တွေဆို တော်တော် နားငြီးတာ။ အင်း... အဒေါ်တွေက ပို... နားငြီးမယ် ထင်ပါတယ်။ အမေလုပ်တဲ့သူကိုတော့ သူ. စိတ်ရှုပ်မှာစိုးလို့ တချို့ ဟာတွေကို မပြောပါဘူး။( တော်တော် ချစ်ဖို့ကောင်းတဲ့တူမနော်။) အဲ့လို အပြင်က မကျေနပ်တာတွေကို အိမ်ပြန်ရောက်ရင်အမြဲ ဖွင့်ထုတ်ပြောလေ့ရှိတဲ့ ကျမဟာ ပြောပြီးသွားရင်တော့ အိမ်မှာ နားအေးပါးအေးနေချင်ပါတယ်။ အဲ..အဲ.. အတင်း ပြောရင်း ပြောရင်းနဲ့  ခေါင်းစဉ်လွဲတော့မယ်။ သောကြာနေ့အကြောင်း ပြန်ဆက်ပါ့မယ်။
အေးအေးဆေးဆေးနေရတဲ့ ရက်သတ္တပတ်ရဲ့ အလုပ်လုပ်ရတဲ့ နောက်ဆုံးနေ့.. သောကြာနေ့ညနေဟာ ကျမအတွက်တော့ ဘာမှ မလုပ်တဲ့နေ့ပါ။း) ဒါပေမဲ့ ရုံးအပြန်မှာတော့ NTUC မှာ ဈေးဝင်ဝယ်လေ့ရှိပါတယ်။ အစားအသောက်ကြိုက်တဲ့ ကျမဟာ ကြားရက်တွေဆို မချက်တာများပေမဲ့ အပြင်မထွက်ဖြစ်တဲ့ စနေ၊တနင်္ဂနွေတွေဆိုရင် တစ်ခုခု လုပ်စားတတ်ပါတယ်။ ဒါပေမဲ့ ခုတစ်လော ဆက်တိုက် ချက်သလိုဖြစ်နေလို့ ... တနင်္ဂနွေနေ့မနက်မှာ သူငယ်ချင်းတစ်ယောက်ရဲ့  မွေးနေ့ပွဲလည်းရှိ၊ ညနေမှာ သူငယ်ချင်းအိမ်ပြောင်းတာကူဖို့လည်းရှိ၊ ပြီးတော့ ဖရီဇာအပေါ်ခန်းမှာ ခဲထားတဲ့ မုန့်ဟင်းခါးလည်းရှိတာကြောင့် ဒီတစ်ပတ်တော့ မချက်တော့ဘုးလို့ စဉ်းစားထားပါတယ်။ သောကြာနေ့ညနေမှာ ဟင်းချက်ဖို့ဆိုတာ ပို.. ဝေးပေါ့။ သို့သော်လည်း .. :P
ဒီတစ်ပတ် သောကြာနေ့ညနေ... ဈေးဝင်ဝယ်တာ ပေါင်မုန့်နဲ့ ဖျော်ရည်၊ ဘုရားပန်းနဲ့ အသီးဝယ်ဖို့ပါ။ ဒါပေမဲ့ Friday evening နဲ့ Saturday morning တွေမှာ ပုံမှန်ဆိုမကျန်တတ်တဲ့ ဝက်လက်အသားကောင်းကောင်း၊ နှလုံး၊ အသည်းနဲ့ တခြားဝက်ကလီဇာတွေကို ထူးထူးခြားခြား သွားတွေ့ပါတယ်။ အဲ့ဒီမှာ Friday evening ပေမဲ့ ဟင်းချက်ဖို့စိတ်ကူး ရသွားပါတယ်။
ဒါနဲ့ပဲ... ဝက်လက်တစ်ချောင်း၊ ဝက်နှလုံးတစ်ခု ဝယ်လိုက်မိပါတယ်။ အဲ့ဒါနဲ့အတူ ပဲပြား၊ pork stwed powder, နာနတ်ပွင့်၊ ကြက်ဥ၊ baby kailan တို့ကို ဝယ်ရပါတော့တယ်။ ကြံမဆိုင်ကတော့ ရေခဲသေတ္တာထဲမှာ ကျန်သေးတာမို့ မဝယ်ခဲ့ပါဘူး။ နားချင်တဲ့ သောကြာနေ့ညနေမှာ ဟင်းချက်ရမှာဆိုပေမဲ့ အိမ်အပြန်လမ်းမှာ အရင်သောကြာနေ့တွေနဲ့မတူ ခြေလှမ်းတွေ ပေါ့ပါးနေပါတယ်။ အိမ်ပြန်ရောက်တော့ (၈)နာရီစွန်းစွန်းရှိနေပါပြီ။ ဗိုက်ကလည်း ဆာတာတာမို့ ဒိန်ချဉ်ဖျော်ရည် တစ်ခွက်သောက်... ပြီးတော့.... အကျီ င်္လဲ၊ ကြက်ဥပြုတ်၊ အသားတွေဆေးပြီးတော့ ဝက်နှလုံးကိုတော့ အလုံးအတိုင်း၊ ဝက်လက်ကိုတော့ အတုံးအသေးပြန်တုံး... ဆား၊ချင်းမှုန့်၊ စတူးပေါင်ဒါမှုန့်၊ ပဲငံပြာရည်နှစ်ဇွန်း၊ ကြက်သွန်ဖြူအစိတ်သေးသေးလှီးထားတာလေးတွေနဲ့နယ်ပြီးနှပ်၊ ဆန်ဆေးပြီး ထမင်းချက်... အဲ့ဒီ အချိန်မှာ (၈)နာရီခွဲ ကျော်ပါပြီ။
| ဟင်းမချက်မှီ.... |
သူနဲ့ပြောပြီးတော့ ထမင်းကျက်နေပါပြီ။ ထမင်းတွေကို ပန်းကန်လုံးထဲပြောင်းထည့်၊ ထမင်းအိုးကို ရေစိမ်၊ ကြက်ဥကို အခွံခွာ၊ ပဲပြားကို တစ်တုံး ရှစ်စိတ်လှီး၊ rice cooker ကိုဆေး၊ အိုးဆေးပြီးတော့ မီးဖိုပေါ်တင်အပူပေး၊ ဆီ ထမင်းစားဇွန်း တစ်ဇွန်းခွဲထည့်၊ ဆီပူလာတော့ သကြားထည့်ပြီးမွှေ၊ ကြက်သွန်ဖြူတစ်ပြားရိုက်ထည့်ဆီသတ်၊ နာနတ်ပွင့် လေး၊ငါးပွင့်ထည့်၊ နှပ်ထားတဲ့အသားနဲ့လှိမ့်ပြီး အသားလေးတွေတင်းလာတဲ့အခါမှာတော့ ရေထည့်ပြီး ricer cooker အခွံထဲ ပြောင်းထည့်လိုက်ပါတယ်။
rice cooker ခလုတ်နှိပ်ပြီးတဲ့အခါမှာတော့ ကြံမဆိုင်ကိုလှီး၊ ခဏနေတော့ ကြက်ဥပြုတ်တွေ ဟင်းအိုးထဲထည့်၊
| လှီးထားတဲ့ ကြံမဆိုင်နဲ့ ပဲပြား |
ဟင်းနံ့ကလည်း မွှေးလာ...( ၉)နာရီကလည်း ကျော်ပြီ... ဗိုက်ကလည်း အရမ်းဆာလာတာနဲ့ နွားနို့တစ်ခွက်သောက်၊ ဟင်းကျက်ခါနီးတော့ လှီးထားတဲ့ ကြံမဆိုင်နဲ့ ပဲပြားထည့်၊ (၉း၃၀)လောက်မှာတော့ ဟင်းကျက်ပါပြီ။ ဗိုက်လည်း အရမ်းဆာနေပြီမို့ ကိုက်လန်လည်း မကြော်တော့ပါဘူး။
| ဟင်းကျက်ပြီ။ |
ထမင်းဟင်းခူး .... ထုံးစံအတိုင်း မစားခင် ဓါတ်ပုံရိုက်၊ စားနေရင်း FB ပေါ် ဓါတ်ပုံတင်.. စားပြီး အိုးခွက်ဆေး။ FB ပေါ်တက်... Reply ပြန်... သူငယ်ချင်းဆီ ဖုန်းဆက်ပြီး အတင်းပြောပြီး (၁)နာရီလောက်မှာတော့ အိပ်ရာဝင်ခဲ့ပါတော့တယ်။
| ထမင်းခူးပြီးပြီ |
| စနေ နေ့လယ်ခင်းတုန်းက ရိုက်ထားတာ... :) |
ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။
WITCH 83 ( 01/10/2012; 12:32PM; GMT+8)
ဗိုက်ဆာဆာနဲ့ စားကောင်းမှာပဲ လို့ဝေဖန်လိုက်ပါတယ် .. :P
ReplyDelete