" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)
Showing posts with label သဘာဝအလှ. Show all posts
Showing posts with label သဘာဝအလှ. Show all posts

February 20, 2013

လှပသော တိမ်တိုက်များအကြောင်း

အပိုင်း(၁)
"တိမ်တွေဟာ သိပ်လှတာပဲလို့ ကိုယ်ပြောရင် 
မင်းယုံလိုက်ပါ။"
ဂျူး (တိမ်နဲ့ချည်တဲ့ကြိုး)


+ + + + + + + + +

အပိုင်း(၂)

ကျမဟာ မကြာခဏဆိုသလို  လေယာဉ်တွေ စီးရပေမဲ့ ကိုယ်စီးရတဲ့ လေယာဉ်ချိန်တွေဟာ များသောအားဖြင့်  မနက်အစောကြီး (သို့မဟုတ်) ညမိုးချုပ်တွေ ဖြစ်နေတတ်ပြီး အိပ်လိုက်လာတတ်တာ များပါတယ်။ တစ်ခါတစ်ရံကျတော့ ကိုယ့်ကိုကိုယ်တောင် ပြန်မေးမိပါတယ်။ အပြင်ကို မမြင်ရဘဲနဲ့ ဘာလို့ အမြဲတမ်း window seat ကိုပဲရွေးပြီး booking လုပ်မိနေသလဲဆိုတာ။ Aisle seat ဆို အပြင်ထွက်ရတောင် သက်သာပါသေးတယ်။

ဒီတစ်ခေါက် အလုပ်ကိစ္စနဲ့ ထိုင်ဝမ်သွားဖို့ ticket booking လုပ်တော့ Taiwan နဲ့ SGကြားမှာဆွဲတဲ့ လေယာဉ်ချိန်တွေ ပြောင်းသွားပါတယ်။ ည (၈)နာရီကျော်ကျော်မှာတစ်ကြိမ်၊ နေ့လည် (၂:၅၀)မှာတစ်ကြိမ် ဖြစ်သွားပါတယ်။ Lab test ပြီးမဲ့အချိန် ခန့်မှန်းရခက်တာကြောင့် အလုပ်ပြီးမဲ့နေ့ည (၈)နာရီလေယာဉ်ကို မယူဘဲ နောက်နေ့ နေ့လည် (၂း၅၀) လေယာဉ်ကိုပဲ book လိုက်ပါတယ်။

ထိုင်ဝမ်ကို သွားတိုင်း... ပျော်တတ်ပေမဲ့.. ဒီတစ်ခေါက်ကတော့ သိပ်.. မပျော်ပါဘူး။ project က ကြီးပြီး ဒီ customer ကို company က အရမ်းကို အလေးထားလွန်းတော့ လူက တော်တော်ကို စိတ်ဖိစီးမှုများ ပါတယ်။ နောက်တစ်ခုက ကိုယ်ကိုတိုင်က GePON technology ကို ကျွမ်းကျွမ်းကျင်ကျင် မရှိတဲ့အပြင် ... ဗီယက်နမ်က ဟိုတယ်တစ်ခုမှာ လုပ်ခဲ့တဲ့ GePON project ကို support လုပ်ခဲ့တုန်းက တက်ခဲ့တဲ့ compatibility issue တွေကို ခေါင်းကိုက်အောင် ရှင်းခဲ့ရတဲ့ အတွေ့အကြုံဆိုးကြီးကို မမေ့ နိုင်သေးတာကြောင့် GePON ဆိုတာနဲ့တင် လုက စိတ်နှလုံး ငြှိုးနွမ်းနေပါတယ်။

ခရီးမသွားခင်လည်း GePON project အတွက် HQ က အင်ဂျင်နီယာရယ်၊ PM ရယ်၊ ကိုယ့်မန်နေဂျာရယ်.. အင်မတန် လက်ပေါက်ကတ်တဲ့ customer ရယ်ကြားမှာ တော်တော်ကို ခေါင်းစားရပြီးတဲ့နောက်..
ထိုင်ဝမ်ရောက်ပြန်တော့လည်း Lab test လုပ်နေရလို့ ခေါင်းကိုက်ရပြန်ပါတယ်။ အဲ့ဒီကြားထဲမှာ ကိုယ့် mailbox ထဲ ဝင်ဝင်လာတဲ့ တခြား အီးမေး(လ်)တွေ၊ စလုံးမှာကျန်ခဲ့တဲ့ မန်နေဂျာက လှမ်းပို့ပို့နေတဲ့ sms တွေကိုကြည့်ပြီး ရူးချင်လာပါတယ်။ စလုံးပြန်မဲ့နေ့... Taoyuan လေဆိပ်ကိုရောက်တော့.. လူက တော်တော်ကို ဖလက်ပြနေပါပြီ။ လေဆိပ်ရောက်တော့ စိတ်တိုတိုနဲ့ ဖုန်းပိတ်ပစ်လိုက်ပါတယ်။

 လေယာဉ်ပေါ်ရောက်ပြန်တော့လည်း အဆင်မပြေပါဘူး။ လူက တော်တော် များပါတယ်။ ဘေးက ထိုင်ဝမ်မလေးနှစ်ယောက်ကလည်း အင်မတန် စကားများပါတယ်။ ပိုဆိုးတာက သူတို့ နှစ်ယောက်ထဲကတစ်ယောက်က ပါးစပ် အတော် နံပါတယ်။ ခေါင်းတွေကိုက်လာပြီး လက်ထဲက ရှုဆေးဘူးကိုပဲ ဖိရှုနေရပါတယ်။ လေယာဉ်ကလည်း တော်တော်နဲ့ကို မထွက်နိုင်ပါဘူး။ ကြာလာတော့ သူတို့နှစ်ယောက်ကို စကား သိပ်..မပြောဖို့ ယဉ်ယဉ်ကျေးကျေးနဲ့ပြောပြီး တောင်းဆိုလိုက်ရင် ကောင်းမလားစဉ်းစားမိပါတယ်။ အဲ့လို စဉ်းစားနေတုန်းမှာပဲ လေယာဉ်ကြီးက စထွက်ပြီး  သူတို့ထဲကတစ်ယောက်က ကြောက်သွားပြီး ငြိမ်သွားပါတယ်။ နောက်တစ်ယောက်ကလည်း အိပ်ပျော်သွားပါတယ်။ အဲ့ဒီအခါကျမှ လူလည်း သက်တောင့်သက်သာ ရှိသွားပါတော့တယ်။

+ + + + + + + + +
အပိုင်း(၃)

လေယာဉ်ထွက်ခါစမှာတော့ မျက်လုံးပိတ်ပြီး နားကြပ်နဲ့ သီချင်းနားထောင်နေလိုက်ပါတယ်။ နောက်တစ်နာရီလောက်နေတော့ လေယာဉ်မယ်လေးက အအေးလာပေးတာနဲ့ အအေးသောက်ပြီး အပြင်ကိုကြည့်ပြီး လိုက်လာခဲ့ပါတယ်။ တိမ်ထူတဲ့နေ့မို့လားမသိပါဘူး။ လေယာဉ်က တော်တော်ခါပါတယ်။ ဒါပေမဲ့... လေယာဉ်ခါတာကိုလည်းမေ့... စိတ်ရောလူပါပင်ပန်းခဲ့သမျှကိုလည်းမေ့စေတဲ့အရာကို တွေ့ကြုံခဲ့ရပါတယ်။ အဲ့ဒါ ဘာဖြစ်မယ်လို့ ထင်ပါသလဲ??
တိမ်တွေလေ.. တိမ်တွေပေါ့... ပုံစံ အမျိုးမျိုးနဲ့ သိပ်လှတဲ့ တိမ်တွေပေါ့...
 လေယာဉ်သွားတဲ့လမ်းတလျှောက် တိမ်တွေဟာ ညိုလိုက်၊ ပြာလိုက်နဲ့ လှချင်တိုင်း လှနေကြပါတယ်.. တစ်ချို့နေရာတွေမှာ အဆုပ်လိုက်ကလေးတွေ၊ တစ်ချို့ နေရာတွေမှာ အမှုန်လေးတွေ၊ တစ်ချို့နေရာမှာတော့ အပြင်လိုက်ကြီးတွေနဲ့ စိပ်စိပ်လေးတစ်မျိုး၊ ကျဲကျဲလေးတစ်ဖုံနဲ့ သိပ်ကို လှနေကြတာကို မြင်ရတာ အရာအားလုံးကို ခဏတော့ မေ့သွားသလိုပါပဲ။

အဲ.. သတိ ပြန်ဝင်လာတဲ့အချိန်မှာတော့ လက်ထဲက ဖုန်းနဲ့ ဓါတ်ပုံတွေ စွတ်ရိုက်တော့တာပါပဲ။ အောက်ကပုံတွေကတော့ ရိုက်ခဲ့တဲ့ပုံတွေထဲက အချို့ပေါ့ကွယ်...။ 









+ + + + + + + + +

အပိုင်း(၄) 

ပြီးခဲ့တဲ့ သုံးပတ် ကျော်... ထိုင်ဝမ်က ပြန်လာပြီးကတည်းက ဖတ်ချင်တဲ့စာအုပ်ကို ပြောပါဆိုရင် ဆရာမဂျူးရဲ့ "တိမ်နဲ့ချည်တဲ့ကြိုး"ပါပဲ။  အဲ့ဒါ ဘာလို့လည်း ဆိုရင်တော့.... ထိုင်ဝမ်က အပြန်ခရီးမှာ.. ပြာလိုက်၊ ညိုလိုက်၊ စိတ်လိုက်၊ ကျဲလိုက်နဲ့ ပုံစံမျိုးစုံနဲ့လှပနေကြတဲ့တိမ်တွေကို တွေ့မြင်ခံစားခဲ့ရလို့ပါပဲ။

ဆရာမ.. ဂျူးရဲ့ အဲ့ဒီ "တိမ်နဲ့ချည်တဲ့ကြိုး" ဝတ္ထုစာအုပ်ကို သူများဆီက ငှားဖတ်ပြီးတဲ့နောက် ကြိုက်လွန်းလို့ စာအုပ်အရောင်းဆိုင်သွားပြီး အပိုင် ဝယ်ထားခဲ့ပါတယ်။ စာအုပ်ကတော့ ရန်ကုန်မှာ ကျန်ခဲ့ပုံပါပဲ။ စလုံးက စာအုပ်ပုံးထဲမှာရှာတော့ မရှိပါဘူး။

ဆရာမရဲ့ စာအုပ်ထဲမှာ...
  • ဝေးလံခေါင်သီတဲ့ ဒေသတွေက ခက်ခဲတဲ့ အပင်တွေကို လိုက်ရှာပြီး သုတေသနလုပ်ကြတဲ့ ထက်မြက်တဲ့ အမျိုးသမီးနှစ်ဦး...
  • ဆယ်ကျော်သက်ကလေးတစ်ယောက်ရဲ့ စိတ်ကစားတတ်မှုနဲ့ မမျှော်လင့်ဘဲ ကိုယ့်ကြောင့် လူငယ်တစ်ယောက် အသက်ဆုံးရှုံးသွားလို့ ဖြစ်ရတဲ့ စိတ်မကောင်းမှု..
  • အချိန်တွေ ဆယ်စုနှစ်ကျော်ကြာလာမှ နေလို့မပျော်တော့ဘဲ ဒီကိစ္စပေါ်မှာ guilty ဖြစ်ပြီး  ဇာတ်ကောင် အမျိုးသမီးက ချင်းပြည်နယ်မှာ ပြန်လာပြီး စာသင်ပေးခြင်းဖြင့် ကိုယ့်စိတ်ကို ပြန်လည် တည်ဆောက်နေခြင်း...
  • တစ်ယောက်ထဲအတွက် အသက်ရှင်နေတာမျိုး မဟုတ်ဘဲ လူအများအတွက် ပေးဆပ်ပြီး အသက်ရှင်နေချင်တဲ့ လူတွေအကြောင်း
  • ပညာရဲ့ အရေးပါပုံ
  • သဘာဝနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလိုအပ်ချက်နဲ့ ဝေးလံခေါင်သီတဲ့ဒေသမှာ နေရတဲ့သူတွေရဲ့ လိုအပ်ချက်တွေကြားက အားပြိုင်မှု
  • ဓါတ်ပုံတွေရဲ့ အရေးပါပုံ၊ ဓါတ်ပုံတွေက ပြောတဲ့စကားများ
  • ချင်းလူမျိုးတွေရဲ့ ရိုးရာနဲ့ ယုံကြည်မှု၊ လူမျိုးစု မပျောက်ကွယ်လိုမှု ( သွေးမနှောလိုမှု)
  • အောက်ချင်းငှက်တွေအကြောင်း နဲ့
  • တိမ်တွေအကြောင်း
စတဲ့ အကြောင်းအရာတွေကို သိသိသာသာ တစ်မျိုး၊ မသိမသာတစ်မျိုး၊ တိုက်ရိုက်နည်းနဲ့ တစ်သွယ်၊ သွယ်ဝိုက်တဲ့နည်းနဲ့တစ်ဖုံ ရေးထားပါတယ်။ သို့ပေမဲ့ ... ပွင့်ပွင့်လင်းလင်း ဝန်ခံရမယ်ဆိုရင်တော့... အဲ့ဒီအချက်တွေကို ကျော်ပြီးတော့ စာအုပ်ကို ဖတ်နေရင်းနဲ့ စိတ်ထဲမှာ တကယ် ပေါ်ပေါက်လာတဲ့ အဖြစ်ချင်ဆုံးဆန္ဒက တိမ်တွေရှိတဲ့ တောင်ပေါ်ဒေသမှာ လျှောက်လည်ပြီး တိမ်တွေကြားထဲ လမ်းလျှောက်ချင်တာပါပဲ

ဆရာမရဲ့ တိမ်တွေနဲ့ ပတ်သတ်တဲ့ အရေးအသား၊ စာကြောင်းလေးတွေဟာ ကျမရဲ့ စိတ်ကို တကယ်ကို ညှို့  ယူနိုင်ခဲ့ပါတယ်။
~ တိမ်တွေက ကိုယ့်အခန်းထဲကို ဝင်ရောက်လာတဲ့အခါ ~
~ အိမ်ထဲသို့ လွင့်မျောလျက် ဝင်ရောက်လာသော တိမ်တွေက သူမမျက်နှာကို ပွတ်တိုက်သွားသည့်အခါ အသည်းအေးလျက် အသက်ရှုပင် မှားမှားသွားသည် ~
~ တောင်အတက်မှာ ခြေလှမ်းနှေးကွေး မောပန်းပေမဲ့ အမောဖြေစရာ အတွေ့အကြုံကတော့ တိမ်တွေထဲသို့ ခရီးသွားရခြင်း ဖြစ်သည် ~
အခန်းထဲကို တိမ်တွေဝင်လာပြီး ကိုယ့်မျက်နှာကို ဖြတ်သွားတဲ့ အတွေ့အကြုံကို လက်တွေ့ ခံစားကြည့်ချင်စိတ်ဖြစ်ခဲ့သလို.. ငှက်တွေသွားကြည့်မဲ့နေရာကို လျှောက်ရတဲ့ လမ်းတစ်လျှောက် တိမ်တွေထဲခရီးသွားသလိုပါပဲလို့ ဆရာမကရေးသားခဲ့ပြန်တော့လည်း တကယ်ကို တိမ်တွေကြားထဲမှာ လမ်းလျှောက်ချင်တဲ့အာသီသတွေ ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ အချိန်တွေကကြာလာပြီး.. နေ့စဉ်လူနေမှုဘဝမှာ ပုံမှန် လှုပ်ရှားနေရတဲ့အတွက်ကြောင့် ဖြစ်ချင်တဲ့ ဆန္ဒတွေထဲက အဲ့ဒီဆန္ဒဟာလည်း အရောင်ဖျော့လာခဲ့ပါတယ်။

ခု.. ဒီ ထိုင်ဝမ်ခရီးက ပြန်အလာပြီးတဲ့အခါမှာတော့ ဒီဆန္ဒဟာ အရောင် ပြန်တောက်လာပြန်ပါပြီ။ တိမ်တွေရှိတဲ့ လှပတဲ့ တောင်ပေါ်ဒေသတစ်ခုကို ကိုယ်ချစ်တဲ့သူတွေနဲ့ အတူတူသွားပြီး အေးမြမှုနဲ့ လှပမှုတွေကို ခံစားဖို့ ကြိုးစားလိုက်ပါဦးမယ်။

"တိမ်တွေဟာ သိပ်လှတာပဲလို့ ကိုယ်ပြောရင် မင်းယုံလိုက်ပါ။"

+ + + + + + + + +

စကားကြွင်း။      ။ "တိမ်နဲ့ချည်တဲ့ကြိုး"ကို ခရီးကပြန်ရောက်ရောက်ချင်း ဖတ်ချင်ပေမဲံ အလုပ်တွေ ရှုပ်နေပြီး အရင်တစ်ပတ် weekends မှာမှ ဖတ်လို့ပြီးပါတယ်။ (ခု.. ပြီးခဲ့တဲ့ weekend မဟုတ်ပါ။) ဖတ်ပြီးသွားတဲ့နောက် စာရေးမယ်ဆိုတော့လည်း ရုံးရွှေ့ဖို့ ကိစ္စတွေနဲ့ မအားပြန်ပါဘူး။ စရေးမိတော့လည်း တစ်ဝက်တစ်ပျက်မှာတင်ရပ်ပြီး ကြားဖြတ်ပို့(စ်)တွေ ရေးနေမိပြန်ပါတယ်။ draft ထဲမှာ ကြာနေပြီမို့ ဒီညတော့ ဒီပို့(စ်)လေးကို အပြီးသတ်လိုက်ပါတယ်။ မဟုတ်ရင် mood ပျောက်ပြီး "draft post မှသည် deleted postဆီသို့"ဆိုပြီး ဖြစ်သွားမှာစိုးလို့ပါ။ =)

Regards,
witch83 ( 20/02/2013; 9:14PM; GMT+8)
To Continue Reading

March 26, 2009

ကမ္ဘာရဲ့ အလယ် မြန်မာတို့ ရဲ့ ဂုဏ်ယူဖွယ်အလှများ(၁)

ကျွန်မတို့ ရဲ့ မြန်မာနိုင်ငံမှာ ကမ္ဘာနဲ့ ချီပြီး ရင်ဘောင်တန်းနိုင်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ လှပတဲ့ အဖိုးထိုက် တန်တဲ့ ယဉ်ကျေးမှုရှေးဟောင်းအမွေအနှစ်တွေ ၊ သဘာဝ အရင်းအမြစ်တွေ၊ သဘာဝအလှတရားတွေ အများအပြားရှိပါတယ်။ နည်းပညာ နဲ့  မီဒီယာ ထိုးဖောက်မှု အားနည်းတဲ့ အတွက် ရွှေမြန်မာပြည်ကြီး ရဲ့ စိတ်ဝင်စား လှပတဲ့ ရှေးဟောင်းအမွေအနှစ်တွေ သဘာဝဆန်းပြား မှု တွေကေ၀၀ါး တိမ်မြုပ်နေ ခဲ့ပါတယ် ။ အဲဒီ ရှေးဟောင်းအမွေအနှစ်တွေ၊ သဘာဝအလှတရားတွေကို ကမ္ဘာကသိဖို့  ကျွန်မတို့ မြန်မာပြည်သူ/ပြည်သားတွေမှာ တာဝန်ရှိပါတယ်။ တကယ်တော့ မြန်မာတို့၏ အံ့ဖွယ် ဖြစ်သော ပုဂံမြေသည် World’s Man-made Travel Wonders များ စာရင်းတွင် နံပါတ် (၆) နေရာ၌ ရှိပြီး မြန်မာတို့၏ ဦးစွန်း ရွှေတိဂုံ စေတီတော်ကြီးသည်လည်း Seven Forgotten Wonders စာရင်းတွင် ပါဝင်နေသည်ကို ဂုဏ်ယူဖွယ်ရာ တွေ့ရပါလိမ့်မည်။ အခုပြောမဲ့ အကြောင်းကတော့ ရှားပါးတဲ့ ရေသတဝ္တါမျိုးစိတ်တွေ ရှိတဲ့ ရှေးဟောင်းသဘာဝအကျဆုံးကျွန်းစုဖြစ်တဲ့ " မြိတ်ကျွန်းစု" အကြောင်းပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို New 7 Wonders မှာ vote ပေးဖို့  တိုက်တွန်းထားတဲ့ " မြန်မာပြည်ရဲ့ အလှကို မြန်မာပြည်က မောင်နှမတွေ ညီညီညာညာ မဲပေးလိုက်ကြစို့" ဆိုတဲ့ forward mail ကအစပြုပြီးမှ သိခဲ့ရတာပါ။ စိတ်ဝင်စားလို့  google မှာ လျှောက်ရှာပြီး အားလုံးကို ပြန်ဝေမျှလိုက်ပါတယ်။

မြိတ်ကျွန်းစု (Mergui Archipelago or Myeik Archipelago)ဟာ ၁၀၀၀စတုရန်းမီတာခန့်  အကျယ်အဝန်းရှိပြီး ကမ္ဘာ့ သဘာဝပဒါသအရှိဆုံး နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ မြိတ်ကျွန်းစုဟာ လူသားတို့  မနှောင့်ယှက်သေးဘဲ မူလအတိုင်း ကျန်ရှိသေးတဲ့ ကမ္ဘာ့ နောက်ဆုံး သဘာဝ အရင်းအမြစ်ကျွန်းစုတစ်ခု (World’s Last Archipelago)လည်းဖြစ်ပါတယ်။ အဲဒီကျွန်းစုဟာ တောင်တန်းတွေ၊ စိမ်းလန်းစိုပြေတဲ့ တောကြီး၊ မြိုင်ကြီးတွေကို နောက်ခံထားပြီး သူ့ ရဲ့  အနားသတ်ကိုတော့ သန္တာကျောက်တန်းတွေနဲ့  ဖွဲ့ စည်းထားပါတယ်။ ဘူမိဗေဒရှုထောင့်ကနေ ကြည့်မယ်ဆိုရင် မြိတ်ကျွန်းစုဟာ ထုံးကျောက်၊ နှမ်းကျောက်တွေနဲ့  ဖွဲ့ စည့်းထားတယ်လို့  ဆိုနိုင်ပါတယ်။ အမြဲစိမ်းတောပေါက်ရောက်တဲ့ ဒေသဖြစ်ပြီး မြစ်ဝပိုင်းမှာတော့ ပင်လယ်လမုပင်ရိုင်းတွေကို မြင်တွေ့ နိုင်ပါတယ်။ မြိတ်ကျွန်းစုထဲက ကျွန်းစုတစ်ချို့ ဟာ ၁၀၀၀မီတာ လောက်ထိ မိုးထိုးအောင်မြင့်တဲ့ ကျောက်စွယ်တွေနဲ့  ဖွဲ့ စည့်းထားပြီး ဒီရေအကျဆုံးအချိန်မှ မြင်တွေ့ နိုင်တဲ့ ပင်လယ်ထုံးအိုင်တွေလည်း ရှိပါတယ်။

မြိတ်ကျွန်းစုမှာ ငါးရှဉ့် ၊ ပင်လယ်ဖျံစတဲ့ သတ္တဝါတွေ၊ ဂဏန်း၊ ကျောက်ပုစွန်၊ ပုစွန်ဆိတ်စတဲ့ အခွံမာသတ္တဝါတွေ နဲ့  ပင်လယ်ခရတွေုအပါအဝင် တခြားနေရာတွေမှာ မတွေ့ နိုင်တဲ့ ရေသတ္တဝါ မျိုးစိတ်တွေကို စုံလင်အောင် တွေ့ နိုင်တယ်လို့  သိရပါတယ်။ လင်းပိုင်တွေ ရေလှိုင်းမဲ့ အတူစီးပြီး ကမ်းနားဘက်ကို ရောက်လာတတ်တာကလည်း တွေ့ မြင်နိုင်ပါတယ်။ ဒါ့အပြင် ကျား၊ ကျားသစ်၊ ဆင်၊ နွားရိုင်း၊ တောဝက်အစရှိတဲ့ တောရိုင်းတိရိစ္ဆာန်ကြီးတွေအပြင် သမင်၊ မြီးတိုမျောက်၊ မျောက်လွှဲကျော်အစရှိတဲ့ သတ္တဝါတွေနဲ့  ဖွတ်အကြီးစားသတ္တဝါတွေဟာ မြိတ်ကျွန်းစုပေါ်မှာ သဘာဝအလျောက် အခြေချနေထိုင်ကျက်စား ကြပါတယ်။ ငှက်တွေအနေနဲ့ကတော့ ပင်လယ်လင်းယုန်များ၊ လင်းယုန်နီများ လေမှာဝဲပျံနေတာကို မကြာခဏဆိုသလို တွေ့ မြင်နိုင်ပါတယ်။

မြိတ်ကျွန်းစုမှာရှိတဲ့ ငါးမန်းမျိုးစုံ တို့သည် ယဉ်ကျေးပျူငှာစွာဖြင့် လူကို မကိုက်တတ်သောကြောင့် ကမ္ဘာ့ ရေငုပ်သမား တို့၏ အမြင့်ဆုံး အိပ်မက်ဖြစ်သော ငါးမန်းများ နှင့် မျက်နှာချင်းဆိုင် တွေ့ ဆုံ ဓာတ်ပုံ ရိုက်ယူခြင်း (Shark Encounter) ကို မြိတ်ကျွန်းစုမှာ ပြုလုပ်နိုင်ပြီလို့ လည်း သိရပါတယ်။ ယခင်က ယိုးဒယား နိုင်ငံမှ Similar ကျွန်းများကို ကမ္ဘာ့ ရေငုပ်ရန် အကောင်းဆုံး အဖြစ် သတ်မှတ်ထားရာမှ ယခုအခါ မြိတ်ကျွန်းစုသည် ကမ္ဘာ့ အကောင်းဆုံး Diving Site ဖြစ်သွားပြီဖြစ်ပါတယ်။

မြိတ်ကျွန်းစုမှ ဒေသခံလူမျိုးအများစုဟာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြပြီး အရမ်းကိုဖော်ရွေကြပါတယ်။ သူတို့  ဖမ်းမိတဲ့ ငါးတွေကိုလည်း လာလည်ကြတဲ့ ဧည်သည်တွေကို လက်ဆောင်ပေးတတ်ကြပါတယ်။ယခုအခါ ကမ္ဘာလှည့် ခရီးသွားများသည် ထိုင်းနိုင်ငံမှ တဆင့် မြိတ်ကျွန်းစုသို့ ဝင်ရောက်နိုင်ရန် အတွက် မျက်စောင်း တခဲခဲ နှင့် စိုင်းပြင်းနေကြရာ ဒေသခံလူမျိုးတွေထဲက တစ်စုဖြစ်တဲ့ Sea Gypsies ခေါ် ဆလုံ တိုင်းရင်းသား တို့၏ သဘာဝနေအိမ် ဖြစ်သော မြိတ်ကျွန်းစု၏ သဘာဝ ပတ်ဝန်းကျင်များကို မူရင်းအတိုင်း ထိန်းသိမ်းထားနိုင်ရန် အရေးကြီးပြီ စသည်ဖြင့် သိရပါတယ်။ အမိမြေ၏ သဘာဝ အလှအပအများအပြားကို ပိုင်ဆိုင်ထားတဲ့ အံဖွယ် မြိတ်ကျွန်းစုဟာ ကျွန်မတို့ အတွက် ဂုဏ်ယူစရာ အရမ်းကောင်းပါတယ်။ ကျွန်မတို့ ရဲ့ အံဖွယ် မြိတ်ကျွန်းစုရဲ့ အလှကို ကမ္ဘာကသိအောင်လုပ်ဖို့  ကျွန်မတို့ အားလုံးမှာ တာဝန်ရှိပါတယ်။




မြိတ်ကျွန်းစုလေးတွေကို vote ပေးမယ် ဆိုရင်တော့http://www.new7wonders.com/nature/en/vote_on_nominees/ မှာပေးနိုင်ပါတယ်။ သင့်ရဲ့ မဲတစ်ခုဟာ မြန်မာ့အလှကို ကမ္ဘာက သိစေနိုင်မှာပါ။


ကျမ်းကိုး ။ ။


(၁) http://www.2adventure.com/sailexcasia/default.htm


(၂) http://en.wikipedia.org/wiki/Mergui_Archipelago

(၃) မောင်ရဲခေါင် (စီလီကွန် လွင်ပြင်) ရေးသားသော‘‘ မြိတ်ကျွန်းစုလေးတွေကိုVote ပေးကြမလား’’

(၄) သူငယ်ချင်းတစ်ယောက် ပို့ ပေးတဲ့ Forward mail တစ်စောင်
To Continue Reading

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer