" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)
Showing posts with label တွေးမိသမျှ. Show all posts
Showing posts with label တွေးမိသမျှ. Show all posts

March 27, 2013

Miss Myanmar International 2013

Okinawa မှာကျင်းပတဲ့ Miss International 2012 ပြိုင်ပွဲတုန်းက နန်းခင်ဇေယျာကို အားပေးခဲ့ပြီးတဲ့နောက်မှာ (၂၀၁၃)မှာ ဒီထက် ပိုသာတဲ့အလှမယ်တစ်ယောက်ကို မျှော်လင့်ခဲ့ပါတယ်။ ဒါကြောင့်လည်း သတင်းတွေ ရှာဖတ်ပြီး ပြိုင်ပွဲကျင်းပမဲ့အချိန်ကို စောင့်နေခဲ့ပါတယ်။ စလုံးမှာနေသူမို့ ပြိုင်ပွဲဝင်တာတွေကို ကိုယ်တိုင်မကြည့်ရပေမဲ့ ဓါတ်ပုံတွေ၊ သတင်းတွေတွေတော့ ရှာကြည့်ခဲ့ပါတယ်။ ပြိုင်ပွဲ result ကိုလည်း စောင့်နေခဲ့ပါတယ်။

~~~ After the First Look ~~~
အပွင့်လင်းဆုံး ဝန်ခံရရင် FB ပေါ်မှာ Miss International Myamar ကနေ (၂၀၁၃)နှစ်အတွက် top-20 ရဲ့ ဓါတ်ပုံတွေကိုကြည့်ပြီးသွားတော့ စိတ်ထဲမှာ ဘယ်သူ့ကိုမှ ကြိုက်လိုက်တာလို့ မဖြစ်မိပါဘူး။ ဒါပေမဲ့  စံနန်းထိုက်ရဲ့မျက်နှာလေးကို သဘောကျပြီး သူ့ကို အရမ်းချစ်မိသွားပါတယ်။

စံနန်းထိုက်
@Traditional Dress Session of the Competition
@ Evening Gown Session
,
~~~ After the Second Look ~~~
ဒုတိယအကြိမ် သေချာပြန်ကြည့်ကြည့်တော့ ဆုပွင့်ဦးကိုပါ ကြိုက်သွားပါတယ်။

@ Evening Gown Session of the Competition
@ Traditional Dress Session of the Competition
မှတ်ချက်။     ။ စံနန်းထိုက်ရော ..ဆုပွင့်ဦးပါ talent session မှာ သီချင်းဆိုခြင်းနဲ့ ယှဉ်ပြိုင်ကြပါတယ်။

~~~ Later On ~~~
နောက်ပိုင်းကျတော့ လူတွေ share တာများတဲ့ ဂုဏ်ရည်အေးကျော်ကို သတိထားမိသွားပါတယ်။
သူပြိုင်ပွဲဝင်ထားတဲ့ ဓါတ်ပုံတွေထဲမှာ အင်္ကျီအနီရောင်နဲ့ ကိုယ်လုံးကို နောက်ကျောပေးထားပြီး ကင်မရာကိုလှည့်ကြည့်တဲ့ပုံကလွဲရင် အားလုံးကို ကြိုက်ပါတယ်။ Like တွေတောင် လိုက်နှိပ်လိုက်ပါသေးတယ်။

ဂုဏ်ရည်အေးကျော် (ခ) ဂုဏ်ရည်အေးသော်ဟာ backgroundတော့ ကောင်းပုံရပါတယ်။ ပြိုင်ပွဲကာလတစ်လျှောက်လုံးမှာ သူ့ကို လူတွေ တော်တော် promote လုပ်ပေးတာကိုတွေ့ရပါတယ်။ တော်တော်လည်း အားပေးကြပါတယ်။ နာမည်အရင်းက ဂုဏ်ရည်အေးကျော်ဖြစ်ပြီး ဗေဒင်က ဂုဏ်ရည်အေးသော်နဲ့ ဝင်ပြိုင်ခိုင်းလို့လို့  ဓါတ်ပုံတွေထဲက   commentတစ်ခုမှာ သူမကိုယ်တိုင်ရေးထားတာ ဖတ်လိုက်ရပါတယ်။ နောက်တော့ သူဆုရသွားပါတယ်။ အောက်ကပုံတွေကတော့ ဂုဏ်ရည်အေးကျော် ပြိုင်ပွဲဝင်ထားတဲ့ပုံတွေပါ။

Talent Session မှာ စောင်းတီးပြီး ပြိုင်တာလေးကို သဘောကျပါတယ်။း) 

 

~~~ My Review on Miss Myanmar 2013 ~~~
နောက်ဆုံး Final နေ့ကပြိုင်ပွဲတုန်းက သူငယ်ချင်းနဲ့ ဖုန်းပြောနေရင်းနဲ့ သူငယ်ချင်းကိုတောင် ပြောလိုက်ပါသေးတယ်။ စံနန်းထိုက်ဆိုတဲ့ကောင်မလေးကို ရစေချင်တယ်လို့။ FB ကတက်လာတဲ့ messageတွေအရကတော့ အလှမယ်တွေ အင်္ဂလိပ်စာ မကောင်းကြောင်း၊ ပေါက်ကရတွေ လျှောက်လုပ်ကြောင်းသိရပါတယ်။ နောက်နေ့ရောက်တော့ youtube ပေါ်မှာ တင်ထားတဲ့ video clip တွေကို ကြည့်ပြီးတဲ့အခါ လိုအပ်ချက်တွေရှိတယ်လို့ လူတွေပြောနေကြတာကို လက်ခံလိုက်မိပါတယ်။း)

အောက်က ဓါတ်ပုံကတော့ top-5ရသွားတဲ့သူတွေပါ။ အားလုံး မဆိုးဘူးလို့ ပြောလို့ရပါတယ်။ အားလုံးထဲမှာ သွန်းဆုဒြာဟာ အရပ်လည်းမြင့်ပြီး ကိုယ်လုံးလည်းလှပါတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီး တည်ငြိမ်ဖို့လိုတယ် ထင်တာပါပဲ။ Sweety Ko လည်း မိုက်ပါတယ်။ English လည်း ကောင်းတယ်။ ဘာပဲဖြစ်ဖြစ် စံနန်းထိုက်ကိုတော့ (အရပ်သိပ်မမြင့်၊ ကိုယ်လုံးသိပ်မလှ၊ အင်္ဂလိပ်စာသိပ်မကောင်း၊ Final Question ကို ကျက်ဖြေထားသလိုမျိုးဖြစ်နေပေမဲ့) အချစ်ဆုံးပါပဲ။ :P


ပွဲအစပိုင်းမှာ ပြိုင်ထားတာကိုကြည့်ချင်ရင် ဒီမှာ ကြည့်လို့ရပါတယ်။ နောက်ဆုံး top-5 ကို ရွေးပြီးသွားတဲ့နောက် ပြိုင်ထားတာတွေကို ဒီနေရာမှာ ကြည့်လို့ရပါတယ်။ ဆုပေးတာတွေကြည့်ချင်ရင်တော့ ဒီမှာ ကြည့်ပါ။

ဆုရသွားတဲ့ ဂုဏ်ရည်အေးကျော်က မဆိုးဘူးလို့ ပြောလို့ရမယ် ထင်ပါတယ်။ ကံကောင်းပြီး လွယ်တဲ့မေးခွန်းကိုရပေမဲ့ အရည်အချင်းတော့ ရှိပုံပါပဲ။ အင်္ဂလိပ်စာလည်း ကောင်းပါတယ်။ လူမှုရေးလုပ်ငန်းတွေကို ဟိုးအရင်ကတည်းက လုပ်နေတယ်လို့ သိရပါတယ်။ အရမ်းကြီး မလှပေမဲ့၊ အရပ်မမြင့်ပေမဲ့ .. ပြိုင်ပွဲဝင်ဖို့အတွက် ပြင်ဆင်ဖို့အချိန်တွေ သူ့မှာ အများကြီး ရှိပါသေးတယ်။

စကားကြုံလို့ pageant expert တွေ မကြာခဏပြောကြတဲ့ စကားတစ်ခွန်းကို ဒီနေရာမှာ ပြောပြချင်ပါတယ်။ "နိုင်ငံတကာ.. အလှမယ်တစ်ယောက်ဟာ အရပ်ရှည်ရမယ်ဆိုတာ prerequisite လိုမျိုး ဖြစ်နေပေမဲ့ တကယ့်တကယ်တော့ အရပ်မြင့်ခြင်း၊ မမြင့်ခြင်းဆိုတာထက် ကိုယ်ဝတ်ထားတဲ့ အဝတ်အစားဟာ ကိုယ့်ကိုပုတယ်လို့ မထင်စေအောင် ဝတ်တတ်ဖို့ပဲ လိုပါတယ်။ " တဲ့...

သို့သော်လည်း.. ဂုဏ်ရည်အေးကျော်နဲ့ နန်းခင်ဇေယျာ.. သူတို့နှစ်ယောက်မှာ နန်းခင်ကို ပိုကြိုက်ပါတယ်။ ဘာကြောင့်မှန်းတော့ သေချာမသိပေမဲ့ စိတ်ထဲမှာ နန်းခင်ဇေယျာက personalityအရလည်း ပိုပြီး ပေါ့ပေါ့ပါးပါး ရှိသလိုပါပဲ။ (video file အတိုလေးတွေကြည့်ပြီး ပြောတာပါ။)

 အောက်ကပုံတွေကတော့ ဂုဏ်ရည်အေးကျော် ကိုယ်တိုင်တင်ထားတဲ့ပုံတွေထဲက ကိုယ်ကြိုက်တဲ့ပုံတစ်ချို့ကို ပြန်တင်ထားတာပါ။ collage တွေကတော့ ကိုယ့်ဘာသာ လုပ်ထားတာပါ။း)




အောက်ကပုံတွေကတော့ ပြိုင်ပွဲဝင်တဲ့နေ့က သူဆုရသွားတဲ့ ပုံတွေပါ။

Miss Myanmar International, 2013

Crowning Moment
Miss Myanmar 2012 & 2013
နန်းခင်ဇေယျာနဲ့ 2013 ရဲ့ top-3
ပြိုင်ပွဲအကြောင်းကို ပြန်ပြောရရင်... ကိုယ်က ချိတ်ထဘီတွေကြိုက်လို့လားတော့ မသိပါဘူး။ ဒီပွဲမှာ အကြိုက်ဆုံးကိုပြောပါဆိုရင်တော့ မြန်မာဝတ်စုံဝတ်ပြီး ပြိုင်တဲ့ traditional dress session ပါပဲ။ အားလုံးထဲမှာ အပြေဆုံးနဲ့ ကြည့်အကောင်းဆုံးကတော့ ဇွန်သံစဉ် ပါပဲ။ ကိုယ်သာဆို အဲ့လို ချိတ်အဆင်အကြီးကြီးနဲ့ crazy colour ကို ဝတ်မှာ မဟုတ်ပေမဲ့ သူနဲ့တော့ အတော်ကြည့်ကောင်းပါတယ်။

  
ပြိုင်ပွဲနဲ့ပတ်သတ်ပြီး နောက်ထပ်ပြောချင်တာတစ်ခု MC တွေပါ။ ပြိုင်ပွဲဝင်တဲ့ မယ်တွေအပေါ်မှာ Personal bias ရှိနေသလိုပါပဲ.. နောက်တစ်ခုက ဒိုင်တွေပါ။ တကယ်ဆို ပြိုင်ပွဲဝင်တွေရဲ့ ပြိုင်ပွဲဝင်နေမှုအပေါ်မှာ ကြိုက်ခြင်းမကြိုက်ခြင်းကို မပြသင့်ပါဘူး။

Miss Myanmar 2013 ပွဲမှာ လိုအပ်ချက်တွေရှိနေတာမှန်ပေမဲ့ မဆိုးဘူးလို့ ထင်ပါတယ်။ နှစ်ပေါင်း (၅၀)ကျော်ကြာပြီးမှ International Pageantry လောကထဲကို ပြန်ဝင်တဲ့မြန်မာပြည်ကို အခုပဲပြန်စ၊ အခုပဲ 100% ပြည့်စုံပြီး ဟာကွက်မရှိဖြစ်ရမယ်ဆိုတာမျိုးတော့ မျှော်လင့်လို့မရဘူး ထင်ပါတယ်။ တစ်နှစ်ထက်တစ်နှစ်၊ ပိုပိုပြီး ကောင်းသထက်ကောင်း၊ အဆင့်မီသထက်မီအောင် လုပ်ဖို့ပဲလိုတယ် ထင်တာပါပဲ။

ဂုဏ်ရည်အေးကျော်တစ်ယောက် Miss International 2013 ပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်နိုင်ပါစေ။ ပြိုင်ပွဲမှာလည်း ဆုတွေရပါစေ။ နောက်နှစ်မှာ ကျင်းပမဲ့ Miss Myanmar International 2014 ပြိုင်ပွဲလည်း ဒီနှစ်ထက် ပိုပြီး ကောင်းမွန်ပြီး အရင်နှစ်မယ်တွေထက် ပိုကောင်းတဲ့အလှမယ်တွေ ပေါ်ပေါက်လာပါစေလို့ ဆုတောင်းရင်း ဒီပို့(စ်)လေးကို နိဂုံးချုပ်လိုက်ပါတယ်။

Photos Sources;
1. Miss Myanmar International FB page
2. Gonyi Aye Kyaw's FB page
3. Google

Regards,
witch83, ( 27/03/203; 5:55PM; GMT+8)

စကားကြွင်း။     ။ ဒီပို့(စ်)က တော်တော်တော့ နောက်ကျနေပါပြီ။ ရေးလက်စကြီးနဲ့ မပြီးတာ တော်တော်ကြာပါပြီ။ ဖေဖော်ဝါရီလ (၂၈)ရက်နေ့ကတည်းက ရုံးမှာ ပျားတုတ်နေလို့ လူရောစိတ်ပါ ပင်ပန်းနေတာမို့ ကြာသွားပါတယ်။ မနေ့ကမနက်ကတော့ issue တွေရှင်းသွားပြီမို့ ဒီနေ့ ဒီပို့(စ်)လေးကို လတ်စသတ်လိုက်ပါတယ်။
To Continue Reading

March 16, 2013

စကားပြောခြင်းဆိုရာဝယ်...

လူရယ်လို့ဖြစ်လာပြီး လူ့လောကကြီးမှာ ကျင်လည်ရုန်းကန်ရတဲ့အခါ "စကားပြောခြင်း"ဆိုတဲ့ အတတ်ပညာဟာ မရှိမဖြစ် လိုအပ်ပါတယ်။ လူမှုပတ်ဝန်းကျင်မှာ စကားပြောခြင်းဟာ တကယ်ကို အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်တာမို့ ကျမတို့အားလုံးဟာ စကားကောင်းကောင်းပြောတတ်ဖို့တော့ လိုပါလိမ့်မယ်။ စကားပြောခြင်းကပဲ... ကိုယ့်ကို လူတွေ ချစ်ခင်ကူညီချင်လာစေနိုင်သလို ကိုယ့်ကိုမုန်းသူတွေ တပုံတပင်ရှိအောင်လည်း လုပ်ဆောင်နိုင်ပါတယ်။ အဲ့တော့ စကားကို ကောင်းကောင်းပြောဖို့လိုပါမယ်။

စကားပြောကြတဲ့အခါမှာ "ငါ့စကားနွားရ"သဘောမျိုး မပြောမိအောင်၊ သူများ ဒုက္ခရောက်မဲ့စကားမျိုးတွေမပြောမိအောင် ကြိုးစားကြဖို့ လိုမယ်ထင်ပါတယ်။ နောက်တစ်ခုက ပြစ်တင်ဝေဖန်တဲ့သဘောနဲ့ အလွယ်တကူ မပြောဖို့လည်း သတိထားသင့်ပါတယ်။ "Do not criticize someone easily. Go walk into his/her shoes and you will know what his/her life is like"တဲ့.. ကိုယ်တိုင်မလုပ်ကြည့်ရသေးပဲနဲ့၊ ကိုယ်တိုင်တွေ့ကြုံမခံစားရသေးပဲနဲ့ သူများကို မဝေဖန်သင့်ပါဘူး။ ကျမကြည့်နေရသလောက်ကတော့  လူတော်တော်များများဟာ (အထူးသဖြင့် ဖွဘုတ်ပေါ်မှာ) .. ကိုယ်တိုင်ကတော့ ဘာမှ မလုပ်ဘဲနဲ့ သူများကို ဝေဖန်အပြစ်တင်ရင်းနဲ့ပဲ အချိန်တွေဖြုန်းနေကြသလိုပါပဲ။

မန်လည်ဆရာတော်ဘုရားကြီးက မာဃဒေဝလင်္ကာ (၂၆၁) မှာ...
" လောကီလူတမ်း ၊ လူ့နှုတ်ခမ်းကား၊
ချီးမွမ်းကဲ့ရဲ့ ၊ ဖြစ်ခဲ့တက်ခဲ့ရှင့် ၊
 ပြစ်ဖွဲကြည်ညို ၊ ပြောကြဆိုလည်း ၊
 ပြောဆိုသူနှင့် ၊ နှိုင်းကာချင့်တည့် ၊ 
ယခင်ထိုသူ ၊ ယုတ်မြတ်ဟူသည် ၊ 
အယူတူမျှ ၊ ကြည်ညိုကြ၏"
ဆိုပြီး ရေးသားခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ " လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဝေဖန်ပြောဆိုခြင်း၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း.. စတာတွေကို ပြုလုပ်တဲ့အခါမှာ ကိုယ့်ရဲ့စိတ်သဘောထား၊ အယူအဆနဲ့ နှိုင်းယှဉ်ပြီး ပြောခြင်းသာဖြစ်ပြီး..
ယုတ်ညံ့ခြင်း ၊ မြင့်မြတ်ခြင်းဟူသည်မှာလည်း တစ်ဦးနှင့်တစ်ဦး သဘောအယူအဆခြင်း တူညီကြလျှင်
ယုတ်ညံ့သူဖြစ်စေ ၊ မြင့်မြတ်သူဖြစ်စေ တစ်ဦးနှင့်တစ်ဦး ကြည်ညိုကြသည်သာဖြစ်သည်" လို့ ဆိုလိုတာပါ။ [Ref:2]

မြတ်စွာဘုရားက သူတစ်ပါးနဲ့ မိမိကိုယ်တိုင်မှာ နှစ်ဦးထဲက တစ်ဦးချင်းအတွက် (သို့မဟုတ်) နှစ်ဦးလုံးအတွက် အကျိုးမရှိဘူးဆိုရင် အဲ့ဒီစကားကို မပြောဖို့ ဟောကြားခဲ့ပါတယ်။
  • မှန်ကန်၊ အကျိုးရှိ၊ ကြားသူနှစ်သက် သောစကား
  • မှန်ကန်၊ အကျိုးရှိ၊ ကြားသူမနှစ်သက်သောစကား
  • မှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သောစကား
  • မှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်သောစကား
  • မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သောစကား
  • မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်သောစကား
ဆိုပြီး စကားကြီး (၆)ခွန်းရှိတဲ့အထဲကမှ ပထမစကားနှစ်မျိုးကိုသာ ပြောသင့်တယ်လို့ ဟောကြားခဲ့ပါတယ်။

နောက်ပြီး ဝစီကံဟာ အရေးကြီးတဲ့ အမှုဖြစ်တာမို့ စကားပြောမယ်ဆိုရင် ကောင်းမွန်မှန်ကန်ပြီး အကျိုးရှိတဲ့စကားကိုသာ ပြောသင့်ပါတယ်။ ကိုယ့်ခံစားချက် ( ချစ်ခြင်း၊ မုန်းခြင်း..) တွေ၊ အယူအဆတွေပေါ်မူတည်ပြီး သူများကို အကျိုးမဲ့အောင် လျှောက်မပြောသင့်ပါဘူး။

ဒါကြောင့် မြတ်စွာဘုရားက အံ(၅)၊ ဝါစာ(၂၁၃)ထဲမှာ ...

"ပြောသင့်တဲ့အချိန်မှပြော၊ 
အမှန်ကိုပြော၊
 နူးညံ့သိမ်မွေ့စွာပြော၊ 
အကျိုးရှိမှပြော၊
 မေတ္တာရှေ့ထား၍ပြော"
 ဆိုပြီး ဟောကြားခဲ့ပါတယ်။ [Ref:1]

ကိုယ်က ဗုဒ္ဓဘာသာမို့ မြတ်စွာဘုရားရဲ့ တရားတော်တွေနဲ့ယှဉ်ပြီး ပြောနေပေမဲ့ တကယ့်တကယ်တော့ ဘယ်ဘာသာရဲ့ဘုရားကမှ သူများအကျိုးမဲ့စေမဲ့ မဟုတ်တန်းတရားပြောပါလို့ မိန့်ခဲ့မှာမဟုတ်ပါဘူး။ ဘယ်ဘာသာပဲဖြစ်ဖြစ် တကယ်ဆန်းစစ်ကြည့်ရင် အားလုံးက မေတ္တာတရားကိုသာလျှင်   အခြေခံထားကြမှာပါပဲ။ နောက်ပြီး..  ဘာသာရေးရှုထောင့်က မပြောဘုူးဆိုရင်တောင် ဒါဟာ လောကနီတိအရ လက်ခံကျင့်သုံးသင့်တဲ့လမ်းစဉ်ပါပဲ။ "စကား၊စကားပြောပါများ... စကားထဲက ဇာတိပြ" ဆိုတဲ့ဆိုရိုးလည်း ရှိတာမို့ မကောင်းတဲ့ဇာတိရှိသူ မဖြစ်ရလေအောင် စကားကောင်းပြောနိုင်အောင် ကောင်းမွန်တဲ့အမြင်၊ ကောင်းမွန်တဲ့ ခံယူချက်တွေ ရှိသင့်ပါတယ်။ သူများကို ဝေဖန်ပြစ်တင်၊ မကောင်းပြောဆိုတာမျိုး မလုပ်သင့်ပါဘူး။

ဒါကြောင့်မို့လို့ လူသားအားလုံး တစ်ယောက်နဲ့တစ်ယောက်ကြားမှာ မှန်ကန်သော၊ ကောင်းမွန်သော၊ အကျိုးရှိသောစကားများကို မေတ္တာရှေ့ထားပြီး ပြောနိုင်ကြပါစေလို့ ဆုတောင်းရင်း ဒီပို့(စ်)လေးကို နိဂုံးချုပ်လိုက်ပါတယ်။

မှတ်ချက်။    ။
ဒီပို့(စ်)ကို ရေးဖြစ်သွားစေတာကတော့ World of Wisdom FB page မှ တရားစာသားကိုတွေ့သွားတာကနေ စတာပါ.. စိတ်ထဲမှာ စကားပြောခြင်းအကြောင်းကို စာရေးချင်နေတာမို့ ဒီစာသားလေးကို တွေ့ပြီးတဲ့နောက်မှာတော့ ... google လုပ်ရင်းက zawlay1979 နဲ့ yatanavasa ဘလော့တွေက ပို့(စ်)နှစ်ခုကို အခြေခံကာ စိတ်ထဲ ဘဝင်မကျတာလေးတွေနဲ့ပေါင်းပြီး ဒီပို့(စ်)ကို ရေးပါတယ်။

မြင်ရတွေ့ရတာတွေ ဘဝင်မကျလို့ ရေးတာဆိုပေမဲ့ ...ကျမကိုယ်တိုင်ဟာလည်း  ခင်မင်ရင်းနှီးတဲ့သူတွေနဲ့တွေ့ရင် စကား အင်မတန်များပြီး တောင်စဉ်ရေမရလျှောက်ပြောတတ်တဲ့သူပါ။  တစ်ခါတစ်ရံလည်း ရှေ့နောက်မဆင်ခြင်ဘဲ ပြောတတ်ပါတယ်။ ကိုယ့်ကိုကိုယ်လည်း ပြုပြင်ရဦးမှာပါ။ ဒါပေမဲ့ သူများရဲ့ အဖျင်း၊ သူများရဲု့အားနည်းချက်နဲ့ သူများဒုက္ခရောက်မဲ့စကားမျိုးတွေတော့ မပြောပါဘူး။

နောက်ပြီး..အိမ်မှာ..  ကိုယ်က အကြီးဖြစ်ပြီး၊ ရန်ကုန်မှာတုန်းကလည်း အငယ်တန်းလေးတွေကို စကာင်္ပူမထွက်လာခင်အထိ စာသင်တဲ့အလုပ်လုပ်ခဲ့သူမို့ နည်းနည်းတော့ ဆရာလုပ်တတ်ပါတယ်။ ဆရာမကြီးလေသံနဲ့ ရေးထားသလိုကြီး ဖြစ်နေရင် ဒီစာကို လာဖတ်သူတွေ ကျမကို ခွင့်လွှတ်ပေးကြပါ။ :)

Regards,
witch83(16/03/2013; 10:20PM; GMT+8)

Reference:
1. http://www.worldofwisdom.asia/
2. http://zawlay1979.blogspot.sg/2011/02/blog-post_4999.html
3. http://yatanavasa.blogspot.sg/2011/08/blog-post_11.html

To Continue Reading

December 31, 2012

၂၀၁၂ မှသည် ၂၀၁၃ဆီသို့


Photo Source; ASEAN community

နှစ်သစ်အတွက် ပါးချင်တဲ့ စကား :)
ဒီကနေ့ဟာ.. (၂၀၁၂)ခုနှစ်ရဲ့နောက်ဆုံးနေ့လေးဖြစ်ပြီး.. မနက်ဖြန်ဆို (၂၀၁၃)ခုနှစ်ကို ရောက်ပါတော့မယ်။ (၂၀၁၂)ခုနှစ်အတွက် နောက်ဆုံးပို့(စ်)လေးကို ရေးမယ်ဆိုပြီး  ပုံတွေရှာတော့ ဒီပုံလေးကို အကြိုက်ဆုံးပါပဲ။  ဒါကြောင့် ဒီပုံလေးကိုပဲ ဒီပို့(စ်)အတွက် သုံးလိုက်ပါတယ်။

ပုံထဲကအတိုင်း (၂၀၁၂) ကုန်သွားပေမဲ့၊ ပျက်သွားပေမဲ့.. ဒီနှစ်ထဲမှာ... ကျမတို့ ဘာတွေလုပ်ခဲ့တယ်ဆိုတာကတော့ မပျောက်ပျက်သွားပါဘူး။ ဒါကို သမိုင်းလို့ ခေါ်ပါတယ်။ ကျမတို့အားလုံးဟာ တကယ်တော့ "ကိုယ့်သမိုင်းကိုယ်ရေးနေကြသူများ" သာ ဖြစ်ကြပါတယ်။ သမိုင်းစာအုပ်မှာ ထင်ကျန်ခဲ့သူများတော့ ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါပေမဲ့.. ကိုယ့် မိသားစုဝင်များ၊ နောင်လာနောက်သားများအတွက်.. အနည်းဆုံး ကိုယ့်ကိုကိုယ်အတွက်.. ဒီလောကကြီးက မထွက်သွားခင်အချိန်မှာ... နောင်တ နည်းနိုင်သမျှနည်းသော.. " ကောင်းမွန်သောသမိုင်း "များကို ရေးနိုင်၊ ချန်ထားနိုင်သူများ ဖြစ်ကြပါစေ။

နောက်တစ်ခုက.. နှစ်ဟောင်းကုန်သွားပေမဲ့ နှစ်ဟောင်းမှာလုပ်ခဲ့တာတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ရှေ့ နှစ်တွေမှာ ခံစားရမှာပါ။ ဒါကြောင့် (၂၀၁၂)မှာ ကိုယ်လုပ်ခဲ့သမျှကို ပြန်လည်ဆန်းစစ်ပြီး (၂၀၁၃)မှာ.. သူပြီးရင် လာမဲ့ရှေ့နှစ်တွေအတွက် ပြင်ဆင်နိုင်ကြပါစေ။

နောက်ဆုံးအနေနဲ့ကတော့ အရင်ကပို့(စ်)တွေမှာ.. ပြောထားတာလေးပဲ စကားပြန်ပါးပါရစေ။
အဲဒါကတော့ သူများတွေကို.. ဝေဖန်အပြစ်တင်တာတွေလျှော့ပြီး "မိမိကိုယ်ကို ကောင်းအောင် အရင် ကြိုးစားကြပါ။"..လို့။ ကိုယ်ကောင်းပြီးနောက်တော့.. ပတ်ဝန်းကျင်ကောင်းဖို့ ကြိုးစားပါ။ အားလုံး ဒီလိုပဲ ကောင်းကြရင်.. တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံး ကောင်းသွားမှာပါ။ ဒါကြောင့် မိမိနဲ့မိမိပတ်ဝန်းကျင် ကောင်းမွန်အောင် အရင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်။ လူမျိုးအတွက်၊ နိုင်ငံအတွက်.. ဒါတွေက နည်းနည်းဝေးပြီး အလှမ်းကျယ်ပါတယ်။ မိမိနဲ့ မိမိပတ်ဝန်းကျင်ကို ကောင်းအောင် အရင် ပြုပြင်ပါ။ အားလုံးက .. ဒီလို ကြိုးစားကြမယ်ဆိုရင် တစ်နိုင်ငံလုံး ကောင်းသွားပါလိမ့်မယ်။

နှစ်သစ်လက်ဆောင်
ဘလော့မိတ်ဆွေတွေနဲ့ စာဖတ်သူတွေ သတိထားမိလားတော့ မသိပါဘူး။ ပြီးခဲ့တဲ့ (၄)၊ (၅)ရက်လောက်တုန်းကတည်းက ... နှစ်သစ်လက်ဆောင်ဆိုပြီး Note Gadget လေးတစ်ခုကို side bar ပေါ်မှာ တင်ထားပါတယ်။ ဆရာမောင်သစ်ဆင်းရေးတဲ့ "ကြောက်စိတ်" ဆိုတဲ့ဆောင်းပါးလေးကို ဝေမျှထားတာပါ။ သိပ်ကိုကောင်းပြီး ဖတ်သင့်တဲ့ ဆောင်းပါးလေးမို့ ဖတ်ကြည့်ကြပါဦး။ :)

ကျမနဲ့ (၂၀၁၂)ခုနှစ်
နှစ်ကုန်ပိုင်းမှာ မေမေ.. နေမကောင်းဖြစ်တာမို့ စိတ်နည်းနည်း ရှုပ်ရတာရယ်၊ ဒီဇင်ဘာလဆန်းမှာ... ခါးနာ.. ခါးနာပြီး ပျောက်သွားတော့.. flu ဖြစ်.. flu ပြီးတော့ အစာအိမ်နာ.. နောက် X'Mas ရောက်ခါနီး.. တစ်ယောက်တည်း ဖြစ်နေလို့ စိတ်မကြည်လင်ခဲ့တာရယ်ကလွဲရင်...
(၂၀၁၂)ခုနှစ်ဟာ ကျမအတွက် ကောင်းတဲ့နှစ်တစ်ခုလို့ ပြောလို့ရပါတယ်။
  • မိသားစုကို ကောင်းကောင်း ထောက်ပံ့ခွင့်ရတဲ့နှစ်၊ လုပ်ပေးစရာရှိတာတွေ လုပ်ပေးနိုင်တဲ့နှစ်မို့ ကျေနပ်မိပါတယ်။
  • ညီမရဲ့ မင်္ဂလာဆောင်ကြောင့် ဇူလိုင်လမှာ ပျော်ဖို့ကောင်းတဲ့ ခရီးတစ်ခုကို သွားခဲ့ရပြီး.. နိုဝင်ဘာလမှာလည်း ရန်ကုန်ပြန်ခဲ့ရတဲ့အတွက်လည်း ပျော်ပါတယ်။ 
  • ဇူလိုင်လမှာ မမျှော်လင့်ဘဲ.. လခတိုးသွားတဲ့အတွက်လည်း တော်တော် ပျော်ပါတယ်။
  • နောက်ပြီး ပြန်ဆပ်စရာမလိုသေးပေမဲ့ NTU school loan ကို ဇန်နဝါရီလကစပြီး installment repayment plan ကို အကောင်အထည်ဖော်ခဲ့တဲ့ အတွက် ခုဆို (၃)ပုံ(၂)ပုံလောက်ကို ကျေသွားပါပြီ။ အဲ့ဒီအတွက်လည်း အရမ်းကို ကျေနပ်ပါတယ်။ =)
    ( ဒီနေရာမှာ NTU က သူငယ်ချင်းတွေကို တစ်ခု ပြောချင်ပါတယ်။ School loan ဟာ ဘွဲ့ရပြီး (၂)နှစ်ကြာရင် စဆပ်ရပါတယ်။ တစ်လကို အနည်းဆုံး S$100 ဆပ်ရပါတယ်။ သတ်မှတ်ထားတဲ့ အချိန်အတွင်း မဆပ်ရင် အနောက်က လိုက်လာပါလိမ့်မယ်။ နောက်ပြီး ပိုက်ဆံကို မဆပ်ဘဲ ရန်ကုန်ပြန်သွားတာတို့၊ ရှောင်နေတာတို့ကိုလည်း မလုပ်စေချင်ပါဘူး။ နောက်ကလူတွေ ပိုက်ဆံ ချေးမရဘဲ ဖြစ်နေပါဦးမယ်။ နောက်တစ်ခုက (၂)နှစ်ကြာမှာ စဆပ်ရတာဆိုပေမဲ့ အတိုးကတော့ ဘွဲ့ရတဲ့နေ့ကတည်းက စတက်နေပါပြီ။ တခြားဘဏ်တွေကတော့ ဘယ်လောက်မှန်းမသိပေမဲ့ OCBC ကတော့ ၄.၇၅%ပါ။ ဘွဲ့ရတဲ့နေ့ဆိုတာကလည်း convocation date မဟုတ်ပါဘူး။ conferrment letter ရတဲ့နေ့ပါ။ အဲ့ဒီတော့ မြန်မြန် ပြန်ဆပ်လေ.. ကောင်းလေပါပဲ။ များသောအားဖြင့် မြန်မာကျောင်းသား အတော်များများဟာ ဒါကို မသိကြပါဘူး။ ကျမလည်း မသိခဲ့ပါဘူး။ ပိုက်ဆံဆုဖို့ တခြားဘဏ်အကောင့် သွားဖွင့်တော့မှ သိခဲ့တာပါ။ )
  • နောက်ဆုံးအနေနဲ့ကတော့ ကိုယ်.. ချစ်ရတဲ့သူတစ်ယောက်ကို သိပ်ချစ်နေမိပြီဆိုတာ မမျှော်လင့်ဘဲ သိရှိခဲ့ရပြီး .. သူနဲ့ သူငယ်ချင်းကောင်းအနေနဲ့ ပတ်သတ်ဆက်ဆံခွင့်ရတာကို တကယ် ကျေနပ်မိပါတယ်။ အချစ်ဆိုတာ ပေါင်းစပ်မှ အချစ်ဖြစ်တာ မဟုတ်ပါဘူး။ ပိုင်ဆိုင်ရမှအချစ်ဆိုတာ အမြဲ မမှန်ကန်ပါဘူး။ စွန့်လွှတ်ခြင်းမှာလည်း အနုပညာဆိုတာ ရှိပါတယ်။ ဘယ်လိုတွေးတွေး.. မဖြစ်နိုင်တာမို့.. ဆိုင်သူနဲ့သာ ပျော်ရွှင်စွာ လက်တွဲနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ( တွယ်တာလှပေမယ့်၊ ကွယ်ရာကပဲ ချစ်ပါရစေ.. ဆရာ မောင်စိန်ဝင်းရဲ့ ကဗျာစာသားကို ယူထားတာပါ။)

(၂၀၁၂)ခုနှစ်အတွက် နောက်ဆုံးကဗျာ
ပြောရရင်တော့ ကျမဟာ ကဗျာဆရာမ မဟုတ်ပါ။ ကာရံတွေ နဘေတွေလည်း မသိပါ။ ဘဝတစ်လျှောက်လုံးမှာ စိတ်အရမ်းပေါက်လာတဲ့အချိန်တွေမှာ... ကဗျာလို့ထင်ရတဲ့စာ (၄) (၅)ပုဒ်လောက် ရေးဖူးပါတယ်။ အောက်မှာလည်း ကဗျာထင်ရတဲ့ စာစုတစ်ခုကို share ပြီး ဒီပို့(စ်)ကလေးကို အဆုံးသတ်ခွင့်ပြုပါ။ အားလုံးပဲ Happy New Year ပါ... :)

A Year May Come
A Year May Go
But, I will keep going on...!
And, everything I have done each year will be my history!
So, let me say something here to all my supporters, admirers and haters,
I truly appreciate the existence of you all..
Cause you all are my motivations that make me who I am now!
Thank you!


Love and Peace, 
witch83
(31/12/12; 3:28PM; GMT+8)
To Continue Reading

November 15, 2012

တွေးမိသော အင်နားရှားသီအိုရီ

Inertia is the resistance of any physical object to a change in its state of motion or rest, or the tendency of an object to resist any change in its motion.
အင်နားရှားဆိုသည်မှာ အရာတ္ထုတစ်ခု၏ ရွေ့ လျှားနေသော၊ ရပ်နေသောအခြေအနေမှ ဆန့်ကျင်ဘက် အခြေအနေသို့ ပြောင်းလဲရန်ဆန့်ကျင်သောအား ဖြစ်သည်။
ဥပမာ။        ။  ဘတ်(စ်)ကားပေါ်တွင် မတ်တတ်ရပ်စီးလာသော လူတစ်ဦးသည် ရုတ်တရက် ကားဆောင့်ရပ်လိုက်သောအခါ ကားသွားရာလမ်းအတိုင်း ရှေ့ သို့ ငိုက်စိုက်လဲကျသွားသည်မှာ အင်နားရှားသဘောတရား ဖြစ်သည်။
အင်နားရှားသီအိုရီဟာ ရူပဗေဒဘာသာအတွက် တကယ့်ကို အရေးပါပြီး Newton First Law ရဲ့ အခြေခံလည်း ဖြစ်ပါတယ်။ အရွေ့  / အလျှင်သဘောတရားအတွက် ဖြစ်ပေမဲ့ ... ဒီလောကရဲ့ ပုံမှန်လှုပ်ရှားမှုတွေအတွက်လည်း မှန်သင့်သလောက် မှန်ပါတယ်။

ဥပမာ အနေနဲ့ ပြောရရင် ... 
~~ စာမေးပွဲမဖြေခင်နဲ့ ဖြေခါနီး စာကို အသည်းအသန် ကြိုးစားပြီး ကြည့်ခဲ့ပြီးတဲ့နောက် စာမေးပွဲနောက်ဆုံးနေ့ကိုကျော်... နောက်တစ်ရက်၊နှစ်ရက်လောက်အထိ... နေမထိ၊ ထိုင်မသာ ဖြစ်ရခြင်းဟာလည်း နေမြဲအတိုင်းနေလိုခြင်း (အင်နားရှား) ပဲ ဖြစ်ပါတယ်။
~~ ကျောင်းပိတ်ရက်ရှည်ကုန်လို့ ကျောင်းပြန်ဖွင့်ရင် ကျောင်းပြန်မတက်ချင်တာ လည်းအင်နာရှားပဲ ဖြစ်ပါတယ်။

ကိုယ်ကိုတိုင်အနေနဲ့ ဥပမာပေးရရင်တော့....
~~ ရုံးမှာ အမြဲတမ်း အလုပ်များနေရာက လွန်ခဲ့တဲ့ လေး..ငါးပတ်ကျော်လောက်ကစပြီး အလုပ်.. သိပ်...မရှိတော့ အတော် မနေတတ် မထိုင်တတ်ဖြစ်ခဲ့ပါတယ်။ အဲ့လိုဖြစ်လို့ စာလည်းမလုပ်ချင်တာနဲ့ blogging ဘက်ကိုလှည့်ပြီး စာရေး၊ စာဖတ် ပြန်လုပ်ရင်း နေသားကျလာပါတယ်။
~~ အလုပ်သိပ်မရှိရာကနေ... ပြန်..အလုပ်ရှုပ်လာတော့လည်း စိတ်က အလုပ်မလုပ်ချင်တော့ပါဘူး။ ရန်ကုန်မပြန်ခင် တစ်ပတ်လောက်အလိုမှာ အလုပ်နည်းနည်း ပြန်များလာတော့ အလုပ်လုပ်ရတာ စိတ်ထဲ သိပ်မပျော်တော့ပါဘူး။ ပြန်ရမဲ့ တစ်ပတ်.. တနလာင်္နေ့လည်းရောက်ရော ရုတ်တရက်ကြီး အလုပ် အရမ်း များသွားပြီး " Inertia, Intertia" လို့စိတ်ထဲကနေပြောပြီး အလုပ်တွေလုပ်ရင်းက ပို့(စ်)တစ်ပုဒ်တော့ တင်ဦးမယ်လို့ တေးထားလိုက်ပါတယ်။
တနင်္လာနေ့ကနေ..ကြာသာပတေးအထိ (၄)ရက်လုံး... ပေါ်လာတဲ့ issue တွေကိုရှင်း၊ hand over လုပ်စရာရှိတာတွေလုပ်၊ clear လုပ်စရာရှိတာတွေအပြီးသတ်။ ကြာသာပတေးမှာ ရုံးပြန်နောက်ကျ... သောကြာနေ့ မနက်အစောကြီး ရန်ကုန်ထပြန်... ဒါနဲ့ပဲ ပို့ (စ်)မရေးဖြစ်ပါဘူး။
~~  ရန်ကုန်ကနေ စလုံးကို ပြန်လာရမယ်ဆိုတော့ ဘယ်လိုမှ ပြန်မလာချင်တော့ပါဘူး။ သြော်... Intertia... Intertia... စလုံးကနေ ရန်ကုန်ပြန်မယ်ဆိုတော့ မပြန်ချင်ဘူးဆိုတာ မရှိသလိုပဲနော်!!!!

ရန်ကုန်ကပြန်ရောက်တော့ အရင်လောက် အလုပ်.. သိပ်မရှိတော့တာမို့ mood မပျောက်ခင်... ဒီပို့(စ်)ကိုမြန်မြန် ချရေးလိုက်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အင်နားရှားသီအိုရီနဲ့ စတင်ထိတွေ့ခဲ့ရတာကတော့ (၉)တန်းကျောင်းသူဘဝတုန်းက ရူပဗေဒဘာသာမှာပါ။ ဒါပေမဲ့ ရူပဗေဒကို သိပ်.. စိတ်မဝင်စားသူမို့၊ ပြီးတော့ (၁၀)တန်းပြီးလို့ တက္ကသိုလ်တက်တော့လည်း ရူပဗေဒကို မသင်ရတာမို့ ဒီ..သီအိုရီကို မေ့မေ့ပျောက်ပျောက်ပါပဲ။ ဒီသီအိုရီကို ခုချိန်ထိ မှတ်မိစေတာကတော့ ဆရာမ ဂျုးရဲ့ " စောင့်ဆိုင်းခြင်းနိယာမ" ဝတ္ထုတိုကို ဒုတိယအကြိမ်မြောက် ဖတ်ပြီးမှပါ။ (ပထဦးဆုံးအကြိမ်ဖတ်မိတုန်းက High School တက်တုန်းကပါ။ ဘယ်နှစ်တန်းတုန်းက ဖတ်ခဲ့တာလည်းတော့ မသိတော့ပါဘူး။ Physics ပဲ မသင်ရသေးတာလား၊ ငယ်သေးလို့ absorb လုပ်ပုံ မတူတာလားတော့ မသိပါဘူး။ အဲ့ဒီ အင်နားရှားသီအိုရီကို သတိမထားမိပါဘူး။ )

ဝတ္ထုတိုလေးရဲ့ အကျဉ်းချုပ်ကတော့.... တစ်ဦးနဲ့တစ်ဦး သိပ်ချစ်ကြတဲ့၊ အသွင်မတူတဲ့ လင်မယားမှာ ယောကျာင်္းဖြစ်သူက နိုင်ငံခြားကို အလုပ်ကိစ္စနဲ့ နှစ်အနည်းငယ် ( သေချာ မမှတ်မိပါ။ (၃)နှစ်ထင်ပါသည်။) သွားရတော့ တစ်ယောက်တည်းကျန်ခဲ့တဲ့  မိန်းမနေရာကနေ စကားပြောတဲ့ပုံစံလေးပါ။ သွားခါစတုန်းက လွမ်းပြီး မနေတတ်၊မထိုင်တတ်ဖြစ်ပြီး လွမ်းခဲ့ရပေမဲ့ .... ကြာလာတော့ တစ်ယောက်တည်းနေရတဲ့ဘဝကို နှစ်သက်လာပြီး စည်းကမ်းကြီးတဲ့ ယောကျာင်္းလုပ်သူ မြန်မာပြည်ပြန်လာခါနီးမှာ ဝမ်းမသာနိုင်တော့တဲ့အကြောင်း၊ လေဆိပ်မှာ သွားကြိုရင် (၃)နှစ်ကြာခွဲနေရတဲ့ ယောကျာင်္း ပြန်လာလို့ ပျော်ရွှင်တဲ့ဟန်လုပ်ပြီး ပြုံးနိုင်ဖို့ ကြိုးစားရမဲ့အကြောင်း ရေးထားတာပါ။
အဲ့ဒီ ဝတ္ထုတိုထဲမှာ Juu ရေးထားတာတဲ့ အချက်နှစ်ချက်ကို ခုချိန်ထိ မှတ်မိနေပါသေးတယ်။

  • အင်နားရှားရဲ့ သီအိုရီအတိုင်း  ယောကျာင်္းထွက်သွားတဲ့အချိန်မှာ မခွဲနိုင်မခွာရက်ဖြစ်ရပြီး ပြန်လာခါနီးကျတော့ တစ်ယောက်တည်းနေရတဲ့ဘဝကို နေမြဲအတိုင်း  နေလိုတယ်ဆိုတာရယ်...
  • တစ်စုံတစ်ခုကို လိုချင်လို့ ..... စောင့်ဆိုင်းရတဲ့အရာကို ရရှိခြင်းနဲ့ ရရှိလို့ ပျော်ရွှင်ရခြင်းနှစ်ခုကြားက  ဝှက်ဖဲမှာ အဲ့ဒီအရာကို ရရှိတဲ့အချိန်ဖြစ်တယ်ဆိုတာရယ်ပါ။ ( ကိုယ်လိုချင်တာ/ ကိုယ်ဖြစ်ချင်တာကို ရလာတာ/ ဖြစ်လာတာကို ပျော်တယ်မပျော်ဘူးဆိုတာ ရလာတဲ့၊ ဖြစ်လာတဲ့ "အချိန်"ပေါ်မှာ မူတည်ပါတယ်။)
အဲ့ဒီနှစ်ချက်ထဲက ဒုတိယအချက်ကို ဒီဘလော့က Quote Post တစ်ခုမှာ ထည့်ရေးဖူးပါတယ်။ ခုတော့ ပထမအချက်အကြောင်းကို ရေးပါရစေ။
အဲ့ဒီ ဝတ္ထုကို ဒုတိယအကြိမ်ဖတ်ပြီး သတိထားမိသလောက်တော့ လူတွေဟာ လုပ်နေကျအရာတစ်ခု မလုပ်ရတော့ရင် မနေတတ်၊ မထိုင်တတ် ဖြစ်တတ်ကြပါတယ်။ အဲ.. မလုပ်ရတာကြာလာပြီဆိုရင်တော့ ပြန်လုပ်ရတဲ့အချိန်မှာ မလုပ်ချင်တော့ပါဘူး။ အထူးသဖြင့် ကိုယ့်အတွက် ပင်ပန်းခက်ခဲတဲ့အရာဆို ပိုဖြစ်တတ်ပါတယ်။
အချစ်၊ အမုန်းခံစားချက်မှာလည်း ဒီလိုပါပဲ။ "Love makes time pass, but time is certain to make love pass"တဲ့.... အဲ့လို ကြားဖူးပါတယ်။ "အချိန်ဟာ အကောင်းဆုံးသမားတော်"လို့လည်း ပြောတတ်ကြတယ် မဟုတ်လား???

ဒါကြောင့်... Change တစ်ခုလုပ်ဖို့လိုလာရင် ကောင်းသောပြောင်းလဲခြင်းသာဖြစ်ခဲ့မယ်ဆိုရင်... Inertia သဘော ( နေမြဲအတိုင်းနေလိုခြင်း) ကို သွေဖယ်ပြီး "adaptation time" ကျော်ရင်ရလာမဲ့ ကောင်းကျိုးလေးတွေကိုတွေးပြီး ပြောင်းလဲစရာရှိ ပြောင်းလဲရအောင်လို့ ပြောရင်း ဒီပို့(စ်)လေးကို နိဂုံးချုပ်လိုက်ပါတယ်။

Thank you for reading my blog post.
witch83
(15/11/12; 2:24 PM; GMT+8)
To Continue Reading

October 18, 2012

For the rest of My Life

chocothazin ရေးထားတဲ့ For the rest of my life ဆိုတဲ့ ပို့(စ်)ကို ဖတ်ပြီး ရေးဖြစ်ပါတယ်။ Tagged post တော့ မဟုတ်ပါဘူး။ သူ ရေးထားတဲ့ပို့(စ်)မှာ comment ပေးပြီး ရေးချင်သွားလို့ပါ။ ဒါပေမဲ့ တကယ် ရေးမယ်ဆိုတော့လည်း နည်းနည်း ခက်ပါတယ်။ သူရေးပြီး တော်တော်ကြာမှ ရေးလို့ပြီးတယ်။ ရေးမဲ့ရေးလိုက်တော့လည်း မရည်ရွယ်ဘဲ တော်တော်.. ရှည်သွားပါတယ်။ :)

****************************** 
(၁) For the rest of my life ( ကျန်ရှိနေသေးတဲ့ ကိုယ့်ရဲ့ဘဝအတွက်) 

အခုလက်ရှိအချိန်မှာ Stable life တစ်ခုရဖို့ ကြိုးစားရုန်းကန်နေပေမဲ့ for the rest of my life ဆိုတာ သိပ် မတွေးမိပါဘူး။

ကျောင်းပြီးတော့ အလုပ်ရ... အလုပ်မှာ အသားကျအောင် ကြိုးစား.... ကြွေးဟောင်းတွေဆပ်။ ကြွေးသစ်ကတော့ ~~~~~~!

ရုန်းရင်း၊ ကန်ရင်းနဲ့ အလုပ်မှာ အသားကျလာ။ နောက်နှစ်လောက်ဆိုရင်တော့ အခြေကျလောက်ပါပြီလို့ မျှော်လင့်ခဲ့။ အဲ့ဒီနောက်.. ထပ်မျှော်လင့်တာက လခတိုးရဖို့၊ permanent stay လေးရဖို့၊ ရာထူးတို့ဖို့ဆိုတာက ဒီကုမ္ပဏီမှာ သိပ်မဖြစ်နိုင်တော့ ဒီထက် တက်လမ်းရှိတဲ့ ကုမ္ပဏီကို နှစ်နည်းနည်းကြာတဲ့အခါ ပြောင်းဖို့၊  ............. ၊ တစ်ချိန်မှာ ကိုယ့်အိမ်ကိုယ်ပြန်ဖို့.....။        ။

ရေတို၊ ရေရှည်ရည်မှန်းချက်တွေရှိနေပေမဲ့...  အဲ့ဒါတွေက သေချာတွေးကြည့်ရင်တော့ ရုပ်ဝတ္ထု ခပ်ဆန်ဆန်ရယ်။ ပြီးတော့..  နည်းနည်းလည်း လောဘကြီးနေသလားလို့။ :)

နောက်ပြီး... ကျန်ရှိနေသေးတဲ့ ကိုယ့်ရဲ့ဘဝဆိုတာကို သေချာ တွေးကြည့်လိုက်တော့.... ဘယ်အရာကမှ မသေချာတော့သလိုလို။  ဘာလို့လည်းဆိုတော့ လူဆိုတာက မနက်ဖြန် ကိုယ်... ဘာဖြစ်မယ်ဆိုတာတောင် သိနိုင်ကြတာ မဟုတ်ဘူးလေ။ ကိုယ့်ဘဝအတွက် အချိန် ဘယ်လောက်ကျန်မှန်းလဲ မသိနိုင်ဘူး။ ပြီးခဲ့တဲ့ (၃)နှစ်ကျော်က မှော်ဘီမှာ တရားစခန်းဝင်တုန်းက သတ္တမရံသီဘုန်းဘုန်းဟောသလိုပေါ့ ... လူဆိုတာ ကိုယ် ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်ရောဂါ၊ ဘယ်ပုံစံနဲ့သေရမယ်မှန်းမသိနိုင်ပါဘူးတဲ့။
(စကားချပ်။        ။ ဘုန်းဘုန်းဟောတာကတော့ မသိနိုင်ခြင်း (၅)မျိုးပါ။ ဘယ်ဘဝကို ရောက်မယ်ဆိုတာလည်း မသိနိုင်ဘူးတဲ့။ ဒီ ပို့(စ်)နဲ့ မဆိုင်ဘူးထင်လို့ အပေါ်က စာကြောင်းမှာ မထည့်ထားပါဘူး။)

ဒါပေမဲ့လည်း ဘဝဆိုတာ မသေချာပါဘူး။ ဘယ်အချိန်သေမယ်မှန်း မသိနိုင်ဘူး။ ကွေးသောလက်မဆန့် မီ... ဆန့်သောလက် မကွေးမီဆိုသလို.. တရားသွားအားထုတ်မယ်၊ လောကီကိုစွန့်ပြီး လောကတ္တရာပဲလုပ်တော့မယ်ဆိုတာမျိုးကလည်း မလုပ်နိုင်သေးတဲ့အတွက် မနက်ဖြန်ဆိုတာ ရှိနေသရွေ့ တော့ လက်ကျန်ဘဝကို ဘယ်လို ရှင်သန်နေထိုင်သွားမယ်ဆိုတာကို တွေးကြည့်လိုက်ပါဦးမယ်။

(၂) ကျန်ရှိနေသေးတဲ့ ကိုယ့်ရဲ့ဘဝကို ဘယ်လို ရှင်သန်နေထိုင်သွားချင်သလဲ??

ဘဝတလျှောက်လုံးမှာ ကိုယ်ဖြစ်ချင်တာကတော့ Soical, family, personal နဲ့ working life ကို မျှမျှတတ၊ ဟန်ချက်ညီညီနဲ့ ဖြတ်သန်းပြီး အောင်မြင်ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ချင်တာပါ။ အဲ့ဒီတော့ လက်ကျန်ဘဝမှာ ဖြစ်ချင်တာကလည်း ဒါပါပဲလို့ အလွယ်ကူဆုံး ပြောရင်ရမယ် ထင်ပါတယ်။

ဒါပေမဲ့ ဒီလိုဘဝကိုရဖို့ ဘယ်လို နေထိုင်သွားရင် ကောင်းမလဲ။ အောက်ကနည်းလေးတွေဆိုရင်တော့ အဆင်ပြေနိုင်မလားပဲ။
  1. Grow Up
    အသက်ကြီးလာတာနဲ့အမျှ စိတ်ဓါတ် ရင့်ကျက်ချင်ပါတယ်။ grow old မဖြစ်ချင်ပါဘူး။ grow up ဖြစ်ချင်ပါတယ်။ ဒါပေမဲ့ လူကြီးကြီးလို တည်ငြိမ်ရင့်ကျက်တဲ့ပုံစံကြီးနဲ့တော့ မနေချင်ပါဘူး။ ပေါ့ပေါ့ပါးပါးလေးပဲ ပြုမူပြောဆိုနေထိုင်ပြီး အတွေးအခေါ်ပိုင်းမှာ ရင့်ကျက်ချင်ပါတယ်။ ပြဿနာတွေကိုလည်း ရင့်ရင့်ကျက်ကျက်၊ တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းနိုင်တဲ့သူ ဖြစ်ချင်ပါတယ်။

  2. Sleep without regrets & bad feelings
    "Never go to sleep angry because you never know if the person you're mad at will not wake up the next day." တဲ့...
    မကြာသေးခင်ကမှ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတာပါ။ ကျမကတော့ ဒီစာကြောင်းကို ကိုယ့်ဘာသာကိုယ် ပြန်ပြင်လိုက်ပါတယ်။ "Never go to sleep with regrets & bad feelings because you are not sure if you will wake up the next day. Have a sound sleep." လို့... ဟုတ်တယ်လေ.. မနက်ဖြန်ဆိုတာ မသေချာတဲ့ဘဝမှာ အိပ်ခါနီးကြီးကို ဘာလို့ စိတ်တိုဒေါသထွက်နေမလဲ။ နောက်ပြီး အိပ်ခါနီးမှာ ဘာကိုမှ မတွေးတာ ကောင်းပါတယ်။ အဲ့လိုဆိုရင် sound sleep ဆိုတာကို 80%လောက်တော့ ရပါလိမ့်မယ်။နောက်ပြီး နောက်နေ့ မနက်အိပ်ရာက နိုးမထနိုင်တော့ရင်တောင်မှ ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ ဘဝကို အိပ်စက်ခွင့်ရမှာပေါ့။

  3. Work to Learn first; Work to Earn comes later

    "When you are young, work to learn, not to earn" လို့ Robert Kyiosaki ကဆိုပါတယ်။ ပြောရရင်တော့.... ကျမ မငယ်တော့ဘူးဆိုတာ ကျမကိုယ်ကျမ သိပါတယ်။  ဒါပေမဲ့ နည်းပညာပိုင်းကို ကျွမ်းကျင်သိရှိမှုနည်းသေးတဲ့အတွက် ကျည်ပွေ့အတက်ပေါက်ချင်တယ်ဆိုဆို ... အခုလက်ရှိအချိန်မှာ work to learn ပဲ လုပ်ချင်ပါတယ်။
    ဒီကုမ္ပဏီမှာ ရာထူးတက်ဖို့ ခက်ပါတယ်ဆိုတာကို အရှေ့မှာ ပြောခဲ့ပါတယ်။ ကျမတို့ ကုမ္ပဏီရဲ့ policy ကြောင့်ပါ။ သူတို့က လူကို ခန့်မယ်ဆို ဘွဲ့နဲ့ လုပ်သက်ကို ကြည့်ပါတယ်။ ကျန်တာတွေ မကြည့်ပါဘူး။ ပြီးတော့ management style က flat triangle ဆိုပေမဲ့ တြိဂံကြီးက ပြောင်းပြန်ကြီးပါ။ မန်နေဂျာများပြီး executive နည်းတဲ့ ကုမ္ပဏီပါ။ စင်္ကာပူ၊ မလေးရှားနဲ့ ဗီယက်နမ် (၃)နေရာပေါင်းရင်တောင် Executive level staff နည်းနည်းလေးပဲ ရှိပါတယ်။ ( HQ မှာတော့ အဲ့လို မဟုတ်ပါဘူး။) အဲ့ဒီတော့ စင်္ကာပူမှာ ကိုယ့်မန်နေဂျာထွက်သွားရင်တောင် ရာထူးတိုးဖို့က လုပ်သက်အရ တိုးဖို့မလွယ်ပါဘူး။  
    ဒါပေမဲ့ ပညာအရမ်းရတဲ့အတွက် လုပ်နေတာပါ။ "Work to Learn" အတွက်ပါ။ "Work to Earn" နဲ့ "Work to get a position" ကတော့ နောက်မှ လာပါမယ်။ :)

  4. Balance
    လူမှုရေး၊ မိသားစုအရေး၊ မိတ်ဆွေအပေါင်းအသင်းအရေး၊ ကိုယ်ပိုင်ဝါသနာ၊ personal life နဲ့ professional life အာလုံး balance ညီအောင် ညှိပြီးလုပ်နိုင်တဲ့သူ ဖြစ်ချင်ပါတယ်။ ဖြစ်လာအောင်လည်း တော်တော်ကြီးကို ကြိုးစားရပါဦးမယ်။

  5. Try to look things from optimistic angle
    နောက်တစ်ခုဖြစ်ချင်တာကတော့ အကောင်းဘက်ကကြည့်တတ်တဲ့ စိတ်ကလေး တစ်ခု ရှိချင်တာပါ။ ငယ်ငယ်တုန်းကတော့ ဘဝအကြောင်းကို သိပ်မသိပါဘူး။ စိတ်က ဖြူစင်ပါတယ်။ အရာအားလုံးကို၊ လူတွေအားလုံးကို အကောင်းမြင်ပါတယ်။ ခုတော့ စိတ်ဓါတ်တွေလည်း အရောင်ပြောင်းလဲလာတာ... တစ်ခုခုဆို မကောင်းတဲ့ဘက်က မြင်သလို ဖြစ်နေပါတယ်။ ကိုယ့်ကို သူ...အသုံးချနေပြီ။ ခိုင်းစားတော့မယ်။ အကျိုးလိုလို့ ညောင်ရေလာလောင်းနေပြီ။ ကိုယ့်ဆီက အခွင့်အရေး ယူနေပြီ။ ကိုယ့်အခွင့်အရေးတွေ သူ လုယူနေပြီ.... စသဖြင့်ပေါ့။
    လူတွေကိုလည်း သံသယ အရမ်း ထားတတ်လာပါတယ်။
    အဓိကကတော့ အကောင်းမြင်တတ်ဖို့ပါပဲ။ ပြဿနာတစ်ခုကို တခြား ကောင်းတဲ့ ရှုထောင့်ကနေ ကြည့်တတ်ဖို့ပါပဲ။ အဲ့လိုဆိုရင် လောကကြီးက ပိုနေချင်စရာကောင်းလာပြီး ကိုယ်တွေရဲ့စိတ်လည်း ပိုငြိမ်းချမ်းလာမယ် ထင်ပါတယ်။

  6. Gain self-confidence
    ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် .. ငယ်ငယ်တုန်းက ကျမဟာ over-confident ပါ။ ကျောင်းတက်နေတုန်းကို... :) ကျောင်းတက်ခဲ့တဲ့တလျှောက်မှာ အနည်းနဲ့အများဆိုသလို အောင်မြင်တယ်လို့ ပြောလို့ရတာမို့... အတန်းဖော်တွေ၊ သူငယ်ချင်းတွေရဲ့ မျက်နှာသာပေးမှုနဲ့ ဆရာတွေရဲ့ ချီးကျူးမှု ၊ မိသားစုရဲ့ မြှောက်စားမှုတွေကို ရခဲ့ပါတယ်။ အဲ့ဒါတွေအပေါ်မှာလည်း သာယာခဲ့ပါတယ်။ ဒါကြောင့်လည်း ဝီရိယလည်း လျှော့ပေါ့ခဲ့ပါတယ်။ ( ပျင်းတတ်တာလည်း ပါတာပေါ့လေ။) ဖြစ်သင့်သလောက်လည်း မဖြစ်ခဲ့ပါဘူး။  မူလတန်းကျောင်းသေးသေးလေးမှာတက်တုန်းကတောင် တစ်ခါမှ ပထမ မရဘူးပါဘူး။ ဒုတိယ၊ တတိယနဲ့ပဲ လည်ပတ်နေခဲ့ပါတယ်။ ဒါပေမဲ့ ကျမမေမေနဲ့ အဒေါ်တွေဟာ ပထမ..မရ.ရကောင်းလားလို့ အပြစ်မတင်ဘဲ ကျမကို ချီးမြှောက်လေ့ရှိပါတယ် (ချီးမြှောက်သင့်တာထက် ပိုပါတယ်)။ မူလတန်းကျောင်းတုန်းက သူငယ်ချင်းတစ်ယောက် ပြောတဲ့စကားကို ခုချိန်ထိ မှတ်မိနေပါသေးတယ်။ " xxxxx အိမ်က... တော်တော် လုပ်ပေးတယ်နော်။ ပထမရရင် ဘယ်လိုများ လုပ်ပေးမလဲမသိဘူး။ နင်.. ပထမရအောင်လုပ်ပါလား" တဲ့။
    အထက်တန်းကျောင်းရောက်တဲ့အချိန်မှာတော့ (၇)တန်းလောက်ထိက စာသိပ်မကြိုးစားတဲ့သူ ဖြစ်သွားပါတယ်။ ဒါပေမဲ့... အိမ်ကလူကြီးတွေက သိပ်.. အပြစ်မတင်ခဲ့ပါဘူး။  (၈)တန်း၊ (၉)တန်းလောက်မှသာ စာပြန်လုပ်တာပါ။ ဒါပေမဲ့ အဆင့်(၁)ဆိုတာ တစ်ခါတစ်လေမှသာ ချိတ်သလို ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်မှာ အဆင့်တွေနဲ့ roll ခွဲတော့လည်း roll-1 ဆိုတာ မရခဲ့ပါဘူး။ ဒါပေမဲ့ ကျမရတဲ့ ဒီ (3) (4) ဆိုတဲ့နေရာကိုပဲ ကျမ မိသားစုက ဂုဏ်ယူခဲ့ပါတယ်။ ( ဒီနေရာမှာ ကျေးဇူးတင်ချင်တာက ကျမကို ဘယ်တော့မှ သူငယ်ချင်းတွေနဲ့ နှိုင်းယှဉ်ပြီး အပြစ်မတင်ခဲ့တာကိုပါ။ တကယ်ဆို ကျမရဲ့ ဘဝတလျှောက်လုံးမှာ အဆင့် (၁) ရခဲ့တဲ့သူတွေဟာ ကျမရဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်တွေပါ။ )
    နည်းနည်းလေးအဆင့်ကောင်းရင်ကို ဂုဏ်ယူတတ်တဲ့ ကျမ မိသားစုကြောင့် ကျမဟာ ကိုယ့်ကိုကိုယ် စွတ်အထင်ကြီးတတ်တာ သိပ်တော့ မထူးဆန်းဘူးထင်ပါတယ်။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက်လည်း ရတတ်တာမို့ ဘယ်အရာမဆို ကိုယ်... လုပ်နိုင်တယ် ထင်ခဲ့ပါတယ်။  ဒါပေမဲ့ ရန်ကုန်မှာ အလုပ်ထဲဝင်ချိန်မှာတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ လျော့ကျခဲ့ပါတယ်။ အလုပ်ဝင်ခါစမှာ ကိုယ်သိခဲ့တာ၊ သင်ယူခဲ့တာတွေနဲ့ ... ကိုယ်လုပ်နေရတာ မတူတာမို့ တော်တော် ဒုက္ခရောက်ခဲ့ပါတယ်။ နောက်ပိုင်းမှသာ အဆင်ပြေသွားတာပါ။ အလုပ်ထဲဝင်ချိန်ရောက်မှသာ ... သီအိုရီသမားနဲ့ လက်တွေ့သမား ဘယ်လိုကွာတယ်။ working experinece ဆိုတာ ဘာဆိုတာကို သဘောပေါက်ခဲ့မိပါတယ်။ နောက်ပြီး ကိုယ့်ရှေ့ က senior တွေနဲ့  လုပ်ဖော်ကိုင်ဖက် တွေက တော်တော်ကြီး... တော်ကြ၊ သိကြ၊ တတ်ကြတာကို မြင်တော့ ... သြော်... ငါ...အများကြီး လိုသေးတာပါလားဆိုတာကို သိလာရပါတယ်။
    အဲ့ဒီမှာ အားငယ်စိတ်တွေ ဝင်..ဝင်လာတာပါပဲ။
    ဒီမှာ အလုပ်ဝင်တော့ ပိုဆိုးပါတယ်။ HQ ကလူတွေက exp ရှိတဲ့အပြင် well-trained တွေမို့ တော်တော် သိကြ၊ တတ်ကြပါတယ်။ training သွားတက်ရင်လည်း အော်စီ၊ ရုရှား၊ တောင်အာဖရိက ကလူတွေဆို တော်တော် တော်ကြပါတယ်။ ကျမနဲ့ တွဲရတဲ့ဗီယက်နမ်လေးဆိုလည်း အရမ်း တော်ပါတယ်။ ဖိလစ်ပိုင်လူမျိုးတစ်ချို့ ဆိုလည်း တော်ကြပါတယ်။ အဲ့ဒါတွေကြောင့်လည်း တစ်ခါတစ်ခါ အားငယ်စိတ်တွေ ဝင်လာတတ်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ လျော့လာတတ်ပါတယ်။
    ဒါကြောင့် "work to learn" လုပ်ပြီး ကိုယ့်ရဲ့ self-confidence ကို ပြန်တင်ရပါဦးမယ်။ Self-Confidence is your beauty တဲ့ ... ဒါပေမဲ့... များလွန်းရင် အထိနာတတ်သလို.. နည်းလွန်းရင်လည်း မလိုအပ်ဘဲ ဆုံးရှုံးတတ်ပါတယ်။

  7. To be frank
    ကျမဟာ ပုံမှန်အားဖြင့်တော့ သိပ်မခင်တဲ့သူတွေနဲ့ဆိုရင် ပွင့်လင်းတဲ့သူ၊ ရိုးသားတဲ့သူလို့ ကိုယ့်ကိုကိုယ် ယူဆပါတယ်။ ပြဿနာတစ်ခုဖြစ်တဲ့အခါ ကိုယ့်အမှားကိုဖုံးပြီး သူများကို စွတ်.. အပြစ်မတင်တတ်ပါဘုး။ ကိုယ်မရှိတာကို မရှိဘူး၊ မသိတာကို မသိဘူးလို့ ထုတ်ပြောလေ့ရှိပါတယ်။ ဒါကို ကျမနဲ့ တကယ် ရင်းရင်းနှီးနှီးတွဲနေတဲ့သူငယ်ချင်းတွေ သိကြပါတယ်။
    ဒါပေမဲ့ .. တခြားတစ်ဖက်မှာလည်း ကျမဟာ ခံစားချက်တွေနဲ့ ပတ်သတ်လာရင်၊ ရင်းနှီးတဲ့သူတွေနဲ့ ပတ်သတ်လာရင်... ကိုယ့်ကိုကိုယ် လိမ်တတ်ပါတယ်။ မြိုသိပ်တတ်ပါတယ်။ တစ်ယောက်ယောက်က ဂရုမစိုက်ပဲနေလို့ပဲဖြစ်ဖြစ်၊ စိတ်တိုအောင်.. ဝမ်းနည်းအောင် လုပ်လို့ပဲဖြစ်ဖြစ် ကိုယ်ဝမ်းနည်းတာကို ထုတ်မပြဘဲ ဘာမထီပုံ လုပ်ပြတတ်ပါတယ်။ ကိုယ်မကြိုက်တာကိုလုပ်ရင်လည်း ထုတ်မပြောဘဲ မျက်နှာအမူအရာနဲ့ ပြတတ်ပါတယ်။ တချို့  ကိစ္စတွေဆို ထုတ်မပြောဘဲ ရင်ထဲမှာပဲ သိမ်းထားတတ်ပါတယ်။ ကြာလာတော့ ဘယ်သူမှ မသိဘဲ ကိုယ်တစ်ယောက်တည်း ပင်ပန်းလာပါတယ်။ ဟုတ်ပါတယ်။ ရင်းနှီးတဲ့သူတွေနဲ့ ပတ်သတ်လာရင် ကျမ... ဒီထက်ပိုပြီး ပွင့်လင်းဖို့ လိုပါတယ်။ ပွင့်လင်းနိုင်ဖို့လည်း ကြိုးစားရပါဦးမယ်။ People slip the view when you are closer to them တဲ့။ နီးလွန်းရင် မမြင်တတ်တာ မဆန်းပါဘူး။ မြင်အောင်၊ သိအောင် positive wayနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ ထုတ်ပြောရမှာကတော့ ကျမတာဝန်ပဲ ဖြစ်ပါတယ်။  
အင်း.... short to the point ရေးဖို့ စဉ်းစားထားပေမဲ့ ရေးလိုက်တော့ moodဝင်သွားပြီး စကားများသူတို့ရဲ့ ထုံးစံအတိုင်း ပို့(စ်) ရှည်သွားပါတယ်။ မြန်မြန်လေး အဆုံးသတ်ရပါစေ။ :P
ဒီအပေါ်ကအချက်လေးတွေကို လိုက်နာပြီး ကိုယ့်ကိုကိုယ် ပြုပြင်ပြောင်းလဲရင်တော့ တစ်ချိန်မှာ ကိုယ့်ရည်မှန်းချက်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရနိုင်မယ်လို့ ထင်ပါတယ်။ တစ်ချိန်တည်းမှာဘဲ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးလို့ အော်မနေဘဲ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်အကျိုးရှိအောင် နေထိုင်သွားချင်ပါတယ်။ အားလုံးကလည်း သူ့အကျိုး၊ ကိုယ့်အကျိုးကို မျှမျှတတလုပ်ဆောင်သွားကြမယ်ဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာထိ ရောက်သွားမယ် ထင်ပါတယ်။ ရေးရင်းရေးရင်းနဲ့ တော်တော်လည်း ရှည်သွားပြီမို့ ဒီပို့(စ်)လေးကို ဒီနေရမှာ နိဂုံးချုပ်ပါရစေ။း)

ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။



(18/10/2012; 12:05 PM; GMT+8)
To Continue Reading

October 05, 2012

Gender & Responsiblilty

FB ပေါ်မှာ share ထားတဲ့ scanned photo လေးကနေတဆင့် စိတ်ဝင်စားလို့ ဟိုဟိုဒီဒီ လျှောက်ရှာရင်းနဲ့ ဒီပို့(စ်)ကို ရေးဖြစ်ပါတယ်။ draft ထဲမှာကြာနေတာ အခုမှ ရေးပြီးပါတယ်။ဆရာကြီးပုံစံနဲ့ ရေးသလိုဖြစ်နေရင် ခွင့်လွှတ်ပါ။ :)
*****************

(၁) American Psychological Association (APA) က ဆောင်းပါးတစ်ခုမှာ ဖတ်မိတာကတော့ အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုရှိတာခြင်းအတူတူပေမဲ့ စိတ်ဖိစီးမှုကို ဖြေလျှော့တဲ့ပုံစံခြင်းမတူကြပါဘူး ... အမျိုးသမီးတွေက သူတို့ရဲ့ stress တွေကို ပိုပြီးထုတ်ဖော်ပြောဆိုတတ်ကြပါတယ်။ အဲ့ဒီအတွက်ကြောင့် အမျိုးသားတွေနဲ့ယှဉ်ရင် အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုတွေရှိနေပေမဲ့ ကိုယ်လုပ်နေကျအလုပ်တွေကို  ကောင်းမွန်စွာ လုပ်ကိုင်နိုင်ကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီဆောင်းပါးမှာပဲ ရေးထားတာကတော့... ၂၃% သောအမျိုးသမီးတွေနဲ့ ၄%သောအမျိုးသားတွေဟာ ( ၆း၁) အိမ်မှုကိစ္စတွေမှာ အကူအညီရယူ/ပေးခြင်းဖြင့် stress တွေ ပြေပျောက်ပြီး ယုံကြည်မှုစွမ်းအင်တွေတိုးတယ်လို့ ထုတ်ဖော် ပြောဆိုကြပါတယ်။
(၂) ထို့အတူဆွီဒင်နိုင်ငံ၊ ယူမီယာတက္ကသိုလ် (Umeå University, Sweden) မှ စိတ်ပညာရှင် သုတေသီများက "အမျိုးသားများ အိမ်မှုကိစ္စလုပ်ကိုင်ပါက စိတ်ဝေဒနာဖြစ်ပွားမှု လျော့ကျနိုင်" ဆိုတဲ့ သတင်းအတို scanned  photoလေးကိုလည်း ဟိုတလောက FB ပေါ်မှာ ဖတ်လိုက်ရပါတယ်။

FB ပေါ်မှာ ဝေမျှထား၍ တွေ့ရသော သတင်းဓါတ်ပုံ
ဒါပေမဲ့... တကယ့်မူရင်းဆောင်းပါးမှာရေးထားတာကတာ့ အမျိုးသားများ အိမ်အလုပ်ရဲ့တစ်ဝက်ကို လုပ်ပေးခြင်းဖြင့် စိတ်ဝေဒနာဖြစ်ပွားမှု လျော့ကျနိုင်လို့ ရေးထားတာပါ။ ဘယ်လောက် ရာခိုင်နှုန်းလျော့တယ်ဆိုတာတော့ မပြောထားပါဘူး။ အသက် (၂၁) နှစ်အရွယ်မှ (၄၂) နှစ်ကြား ယောင်္ကျား စုစုပါင်း အယောက်တစ်ထောင်ကို တွေ့ဆုံမေးမြန်း၊ လေ့လာစမ်းစစ်ပြီးမှ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။  စိတ်တိုလွယ်ခြင်း၊စိုးရိမ်ပူပန်ခြင်း၊  သောကဖြစ်ခြင်း၊ နှလုံးခုန်မြန်ခြင်းစသည့် ရောဂါဖြစ်ပွားနိုင်မှုများကို လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။  အဲ့ဒီအရင်က လေ့လာတွေ့ရှိခဲ့တာကတော့ အမျိုးသားများက ၄င်းတို့ရဲ့အမျိုးသမီးကို အိမ်မှုကိစ္စ္စ္စဝိုင်းကူညီလုပ်ပေးလျှင် ထိုဇနီးသည်၏ နှလုံးရောဂါ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။
"ယေဘူယျအားဖြင့်တော့ ... ဆွီဒင်နိုင်ငံမှာ အိမ်မှုကိစ္စများကို အမျိုးသမီးများက လုပ်ကိုင်နေကြတုန်းပါပဲ။ ဒါပေမဲ့..  အမျိုးသားများဟာ ၄င်းတို့အမျိုးသမီးများရဲ့ အိမ်မှုကိစ္စ တစ်ဝက်လောက်ကို ဝိုင်းကူလုပ်ပေးတာဟာ ၄င်းတို့ကိုယ်တိုင်အတွက် ပိုကောင်းပါတယ်" လို့ သုတသနပညာရှင် လီဆာ ဟယ်ရီဆင်က ဆိုပါတယ်။ သူမက ဒီသုတေသန စမ်းသပ်မှုကို ပြုလုပ်နေစဉ်မှာ " ရှေးထုံးစံအရ အိမ်အလုပ်ဆိုတာ အမျိုးသမီးများပဲ လုပ်သင့်တယ်" လို့ ယောင်္ကျားတစ်ချို့ က ယူဆတာနေဆဲ ဆိုတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူမ..အင်တာဗျူးလုပ်တဲ့ တခြား ယောကျာင်္းတော်တော်များများကတော့ ၄င်းတို့ဟာ gender role အရ သူတို့ လက်ရှိလုပ်နေရတဲ့ မြက်ရိတ်ခြင်း၊ ကားပြင်ခြင်း၊ ငွေရှာရခြင်းစသည့် ပုံစံခွက်ထဲမှာ ပိတ်မိနေသည်ဟု ယူဆကြကြောင်း တွေ့ရှိရပြန်ပါသတဲ့။ ဒါကြောင့် သူမက... စုံတွဲတွေကြားမှာ တစ်ခါတစ်ရံ တာဝန်တစ်ချို့ကို ပြောင်းလွဲယူဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
(၃) ဟုတ်ပါလိမ့်မယ်။ တခါတရံတော့ ကျမတို့တွေဟာ အပြောင်းအလွဲအနေနဲ့ ကိုယ်လုပ်နေကျ အလုပ်ကိုမလုပ်ဘဲ တခြားအလုပ်ကို ပြောင်းလဲလုပ်ဖို့ လိုပါတယ်။ ဒါပေမဲ့ ယောကျာင်္းနဲ့မိန်းမတို့ဟာ သဘာဝအရ လုပ်ဆောင်နိုင်စွမ်းနဲ့ ခွန်အား မတူကြလို့ နေရာတကာတော့ အလုပ်တာဝန်ကို လုံးဝ ပြောင်းလဲဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ကိုယ်လုပ်နိုင်တဲ့ အရာအချို့ကိုတော့ ဒါဟာဖြင့် ယောကျာင်္းအလုပ်၊ မိန်းမအလုပ်ရယ်လို့ မခွဲခြားဘဲ လုပ်ပေးဖို့ လိုတယ်ထင်ပါတယ်။ ပြောင်းလဲလာတဲ့ခေတ်ကြီးမှာ ယောကျာင်္းတစ်ယောက်တည်းဘဲ ပိုက်ဆံရှာလို့မရသလို မိန်းမကလည်း ရှာရပါမယ်။ မိန်းကလေးတွေ...  ယောကျာင်္းယူလိုက်လို့ အပြင်အလုပ် မလုပ်တော့ဘူးဆိုတာ ကျမအမြင်အရကတော့ သိပ်တော့ မနိပ်ပါဘူး။ ကိုယ်ယူတဲ့သူက သိပ်ချမ်းသာ၊ ဝင်ငွေ သိပ်ကောင်းဆိုရင်တော့ မပြောတတ်ပါဘူး။ ဒါပေမဲ့ ဒါလည်းပဲ ကိုယ့်အစွမ်းအစကို ကိုယ်ကိုတိုင် တုံးအောင်လုပ်လိုက်သလိုပါပဲ။ အဲ့လိုပဲ ... မီးပြင်၊ ရေပိုက်အသေးစားပြင်တာမျိုးဆိုရင်လည်း ကိုယ်.. လုပ်နိုင်ရင် ယောကျာင်္းကိုမစောင့်ဘဲ ကိုယ်တိုင်လုပ်လိုက်ဖို့ လိုပါတယ်။ မလုပ်တတ်ရင်လည်း လေ့လာပြီး လုပ်တတ်အောင် သင်ယူသင့်ပါတယ်။
အမျိုးသမီးတွေဘက်က အပြင်ထွက် အလုပ်လုပ်ကြပြီဖြစ်တဲ့အတွက် အပြင်မှာ ဘယ်လို ရုန်းကန်ရတယ်ဆိုတာ ကိုယ်ကိုတိုင်လည်း
သိလာပြီဖြစ်တဲ့အတွက် ယောကျာင်္းဖြစ်သူရဲ့ စိတ်ဒုက္ခတွေကို နားလည်းပေးဖို့ လိုပါလိမ့်မယ်။ အဲ့လိုပဲ အမျိုးသမီးတွေ အပြင်ထွက်အလုပ်လုပ်တဲ့အတွက် အမျိုးသားတွေ ဘက်ကလည်း တခြားကိစ္စတွေမှာ ကူညီသင့်တာ ကူညီရပါမယ်။ ကလေးထိန်း၊ ဟင်းချက်၊ ပန်းကန်ဆေး၊ အဝတ်လျှော်စတဲ့နေရာတွေမှာ ဒါတွေဟာ မိန်းမအလုပ်လို့ ယူဆမနေသင့်ပါဘူး။ မောင်တစ်ထမ်း မယ်တစ်ရွက်ခေတ်ကြီးမှာ မိန်းမလုပ်သူက ဟင်းချက်ပြီးရင် ပန်းကန်ဆေးတာလောက်တော့ ကူညီသင့်ပါတယ်။ မိန်းမလုပ်သူ အလုပ်နောက်ကျတဲ့နေ့မှာ လွယ်ကူတဲ့ဟင်းဖြစ်ဖြစ် ချက်ထားသင့်ပါတယ်။ ဒီခေတ်ကြီးမှာ အဝတ်လျှော်တယ်ဆိုတာလည်း စက်လေးလှည့်လိုက်ရုံပါပဲ။
Image source; http://www.buzzle.com
(၄) နောက်ပြီး ...  ဒီပို့ (စ်)အတွက် google လုပ်ရာက အဲ့လို gender role ကို fix မထားဖို့ ရေးထားတဲ့ ဆောင်းပါးတစ်ခုကိုလည်း ရှာတွေ့ မိပါတယ်။ လူတွေ ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေကို လူမှုဘဝတိုးတက်မှုအတွက် အသုံးချဖို့လိုအပ်တဲ့အခါမှာ gender role ကို ပြောင်းလဲသင့်ရင် ပြောင်းလဲရပါမယ်လို့   Stephen S. က Buzz website ပေါ်က " Gender Roles in Marriage"ဆိုတဲ့ ဆောင်းပါးမှာ ရေးသားထားပါတယ်။ ဒါဟာ ကိုယ့်မိသားစုနဲ့ နိုင်ငံအတွက် တကယ် ကောင်းမွန်မဲ့အရာလို့ သူကဆိုပါတယ်။ အဲ့ဒီဆောင်းပါးထဲမှာပဲ သူက ဘာကြောင့်ပြောင်းသင့်တယ်၊ ပြောင်းရင် ဖြစ်ပေါ်လာမဲ့ ကောင်းကျိုး၊ဆိုးကျိုး၊ အစိုးရအနေနဲ့ လုပ်ပေးသင့်တဲ့အချက်တွေကို ပြောထားပါသေးတယ်။ ဒါပေမဲ့ ဒီပို့(၀်)ရဲ့ အဓိကရည်ရွယ်ချက်က gender role ပြောင်းဖို့မဟုတ်တဲ့အတွက် အဲ့ဒါတွေ မပြောတော့ပါဘူး။
နိဂုံးအနေနဲ့ ပြောချင်တာကတော့ ...ဒီပို့(စ်)ဟာ ယောကျာင်္းလေးတွေ အိမ်အလုပ် ၅၀%ကို ကူလုပ်ရမယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ gender role ပြောင်းဖို့ ပြောချင်တာလည်း မဟုတ်ပါဘူး။ ယောကျာင်္း အလုပ်၊ မိန်းမအလုပ်ဆိုပြီး မခွဲခြားဘဲ ကိုယ်လုပ်ပေးနိုင်တာဆိုရင် လုပ်ပေးလိုက်ဖို့ကို ပြောချင်တာပါ။ ဘာလို့လဲဆိုတော့ အဲ့ ဓါတ်ပုံကို ဖေ့ဘွတ်ပေါ်မှာ မြင်လို့ share မိတော့ ကိုယ့်ဆီက ပြန် share သူ ( ဆင့်ပွား ဝေမျှသူများ အပါအဝင်) ၂၂ဦး ရှိပါတယ်။ တော်တော်များများက မိန်းကလေးတွေ ဖြစ်ပြီး အိမ်ထောင်သည်တွေပါ။ အိမ်ထောင်သည် အမျိုးသမီးတွေ ဘယ်လောက်ထိ သူတို့ ခင်ပွန်းသည်တွေ အိမ်အလုပ် ကူလုပ်စေချင်လဲဆိုတာ အဲ့မှာသာ ကြည့်ပါတော့။  နောက်ပြီး အဲ့ပုံကို စမြင်တော့ ကျမနဲ့ ရင်းနှီးတဲ့ ယောကျာ်းလေးသူငယ်ချင်းတစ်ယောက်ပြောတာကို ပြန်သတိရပါတယ်။ သူပြောတာကတော့ သူ့ကို အဲ့လို အိမ်အလုပ်တွေ လုပ်ခိုင်းတယ်ဆိုတာ သူ့ကို သတ်တာပါပဲတဲ့။ ( အဲ့တုန်းကလည်း ဒီကိစ္စနဲ့ ပတ်သတ်ပြီး ငြင်းလိုက်ရသေးတယ်။ :P အိမ်မှုကိစ္စဆို မိန်းကလေးပဲ လုပ်ရမယ်လို့ တရားသေသဘော ထားလို့မရတဲ့အကြောင်းကို)... ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ မိန်းကလေးတွေ အိမ်ထဲနေ၊ သေစာရှင်စာလေးပဲ တတ်၊ အိမ်မှုကိစ္စအားလုံးလုပ်နေလို့ မရတော့ပါဘူး။ နေလည်း မနေကြတော့ပါဘူး။ သူရှာ ကိုယ်ရှာ... နှစ်ဦးစလုံးရှာနေတဲ့ခေတ်မှာ ဒါ..မိန်းမအလုပ်၊ မိန်းမတာဝန်... ယောကျာင်္းအလုပ်၊ ယောကျာင်္းတာဝန်ဆိုပြီး ခွဲခြားလို့ မသင့်တော့ဘူးလို့ ထင်ပါတယ်။  ရှာရင်လည်း အတူရှာ၊ လုပ်စရာရှိရင်လည်း အတူလုပ်သင့်တယ်လို့ ထင်ပါတယ်လို့ပြောရင်း ဒီပို့(စ်)လေးကို အဆုံးသတ်ပါရစေ။ 


Thank you for reading this post.
 

witch83 ( 05/10/2012;11:53PM;GMT+8)

Reference:

  1. "Men Who Dodge Chores Are More Likely to Have Mental Issues", http://www.medicaldaily.com/articles/12268/20120921/men-who-dodge-chores-more-mental-issues.htm. 
  2. "Gender Roles in Marriage", http://www.buzzle.com/articles/gender-roles-in-marriage.html
  3. "Gender & Stress", http://www.apa.org/news/press/releases/stress/gender-stress.aspx
  4. Mandalar Singapore FB page. ( ကြော်ငြာပေးတာ မဟုတ်ပါဘူး။ ဓါတ်ပုံတင်ထားပေးတဲ့သူမို့ credit ပေးတာပါ။ သူဘာစီးပွားလုပ်မှန်းလည်း မသိပါဘူး။)
To Continue Reading

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer