" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)
Showing posts with label ဝထ္တု. Show all posts
Showing posts with label ဝထ္တု. Show all posts

May 17, 2013

ဦးစားပေးခံရခြင်း ဆိုရာဝယ်

 
ဘုတ်ဆုံမတစ်ယောက် ဒီနေ့ အလုပ်သွားဖို့ နောက်ကျပြန်လေပြီ။

အင်း.. ပြောရရင်တော့ ဒီနေ့မှ မဟုတ်ပါဘူးလေ။ နေ့တိုင်းလိုလို အကြောင်းအမျိုးမျိုးနဲ့ နောက်ကျနေတာပါပဲ။ နောက်ကျတတ်တာကိုက ဘုတ်ဆုံမရဲ့  signature တစ်ခုလိုကို ဖြစ်နေပါပြီလေ။ အရင်နေ့တွေကတော့ နောက်ကျရင် တက္ကဆီစီးပေမဲ့ ခုတစ်လော တက္ကဆီစီးရတာတွေများနေတဲ့အပြင် လကုန်ခါနီးမို့ ပိုက်ဆံပြတ်နေတာနဲ့ပဲ ဒီနေ့တော့ mrt ပဲ စီးတော့မယ်။ အိမ်နဲ့ mrt က တော်တော် အလှမ်းဝေးတာမို့ လမ်းကလည်း မလျှောက်ချင်တာကြောင့် ဘတ်(စ်)ကားစီးဖို့ စဉ်းစားလိုက်ပါတယ်။

"အင်း.. ဘတ်(စ်)ကားက အကြာကြီး စောင့်ရရင်တော့ ဒုက္ခ"လို့ တွေးရင်း အလုပ်နောက်ကျရင် မျက်နှာကြီးစူပုတ်ထားမဲ့ ချစ်မန်နေဂျာမရဲ့မျက်နှာကို မြင်ယောင်ကာ ဘတ်(စ်)ကားဂိတ်ကို ပြေးမတတ် လမ်း လျှောက်လာလိုက်ပါတယ်။ လူက ကားမှတ်တိုင်လည်းအရောက် ဘတ်(စ်)ကားကလည်းအရောက်မို့ ဝမ်းသာအားရ အပြေးတက်၊ ကားပေါ်ရောက်တော့ ထိုင်စရာ နေရာတွေကလည်းများ.. အင်း ဘုတ်ဆုံမတစ်ယောက် နောက်ကျပေမဲ့ ကံတော့ကောင်းနေသေးသကိုး။ ထိုင်ခုံမှာထိုင်လိုက်တော့ ကိုယ့်အရှေ့က ခုံတန်းမှာထိုင်နေတာက သိပ်ကိုချစ်ဖို့ကောင်းတဲ့ကလေးမလေးတစ်ယောက်နဲ့ သူမရဲ့အမေ။ ကောင်မလေးက ကောင်းကောင်းမထိုင်ဘဲ ဆော့နေတယ်။ သဘောကျလို့ သူ့ကို ပြုံးကြည့်နေရာက ကားကမရွေ့လို့ ဘေးဘီကြည့်လိုက်တော့ ကားကမီးပွိုင့်မိနေတယ်။ "ကျွတ်.. နောက်ကျနေပါတယ်ဆိုမှ..."

ဂိတ်ဆုံးတော့ (MRTရှိတဲ့ဂိတ်က ဘတ်(စ်)ကားဂိတ်ဆုံးပါ။) ဆင်းမယ်ဆိုပြီးအထ အရှေ့က ကလေးမလေးက ဝုန်းဆို ထလိုက်ပြီး ခုန်ပေါက်နေလို့ သူတို့သားအမိကို အရင် ပေးသွားလိုက်ပါတယ်။ အရင် ပေးသွားလိုက်ပြီးကာမှ မှားသွားမှန်း သိလိုက်ရပါတယ်။ ကလေးက ခုန်ဆွ၊ခုန်ဆွနဲ့ ဆော့နေပြီး အနောက်က ဆင်းမဲ့သူတွေကို ပိတ်နေပါတော့တယ်။ အမေလုပ်သူကလည်း သူ..အလျင်မလိုတိုင်း ကလေးကို ဒီအတိုင်း ကြည့်နေပါတော့တယ်။
"အောင်မလေး.. ငါ့နှယ်.. နောက်ကျနေပါတယ်ဆိုမှ။  ဒီသားအမိ အရင်ဦးစားပေးလိုက်တာ ဒုက္ခနဲ့လှလှတွေ့ပါရောလား။ အမေလုပ်တဲ့သူကလည်း ဒီအချိန် လူတွေ အလုပ်သွားတဲ့အချိန်၊ အားလုံး အလျင်လိုနေကြတယ်ဆိုတာ မသိဘူးလား မသိပါဘူး။ အနောက်ကလူတွေကိုမှ အားမနာ။"

X X X X X X X X X X X X

သူတို့နှစ်ယောက်အနောက်ကနေ စိတ်ကိုဆွဲဆန့်ပြီး ဖြေးဖြေးချင်းဆင်းလာလိုက်တာ ကားအောက်လည်းရောက်ပြီမို့ mrt ဆီကို အသုတ်နှင်ပြီး ပြေးလိုက်မိပါတယ်။ mrt ထဲဝင်ပြီး စက်လှေကားပေါ်တက်မယ်လုပ်တော့ အဘွားတစ်ယောက် အရှေ့ကပိတ်ပြီး စက်လှေကားပေါ်တက်ဖို့ ကြိုးစားနေတာနဲ့ ပြေးတာကို ဘရိတ်အုပ်ပြီး အဘွားပြီးအောင် စောင့်လိုက်ပါတယ်။ ဒါပေမဲ့ အဘွားက စက်လှေကားပေါ် တက်ပြီးသွားတော့ ဘယ်ဘက်ကပ်မရပ်ဘဲ ညာဘက်မှာ ရပ်နေပြန်ရော... အဲ့ဒါနဲ့ သူ့ညာဘက်ကနေတက် ပြီးတော့ လှေကား တဆင့်ထက်တက်၊ ဘယ်ဘက်ပြောင်း၊ အပေါ်ကို ကဆုန်ပေါက်ပြေးတက်ခဲ့တယ်။ (ရထားဝင်လာတာတွေ့လို့)။

အလယ်မှာ ချောင်နေပြီး အဝမှာ ပြည့်ကျပ်နေတာမို့ လူတွေကို "Excuse Me" နာနာပြောပြီး ရထားအလယ်ထဲကိုတိုးဝင်ပြီး အလယ်မှာ ချောင်ချောင်ချိချိ ဝင်ရပ်နေလိုက်ပါတယ်။ နှစ်မှတ်တိုင်လောက်စီးပြီးတဲ့နောက် ကိုယ့်ရှေ့ကလူထသွားတာမို့ ထိုင်ခုံမှာ ဝင်ထိုင်ရင်း အတွေးတွေ နယ်ချဲ့ရင်းက ဘုတ်ဆုံမရဲ့စိတ်တွေ ဟိုးအတိတ်ဆီ ရောက်သွားပါတော့သည်။

X X X X X X X X X X X X

" မေမေ.. သမီးလည်း ဗြိတိသျှကောင်စီကဖွင့်တဲ့ အင်္ဂလိပ်စာသင်တန်း တက်ချင်တယ်။" 
ဘုတ်ဆုံမ ဆယ်တန်းစာမေးပွဲပြီးသွားလို့ BC က စာကြည့်တိုက်မှာ အိမ်က အသင်းဝင်လုပ်ပေးထားတာကြောင့် စာအုပ်သွားဖတ်ရင်း၊ အင်္ဂလိပ်စာ ကတ်ဆက်ခွေတွေ သွားနားထောင်ရင်း၊ စာအုပ်တွေငှားရင်းက တွေ့တွေ့နေရတဲ့ ကျောင်းသူကျောင်းသားတွေကို အားကျပြီး မေမေ့ကို ပူဆာလိုက်မိသည်။
" အို.. သမီးရယ်.. အခုက ကိုကို တက်နေတယ်လေ။ ဒေါ်လာနဲ့ ပေးရတဲ့ဟာကို။ နှစ်ယောက်ဆို မနိုင်ဘူး သမီးရဲ့။ ပြီးတော့ သူ့ GCE ကျူရှင်လခတွေလည်း ရှိသေးတယ်။ စာမေးပွဲကြေးတွေလည်း ပေးရဦးမှာ။ ခုလည်း သမီးကို ဒီလောက်ကောင်းတဲ့ တီချယ်အေးဆီမှာ အင်္ဂလိပ်စာသင်တန်း ထားပေးထားတာပဲဥစ္စာ။ သမီးက လိမ္မာပါတယ်။ ကိုကို အတန်းတွေအားလုံးပြီးတော့ သမီး တက်ပေါ့။ ဟုတ်ပြီလား။"
အင်းလေ.. ဟုတ်ပါတယ်။ ကိုကိုပြီးတော့မှပဲ ငါတက်တော့မယ်။ သူလည်း ခု.. upper inter A ရောက်နေပြီပဲဟာ။ ပြီးဖို့ သိပ်မလိုတော့ပါဘူးလေ။ တီချယ်အေးလည်း ဒီလောက်ကောင်းနေတာပဲဟာ။ တီချယ်အေးကျူရှင်ကအပြန် ကျောက်ကုန်းကနေ (၃၉)ကားကြီးစီးပြီး BCက စာကြည့်တိုက်ကို ပုံမှန်သွား၊ ညီမဝမ်းကွဲဖြစ်သူ BC မှာအတန်းရှိလို့ သူနဲ့အတူ ကပ်လိုက်ရင်လိုက်ရင်းက အကိုဖြစ်သူနဲ့ ညီမဝမ်းကွဲတို့ရဲ့ အတန်းတွင်းအတွေ့အကြုံများကိုနားထောင်ပြီး အားကျရင်းက ဘုတ်ဆုံမတစ်ယောက် အကိုဖြစ်သူ သင်တန်းပြီးမည့် အချိန်ကို လက်ချိုးရေတွက်ရင်းစောင့်နေမိပါသည်။

သို့သော်လည်း upper interတန်းများ ပြီးသည့်အခါ BC မှာ Advanced 1a, 1b, 1c, 2a, 2b, 2c ဆိုပြီး ပေါ်လာပြန်ပါသည်။ တက်မည့်ကျောင်းသား သိပ်မရှိလို့ Advanced 1b တွင် ထိုအတန်းများကို BC က ရပ်လိုက်ပြန်ပါသည်။ General English အတန်းများ တက်နေရင်းက "Better Writing", "Business English", "Phonetics" အစအစရှိသည့် သင်တန်းများကိုပါ BC တွင်တက်ခဲ့သောကိုကိုသည် Advanced 1b ပြီးသွားသောအခါ IELTS ဖြေမည် ဖြစ်သွားပါသည်။

ဘုတ်ဆုံမတစ်ယောက်လည်း စောင့်ရင်းစောင့်ရင်းက တက္ကသိုလ်များ ဖွင့်ပြီမို့ ကျောင်းတက်နေတာကြောင့် BCမှ စာကြည့်တိုက်ကိုတောင် တစ်ပတ်တစ်ခါသာ သွားနိုင်တော့ပါသည်။ ကိုကိုကတော့ IELTSကို BC တွင်သာမက.. စတန်လေလှ၊ အီရန်ကာတာ၊ တီချယ်အေးအစသဖြင့် တက်နေပြီး.. GCE 'A' level ဖြေရန် ကြိုးစားနေပါတော့သည်။
"သားရေ... အင်္ဂလန်မှာ ကျောင်းထားပေးဖို့က အရမ်း များလွန်းတယ်။ မင်းအဖေကလည်း အင်္ဂလန်ဆို မဖြစ်နိုင်ဘူး ပြောနေတယ်။ ခါးပြတ်မှာစိုးရတယ်။ နီးနီးနားနား စင်္ကာပူပဲ သွားပါလား။ ဒါဆို မင်းအဖေအဆင်မပြေတော့ရင်တောင်မှ အဒေါ်တွေက ဝိုင်းပံ့ပိုးပေးလို့ ရတယ်။ သား.. ကျောင်းပြီးသွားတော့ အငယ်တွေကို ပြန်ခေါ်ပေါ့"
လို့  နိုင်ငံခြားမှာ ကျောင်းသွားမတက်သေးခင် ရန်ကုန်က တက္ကသိုလ်တစ်ခုခုမှာ ကျောင်းဆက်တက်ဖို့ကိုလည်း လုံးဝလက်မခံသော၊ အမျိုးထဲတွင် အကြီးဆုံးဖြစ်သော၊ တစ်ဦးတည်းသောယောကျာင်္းလေးဖြစ်သော ကိုကို့ကို ကြီးတော်လုပ်သူက  အကြံပေးပါသည်။ ကိုကိုကတော့..
"ဟင့်အင်း... သားက အင်္ဂလန်မှ အင်္ဂလန်ပဲ။"
ပာု တွင်တွင်ငြင်းရင်းက ကျမတို့အငယ်တွေကို ဘာမှ တန်ဖိုးမရှိသော စာရွက်တစ်ရွက်အတွက် မြန်မာပြည်က တက္ကသိုလ်တွေမှာ အချိန်ဖြုန်းနေသည်ဟု ဆိုပြန်သေးသည်။

ဒီလိုနှင့်ပဲ.. မိမိမကျွမ်းကျင်သော၊ သူများကိုအားကိုး၍လုပ်ရသော စီးပွားရေးလုပ်ငန်းများကို လုပ်ရင်းက မိန်းမသားချည်းသာရှိသော ကျမတို့မိသားစုမှာ တဖြေးဖြေးနှင့်  ငွေကြေးအင်အားများ  ယိုင်နဲ့လာပါသည်။ တော်သေးသည်။ ကိုကို့ စကား နားမယောင်ဘဲ ကျမတို့တတွေ ထိုစာရွက်များကို ရအောင်ယူခဲ့မိသည်။ ထိုစာရွက်တွေကြောင့် ကျမတို့ ညီအမတစ်တွေ စင်္ကာပူတွင် ငါးပိသံဝဲသော အင်္ဂလိပ်စကားကိုပြောရင်း ဘဝကို တည်ဆောက်နိုင်၊ အိမ်ကို ပြန်ထောက်ပံ့နိုင်ခဲ့ကြလေသည်။  စီးပွားရေးမကောင်းသည့်ကြားက ကိုယ်တွေကို ဖြစ်မြောက်အောင် ရုန်းကန်ပြီး ထောက်ပံ့ပေးခဲ့သော မိသားစုကိုလည်း အလွန်ပင် ကျေးဇူးတင်မိပါသည်။

X X X X X X X X X X X X 

"အင်း.. ဘတ်(စ်)ကားပေါ်က ကလေးလေးနဲ့ စက်လှေကားပေါ်က အဘွားကတော့  အားနည်းတဲ့သူတွေမို့ ဦးစားပေးသင့်ပါတယ်လေ။ အဲ့လိုမဟုတ်ဘဲ မိသားစုတစ်စုမှာ၊ အဖွဲ့အစည်းတစ်ခုမှာဆိုရင်တော့ ဦးစားပေးရမဲ့ အရှေ့ကလူဟာ အားနည်းသူ မဖြစ်သင့်ဘူး။ အားကိုးရလောက်တဲ့သူ၊ မှန်ကန်တဲ့အတွေးအခေါ်ရှိတဲ့သူ၊ ကိုယ့်မိသားစု/ အဖွဲ့အစည်းကို ဦးဆောင်လမ်းပြနိုင်တဲ့သူ ဖြစ်သင့်တယ်။ မဟုတ်ရင်တော့ သူလည်း အရှေ့ကို မတက်၊ အနောက်ကလူတွေလည်း လမ်းပိတ်နေတော့မယ်။" လို့ အတွေးနယ်လွန်းနေရင်းက ရထားရပ်သွားလို့ မှတ်တိုင်ကို ကြည့်လိုက်တော့...
"အောင်မလေး...  ဆင်းရမဲ့မှတ်တိုင်ထက် နှစ်ခုတောင် ကျော်သွားပြီ။ သေတော့မှာပဲ။"လို့ ညီးတွားရင်း ရုံးနောက်ကျလို့ စူပုတ်နေမဲ့ ချစ်မန်နေဂျာမရဲ့ မျက်နှာလေးကို မြင်ယောင်ကာ ဘုတ်ဆုံမတစ်ယောက် ရထားပေါ်မှ အမြန် ပြေးဆင်းလိုက်ရပါတော့သည်။     ။
 
X X X X X X X X X X X X 

စကားချပ်။      ။ သူများတွေကို အားကျလို့ ဝတ္ထုရေးကြည့်တာ အက်ဆေးလိုလို၊ ဆောင်းပါးလိုလို ဖြစ်သွားပါတယ်။ လိုအပ်ချက်များ၊ တိုက်ဆိုင်မှုများရှိလျှင် ခွင့်လွှတ်ပါ။ ဆက်လက်ကြိုးစားပါဦးမည်။ ^^

Regards, witch83 (12:03PM; 17/05/2013; GMT+8)
Photo Source; http://lovethepossibility.wordpress.com
To Continue Reading

May 04, 2011

လက်ယာခြမ်း အပေါ်အံသွား

စာရေးဆရာ နေနော် ရဲ့ ဝတ္ထုတိုကို ပြန် share ထားတာပါ။ ဖတ်လို့ကောင်းတဲ့ ဝထ္တုတိုလေးပါ။ ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။


အပိုင်း (၁)

မြေနီလမ်းသွယ်လေးအတိုင်း တည့်တည့်ဝင်လာပါ။
လမ်းတဝက်ကျော်လျင် ဘယ်ဘက်အခြမ်းကို သတိထား၍ကြည့်ပါ။
အုတ်ကျွတ်နီနီမိုးထားသည့် နှစ်ထပ်အိမ်မြင့်ကြီးကို တွေ့ပါက ထိုအိမ်သည် သွားဆရာဝန်၏ အိမ်ဖြစ်ပြီး အောက်ထပ်ဧည့်ခန်းသည် ၄င်း၏သွားစိုက်ဆိုင်ပင်ဖြစ်သည်။

ထိုလမ်းထဲသို့ သူမကြာခဏရောက်လေ့ရှိသော်လည်း သွား ဆရာဝန်အား နှစ်ကြိမ်သာ တွေ့မြင်ခဲ့ဖူးပါသည်။ တစ်ကြိမ်မှာ... နေသာချိန် ၄င်း၏ပစ္စည်းကရိယာများ နေပူထုတ်လှန်းစဉ်ကဖြစ်ပြီး၊ နောက်တစ်ကြိမ်ကတော့ ၄င်း၏ခွေးပုလေးအား ထွက်ကျောင်းစဉ်က ဖြစ်သည်။ နှစ်ကြိမ်စလုံး စွပ်ကျယ်လက်တို အဖြူကိုသာ ဝတ်ဆင်ထားပြီး ငွေရောင်ဆံပင်ဖြူဖြူ ၊ မုတ်ဆိတ်ဖြူဖြူနှင့် ရွှေကိုင်းမျက်မှန်ခပ်သေးသေး ဝတ်ဆင်ထားသော ၄င်း၏ပုံက ဆရာဝန်နှင့် မတူဘဲ ကဗျာဆရာ ၊ သို့မဟုတ် ဂီတပညာရှင်နှင့် ပို၍တူသည်ဟု သူထင်ခဲ့မိ၏။

ရက်ကွက်ထဲမှ လူများ၏အဆိုအရ သွားဆရာဝန်သည် အနေအေးကာ စကားနည်းပြီး ရံဖန်ရံခါ တယောထိုး၍ သော်၎င်း၊ သီချင်းညည်း၍သော်၎င်း၊ ငြိမ်ငြိမ်ဆိတ်ဆိတ်နေတတ်သော အသက်ခြောက်ဆယ်ကျော် လူတစ်ဦးဖြစ်၏။

၎င်း၏ထူးခြားချက်မှာ သွားနုတ်ရန် လာသူများအား “နုတ်မှာသေချာလား” ဟုမေးတတ်ခြင်းဖြစ်သည်။ အကယ်၍ အမေးခံရသူက ဇဝေဇဝါဖြစ်နေပါက “စဉ်းစားပါအုံးလေ” ဟုဆိုကာ အလွယ်တကူ ပြန်လွှတ်တတ်၏။

အရပ်ထဲမှ သွားနာသူများ၊ သွားကိုက်သူနှင့် သွားပြန်စိုက်ချင်သူ အားလုံး ထိုဆရာဝန်ထံ ရောက်ရမြဲ ဖြစ်သော်လည်း သူကတော့ ကံကောင်းထောက်မစွာ အချိန်အတန်ကြာ လွတ်မြောက်နေခဲ့၏။ သွားကျန်းမာရေးနှင့် ပတ်သက်လျင် ထူးထူးခြားခြား ဂရုစိုက်ခြင်းကြောင့် မဟုတ်ဘဲ သာမန်ကံကောင်းမှု ကြောင့်သာဖြစ်သည်။

ယခုတော့....
ထိုကံကောင်းမှုသည် လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်းကပင် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ သူ၏ သွားတစ်ချောင်းသည် မခံမခရပ်နိင်အောင် ကိုက်ခဲနေခဲ့ပြီး ထိုကိုက်ခဲမှုကြောင့် ပါးတစ်ခြမ်းပင် ရောင်ကိုင်း နေပြီဖြစ်၏။
သေချာပါတယ်.... သူ... သွားဆရာဝန်ဆီကို သွားရတော့မှာပါ။
နေပါအုံး... အဲဒီသွားက ဘယ်တုံးကတည်းက ကိုက်နေတာပါလိမ့်။
နေ့ရက်တို့ကို ပြန်စဉ်းစားကြည့်သော်လည်း သူ၏မှတ်ဥာဏ်တို့က မကောင်းလှပါ။ ဇနီးသည်နှင့် စကားမများခင်အထိတော့ ထိုသွား မကိုက်သေးဟု ဝိုးတဝါးမှတ်မိလာ၏။

ဇနီးသည်..... သူ့ထက်အသက်များစွာငယ်သော အမျိုးသမီးအား ဇနီးအဖြစ် လက်ထပ်ယူခဲ့သည်မှာ သိပ်မကြာလှသေး။ ၄င်းနှင့် လက်ထပ်ပြီးခါစ သူ၏နေ့ရက်တို့မှာ ရွှေရောင်တောက်အခဲ့သော်လည်း နောက်ပိုင်းမှာတော့ မကြာခဏဆိုသလို သူမနှင့် စကားများခဲ့၏။ စကားများရခြင်း အကြောင်းမှာ သူတို့နှစ်ယောက်၏ အသက်အရွယ်ကွာခြားမှု ဖြစ်နိင်သလို၊ နုပျိုငယ်ရွယ်လွန်းသော သူမအပေါ် သူ၏ အစိုးရိမ်လွန်မှုကြောင့်လည်း ဖြစ်နိင်ပါသည်။

ယခုတော့...သူ့သွား၏ အခြေအနေက မနှုတ်လျင် မဖြစ်လောက်အောင် ဆိုးဝါးနေပြီဖြစ်၏။ အကိုက်အခဲ ပျောက်ဆေးများ၊ တစ်ပွဲထိုးဆေးမြီးတိုများနှင့် မသက်သာတော့သည့် အဆုံးမှာတော့ သွားဆရာဝန်နှင့် ပြရန် သွားစိုက်ဆိုင် ရှိရာသို့ သူထွက်လာခဲ့တော့သည်။

မြေနီလမ်းအတိုင်းလျှောက်လာရာမှ ဆရာဝန်၏ အိမ်ဝိုင်းထဲသို့ ချိုးဝင်လိုက်၏။ နှစ်ထပ်ပျဉ်ထောင်အိမ် မြင့်မြင့်ကြီး၏ အဝင်တံခါးဝဘေး၌ ဆရာဝန်၏ အမည်နှင့် ၄င်းယူခဲ့သော ဘွဲ့တို့ကို ရေးထိုးထားသည့် ကြေးဝါ ဆိုင်းဘုတ်တစ်ခု ချိတ်ထားပြီး ထိုဆိုင်းဘုတ်မှာ ဆွဲဆောင်မှုမဲ့စွာ မှေးမှိန်နေပြီ ဖြစ်သည်။ ဆရာဝန်သည် ခေတ်နှင့် ရင်ဘောင်တန်းရန် စိတ်မပါတော့ဟု ယူဆရပါသည်။


သွားစိုက်ဆိုင်အဖြစ် သတ်မှတ်ရမည့် ဧည့်ခန်းအတွင်း ရောက်ရှိသွားချိန်မှာတော့ သူ့အထင်မှန်ကန်ကြောင်း သေချာသွားတော့သည်။ လူနာစမ်းသပ်သည့်ခုံမှာ သားရေများပေါက်ပြဲလျက် ဟောင်းနွမ်းနေပြီ ဖြစ်သလို ကရိယာများမှာလည်း ခေတ်နောက်ကျနေပြီဖြစ်၏။ အဆိုးဆုံးမှာ အရိုးစု၏ လက်တစ်ဘက်နှင့်တူသော လူနာကြည့်သည့် မီးဖြစ်သည်။ ဓါတ်ကြိုးများ တိုးလိုးတွဲလောင်း ထိုးထွက်နေပြီး၊ ပေါက်ပြဲသည့် နေရာများအား ပလာစတာများ၊ တိတ်များနှင့် ရစ်ပတ်ထားပုံမှာ အသည်းယားစရာပင် ကောင်းလှပါသည်။

ဆွဲဆောင်မှုကင်းမဲ့လှသော သွားစိုက်ဆိုင် အခင်းအကျင်းအား သူငေးကြည့်နေစဉ်မှာပင် နောက်ဖေးခန်းဆီမှ ခြေသံတရှပ်ရှပ်နှင့်အတူ ဆရာဝန်သူ့မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။ ထုံးစံအတိုင်း စွပ်ကျယ်အင်္ကျီလက်စကကို ဝတ်ဆင်းထားသော ဆရာဝန်သည် အနီးကပ်မြင်တွေ့ရသော အခါ၌ သူမျှော်လင့်ထားသည်ထက်ပင် ပိုမို အိုမင်းလှပါသည်။ ရွှေကိုင်းမျက်မှန် အနောက်မှ မျက်လုံးအစုံမှ ဖော်ရွေသော်လည်း မသင်္ကာရိပ်တို့ အနည်းငယ်ရောယှက်နေသလို ထင်ရ၏။


“သွား...ပြမလို့လား”

သူ့အား ခြေဆုံးခေါင်းဆုံး အကဲခတ်ပြီးနောက် ၄င်းက လှမ်းမေးသည်။ အသံ၏ ဆွဲဆောင်မှုမှာ ဈေးသည် တစ်ယောက်၏ ဈေးခေါ်သောအဆင့်ထက် မပိုပါ။ သူခပ်ဆိုင်းဆိုင်း ခေါင်းညိတ်လျက် ပြန်ပြောလိုက်သည်။


“ ကျွန်တော် သွားနုတ်ချင်လို့ပါ ”

“ သွားနုတ်ချင်တာလား။ ဘာဖြစ်လို့လဲ။”

“ သွားကိုက်နေလို့ ဆရာ။”

“ ကိုက်ရုံပဲလား။ အဲဒါကြောင့် နုတ်ချင်တာလား။”

“ နုတ်လိုက်ရင် သက်သာသွားမလားလို့ပါ”

“ ဟုတ်ပြီလေ။ ဖြစ်နိင်မဖြစ်နိင် သေချာအောင် အရင်ကြည့်ကြတာပေါ့”

“ကဲ...”

“ ဒီခုံပေါ်ကြွပါ။ ပါးစပ်လေးဟထား။ ပြီးတော့..ဘယ်သွားက ကိုက်တာလဲ ကျုပ်ကိုပြပါအုံး။”


အလွတ်ကျက်ထားသော သင်ခန်းစာများအား ရွတ်ပြနေသည့် ကျောင်းသားတစ်ယောက်ပမာ အဆက်မပြတ်ပြောရင်း မှန်အသေးလေး တပ်ထားသော သွားကြည့်ကရိယာအား ဆရာဝန်က လှမ်းယူလိုက်သည်။ ထို့နောက် သူ့နားသို့ တိုးကပ်လာပြီး စက်မောင်းတံသဖွယ် မီးလုံးအားဖွင့်ကာ သွားကို စတင်စစ်ဆေးလေသည်။ ကိုက်ခဲနေသော သွားအား အတန်ကြာစစ်ဆေးပြီးနောက် ဆရာဝန်က မေး၏။

“ ဖြစ်တာကြာပြီလား ”
“ လေး- ငါးရက်တော့ ရှိပြီ။”
“ အဲဒီသွားကို နုတ်ပေးစေချင်တယ်ပေါ့။ ခင်ဗျားသွားနုတ်ချင်တာ သေချာရဲ့လား။”

ဆရာဝန်၏ တလေးတနက်မေးခွန်းအား သူခပ်သွက်သွက် ခေါင်းညိတ်ပြလိုက်သည်။ ပျောက်မယ်ဆိုရင်ပေါ့ဆရာ။ အဲ့ဒီသွားကို နုတ်ပစ်လိုက်ရင် ကိုက်ခဲနေတာတွေ ပျောက်သွားမယ် မဟုတ်လား....ဟု သူမေးတော့ ဆရာဝန်က ခပ်ဆိုင်းဆိုင်းဖြစ်သွားပြီး သူ့အားဇဝေဇဝါ လှမ်းကြည့်သည်။ ပြီးမှ ခေါင်းတစ်ချက် ဆတ်ခနဲညိတ်လျက်....

“ အင်း...အဲဒီသွားက ကိုက်တာသေချာရင်ပေါ့ ”
“ ကျွန်တော့်ကို ဒုက္ခပေးနေတာပေါ့ အဲ့ဒီသွားပဲဆရာ”
“ ဟုတ်ပြီလေ။ ဒါဖြင့်လည်း ကျွန်တော်တို့ သူ့ကို နုတ်ပစ်လိုက်ကြတာပေါ့”

ဆုံးဖြတ်ချက်ကျပြီး သွားချိန်မှာတော့ ဆရာဝန်၏ လေးကန်ကန် အမူအရာတို့က ကွယ်ပျောက်ကာ ဖြတ်လက်သွက်လက်လာသလို သူထင်မိ၏။ ဆေးထိုးအပ်နှင့် ထုံဆေးကို စုပ်ယူနေချိန်၌ လေတစ်ချက်ပင် ခပ်တိုးတိုး ချွန်လိုက်ပါသေးသည်။
ထို့နောက်... သူ့ဘက်သို့ ပြန်လှည့်လာပြီး နုတ်မည့်သွား၏ အပေါ်ဘက်သွားဖုံးထဲသို့ အပ်ကို ထိုးစိုက်ကာ ထုံဆေးထိုးလိုက်ပြီးနောက် နာရီကို တစ်ချက် လှမ်းကြည့်လိုက်သည်။

“ ကဲ.. ထုံဆေးရဲ့ အာနိသင်ကို စောင့်ကြတာပေါ့”
“ ဟုတ်ကဲ့.. ဒါနဲ့စကားမစပ် ဆရာ့ကြည့်ရတာ ပိုပြီးတက်ကြွလာသလိုပဲနော်”
“ ဟုတ်လား။ ခင်ဗျားရိပ်မိလိုက်သလား၊ အင်း... ကျွန်တော်ကတော့ သွားနုတ်ရတာကို ပျော်တယ်လေ”
“ သြော်...”
“ တကယ်ကိုက်ခဲနေတဲ့ သွားတစ်ချောင်းကို နုတ်ရတဲ့အခါမျိုးပေါ့။ သွားတစ်ချောင်းဟာ မကြာခဏ ကိုက်တတ်နာတတ်လာပြီဆိုရင် လူကို အကျိုးမပြုတော့ဘူး။ သူ့ကိုဆက်ထားလည်း ဒုက္ခပေးရုံကလွဲပြီး ဘာမှအကျိုးမရှိတော့ဘူး။ အဲ့လို အခြေအနေမျိုးမှာ အဲ့ဒီသွားကို နုတ်ပစ်လိုက်တာ အကောင်းဆုံးပဲ ”

ဆရာဝန်က သွားနုတ်ဟန်ပင် စိတ်ပါလက်ပါ လုပ်ပြနေသေး၏။ ၄င်း၏ပုံက သွားအကြောင်းပြောနေခြင်းနှင့် မတူဘဲ ရန်သူတစ်ယောက်အကြောင်း ပြောခြင်းနှင့်ပင် ပို၍တူနေသေးတော့သည်။

“ စိတ်မရှိပါနဲ့ဆရာ။ ဆရာ့စကားထဲမှာ တကယ်ကို ကိုက်တဲ့သွားတို့၊ ကိုက်တာသေချာရင်တို့.. ခဏခဏ ပါနေတော့ တကယ်မကိုက်ဘဲ ကိုက်ချင်ယောင်ဆောင်တဲ့သွားကော ရှိလို့လားဆရာ။”

“ ကိုက်ချင်ယောင်ဆောင်တဲ့သွား။ ဟုတ်လား ရှိပြီလားကိုယ့်လူရယ်။ အသေအချာကို ရှိတာပေါ့။ သွားကိုက်တဲ့ ဆယ်ကြိမ်မှာ ကိုးကြိမ်ဟာ တကယ့်သွားက ကိုက်တာမဟုတ်ဘူး။ စိတ်က ကိုက်တာ....”

“ စိတ်ကကိုက်တာ .... ဟုတ်လားဆရာ။”

သူတအံ့တသြမေးလိုက်တော့ ဆရာဝန်က ၄င်း၏ ငွေရောင်ဖွေးဖွေးဖြူနေသော မုတ်ဆိတ်တို့အား ပွတ်သပ်လျက် ခေါင်းညိတ်လေသည်။

“ မပြေလည်မှုတွေပေါ့။ ဘဝရဲ့ မပြေလည်မှုတွေက ကိုက်တတ်တဲ့ သွားသဏ္ဍာန်ဟန်ဆောင်ပြီး လူကို ဒုက္ခပေးနေတော့တာပဲ။ စီးပွားရေး၊ လူမှုရေး၊ အထူးသဖြင့်တော့...အိမ်ထောင်ရေးပေါ့။ လင်နဲ့မယား လျှာနဲ့သွားဆိုတာ ကိုယ့်လူလည်း ကြားဖူးမှာပါ။ တကယ်တော့ မိန်းမတစ်ယောက်ဟာ သွားတစ်ချောင်းပဲ။ ကိုယ့်မိန်းမဟာ ကိုယ့်အပေါ်မကောင်းတော့ဘူးဆိုရင် သူဟာ ကိုက်တတ်တဲ့ သွားလိုမျိုး ကိုယ့်ကို တဆစ်ဆစ်ဒုက္ခပေးနေတော့တာပဲ။ ကျုပ်လည်း သွားကိုက်ဖူးတယ်။ ကျုပ်မိန်းမကကျုပ်ထပ်
ထက်ဝက်ကျော် ငယ်တယ်။ သူနဲ့စကားများပြီးတိုင်း ကျုပ်မှာသွားကိုက်တော့တာပဲ။ ဟိုသွားကကိုက်သလိုလို၊ ဒီသွားကကိုက်သလိုလိုနဲ့ သရိုးသရီကို ဖြစ်နေတော့တာ။”

မြတ်စွာဘုရား...
ဆရာဝန်ရဲ့အဖြစ်က သူနဲ့တူလွန်းလှပါလား။ သူတအံ့တသြနှင့် ဆရာဝန်ကို ကြက်သေသေစွာ ငေးကြည့် နေမိ၏။ ဆရာဝန်က သူ့အားမကြည့်ဘဲ အိမ်ပြင်ဘက်သို့ မျှော်ငေးလျက် တစ်လုံးချင်း ဆက်ပြောလေသည်။

“ သက်သာမလားဆိုပြီး သွားတစ်ချောင်းကိုက်လိုက် နုတ်လိုက်ပေါ့။ နောက်မှ ကျုပ်ကို တကယ်ကိုက်ခဲစေတာ ပါးစပ်ထဲက သွားမဟုတ်ဘဲ ကျုပ်ဘဝထဲက သွားပါလားဆိုပြီး သိလာတော့တယ်။ သိတဲ့အချိန်မှာ ကျုပ်အသက်က ခြောက်ဆယ်ကျော်နေပြီ။ သွားသစ်လဲဖို့ အများကြီးနောက်ကျသွားခဲ့ပြီ။”

ဆရာဝန်၏အသံက နောင်တသံလား။ မချင့်မရဲသံလား၊ သူဝေခွဲ၍မရ။ ရွှေကိုင်းမျက်မှန်နောက်မှ မျက်လုံးများကတော့ ရီဝေနေသလို ထင်ရလေသည်။

ထိုအချိန်၌ ခြံဝသို့ထိုးဆိုက်လာသော ဆိုက်ကားတစ်စီး၏ အသံကြောင့် ဆရာဝန်ရော သူပါ အိမ်ရှေ့သို့ လှမ်းကြည့်လိုက်၏။ ဆိုက်ကားပေါ်မှ ဆင်းကာ အိမ်ထဲသို့ လှမ်းဝင်လာသော အသက်အစိတ်ကျော် သုံးဆယ်ဝန်းကျင် အမျိုးသမီးတစ်ယောက်။ အသားဖြူဝင်းကာ ရုပ်ရည်ချောမောပြီး ခေတ်မှီလွန်းလှပါသည်။ အမျိုးသမီးက သူ့ကိုရော ဆရာဝန်ကိုပါ တစ်ချက်မှ မကြည့်ဘဲ အိမ်ထဲသို့သာ တန်းဝင်သွား၏။

“ အဲဒါ... ကျုပ်ဇနီးပဲ။”

ဆရာဝန်၏အသံမှာ ဂုဏ်ယူသံလား။ အားငယ်သံလား ဝေခွဲမရပြန်ပါ။ သူဆရာဝန်အား ဖြတ်ခနဲလှမ်းကြည့်ရင်း မေးလိုက်သည်။

“ စိတ်မရှိပါနဲ့ဆရာ။ ဆရာရဲ့သွားတွေ ဘာဖြစ်သွားလဲ။ ကျွန်တော်သိခွင့်ရှိရင် သိပါရစေ။”

ဆရာဝန်က သွားနုတ်သည့် ပလိုင်ယာကို ဆွဲယူ၍ သူ့အနားသို့ လျှောက်လာရင်း ပါးစပ်ဖြဲပြ၏။ ဆရာဝန်၏ ပါးစပ်ထဲ၌ သွားတစ်ချောင်းမှ မရှိတော့။

“ အံပုံစိုက်ဖို့အတွက်လည်း နောက်ကျသွားပြီလေ။ အဲဒီတော့ ဒီအတိုင်းပဲ ထားလိုက်တော့တယ်။ နောက်ပြီး သွားနဲ့ပါတ်သက်တဲ့ စကားပုံတစ်ခုလည်း ရှိသေးတယ် မဟုတ်လား။ နွားပြာကြီး အောက်သွားမရှိ ဆိုတာလေ။ ကဲ...ကျုပ်တို့ရဲ့ အလုပ်လေး လက်စသတ်လိုက်ရအောင်။ ပါးစပ်...”
“ အား....”



အပိုင်း (၂)

ထိုနေ့မှစ၍ နောက်တစ်ခါ သူသွားကိုက်တိုင်း စိတ်ကကိုက်တာလား၊ သွားကကိုက်တာလား သေချာအောင် ခွဲခြားရသည့် အလုပ်တစ်ခု ပိုလာတော့၏။

သူ့ဘဝထဲမှ အရေးကြီးဆုံးသွားကိုတော့ ယနေ့တိုင် သူမနုတ်ဖြစ်သေး...။


***********************************************************************************

တကယ်တော့ မိန်းမတစ်ယောက်ဟာ သွားတစ်ချောင်းပဲ။

ကိုယ့်မိန်းမဟာ ကိုယ့်အပေါ်မကောင်းတော့ဘူးဆိုရင်

သူဟာ ကိုက်တတ်တဲ့ သွားလိုမျိုး

ကိုယ့်ကို တဆစ်ဆစ်ဒုက္ခပေးနေတော့တာပဲ။ ။
To Continue Reading

May 15, 2009

တတိယအနား


အဲသည် အပြိုင်မျဉ်းနှစ်ကြောင်းကို သူ ငေးစိုက် ကြည့်နေသည်မှာ အတော်ကြာပြီ။ လွန်ခဲ့သော တနာရီခန့်က ထိုမျဉ်းနှစ်ကြောင်းကြားတွင် တစုံတရာသည် ရုတ်တရက် လွင့်စင်ကြေမွ သွားခဲ့သည်။ ထိုတစ်နာရီမတိုင်ကတော့ ထိုတစုံတရာသည် သက်ရှိအနေဖြင့် သူလိုငါလို အများအကြားတွင် လှုပ်ရှားသွားလာ နေထိုင်ခဲ့မည်။ အခုတော့..။

“လုပ်ချင်ရင်လည်း သည်လိုနေရာမှာမှ ဒါမျိုး လုပ်ရသတဲ့လား။ အိပ်ဆေးသောက် ပိုးသတ်ဆေးသောက်။ ငြိမ်ငြိမ်သက်သက်နဲ့ နည်းလမ်းတွေမှ အများကြီး။ အခုတော့ လူအများ အထိတ်တလန့်ဖြစ်ရတယ်။”

“အေးလေ.။ ရုံးသွား နောက်ကျပြီ။”

“ဒီက လေဆိပ်သွားမလို့။ ခရီးစဉ် နောက်ကျတော့မှာပဲ။”

“အို… ဖြစ်မှဖြစ်ရလေ..။ သူ့ခမျာ ဘာတွေများ ဒီလောက်စိတ်ညစ်နေပါလိမ့်။”

“သတ္တ၀ါအများ ကျန်းမာချမ်းသာကြပါစေ။ ဘုရားသခင် စောင့်ရှောက်ပါစေ။”

“သွားပြီ။ ကြည့်မိသွားတယ်။ ကြောက်စရာကြီး။ ဒီနေ့တော့ အစားအသောက် ပျက်ပါပြီ။”

“ဒီနိုင်ငံလေးမှာ ဒါမျိုးတွေ သိပ်ခေတ်စားတယ်နော်။ ဟိုတလောကလည်း အရှေ့ဘက်က ဘူတာမှာ တယောက်။”

“အဲဒါ လူစားတာဖြစ်နိုင်တယ်။ တနှစ်တယောက်တော့ အနည်းလေးပဲ။”

ရဲတွေ သတင်းသမားတွေ တစတစ ရှင်းပြီ။ အာမေဋိတ်သံများ ကြောက်လန့်တကြား အော်ဟစ်သံများ တီးတိုးဝေဖန်သံများ တဖြည်းဖြည်း ပါးလျပြီ။ ကျွတ်… ငါနဲ့မဆိုင်တဲ့ အရာတခုကို ဘာလို့ အချိန်ကုန်ခံပြီး ဒီလောက်တောင် ငေးနေမိသလဲ။ ဘူတာရုံကို သူ ကျောခိုင်းထွက်လာတော့ အသံများက ဝေးကာကျန်ခဲ့သည်။


……….

“ဒီအဖြစ်မျိုးတွေ ကြားရတာ များလှပြီ။ ဘ၀ကို ဘာလို့ သည်လို အဆုံးသတ်ချင်ရတာလဲကွာ။”

အိမ်ရောက်တော့ အခန်းဖော် သူငယ်ချင်းကို ပြောပြဖြစ်သည်။

“နာကျင်မှုတွေကို နာကျင်မှုတခုနဲ့ အဆုံးသတ်လိုက်တာ။”

သူငယ်ချင်းက မီးပူတိုက်နေရာမှ လှည့်မကြည့်ပဲ ပြောသည်။

“ဟုတ်ပြီလေ။ အဆုံးသတ်ရင်လည်း တခြားနည်းလမ်းတွေ အများကြီးရှိတာပဲ။ ဒီလောက်တောင်မှ နာနာကျင်ကျင် လုပ်ရသလား။”

“နာကျင်မှုဟာ ခံစားမှုတမျိုးပဲ။ အဲဒါကိုလည်း လူတွေက သာယာနိုင်ကြတယ်။ တခါတလေကျတော့ ကျေနပ်မှုကို အဲသည်မှာ ရှာနိုင်တယ် လို့ငါထင်တယ်။ ”

သူ နားမလည်ပါ။

“အဲဒါတော့ ငါမသိဘူး။ တခုတော့ရှိတယ်။ ငါကတော့ အဲသည်လိုနည်းလမ်းနဲ့ အဆုံးသတ်ဖြစ်မှာ မဟုတ်တော့ဘူး။ အခု ဒါမျိုးတွေကို တွေ့မိတယ်။ မကောင်းဘူးလို့ မြင်တယ်။ ပြောပြမိတယ်။ ငါတော့မလုပ်ဘူး။”

“ဒါက တပ်အပ်မပြောနိုင်ဘူး။”

သူငယ်ချင်းက ပြုံးပြီး သူ့ဘက် လှည့်ကာ ပြောလာသည်။

“ဘယ်လို”

“မင်း Basic Instinct ကြည့်ဖူးတယ် မဟုတ်လား။”

သူ မျက်ခုံးပင့်သွားသည်။ ဘာဆိုင်လို့လဲ။

“ ဟေ့ လျှောက်မတွေးနဲ့။ ဒီလိုပါ။ ငါပြောချင်တာ အဲဒီ ဇာတ်လမ်းမှာ မင်းသမီး စာရေးဆရာမက သူ့ဝတ္တုထဲမှာ ဘယ်လိုပုံစံနဲ့ လူသတ်မယ်ဆိုတဲ့ ဇာတ်ကွက်တွေကို ထည့်ရေးထားတယ်။ သူကိုယ်တိုင် လူသိရှင်ကြား ရေးခဲ့တဲ့အတွက် အပြင်မှာ ဒီလိုပုံစံနဲ့ပဲ သူက လူသတ်နိုင်မလားဆိုတာ မဖြစ်နိုင်တော့ဘူးလို့ အငြင်းပွားစရာ ဖြစ်တယ်။ သူက အဲဒါကို အလီဘိုင်ပြပြီး လှည့်စားလိုက်တာ။ တကယ်ကျတော့ အဲဒီအတိုင်း တကယ် လိုက်လုပ်ခဲ့တာပဲ။”

“ဒီတော့”

“ဆိုလိုတာက လူ့စိတ်က တမျိုးကွ။ တမင်ဖြစ်စေ အမှတ်တမြဲ့ဖစ်စေ မင်းကိုယ်တိုင် ဖြစ်ရပ်တခုခုကို တဖွဖွ ပြောခဲ့ဖူးလို့ တကယ့်တကယ်ကျတော့ တချိန်မှာ အဲဒါကို မလုပ်တော့ဘူးလို့ တပ်အပ် မဆိုနိုင်ဘူး။”

သူ ငိုင်တွေသွားသည်။ ဘာပြန်ပြောရမှန်း မသိ။

“လုပ်မယ် လို့လည်း တပ်အပ် မဆိုနိုင်ပါဘူးကွာ။”

သူငယ်ချင်းက သူ့ပခုံးကို နှစ်သိမ့်သလို တချက်ပုတ်ကာ ဆက်ပြောပြီး အ၀တ်တထပ်ကြီးကို မကာ အခန်းထဲဝင်သွားသည်။

ရင်ထဲမှာ ဟာတာတာနှင့် ကျန်ခဲ့သည်။ ဟာ.. ဆိုးလိုက်တာ..။ ဒီကောင် တော်တော်ကြောင်တာပဲ။ သူ စိတ်ထဲက တိတ်တိတ် ကျိန်ဆဲလိုက်သည်။ “စိတ်ထဲက…” ဟုတ်သည်။ စိတ်ထဲက။ ဒါက သူ့ရဲ့ထုံးစံ။ သူက စိတ်ထဲမှာပဲ အရာများစွာကို မျိုချထားတတ်သူ။

……….


သည်နိုင်ငံလေးကို သူ ရောက်နေတာ ဆယ်စုနှစ် တခုနီးပါး ကြာလှပြီ။ သည်အတောအတွင်း သူ မျိုချထားခဲ့ရတာတွေ အတော်များလှပြီ။ သူ့ရဲ့ ဘ၀ကြီးတခုလုံးထဲမှာ ထည့်သွင်း မျိုချထားရသည့် ဘ၀သေးသေးလေးတွေ များစွာရှိသည်။ ဒါတွေကို မျိုချဖို့အတွက် ၀ါသနာများ၊ အပန်းဖြေခရီးများ၊ ပျော်ပွဲရွှင်ပွဲများ၊ မိသားစုဘ၀၊ နွေးထွေးသော ညစာ၊ အိပ်ရေးဝခြင်း၊ ဟိုငေးသည်ငေးအချိန်များ စတာတွေကို သူထွေးထုတ်ခဲ့ရသည်။

သူ့စိတ်ကိုယ်တိုင်ကိုလည်း သူမျိုချ လို့ တခုခုဆုံးဖြတ်သည့် နေရာတိုင်းမှာ ကိုယ်ကလွဲ၍ ကျန်အရာများကို ထည့်တွက်ရန် ကျင့်သားရခဲ့တာ ကြာပြီ။ သည်အဆင်ကို ၀တ်လျှင် သူများအမြင်မှာ ကြည့်ကောင်းမယ် ထင်ရဲ့။ သည်ဘွဲ့ကိုယူလျှင်ဖြင့် အလုပ်အကိုင် အဆင်ပြေနိုင်ရဲ့ ။ သည်မိန်းမ ကိုယူရင်ဖြင့် မိဘများ စိတ်တိုင်းကျနိုင်ရဲ့။ ဒီနိုင်ငံကို လာအလုပ်လုပ်လျှင် သူတို့တွေအတွက် အဆင်ပြေနိုင်ရဲ့ စသည်...။

သူရခဲ့တဲ့ ဆုတံဆိပ်တွေ ဂုဏ်ထူးဆောင် လက်မှတ်တွေ အောင်မြင်မှုဟု ခေါ်ကြသော အရာတွေတိုင်းရဲ့ နောက်ကွယ်မှာ ဘယ်သူမှ မသိတဲ့ ချွေးစက်အေးအေးတွေ ပုန်းအောင်းနေခဲ့သည်။

သူ့ရဲ့ ပထမဆုံး အတွေ့အကြုံတခုကို မှတ်မိနေသေးသည်။ အဲသည် အချိန်က ငါးနှစ်သားလောက်သာ ရှိသေးသည်။ ကလေးကဗျာတွေ အတော်များများကို အလွတ်ရသော သူ့ကို ရည်မှန်းချက်ကြီးသော အမေက စင်ပေါ်တွင် တက်ကာ ကဗျာရွတ်ဆို သရုပ်ဖော်ပြိုင်ပွဲ ၀င်စေချင်သည်။ သူ ကြောက်လန့်ရင်ခုန်စွာ ငြင်းဆန်ခဲ့။ သား.. ကြောက်တယ် မေမေ..။ ဟဲ့.. ဘာငိုမဲ့မဲ့  ဖြစ်နေတာလဲ။ အဖြစ်မရှိဘူးလား။ အိမ်မှာ ဒီလောက်ကျင့်ထားတာပဲ။ တက်လိုက်တက်လိုက်။ သွား.. သွားတော့။ လူတွေရဲ့ လက်ခုပ်သံက သူ့ရင်ကို ပိုခုန်စေသည်။ စင်အောက်က လူတွေ အများကြီးကို စင်မြင့်ပေါ်ကနေ တယောက်တည်း ကြည့်ရင်း မီးရောင်အောက်မှာ မျက်လုံးတွေေ၀၀ါးလာခဲ့သည်။ မလုပ်ချင်သော သို့သော် လုပ်ရမည်ဖြစ်သော အလုပ်တခုကို သူဘာတွေ လုပ်ခဲ့သလဲ။ ဆုတံဆိပ်တခုက သူ့ရင်ဘတ်ထဲ ပစ်ကျသည်။ အမေက ပျော်ရွှင်လို့။ ဂုဏ်ယူလို့။ သူ့လက်ဖ၀ါးတွေက အေးစက် ဖျော့တော့လို့။

သည်လိုနှင့် သူ့ကို တွန်းတွန်းပို့တင်လိုက်တဲ့ စင်မြင့်တွေ များများလာခဲ့သည်။ စင်အောက်မှာ လူများကတော့ သူ့ကို ငေးမောလျက်။ ပြာနှမ်းနေသော သူ့လက်တွေကို ဘယ်သူမှ မမြင်။ စေးထန်းထန်း ချွေးစက် တွေကို ဘယ်သူမှ မမြင်။

အတွေးတွေကို ခါယမ်းထုတ်ရင်း ဘေးနားက တယ်လီဖုန်းကို အလိုအလျောက် ကောက်ကိုင်လိုက်သည်။ တယ်လီဖုန်း ခေါ်ခတွေက သူ့နိုင်ငံအတွက်မှ ဘာလို့ ဈေးကြီးနေရတာလဲ။ ပြီးတော့ အိမ်နဲ့စကားပြောတိုင်း ဘာလို့ သူ့ဘက်ကပဲ စစ ခေါ်ပေးနေရတာလဲ။ တခါတလေ အိပ်ရာထဲမှာ မအီမသာ ဖျားနာတဲ့ ညမျိုးဆိုလျှင် မိုင်ပေါင်းများစွာက ဖြတ်သန်းလာမည့် တယ်လီဖုန်းသံတခုကို မဖြစ်နိုင်မှန်း သိပေမယ့်လည်း သူမျှော်မိသေးသည်။

သတိရလို့ ဆိုသော စကား နေကောင်းကြလားဟင် ဆိုသောစကား သူ့လည်ချောင်းဝက ထွက်မလာခင် တဖက်မှ စကားလုံးများ ဆက်တိုက် သူ့နားထဲ ဖြတ်စီးဆင်းသည်။ အတော်ပဲ ဖုန်းစောင့်နေတာ။ ဟိုနေ့က ပို့မယ် ပြောထားတဲ့ဟာ ဘယ်တော့ရောက်မှာလဲ။ ကုန်ဈေးနှုန်းတွေက အခုတလောတော်တော် ကြီးလာပြီ။ နောက်လကျရင် ပိုက်ဆံ နည်းနည်း ပိုပို့လိုက် သိလား။ အမေနဲ့ပြောဦး။ ရော့ရော့.. ဒီမှာ။ ပြောရဦးမယ်။ မင်းညီအငယ်ဆုံးက လာမယ့်လမှာ စာမေးပွဲပြီးမယ်။ အခုကတည်းက သူ့အတွက် အလုပ်ရှာထားလိုက်တော့။ သူလာရင်နေဖို့ အိမ်ရှာထားဦး။ ကလေးတွေကို ဒီနှစ် ကျောင်းပြောင်းမယ်။ ဒါမှ ဟိုရောက်ရင် စာလိုက်နိုင်မှာ။ အဲဒီကျောင်းမှာထားရင် ဒေါ်လာနဲ့…... တီ.. တီ။ ဖုန်းပြတ်သွားပြီ။

သူ ဖုန်းပြန်မခေါ်ဖြစ်တော့။ သူ့ကို သူတို့တွေက လိုအပ်ကြသတဲ့လား။ သူ့ကို လူတွေအများကြီးက တကယ် လိုအပ်လို့လား ဟု မကြာခဏ တွေးဖူးသည်။ သူကတော့ အမြဲ တခုခု လိုနေတဲ့ လူတစ်ယောက် ဖြစ်သတဲ့။ သူ့မန်နေဂျာက သူ့ဆရာတွေက သူ့မိသားစုက အားမလိုအားမရ မကြာခဏ ပြောဖူးသည်။

“နိုင်ငံခြားသားဖြစ်ရုံနဲ့ နှိမ်ထားတာ မဟုတ်ပါဘူး။ မင်းရထားတဲ့ဘွဲ့နဲ့ အသက်အရွယ်နဲ့ တကယ်တော့ ဒီ့ထက်မြင့်တဲ့ ရာထူးကို ရသင့်တာ ငါတို့သိတယ်။ ဒါပေမယ့် မင်းက ဆက်သွယ်ရေးမှာ တခုခုလိုတယ်နော်။ မင်းကဘာလို့ စကားပြောနည်းရတာလဲ။ အမှားအယွင်းတွေနဲ့ ပြောရတာလဲ။ အင်္ဂလိပ်ဘာသာစကားမှာ အခက်အခဲရှိနေတာလား။ မင်းသိတဲ့အတိုင်း တို့အလုပ်သဘာဝက အများကြီး သွက်လက်ပြီး ပြောနိုင်ဆိုနိုင်ဖြစ်ဖို့ လိုတယ်။ သည်အလုပ်ကို ရတာကိုက မင်းအများကြီး ကံကောင်းနေပြီ။ ဒါကြောင့်မင်းရဲ့ ခံစားခွင့်တွေကတော့ သူများတွေထက်စာရင်…”

မဟုတ်သေးဘူး။ သူတခုခု ပြန်ပြောချင်ခဲ့သည်။ နှုတ်က ချက်ချင်း ထွက်မလာ။ ထွက်မလာတာလည်း ကောင်းသေးသည်။ ထွက်လာလျှင် ထုံးစံအတိုင်း အထစ်ထစ်အငေါ့ငေါ့ အမှားမှား အယွင်းယွင်း ဖြစ်ဦးမည်။ တခြားသူတွေ သွက်သွက်လက်လက် ငြင်းခုန် ဆွေးနွေးနေလျှင် ကြားဖြတ် ပြောချင်စိတ် ကုန်ခန်းတတ်တာ။ ပြောချင်တာတွေနဲ့ ပြောမိတာတွေနဲ့ ကွဲပြားသွားတတ်တာ…။ သူ့ကိုယ်သူလည်း နားမလည်တော့။ တကယ်တော့ သူပြောချင်သော စကားတွေကို သူက ဘယ်တုန်းက ပြောထွက်ခဲ့လို့လဲ။ နားထောင်ပေးမည့် လူတယောက်ရော သူ့မှာရှိပါရဲ့လား။

ခဲတံနှင့်စာရွက်ကို သူက ကောက်ကိုင်လိုက်ပြန်သည်။ စိတ်ရှုပ်ထွေးလာလျှင် မျဉ်းကြောင်းကလေးတွေကို သူရေးခြစ်လေ့ရှိသည်။ မျဉ်းဖြောင့်နှစ်ကြောင်းတည်းကို ဘောင်ခတ်ကြည့်ရန် အမျိုးမျိုး ကြိုးစားနေတတ်သေးသည်။

တကယ်က ပြင်ညီ ပုံသဏ္ဍာန်တခု ဖြစ်လာရန် ဘောင်ခတ်ဖို့ အနည်းဆုံး အနားဖြောင့် သုံးနားတော့ လိုမည်ပေါ့။ အဲဒါကို တြိဂံဟုခေါ်သည်။ တြိဂံဟာ အခိုင်မာဆုံး ဖွဲ့စည်းပုံ တခုလည်း ဖြစ်သတဲ့။ အဆောက်အဦ အမြင့်တွေကို တြိဂံအခြေခံတဲ့ ပုံသဏ္ဍာန်နဲ့ တည်ဆောက်ရင် အခိုင်ခန့်ဆုံး ဖြစ်သတဲ့။ သူက တြိဂံတွေကို အားကျတတ်သူ။ သူ တြိဂံတခု ဖြစ်နိုင်ဦးမှာလား။


တကယ်လို့ လူတယောက်ရဲ့ ဘ၀မှာ ပေးထားချက်ဟာ အနားဖြောင့်နှစ်ခုသာ ဆိုပါစို့။ ဘ၀ကို လှပစွာ ဘောင်ခတ် တည်ဆောက်ဖို့ ပထမဦးဆုံးတော့ ထိုမျဉ်းနှစ်ကြောင်း ဒီဂရီအနည်းငယ် ဖြစ်ဖြစ် စုဆုံလာဖို့လိုမည်။ ပြီးတော့ တတိယအနားတခုဖြင့် အပြီးသတ်ရမည်။ သူလိုလူ တစ်ယောက်ကို ပေးထားတဲ့ အနားနှစ်ခုက ဘယ်လိုပါလိမ့်။ ခပ်တင်းတင်း မျဉ်းနှစ်ကြောင်းကြားမှာ ဘယ်နေရာကတိုင်းတိုင်း အကွာအဝေးတွေက တူညီနေသည်လေ။ သည်တော့ လျှောက်မိသော လမ်းကို ဆက်ကြည့်လိုက်လျှင် တမျှော်တခေါ်။ ဘယ်တော့မှဆုံးမှာလဲဟင်။ အနန္တအထိ မရပ်မနားလား ..။ အနားမသတ်နိုင်သော ပုံသဏ္ဍာန်တခုရဲ့ ဟိုးဝေးဝေးမှာ ဘာမှမမြင်ရဘူး။ ဟို.. ရထားလမ်းတွေလို..။ မောလိုက်တာ။

သူ ခုတင်ပေါ်ကို ပစ်လှဲလိုက်သည်။ သွားစမ်းပါ။ အားလုံး လဲသေလိုက်။ သူငယ်ချင်းကို ကျိန်ဆဲ။ သူ့အလုပ်က မန်နေဂျာကို ကျိန်ဆဲ။ သူ့ဘေးက တယ်လီဖုန်းကို ကျိန်ဆဲ။ ငါ့ကိုယ်ငါ ပိုင်တယ်။ ငါလုပ်နေတာတွေဟာ ငါလုပ်ချင်လို့လုပ်နေတာပဲ။ ဟော..။ သူ့ပါးစပ်က ထွက်ကျလာသော စကားလုံးတွေကို သူ့ဘာသာ မယုံကြည်နိုင်စွာ အလန့်တကြား ပြန်ထထိုင်မိသည်။

----

အခုတော့ သူအိပ်မက် မက် နေလေသည်။ အိပ်မက်မက်သည်ဟု ထင်သည်။ မီးလင်းနေသည့် စင်မြင့်တခုက အဆင်သင့်။ သွား.. စင်ပေါ်ကို တက်တော့။ တယောက်ယောက်က တွန်းပို့ပြန်ပြီ။ လူတွေအများကြီးက မျက်လုံးပေါင်းများစွာဖြင့် သူ့ကို ၀ိုင်းကြည့်နေပြန်ပြီ။ မေမေ.. မသွားချင်ဘူး..။ မင်း သတ္တိမရှိဘူးလား။ တသက်နှင့်တကိုယ် ကိုယ်တိုင်အတွက် ကိုယ်ပိုင် ဆုံးဖြတ်ချက် ဘယ်မလဲ…။ မင်းကိုယ်မင်း ပိုင်တယ်..။ မင်းကံကြမ္မာကို မင်းပိုင်တယ်။ မင်းရဲ့ အစကို မပိုင်ခဲ့တောင်မှ.. မင်းရဲ့အဆုံးကို မင်းပိုင်တယ်..။

သိပ်ကို လိုအပ်ခံချင်တဲ့ကောင်…။ ကမ္ဘာလောကကြီး တခုလုံးမှာ သူ့ကို အမှန်တကယ် လိုအပ်နေတာ တနေရာတော့ ရှိရမည်ပေါ့။ ဟောဟိုမှာ.. ပြိုင်နေသော မျဉ်းနှစ်ကြောင်း။ အနားနှစ်ခုက ယိမ်းယိုင် ပေါင်းဆုံစပြုပြီလား။ အဆုံးသတ် ဘောင်ခတ်ဖို့ တတိယအနား ကိုသာ စောင့်နေပြီ။

မီးရောင်ဝင်းဝင်း နှင့် အရှိန်ပြင်းပြင်း ပြေးလာနေသော သဏ္ဍာန်တခု။ သွားလိုက်တော့.. သွားလိုက်တော့..။ ကြိတ်ဖြတ်တော့မည့် အရာနှင့် လုံလောက်သော အကွာအဝေး။ ခန္ဓာကိုယ်ကြီး တခုလုံး ၀ုန်းခနဲ။ ပြင်းထန်သော တခဲနက်အရှိန်။ ပြိုင်နေသော သံချောင်းနှစ်ချောင်းကြားမှာ ဘီးလုံးများ။ အသားကို ကြိတ်ပွတ်သော အတွေ့။ တကိုယ်လုံး နေရာအနှံ့မှ ဖျိုးဖျဉ်း စူးရှ ဝေဒနာ…။ မျက်လုံးထဲမှာ အနီ.. အပြာ… အနက်..။ အော်ကြည့်သည်။ ရုန်းထွက်ကြည့်သည်။ လေးလံလှချည့်..။ တစက္ကန့် တစက္ကန့်တိုင်းဟာ အခုတော့လည်း ..။ ဒါဟာ တကယ်ပဲလား။

အိပ်မက်လား တကယ်လား သိချင်လျှင် အသားကို ဆွဲဆိတ်ကြည့်ရသတဲ့။ အဆုံးစွန် ဝေဒနာ ခံစားထုံကျင်နေသူရဲ့ အသားလေးတမျှင်ကို ဆွဲဆိတ်ကြည့်ရုံနှင့် ဘာများထပ်မံ ခံစားသိနိုင်မှာလဲ။ ထားတော့။ မနိုးမချင်းတော့ ဒါဟာ အိပ်မက်ပဲဖြစ်သည်။


ပန်ဒိုရာ

To Continue Reading

March 18, 2009

လူနာ ကုတင်နံပါတ် (၁၉)




မနိုင်းနိုင်းစနေ ဘာသာပြန်တဲ့ လူနာ ကုတင်နံပါတ် (၁၉) ကိုအရမ်းသဘောကျ လို့ ပြန်တင်ထားတာပါ။



ကုတင်နံပါတ်(၁၉)ကလူနာ ဆေးရုံစတက်တဲ့နေ့မှာ သားဖွားမီးယပ်က ဆရာဝန်၊ နပ်စ်တွေအားလုံး အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြတယ်။ ဒါဟာ ဆေးရုံနဲ့ ဆေးတက္ကသိုလ်က ကျောင်းသားတွေ ပူးပေါင်းပြီး “အေအိုင်ဒီအက်စ်ရောဂါ ခံစားနေရတဲ့ မိခင်မှ ရင်သွေးငယ်သို့ မကူးစက်ဘဲ ဖွားမြင်ရေး” ဆိုတဲ့ ရောဂါမကူးစက်ရေး အကြောင်းကို ရှာဖွေဆွေးနွေးကြဖို့ဖြစ်တယ်။

အေအိုင်ဒီအက်စ် ရောဂါသည်တစ်ဦး သားဖွားဆောင်ထဲ ရောက်နေတယ်ဆိုတဲ့ သတင်းက အိုးပူပူထဲ ပေါက်ပေါက် ထည့်ဖောက်လိုက်သလို သားဖွားဆောင်တစ်ခုလုံး ချက်ချင်းပေါက်ကွဲသွားခဲ့တယ်။ အစည်းအဝေးတုန်းက ဆေးရုံအုပ်ရှေ့မှာ ဘာမှ မဟရဲခဲ့ကြပေမယ့် အစည်းအဝေးအပြီးမှာ နပ်စ်တွေက အချင်းချင်း ဝိုင်းအုံဖွဲ့ကြပြီး “ရောဂါကူးခဲ့ရင် ဘယ်သူတာဝန်ယူမလဲ?” လို့ ငြင်းခုံခဲ့ကြတယ်။

ဆရာဝန်တစ်ချို့ကတောင် “လူနာသုံးတဲ့ ခွဲစိပ်ကိရိယာတွေ၊ အိပ်ရာခင်းတွေ ကတစ်ဆင့် တစ်ခြားလူနာတွေကို ပြန်ကူးစက်ရင် ဘယ်လိုလုပ်မလဲ?” လို့ ညည်းတွားနေကြတယ်။

ညည်းခဲ့ ငြင်းခဲ့ပေမယ့်လည်း နောက်ဆုံးမှာ လူနာနေဖို့ အခန်းကို စီစဉ်ခဲ့ကြရတယ်။ ဆေးရုံအုပ်ကြီးကိုယ်တိုင် လူနာအတွက် စပ္ပါယ်ရှယ်အခန်းက ကုတင် နံပါတ် (၁၉)ကို ရွေးပေးခဲ့တယ်။ လာဘ်နံပါတ်လို့ ပြောပါတယ်။ နပ်စ်မှူး တာဝန်ခွဲတော့ ကုတင် (၁၉)က လူနာကို ဘယ်သူမှ သွားမကြည့်ချင်ခဲ့ကြဘူး။ နောက်ဆုံး ကျောင်းပြီးတာ သုံးလတောင် မပြည့်သေးတဲ့ကျွန်မ ကုတင် (၁၉) အတွက် မားမားမတ်မတ် ထွက်ရပ်ခဲ့တယ်။

အခန်းထဲ စဝင်တဲ့နေ့မှာ လက်ရှည်အကျီင်္၊ မျက်နှာဖုံး၊ ဦးထုပ်ဆောင်းရုံသာမက အထူဆုံး လက်အိတ်တစ်စုံကိုပါ ကျွန်မရွေးခဲ့မိတယ်။ ကုတင်(၁၉)ကလူနာ ကုတင်ဘောင်ကိုမှီပြီး မွေးဖွားခါနီး ဗိုက်ကို ပွတ်သပ်လို့ အခန်းထဲဝင်လာတဲ့ ကျွန်မကို ပြုံးပြကြိုဆိုနေတယ်။ ဒီလိုရောဂါရထားတဲ့ အမျိုးအမီးတစ်ယောက်က တစ်ခြားလူတွေထက် တမူထူးခြားနေမယ်လို့ ကျွန်မ ထင်ခဲ့မိတယ်။ တကယ်တမ်း သူ့ကိုတွေ့တော့ သာမန်အမျိုးသမီး တစ်ဦးပါပဲ။ ဆံပင်ခပ်တိုတို၊ ဂါဝန် ပွပွကြီးကြီးကို ဝတ်ဆင်ထားပြီး ကွင်းထိုးဖိနပ် အနက်ရောင်ကို စီးထားတယ်။ ပါးပြင်တစ်ဖက်တစ်ချက်မှာ တင်းတိတ်တွေနဲ့ ပြည့်နေတဲ့ သူ့ပုံစံက လုံးဝစံမီတဲ့ မိခင်လောင်းတစ်ဦးဖြစ်တယ်။

“မင်္ဂလာပါ”

ဖော်ဖော်ရွေရွေ နှုတ်ဆက်လာတဲ့သူ့ကို လှိုက်ဖိုနေတဲ့ ရင်အစုံနဲ့ အေးစက်စက် ကျွန်မ ပြန်ပြုံးပြလိုက်မိတယ်။ ပထမဆုံးရက်မှာပဲ လူနာကို သွေးစစ်ရတယ်။ သွေးက ရောဂါကူးစက်ရမှာ အဓိကဖြစ်တဲ့အတွက် သူ့ကို သွေးစုတ်ဖို့ရာ ကျွန်မတစ်ကိုယ်လုံး ထုံကျင်နေမိတယ်။

ကျွန်မ စိတ်လှုပ်ရှားလွန်းလို့လားမသိ! သွေးစုတ်ဖို့ အပ်ကို သွေးကြောထဲ ရောက်အောင် မထိုးနိုင်ခဲ့ဘူး။ လွဲချော်သွားတဲ့ အပ်ကြောင့် သူ့မျက်ခုံး တွန့်သွားတာကို ကျွန်မမြင်လိုက်တယ်။ သွေးစုတ်ဖို့ ဖန်ပြွန်တွေ၊ ဂွမ်းစတွေနဲ့ ကျွန်မ ပျာများနေမိတယ်။ သူ့သွေးတွေ ကျွန်မကိုယ်ပေါ် လုံးဝ မပေကျံဖို့ ဂရုစိုက်ရသေးတယ်။ သွေးစုတ်ပြီးနောက် သူ့မျက်နှာကို ကျွန်မကြည့်လိုက်မိတယ်။ မျက်နှာက ပကတိ အေးချမ်းတည်ငြိမ်လို့......

“ကျေးဇူးတင်ပါတယ်”

ယဉ်ယဉ်ကျေးကျေးနဲ့ နွေးနွေးထွေးထွေး ဆက်ဆံလာတဲ့ သူ့ကို ပညာတတ် လူတန်းစားထဲကမှန်း ကျွန်မရိပ်မိလိုက်တယ်။

“ ဟို .. ကုတင်(၁၉)က လူနာလေ ဘယ်လိုကြည့်ကြည့် အဲဒီရောဂါရှိတဲ့ လူနာနဲ့ကို မတူဘူး သိလား” နပ်စ်နားနေဆောင် ရောက်ရောက်ချင်း ကျွန်မ မအောင့်နိုင်ဘဲ ပြောလိုက်မိတယ်။

“ဒီလိုရောဂါရတဲ့ လူနာကို ဘယ်လိုပုံစံနဲ့ မြင်ချင်လို့လဲ?” တာဝန်ကျ ဒေါက်တာတစ်ဦးရဲ့ စကားက ကျွန်မ စကားလမ်းကြောင်းကို ပိတ်ပစ်လိုက်တယ်။

“နပ်စ် .. ဒါကို ကြည့်လိုက်ဦး”

ဒေါက်တာက ပြောပြောဆိုဆို လူနာရဲ့ဆေးမှတ်တမ်းတွေ ကျွန်မကို ကမ်းပေးတယ်။

ဆေးမှတ်တမ်းကို ကျွန်မတစ်ရွက်ချင်း လှန်ကြည့်လိုက်တယ်။ သူ ကံတော်တော် မကောင်းခဲ့ရှာဘူး။ သူဟာ တက္ကသိုလ်ကျောင်း တစ်ခုက ဆရာမပါ။ ငယ်ရွယ်ထက်မြက်တဲ့သူက အသက် ၃ဝမှာ တွဲဖက်ပါမောက္ခ ဖြစ်နေပါပြီ။ သူ့အနာဂတ်လမ်းက ဖြောင့်ဖြူးနေခဲ့ပါတယ်။ ဒါပေမယ့် ခရီးတစ်ခုမှာ မတော်တဆ ယာဉ်တိုက်မှုဖြစ်ပြီး အရေးတကြီး သွေးသွင်းခဲ့ရတယ်။ အဲဒီမှာ HIV ရောဂါ ကူးစက်ခံခဲ့ရတာပါပဲ။

သွေးသွင်းခဲ့လို့ ရောဂါကူးစက်ခံရမယ်လို့ ဘယ်သူမှ တွေးမထားခဲ့မိဘူး။ သူကိုယ်ဝန်ရပြီး စစ်ဆေးမှုတွေ ပြုတဲ့အချိန်ကျမှ ကူးစက်ခံရမှန်း သိခဲ့ရတယ်။ အဲဒီနောက် သူ့ဘဝ တစ်မျိုးတစ်ဖုံ ပြောင်းခဲ့ရတယ်။ လောကကြီးကို မျက်နှာမပြရသေးတဲ့ ရင်သွေးငယ်ကိုလည်း သနားမိတယ်။ အေအိုင်ဒီအက်စ် ရောဂါသည်မွေးဖွားတဲ့ ကလေးငယ်ဟာ ရောဂါကူးစက်ဖို့ ၂ဝ% ကနေ ၄ဝ% ထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။ မွေးဖွားချိန်မှာ ဖြစ်လာနိုင်တဲ့ အခက်အခဲနဲ့ ရောဂါ ကာကွယ်စက်စနစ်တွေ (Immune System) ပျက်စီးခဲ့ရင် အသက်ပါဆုံးရှုံးနိုင်ပါတယ်။

အခုချိန်မှာ သူဟာ မွေးဖွားချိန်ကို တစ်ဖက်ကစောင့်ရင်း သူ့ကိုသွေးသွင်းပေးခဲ့တဲ့ ဆေးရုံနဲ့ သွေးလှူဌာနကို တရားစွဲဆိုထားပါတယ်။ လျှော်ကြေးငွေရမယ်လို့ ခန့်မှန်းထားပေမယ့် သူ့အတွက် ဘာများအသုံးဝင်တော့မလဲ?

ကုတင်(၁၉)ရဲ့ အမျိုးသား ရောက်လာတဲ့အချိန်မှာ သားဖွားဆောင်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသေးတယ်။ အေအိုင်ဒီအက်စ် ဝေဒနာသည်တစ်ဦးရဲ့ ခင်ပွန်းဟာ ဘယ်လိုပုံစံများပါလိမ့်? ကျွန်မသိချင်၊ မြင်ချင်ဇောနဲ့ အခန်းကို စစ်ဆေးမယ့်ဟန်ပြုပြီး ဝင်ရောက်စပ်စုခဲ့တယ်။ လူနာက ကုတင်ခေါင်းရင်းမှာ ထိုင်နေပြီး ခြေထောက်ကို ကုတင်နဲ့ မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ခင်ပွန်းပေါင်ပေါ် ဆန့်ထားတယ်။ ပြီးတော့ ငယ်ထိပ်ကနေ ဆံဖျားအထိ ဆံပင်ကို စိတ်အေးလက်အေး ဖြီးသင်နေတယ်။ ခင်ပွန်းဖြစ်သူက ကိုယ်ဝန်ကြောင့် ဖောရောင်နေတဲ့ သူ့ခြေထောက်ကို ညင်ညင်သာသာ ဖိနှိပ်ပေးနေတယ်။ ဇနီးသည်ကို သနားကြင်နာမြတ်နိုးတဲ့ အပြုံးနဲ့ နွေးထွေးမှုတွေကို သူ့လက်ဖဝါးကနေ တစ်ဆင့် ဇနီးရဲ့ ကိုယ်ထဲကို အရောက်ပို့နေခဲ့တယ်။

နေရောင်ခြည်က ပြတင်းပေါက်ကို ဖြတ်ပြီး အခန်းထဲမှာရှိတဲ့ ခင်ပွန်းရဲ့ လက်ပေါ်၊ ဇနီးရဲ့ ခြေပေါ်ကို အစက်အပျောက်အဖြင့်နဲ့ ထိုးကျလာခဲ့တယ်။ နေရောင်အောက်မှာ သူတို့ဟာ တကယ့် ပျော်ရွှင်စရာကောင်းတဲ့ ဇနီးမောင်နှံအဖြစ် ပိုအသက်ဝင်နေခဲ့ပါတယ်။

“ကလေးက ဘယ်သူနဲ့ ပိုတူမယ်လို့ ထင်လဲ?”

ကုတင်ထက်က အိပ်ရာခင်းကို ဆွဲဆန့်ရင်း သူတို့ပြောတဲ့စကားကို ကျွန်မ စိတ်မကောင်းစွာ နားထောင်နေမိတယ်။ တကယ်တော့ သူတို့ဟာ ပျော်စရာကောင်းတဲ့ မိဘလောင်းတွေပါလား?

“ကျွန်မနဲ့ ပိုတူမှာ ” ခပ်ချွဲချွဲ အမှုအရာနဲ့ သူပြောတယ်။

“အသားအရေတော့ တူလို့ မဖြစ်ဘူးနော်” ခင်ပွန်းက တစ်ဟားဟား ရယ်ရင်း “ကြည့်စမ်း... ပါးပြင်ပေါ်မှာ အစက်အပျောက်တွေနဲ့ ကျားသစ်မနဲ့ တူနေပြီ” သူ့ကိုစတယ်။ မျက်ရည်တွေ ပါးပြင်ပေါ် စီးမကျလာခင် အခန်းထဲကနေ ကျွန်မထွက်လာခဲ့တယ်။

HIV ရောဂါ ထိန်းချုပ်ပေးတဲ့ ဆေးတွေကို ကုတင်(၁၉) နေ့တိုင်းသောက်နေရတယ်။ နေ့တိုင်း သွေးစစ်ရတယ်။ ဆီးစစ်ရတယ်။ ဖြူဖွေးပြည့်ဝတဲ့ သူ့လက်မောင်းနှစ်ခုလုံး လက်ဖဝါးကနေ လက်မောင်းအထိ အပ်ရာတွေနဲ့ ပြည့်နေခဲ့ပါပြီ။ မကျွမ်းကျင်တဲ့ ကျွန်မမှာ ကြောက်စိတ်တွေ ရောပါနေခဲ့လို့ အမြဲတမ်း အပ်ကို တစ်ချက်တည်းနဲ့ မသွင်းနိုင်ခဲ့ဘူး။ ဒါကို သူက တစ်ခါမှ စိတ်မဆိုးခဲ့တဲ့အပြင် ကျွန်မကို အေးအေးလေး ပြုံးကြည့်နေတတ်တယ်။

သူ့ကို ပြုစုတဲ့ တစ်ပတ်ကျော်ကျော် အတွင်းမှာ သူ့ကို တဖြေးဖြေး ကျွန်မနှစ်သက်လာမိတယ်။ အခန်းထဲဝင်ရင် အကာအကွယ် ချပ်ဝတ်တန်ဆာတွေကို ကျွန်မ ဝတ်ဆင်ထားဆဲဖြစ်ပေမယ့် အပ်စိုက်ရာမှာ ပိုတိကျသေချာအောင် ကျွန်မဂရုစိုက်လာခဲ့တယ်။ သောက်ဆေးတွေကိုလည်း သူမှတ်မိတဲ့အထိ ထပ်သလဲလဲ မှာဖြစ်ခဲ့တယ်။ တစ်ခါတလေ သူ့အတွက် လတ်ဆတ်တဲ့ နေကြာပန်းတွေကို ဝယ်ပြီး သူ့ကုတင်ရှေ့မှာ ကျွန်မ ပန်းအိုးထိုးထားတတ်တယ်။

သူ့ကိုယ်ဝန် အနေအထားအားလုံးက ပုံမှန်ဖြစ်တယ်။ ကလေးက အနည်းငယ် ထွားနေပြီး ခေါင်းပိုင်းက မွေးဖွားရာလမ်းကြောင်းရဲ့ ၁ဝ စင်တီမီတာမှာ ရှိနေခဲ့တယ်။ ဒါပေမယ့် မွေးဖွားရာမှာ ရောဂါမကူးစက်အောင် ဆရာဝန်က ဗိုက်ခွဲမွေးဖို့၊ ခွဲစိပ်မယ့် အစီအစဉ်တွေ အားလုံးကို စီမံထားပြီးဖြစ်တယ်။

မွေးဖွားရက် နီးလာပါပြီ။ ခန့်မှန်းထားတဲ့ မွေးဖွားရက်က တစ်ပတ်လိုသေးပေမယ့် ၃၁နှစ် သားဦးဖြစ်တာကတစ်ကြောင်း၊ အေအိုင်ဒီအက်စ် ရောဂါသည် ဖြစ်နေတာကတစ်ကြောင်းမို့ လူနာခန်း၊ ခွဲစိပ်ခန်းကို အသေးစိပ် ပြင်ဆင်ထားပြီး အဆင်သင့်အနေအထားမှာ နိုးနိုးကြားကြား ရှိနေခဲ့ကြတယ်။

ကုတင်(၁၉)က တည်ငြိမ်လွန်းတယ်။ နေ့တိုင်း စာဖတ်လိုက်၊ သီချင်းနားထောင်လိုက်နဲ့ မွေးဖွားလာမယ့် ရင်သွေးအတွက် စာတွေ၊ ပုံတွေ ရေးဆွဲနေခဲ့တယ်။ အခုဆို သူ့ခေါင်းအုံးအောက်မှာ စာတွေ တစ်ထပ်ကြီး ရှိနေပါပြီ။

အရွယ်လွန်မှ ရတဲ့ ကိုယ်ဝန်ဖြစ်တဲ့အပြင် ရောဂါပါ ခံစားနေရပြီး ဘာဖြစ်လို့ ရင်သွေးငယ်အတွက် ဒီလောက်ထိ အားခဲနေရသလဲလို့ သူ့ကို ကျွန်မ မေးခဲ့တယ်။ ကျွန်မမေးတဲ့ အမေးကို သူ မနှစ်သက်ဟန် မပြတဲ့အပြင် “ ကလေးက ရောက်လာခဲ့ပြီပဲလေ။ သူ့အသက်ကို ကျွန်မ မဆုံးရှုံးသင့်ဘူး” လို့ ခပ်ပြုံးပြုံး ပြန်ဖြေခဲ့တယ်။

ဆက်မေးသင့် မမေးသင့် ကျွန်မတစ်ချက်တွေဝေပြီး “တကယ်လို့ ရောဂါကူးခဲ့ရင် ဘယ်လိုလုပ်မလဲ?” လို့မေးလိုက်မိတယ်။

နေကြာပန်းကို ပွတ်သပ်ကိုင်တွယ်ပြီး တစ်ဖက်လှည့်လိုက်ရင်း “တကယ်လို့ ကျွန်မတို့သာ မစမ်းသပ်ခဲ့ရင် ကလေးအသက်ရှင်ဖို့ အခွင့်အရေးတောင် ရှိခဲ့မှာ မဟုတ်ဘူး” လို့ သူပြန်ဖြေတယ်။

ကျွန်မစိတ်တွေ ပိုလေးလံလာခဲ့တယ်။ အခန်းက အပ်ကျသံတောင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက် သွားခဲ့တယ်။ အခန်းထဲကနေ လှည့်ထွက်ဖို့ ကျွန်မပြင်တော့ သူက တိုးညှင်းတဲ့ အသံနဲ့.....

“ကျွန်မတစ်ခုလောက် တောင်းဆိုချင်ပါတယ်။ တကယ်လို့ မွေးဖွားချိန်မှာ တစ်ခုခုဖြစ်ခဲ့ရင် ကျွန်မခင်ပွန်းက လူကြီးအသက်ကို လုပါလို့ ပြောလိမ့်မယ်။ ဒါပေမယ့် ကျွန်မရောဂါ အခြေအနေကို နပ်စ်လည်း သိပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကလေးကို ပထမဆုံးနေရမှာ ထားပေးပါနော်”

ကျွန်မပါးပြင်ပေါ် မျက်ရည်တွေ အတားအဆီးမဲ့ စီးဆင်းလာခဲ့တယ်။ အော် ..... ဒါကပဲ မိခင်တဲ့လား ?

ရောက်လာမယ့် နေ့ရက်က ရှောင်လွဲလို့ မရအောင် အရောက်လာခဲ့ပါပြီ။ အဲဒီညက ကျွန်မနိုက်ဂျူတီ ဝင်ရတယ်။ ကုတင် (၁၉)အတွက် ခွဲစိပ်ဖို့ အားလုံး ပြင်ဆင်ပြီးနေပြီ။ မိုးလင်းခါနီးမှာ ရုံးခန်းက အရေးပေါ် အချက်ပေး ခေါင်းလောင်းသံတွေ နားကွဲမတတ် ဆူညံမြည်လာခဲ့တယ်။ ကျွန်မချက်ချင်းထရပ်ပြီး အချက်ပြနံပါတ်ကို ကြည့်လိုက်တယ်။

“ကုတင် (၁၉) ! ”

တာဝန်ကျဆရာဝန်တွေကို တစ်ဖက်ကခေါ်ရင်း ကုတင် (၁၉)ဆီ ကျွန်မ အပြေးပြေးလာခဲ့မိတယ်။

မှိန်ဖျော့နေတဲ့ မီးရောင်အောက်မှာ ကုတင်(၁၉)ရဲ့ မျက်နှာက ဖြူရော်လို့နေတယ်။ စောင်ကို ဆွဲခွာကြည့်လိုက်တော့ ရေမွှာက ပေါက်နေခဲ့ပါပြီ။ ပိုဆိုးတာက ရေက အနီရောင်ဖြစ်နေတဲ့အတွက် သားအိမ်အတွင်းမှာ သွေးထွက်နေပြီဆိုတာကို သိလိုက်တယ်။

ကုတင်(၁၉)ရဲ့ မျက်နှာပေါ်မှာ စိုးရိမ်မှုတွေ လွှမ်းနေတယ်။ သွေးထွက်ပြီ ဆိုကတည်းက ကလေးကို ရောဂါကူးစက်နိုင်နှုန်းက ဆတိုးသေချာနေပြီ။ တကယ်တော့ အချင်းက ရောဂါမကူးစက်အောင် ရင်သွေးကို ဖုံးအုပ်ထားနိုင်တယ်။ ဒါပေမယ့် မွေးဖွားချိန် ထွက်တဲ့သွေးနဲ့ ဓာတ်တစ်မျိုး (Secretions) ကြောင့် ကလေးကို HIV ကူးစက်နိုင်ပါတယ်။

နာကျင်လွန်းလို့ သူ့နှာဖူးမှာ ချွေးသီးချွေးပေါက်တွေ တွဲခိုနေတယ်။ ခံစားနေရတဲ့ ဝေဒနာကို အံကြိတ်ပြီး ခွဲစိပ်ဖို့ပြင်ဆင်မှုတစ်ချို့ကို သူခံယူနေတယ်။ ညအချိန်မို့ ထမ်းစင်က ချက်ချင်းရောက်မလာခဲ့ဘူး။ သူ စကားတစ်ခွန်းမှမပြောဘဲ ကုတင်ပေါ်က ဆင်းလိုက်တယ်။ သူ့ကိုဖေးမရင်း သွေးတွေရောနေနဲ့ ရေတစ်ချို့ ဂါဝန်ထဲကနေတစ်ဆင့် ရောင်အမ်းနေတဲ့ သူ့ခြေထောက်ပေါ် စီးကျလာတာကို ကျွန်မတွေ့လိုက်တယ်။

သူဘာကိုမှ ဂရုမစိုက်ခဲ့ဘူး။ ခြေလှမ်းကို မြန်သထက် မြန်အောင်လှမ်းနေတယ်။ သူ့ခြေလှမ်း တစ်စက္ကန့် မြန်ရင် ကလေးအသက်ရှင်မယ်၊ ရောဂါကူးစက်ရာက လွတ်မယ်လို့ သူမှန်းထားပုံရတယ်။

ခွဲစိပ်ကုတင်ပေါ် သူရောက်တဲ့အချိန် ရေမွှာ ရေက နောက်ကျိနေခဲ့ပါပြီ။ ဒါက ရင်သွေးငယ် အောက်စီဂျင်ပြတ်နေပြီဆိုတဲ့ လက္ခဏာဖြစ်တယ်။ ထုံဆေးဆရာက သူ့ကို ထုံဆေးထိုးပေးပြီး ကျွန်မတို့က သူ့ရဲ့ သတိလည်နှုန်းကို စတင်စမ်းသပ်ခဲ့ကြတယ်။

ခက်တာက အချိန် ၃ မိနစ်ကျော်လွန်သွားပေမယ့် သူနိုးကြားနေတုန်းပဲ။

“နာလိုက်တာ” လို့ သူ ရေရွတ်နေတယ်။

ထုံဆေးဆရာ ချွေးပြန်စပြုလာပါပြီ။ သူ့ထုံဆေး အစွမ်းမပြတဲ့ လူနာဆိုလို့ ဒါပထမဆုံးအကြိမ် ကြုံတာပါပဲ။ ဒါပေမယ့် ကလေးအခြေအနေက ထုံဆေးထပ်ပေးလို့ မသင့်တဲ့အခြေအနေကို ရောက်နေပါတယ်။

ကျွန်မရဲ့လက်ကို သူ့တင်းတင်းလေး ဆုပ်ကိုင်ထားတယ်။ တိုးလျှိုးတောင်းပန်တဲ့ မျက်လုံးနဲ့ ဆရာဝန်တွေကို ကြည့်နေတယ်။ ပါးစပ်ကလည်း “ ကျွန်မ ကလေးကို ကယ်ပါ.... ကျွန်မကို ဂရုမစိုက်ပါနဲ့... ကျွန်မ ကလေးကို ကယ်ပါ” လို့ တိုးတိုးလေး တောင်းဆိုနေခဲ့တယ်။

အချိန် ၁ မိနစ် လွန်မြောက်သွားခဲ့ပါပြီ......

ကုတင်(၁၉)ရဲ့ ခြေလက်တွေကို ကုတင်နဲ့ ကပ်ချည်ထားလိုက်တယ်။ ထုံဆေးဆရာကလည်း ဆေးထိုးအပ်ကို အသင့်ပြင်ထားပြီးပြီ။ ခွဲစိတ်မှူးဆရာဝန်ကလည်း အံကြိတ်လို့ ခွဲစိပ်ဖို့ရာ လက်တွန့်နေခဲ့တယ်။

ဒါ ကျွန်မနပ်စ်လုပ်လာတဲ့ သက်တမ်းတစ်လျှောက် “သားဖွားမီးယပ်ပါရဂူ” အဖြစ် နာမည်ကြီးတဲ့ ဆရာဝန်ရဲ့ မျက်နှာပေါ်က မျှော်လင့်ချက်မဲ့အရိပ်ကို ပထမဦးဆုံး မြင်ဖူးခြင်းပါပဲ။

ခွဲစိပ်ဓားတွေက ထုံဆေးမစွမ်းတဲ့ ကုတင်(၁၉)ရဲ့ ဗိုက်ပေါ် ခွဲချလိုက်တယ်။ ဗိုက်အရေခွံ အဲဒီနောက် အဆီထပ်၊ ကြွက်သား၊ အချွဲ (Mucosa)၊ သားအိမ်.... ကုတင်(၁၉) ကျွန်မလက်ကို တင်းတင်းဆုပ်ကိုင်ထားဆဲပါပဲ။ မပီမသ စကားသံတစ်ချို့နဲ့ ရင်ကွဲလုမတတ် အော်မြည်သံတစ်ချို့ သူ့ပါးစပ်မှာ ကိုက်ထားတဲ့ ပုဝါကြားကနေ ပလုံးပထွေးထွက်လာခဲ့တယ်။

ခန္ဓာတစ်ခုလုံးက ကုတင်ပေါ်မှာ တစ်ဆတ်ဆတ် တုန်လို့..... အကြောတွေပါ လိမ်ဆွဲနေတယ်။ သူ့မျက်နှာဟာ နာကျင်လွန်းလို့ ပုံစံပြောင်းနေတယ်။ ကျွန်မ မကြည့်ရက်ဘဲ မျက်နှာလွဲလိုက်တယ်။ မျက်ရည်တွေ ပါးပြင်ပေါ် လှိမ့်ဆင်းလာခဲ့ပါတယ်။

ဒါဟာ ဘယ်လိုနာကျင်မှုမျိုးလဲ ! ဒါဟာ ဘယ်အရာနဲ့ နိုင်းပြလို့ရတဲ့ မိခင်မေတ္တာမျိုးလဲ !


နောက်ဆုံး ကလေးကို ဝမ်းထဲကနေ ဆွဲထုတ်ယူနိုင်ခဲ့တယ်။ ကလေးမျက်နှာက ပြာနှမ်းနေပါပြီ။ ချက်ကြိုးက လည်ပင်းကိုပတ်နေတာကြောင့် အောက်စီဂျင်ပြတ်ပြီး ပြာနှမ်းခဲ့ပုံရတယ်။

တအောင့်ကြာတော့ ချွေးတွေ ရွှဲနစ်နေတဲ့ သူ့ခန္ဓာကိုယ် တစ်ခုလုံး ပျော့ခွေကျသွားတယ်။ ဆရာဝန်က ကလေးငယ်ကို ခြေထောက်ကကိုင်ပြီး ကျောကို တစ်ချက်နှစ်ချက် ပုတ်ပေးလိုက်တယ်။ ပါးစပ်ထဲဝင်နေတဲ့ အညစ်အကြေးတစ်ချို့ အန်ထွက်လာပြီးနောက် ကလေးရဲ့ ပထမဆုံးငိုသံ ထွက်ပေါ်လာခဲ့တယ်။ ငိုသံကတိုးညှင်းပေမယ့် ကြည်လင်နေတယ်။

သတိလက်လွတ် ဖြစ်ခါနီးဆဲဆဲ မိခင်က ကလေးငိုသံကို ကြားလိုက်မိလို့ ထင်ပါရဲ့ ကလေးဖက်ကို အားယူပြီး မျက်လုံးတစ်ချက် ဖွင့်ကြည့်လိုက်တယ်။ အဲဒီနောက် မျက်ခွံတွေ လုံးဝပိတ်ကျသွားခဲ့တယ်။ သူ့ကိုယ်ပေါ် ပတ်ထားတဲ့ ခါးပတ်တွေကို ကျွန်မဖြုတ်ပေးလိုက်တယ်။ သူ့လက်ကောက်ဝတ်တွေ၊ ခြေကျင်းဝတ်တွေ ညိုမည်းပွန်းပဲ့ကုန်ပြီး သွေးတွေ ထွက်နေတာကို ကျွန်မတွေ့လိုက်တယ်။ အဆုပ်ကိုင်ခံထားရတဲ့ ကျွန်မရဲ့ လက်လည်း အရိုးတွေ ကျိုးကြေမတတ် နာကျင်လို့နေတယ်။

ကုတင်(၁၉) အားယူပြီး ဖွင့်ကြည့်ခဲ့တဲ့ အကြည့်တစ်ချက်က ကိုယ့်ရင်သွေးငယ်ကို နောက်ဆုံးကြည့်ခြင်းမှန်း ကျွန်မလုံးဝ တွေးမထားခဲ့မိဘူး။ အဲဒီ ဖော်ရွေမှု အပြုံးတွေပါတဲ့ သူ့မျက်လုံးဟာ ပိတ်ကျသွားပြီးနောက် လုံးဝ ပြန်ဖွင့်မလာခဲ့တော့ပါဘူး။

၃ရက်အကြာမှာ ခွဲစိပ်မှုကြောင့် သွေးမသန့်ဖြစ်တာရယ်၊ ပေးထားတဲ့ antibiotics အကျိုးမပြုတာရယ်ကြောင့် လူ့လောကကို သူရာသက်ပန် ခွဲသွားခဲ့တယ်။

ကံကောင်းတာက မွေးထွက်လာတဲ့ ကလေးလေးက HIV negative ဖြစ်နေတယ်။ ကျွန်မတို့ ဆေးပညာမှာ အောင်မြင်တဲ့ ကုသမှုတစ်ခုအဖြင့် အသိအမှတ်ပြုမိပါတယ်။ အေအိုင်ဒီအက်စ် ရောဂါရ မိခင်တစ်ဦးကနေ ကျန်းမာတဲ့ ကလေးငယ် မွေးထုတ်နိုင်ခဲ့တဲ့အတွက် သတင်းစာအချို့နဲ့ သတင်းဌာနက လူတွေ လာရောက် မေးမြန်းကြမယ်လို့ ကျွန်မတို့ ကြားမိပါတယ်။

လူနာနေခဲ့တဲ့ အခန်းကို ကျွန်မဝင်ရှင်းတော့ ကုတင်(၁၉)ရဲ့ ခေါင်းအုံးအောက်မှာ ကလေးအတွက် ရေးခဲ့တဲ့ စာတွေကို ကျွန်မတွေ့လိုက်မိတယ်။ စာတွေအပြင်၊ ရုပ်ပုံတွေပါ ဆွဲထားသေးတယ်။ ပထမဆုံးပုံက နေလုံးကြီးပုံကို ဆွဲထားတယ်။ နေရောင်အောက်မှာ လက်ကလေးတစ်စုံ... အဲဒီအောက်မှာ ကလေးအတွက် စာတစ်ကြောင်းရေးထားပါတယ်။

“သားရေ..... ဘဝဆိုတာ နေမင်းကြီးနဲ့တူတယ်။ ဒီနေ့ နေဝင်ခဲ့ရင် မနက်ဖြန် ပြန်တက်လာစမြဲပဲ။ ဒါပေမယ့် နေမင်းကြီးက နေ့တိုင်းတော့ မတူနိုင်ဘူး

စာကြောင်းရဲ့ အောက်မှာ သပ်ရပ်လှပတဲ့ နာမည်လေးတစ်ခု ထိုးထားတယ်။ သူ့ကို ကုတင်(၁၉)လို့ပဲ ကျွန်မခေါ်ခဲ့မိတဲ့အတွက် ပထမဆုံးအကြိမ် ကျွန်မ နောင်တရမိခဲ့တယ်။

ကလေးလေး ဆေးရုံဆင်းတော့ ကလေးအဖေကို ရေးထားတဲ့ စာတွေအားလုံး ကျွန်မအပ်လိုက်တယ်။ သူ့မျက်လုံးမှာ မျက်ရည်တွေနဲ့ နီရဲနေခဲ့တယ်။ ကလေးငယ်ကလည်း သူ့မိခင် မရှိတော့မှန်း သိတဲ့အလား တစ်ဝါးဝါးနဲ့ အော်ငိုနေခဲ့တယ်။

နေမင်းကြီးပုံ ဆွဲထားတဲ့ ပုံကို ကလေးရှေ့မှာ ကျွန်မဝှေ့ယမ်းပြလိုက်မိတယ်။ ကလေးငယ်ဟာ ငိုရာက ချက်ချင်းတိတ်ပြီး လက်ကလေးကို ဆန့်လို့ ...... ကျွန်မလက်ထဲက စာရွက်ကို လှမ်းဆုတ်ကိုင်လိုက်တော့တယ်။


ပြီးပါပြီ

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

မူရင်း.... http://www.go99.com.tw/elife/p/005/a3.htm
To Continue Reading

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer