" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)
Showing posts with label တွေ့ကြုံခဲ့တာလေးတွေ. Show all posts
Showing posts with label တွေ့ကြုံခဲ့တာလေးတွေ. Show all posts

May 13, 2013

စတင်ရင်းနှီးဖူးခဲ့သော အမေများနေ့ ..

ကျမ (၁၀)တန်းပြီးခါစ တက္ကသိုလ်တက်ဖို့ စောင့်နေတုန်း မေလရဲ့ ဒုတိယမြောက် တနင်္ဂနွေနေ့ တစ်ရက်မှာ ကျမရဲ့ မေမေက.. ဘုရားကျောင်းက အပြန် ကျမကို ကဒ်လေးနှစ်ကဒ် လာပေးပါတယ်။ ( ပြောင်းပြန်ကြီးနော်.. အမေက သမီးကို :P)

တကယ်တော့ သူတို့ ဘုရားကျောင်းမှာ အမေများနေ့ ကျင်းပတာမို့ အားပေးတဲ့အနေနဲ့ ဝယ်လာတာပါ။ ပေတံသေးသေးလေး အရွယ်လောက်ရှိတဲ့ ကဒ်ထူစက္ကူအဖြူလေးပေါ်မှာ ရောင်စုံ ဘောပန်နဲ့ မိခင်မေတ္တာအကြောင်းကို ရေးဖွဲ့ထားတဲ့ အင်္ဂလိပ် စာကြောင်းလေးတွေပါ။ အဲ့ဒီ ကဒ်ထူစာရွက်ကလေးကို ပလတ်စတစ် အကြည်အပါးနဲ့ လောင်းထားပါတယ်။ ရေးထားတဲ့ အင်္ဂလိပ်စာ သဒ္ဒါကတော့ မမှန်ပါဘူး။

ကဒ်လေးနှစ်ကဒ်က တန်ဖိုးအားဖြင့်လည်း မကြီးပါဘူး။ ဒါပေမဲ့ သားသမီးသုံးယောက်ရှိတဲ့အနက် ကိုယ်ကပဲ အဲ့လိုဟာလေးတွေကို ကြိုက်တတ်လို့လား၊ တခြားနှစ်ယောက်ကို ပေးလိုက်ရင်ပဲ ပျောက်သွားမှာစိုးလို့လား မသိပါဘူး။ ကျမရဲ့မေမေဟာ သူ အပြင်က ပြန်ရောက်ရောက်ခြင်း အိမ်ရှေ့ခန်းမှာ စာထိုင်ဖတ်နေတဲ့ ကျမကိုပဲ သူဝယ်လာတဲ့ ကဒ်နှစ်ခုလုံးကို ပေးခဲ့ပါတယ်။ အမေလုပ်သူက ရှားရှားပါးပါးလက်ဆောင်ပေးတဲ့ အတွက်ကြောင့်ရော၊ ကိုယ့်တစ်ယောက်တည်းကို ပေးတဲ့အတွက်ကြောင့်ပါ.. အဲ့ဒီ hand-made ကဒ်လေးနှစ်ကဒ်ကို အရမ်း သဘောကျခဲ့၊ တန်ဖိုးထားခဲ့ပါတယ်။


(၁၀)တန်းပြီးတဲ့နှစ်ကတည်းက အမေများနေ့နဲ့ ရင်းနှီးခဲ့ပေမဲ့ မေမေ့ကို အမေများနေ့ အမှတ်တရလက်ဆောင်စပေးခဲ့တာတော့ ဂုဏ်ထူးတန်းကျောင်းသူဘဝမှပါ။ အစပိုင်းတုန်းကတော့ အမေများနေ့ အမှတ်တရ ပေးချင်တာပါ။ နောက်ပိုင်းတော့ အမေများနေ့မှ တန်ဖိုးထားရမှာ မဟုတ်ဘူး။ အမြဲလိုလို တန်ဖိုးထားပြီး ပေးရမှာဆိုပြီး ခံယူချက် ပြောင်းလာပါတယ်။ ဒါပေမဲ့ နှစ်စဉ်လိုလိုတော့ ဒီလိုနေ့ရောက်ရင် သူပျော်စေချင်တဲ့သဘောနဲ့ လက်ဆောင်တွေ ဝယ်ပေးနေမိတုန်းပါပဲ။ :) ဒီနှစ်အတွက်တော့ ပါတိတ်တစ်ထည်နဲ့ ကျမတို့ကုမ္ပဏီကပေးတဲ့ မှတ်စုစာအုပ်လေးပါ။ ပါတိတ်ကတော့ ပြီးခဲ့တဲ့နှစ်ပတ်ကျော်က ရုံးကိစ္စနဲ့ အင်ဒိုနီးရှားကို ခရီးသွားရတုန်းက အင်ဒိုနီးရှားလည်းရောက်တုန်း၊ အမေများနေ့လည်း နီးလာပြီဆိုတော့ ပါတိတ်ပဲ ဝယ်လိုက်တာပါ။ တကယ်တော့ အမေများနေ့ မရှိလည်း ခရီးသွားရင်တော့ လက်ဆောင်ဝယ်ပေးနေကြပါပဲ။ အမေများနဲ့ကြုံလို့ အမေများနေ့အတွက် လက်ဆောင် ဖြစ်သွားတာပါ။ :D
XXXXX
ဘာရယ် မဟုတ်ပါဘူး.. အမှတ်တရ ရေးကြည့်တာပါ။ မေမေက.. အရင်လို မကျန်းမာတော့လို့ပဲလားတော့ မသိဘူး။ ဖုန်းဆက်လို့ မရတာလည်း ပါမယ်ထင်တယ်။ ဒီနှစ် အမေများနေ့မှာ ထူးထူးခြားခြားကို အရမ်း သတိရမိတယ်။ စလုံးကို လာတုန်းက ရန်ကုန်က ကျမရဲ့ စာအုပ်သေတ္တာထဲမှာ ထည့်ထားခဲ့တဲ့ အဲ့ဒီ ကဒ်နှစ်ကဒ်ကို အရမ်းကို လိုချင်နေမိတယ်။ ဒီတစ်ခေါက် ရန်ကုန်ပြန်ရင်တော့ စလုံးကို သယ်လာဦးမယ်။ :)
XXXXX
အမေများနေ့ကို နိုင်ငံအလိုက် ရက်သတ်မှတ်တာတွေကွာပေမဲ့ လူတော်တော်များများကတော့ မေလရဲ့ ဒုတိယပတ်မြောက် တနင်္ဂနွေနေ့ကို လက်ခံ ကျင့်သုံးကြပါတယ်။ ဆရာကြီး ဦးသုခကတော့ ပြာသိုလပြည့်နေ့ မြန်မာ့အမေများနေ့လို့ သတ်မှတ်ခဲ့ပါတယ်။ ဒါကိုတော့ လွန်ခဲ့တဲ့သုံးနှစ်လောက်ကမှ စလုံးမှာ အတူနေဖူးတဲ့ အစ်မတစ်ယောက်ဆီက သိရတာပါ။ နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ အမေများနေ့တွေကို သိချင်ရင်တော့ ဒီနေရာမှာ သွားဖတ်ကြည့်လို့ ရပါတယ်။

Regards, witch83
To Continue Reading

February 20, 2013

လှပသော တိမ်တိုက်များအကြောင်း

အပိုင်း(၁)
"တိမ်တွေဟာ သိပ်လှတာပဲလို့ ကိုယ်ပြောရင် 
မင်းယုံလိုက်ပါ။"
ဂျူး (တိမ်နဲ့ချည်တဲ့ကြိုး)


+ + + + + + + + +

အပိုင်း(၂)

ကျမဟာ မကြာခဏဆိုသလို  လေယာဉ်တွေ စီးရပေမဲ့ ကိုယ်စီးရတဲ့ လေယာဉ်ချိန်တွေဟာ များသောအားဖြင့်  မနက်အစောကြီး (သို့မဟုတ်) ညမိုးချုပ်တွေ ဖြစ်နေတတ်ပြီး အိပ်လိုက်လာတတ်တာ များပါတယ်။ တစ်ခါတစ်ရံကျတော့ ကိုယ့်ကိုကိုယ်တောင် ပြန်မေးမိပါတယ်။ အပြင်ကို မမြင်ရဘဲနဲ့ ဘာလို့ အမြဲတမ်း window seat ကိုပဲရွေးပြီး booking လုပ်မိနေသလဲဆိုတာ။ Aisle seat ဆို အပြင်ထွက်ရတောင် သက်သာပါသေးတယ်။

ဒီတစ်ခေါက် အလုပ်ကိစ္စနဲ့ ထိုင်ဝမ်သွားဖို့ ticket booking လုပ်တော့ Taiwan နဲ့ SGကြားမှာဆွဲတဲ့ လေယာဉ်ချိန်တွေ ပြောင်းသွားပါတယ်။ ည (၈)နာရီကျော်ကျော်မှာတစ်ကြိမ်၊ နေ့လည် (၂:၅၀)မှာတစ်ကြိမ် ဖြစ်သွားပါတယ်။ Lab test ပြီးမဲ့အချိန် ခန့်မှန်းရခက်တာကြောင့် အလုပ်ပြီးမဲ့နေ့ည (၈)နာရီလေယာဉ်ကို မယူဘဲ နောက်နေ့ နေ့လည် (၂း၅၀) လေယာဉ်ကိုပဲ book လိုက်ပါတယ်။

ထိုင်ဝမ်ကို သွားတိုင်း... ပျော်တတ်ပေမဲ့.. ဒီတစ်ခေါက်ကတော့ သိပ်.. မပျော်ပါဘူး။ project က ကြီးပြီး ဒီ customer ကို company က အရမ်းကို အလေးထားလွန်းတော့ လူက တော်တော်ကို စိတ်ဖိစီးမှုများ ပါတယ်။ နောက်တစ်ခုက ကိုယ်ကိုတိုင်က GePON technology ကို ကျွမ်းကျွမ်းကျင်ကျင် မရှိတဲ့အပြင် ... ဗီယက်နမ်က ဟိုတယ်တစ်ခုမှာ လုပ်ခဲ့တဲ့ GePON project ကို support လုပ်ခဲ့တုန်းက တက်ခဲ့တဲ့ compatibility issue တွေကို ခေါင်းကိုက်အောင် ရှင်းခဲ့ရတဲ့ အတွေ့အကြုံဆိုးကြီးကို မမေ့ နိုင်သေးတာကြောင့် GePON ဆိုတာနဲ့တင် လုက စိတ်နှလုံး ငြှိုးနွမ်းနေပါတယ်။

ခရီးမသွားခင်လည်း GePON project အတွက် HQ က အင်ဂျင်နီယာရယ်၊ PM ရယ်၊ ကိုယ့်မန်နေဂျာရယ်.. အင်မတန် လက်ပေါက်ကတ်တဲ့ customer ရယ်ကြားမှာ တော်တော်ကို ခေါင်းစားရပြီးတဲ့နောက်..
ထိုင်ဝမ်ရောက်ပြန်တော့လည်း Lab test လုပ်နေရလို့ ခေါင်းကိုက်ရပြန်ပါတယ်။ အဲ့ဒီကြားထဲမှာ ကိုယ့် mailbox ထဲ ဝင်ဝင်လာတဲ့ တခြား အီးမေး(လ်)တွေ၊ စလုံးမှာကျန်ခဲ့တဲ့ မန်နေဂျာက လှမ်းပို့ပို့နေတဲ့ sms တွေကိုကြည့်ပြီး ရူးချင်လာပါတယ်။ စလုံးပြန်မဲ့နေ့... Taoyuan လေဆိပ်ကိုရောက်တော့.. လူက တော်တော်ကို ဖလက်ပြနေပါပြီ။ လေဆိပ်ရောက်တော့ စိတ်တိုတိုနဲ့ ဖုန်းပိတ်ပစ်လိုက်ပါတယ်။

 လေယာဉ်ပေါ်ရောက်ပြန်တော့လည်း အဆင်မပြေပါဘူး။ လူက တော်တော် များပါတယ်။ ဘေးက ထိုင်ဝမ်မလေးနှစ်ယောက်ကလည်း အင်မတန် စကားများပါတယ်။ ပိုဆိုးတာက သူတို့ နှစ်ယောက်ထဲကတစ်ယောက်က ပါးစပ် အတော် နံပါတယ်။ ခေါင်းတွေကိုက်လာပြီး လက်ထဲက ရှုဆေးဘူးကိုပဲ ဖိရှုနေရပါတယ်။ လေယာဉ်ကလည်း တော်တော်နဲ့ကို မထွက်နိုင်ပါဘူး။ ကြာလာတော့ သူတို့နှစ်ယောက်ကို စကား သိပ်..မပြောဖို့ ယဉ်ယဉ်ကျေးကျေးနဲ့ပြောပြီး တောင်းဆိုလိုက်ရင် ကောင်းမလားစဉ်းစားမိပါတယ်။ အဲ့လို စဉ်းစားနေတုန်းမှာပဲ လေယာဉ်ကြီးက စထွက်ပြီး  သူတို့ထဲကတစ်ယောက်က ကြောက်သွားပြီး ငြိမ်သွားပါတယ်။ နောက်တစ်ယောက်ကလည်း အိပ်ပျော်သွားပါတယ်။ အဲ့ဒီအခါကျမှ လူလည်း သက်တောင့်သက်သာ ရှိသွားပါတော့တယ်။

+ + + + + + + + +
အပိုင်း(၃)

လေယာဉ်ထွက်ခါစမှာတော့ မျက်လုံးပိတ်ပြီး နားကြပ်နဲ့ သီချင်းနားထောင်နေလိုက်ပါတယ်။ နောက်တစ်နာရီလောက်နေတော့ လေယာဉ်မယ်လေးက အအေးလာပေးတာနဲ့ အအေးသောက်ပြီး အပြင်ကိုကြည့်ပြီး လိုက်လာခဲ့ပါတယ်။ တိမ်ထူတဲ့နေ့မို့လားမသိပါဘူး။ လေယာဉ်က တော်တော်ခါပါတယ်။ ဒါပေမဲ့... လေယာဉ်ခါတာကိုလည်းမေ့... စိတ်ရောလူပါပင်ပန်းခဲ့သမျှကိုလည်းမေ့စေတဲ့အရာကို တွေ့ကြုံခဲ့ရပါတယ်။ အဲ့ဒါ ဘာဖြစ်မယ်လို့ ထင်ပါသလဲ??
တိမ်တွေလေ.. တိမ်တွေပေါ့... ပုံစံ အမျိုးမျိုးနဲ့ သိပ်လှတဲ့ တိမ်တွေပေါ့...
 လေယာဉ်သွားတဲ့လမ်းတလျှောက် တိမ်တွေဟာ ညိုလိုက်၊ ပြာလိုက်နဲ့ လှချင်တိုင်း လှနေကြပါတယ်.. တစ်ချို့နေရာတွေမှာ အဆုပ်လိုက်ကလေးတွေ၊ တစ်ချို့ နေရာတွေမှာ အမှုန်လေးတွေ၊ တစ်ချို့နေရာမှာတော့ အပြင်လိုက်ကြီးတွေနဲ့ စိပ်စိပ်လေးတစ်မျိုး၊ ကျဲကျဲလေးတစ်ဖုံနဲ့ သိပ်ကို လှနေကြတာကို မြင်ရတာ အရာအားလုံးကို ခဏတော့ မေ့သွားသလိုပါပဲ။

အဲ.. သတိ ပြန်ဝင်လာတဲ့အချိန်မှာတော့ လက်ထဲက ဖုန်းနဲ့ ဓါတ်ပုံတွေ စွတ်ရိုက်တော့တာပါပဲ။ အောက်ကပုံတွေကတော့ ရိုက်ခဲ့တဲ့ပုံတွေထဲက အချို့ပေါ့ကွယ်...။ 









+ + + + + + + + +

အပိုင်း(၄) 

ပြီးခဲ့တဲ့ သုံးပတ် ကျော်... ထိုင်ဝမ်က ပြန်လာပြီးကတည်းက ဖတ်ချင်တဲ့စာအုပ်ကို ပြောပါဆိုရင် ဆရာမဂျူးရဲ့ "တိမ်နဲ့ချည်တဲ့ကြိုး"ပါပဲ။  အဲ့ဒါ ဘာလို့လည်း ဆိုရင်တော့.... ထိုင်ဝမ်က အပြန်ခရီးမှာ.. ပြာလိုက်၊ ညိုလိုက်၊ စိတ်လိုက်၊ ကျဲလိုက်နဲ့ ပုံစံမျိုးစုံနဲ့လှပနေကြတဲ့တိမ်တွေကို တွေ့မြင်ခံစားခဲ့ရလို့ပါပဲ။

ဆရာမ.. ဂျူးရဲ့ အဲ့ဒီ "တိမ်နဲ့ချည်တဲ့ကြိုး" ဝတ္ထုစာအုပ်ကို သူများဆီက ငှားဖတ်ပြီးတဲ့နောက် ကြိုက်လွန်းလို့ စာအုပ်အရောင်းဆိုင်သွားပြီး အပိုင် ဝယ်ထားခဲ့ပါတယ်။ စာအုပ်ကတော့ ရန်ကုန်မှာ ကျန်ခဲ့ပုံပါပဲ။ စလုံးက စာအုပ်ပုံးထဲမှာရှာတော့ မရှိပါဘူး။

ဆရာမရဲ့ စာအုပ်ထဲမှာ...
  • ဝေးလံခေါင်သီတဲ့ ဒေသတွေက ခက်ခဲတဲ့ အပင်တွေကို လိုက်ရှာပြီး သုတေသနလုပ်ကြတဲ့ ထက်မြက်တဲ့ အမျိုးသမီးနှစ်ဦး...
  • ဆယ်ကျော်သက်ကလေးတစ်ယောက်ရဲ့ စိတ်ကစားတတ်မှုနဲ့ မမျှော်လင့်ဘဲ ကိုယ့်ကြောင့် လူငယ်တစ်ယောက် အသက်ဆုံးရှုံးသွားလို့ ဖြစ်ရတဲ့ စိတ်မကောင်းမှု..
  • အချိန်တွေ ဆယ်စုနှစ်ကျော်ကြာလာမှ နေလို့မပျော်တော့ဘဲ ဒီကိစ္စပေါ်မှာ guilty ဖြစ်ပြီး  ဇာတ်ကောင် အမျိုးသမီးက ချင်းပြည်နယ်မှာ ပြန်လာပြီး စာသင်ပေးခြင်းဖြင့် ကိုယ့်စိတ်ကို ပြန်လည် တည်ဆောက်နေခြင်း...
  • တစ်ယောက်ထဲအတွက် အသက်ရှင်နေတာမျိုး မဟုတ်ဘဲ လူအများအတွက် ပေးဆပ်ပြီး အသက်ရှင်နေချင်တဲ့ လူတွေအကြောင်း
  • ပညာရဲ့ အရေးပါပုံ
  • သဘာဝနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလိုအပ်ချက်နဲ့ ဝေးလံခေါင်သီတဲ့ဒေသမှာ နေရတဲ့သူတွေရဲ့ လိုအပ်ချက်တွေကြားက အားပြိုင်မှု
  • ဓါတ်ပုံတွေရဲ့ အရေးပါပုံ၊ ဓါတ်ပုံတွေက ပြောတဲ့စကားများ
  • ချင်းလူမျိုးတွေရဲ့ ရိုးရာနဲ့ ယုံကြည်မှု၊ လူမျိုးစု မပျောက်ကွယ်လိုမှု ( သွေးမနှောလိုမှု)
  • အောက်ချင်းငှက်တွေအကြောင်း နဲ့
  • တိမ်တွေအကြောင်း
စတဲ့ အကြောင်းအရာတွေကို သိသိသာသာ တစ်မျိုး၊ မသိမသာတစ်မျိုး၊ တိုက်ရိုက်နည်းနဲ့ တစ်သွယ်၊ သွယ်ဝိုက်တဲ့နည်းနဲ့တစ်ဖုံ ရေးထားပါတယ်။ သို့ပေမဲ့ ... ပွင့်ပွင့်လင်းလင်း ဝန်ခံရမယ်ဆိုရင်တော့... အဲ့ဒီအချက်တွေကို ကျော်ပြီးတော့ စာအုပ်ကို ဖတ်နေရင်းနဲ့ စိတ်ထဲမှာ တကယ် ပေါ်ပေါက်လာတဲ့ အဖြစ်ချင်ဆုံးဆန္ဒက တိမ်တွေရှိတဲ့ တောင်ပေါ်ဒေသမှာ လျှောက်လည်ပြီး တိမ်တွေကြားထဲ လမ်းလျှောက်ချင်တာပါပဲ

ဆရာမရဲ့ တိမ်တွေနဲ့ ပတ်သတ်တဲ့ အရေးအသား၊ စာကြောင်းလေးတွေဟာ ကျမရဲ့ စိတ်ကို တကယ်ကို ညှို့  ယူနိုင်ခဲ့ပါတယ်။
~ တိမ်တွေက ကိုယ့်အခန်းထဲကို ဝင်ရောက်လာတဲ့အခါ ~
~ အိမ်ထဲသို့ လွင့်မျောလျက် ဝင်ရောက်လာသော တိမ်တွေက သူမမျက်နှာကို ပွတ်တိုက်သွားသည့်အခါ အသည်းအေးလျက် အသက်ရှုပင် မှားမှားသွားသည် ~
~ တောင်အတက်မှာ ခြေလှမ်းနှေးကွေး မောပန်းပေမဲ့ အမောဖြေစရာ အတွေ့အကြုံကတော့ တိမ်တွေထဲသို့ ခရီးသွားရခြင်း ဖြစ်သည် ~
အခန်းထဲကို တိမ်တွေဝင်လာပြီး ကိုယ့်မျက်နှာကို ဖြတ်သွားတဲ့ အတွေ့အကြုံကို လက်တွေ့ ခံစားကြည့်ချင်စိတ်ဖြစ်ခဲ့သလို.. ငှက်တွေသွားကြည့်မဲ့နေရာကို လျှောက်ရတဲ့ လမ်းတစ်လျှောက် တိမ်တွေထဲခရီးသွားသလိုပါပဲလို့ ဆရာမကရေးသားခဲ့ပြန်တော့လည်း တကယ်ကို တိမ်တွေကြားထဲမှာ လမ်းလျှောက်ချင်တဲ့အာသီသတွေ ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ အချိန်တွေကကြာလာပြီး.. နေ့စဉ်လူနေမှုဘဝမှာ ပုံမှန် လှုပ်ရှားနေရတဲ့အတွက်ကြောင့် ဖြစ်ချင်တဲ့ ဆန္ဒတွေထဲက အဲ့ဒီဆန္ဒဟာလည်း အရောင်ဖျော့လာခဲ့ပါတယ်။

ခု.. ဒီ ထိုင်ဝမ်ခရီးက ပြန်အလာပြီးတဲ့အခါမှာတော့ ဒီဆန္ဒဟာ အရောင် ပြန်တောက်လာပြန်ပါပြီ။ တိမ်တွေရှိတဲ့ လှပတဲ့ တောင်ပေါ်ဒေသတစ်ခုကို ကိုယ်ချစ်တဲ့သူတွေနဲ့ အတူတူသွားပြီး အေးမြမှုနဲ့ လှပမှုတွေကို ခံစားဖို့ ကြိုးစားလိုက်ပါဦးမယ်။

"တိမ်တွေဟာ သိပ်လှတာပဲလို့ ကိုယ်ပြောရင် မင်းယုံလိုက်ပါ။"

+ + + + + + + + +

စကားကြွင်း။      ။ "တိမ်နဲ့ချည်တဲ့ကြိုး"ကို ခရီးကပြန်ရောက်ရောက်ချင်း ဖတ်ချင်ပေမဲံ အလုပ်တွေ ရှုပ်နေပြီး အရင်တစ်ပတ် weekends မှာမှ ဖတ်လို့ပြီးပါတယ်။ (ခု.. ပြီးခဲ့တဲ့ weekend မဟုတ်ပါ။) ဖတ်ပြီးသွားတဲ့နောက် စာရေးမယ်ဆိုတော့လည်း ရုံးရွှေ့ဖို့ ကိစ္စတွေနဲ့ မအားပြန်ပါဘူး။ စရေးမိတော့လည်း တစ်ဝက်တစ်ပျက်မှာတင်ရပ်ပြီး ကြားဖြတ်ပို့(စ်)တွေ ရေးနေမိပြန်ပါတယ်။ draft ထဲမှာ ကြာနေပြီမို့ ဒီညတော့ ဒီပို့(စ်)လေးကို အပြီးသတ်လိုက်ပါတယ်။ မဟုတ်ရင် mood ပျောက်ပြီး "draft post မှသည် deleted postဆီသို့"ဆိုပြီး ဖြစ်သွားမှာစိုးလို့ပါ။ =)

Regards,
witch83 ( 20/02/2013; 9:14PM; GMT+8)
To Continue Reading

January 28, 2013

C-Box Spammer တွေရဲ့ ရန်ကကာကွယ်နည်း

"C-Box မရှိတဲ့ ဘလော့ဟာ ဧည့်သည် လက်မခံတဲ့အိမ်နဲ့တူတယ်"ဆိုတဲ့အဆိုကို တစ်နေရာမှာ ဖတ်ဖူးပါတယ်။
အဲ့ဒါ မှန်သင့်သလောာက်တော့ မှန်တယ်လို့ ထင်ပါတယ်။ ပို့(စ်)တိုင်းမှာ မန့်ဖို့ အဆင်မပြေတဲ့အခါ၊ ကိုယ့်ဘလော့အပေါ် ဝေဖန်အားပေးစကား ပြောချင်တဲ့အခါ၊ အလည်လာပြီး နှုတ်ဆက်စကားပြောချင်တဲ့အခါမျိုးတွေမှာ C-Box က တော်တော် အသုံးဝင်ပါတယ်။ ဒါပေမဲ့ ခက်တာက C-Box မှာ spam message တွေ တအားတက်တာပါပဲ။ အဲ့ဒီအတွက်ကြောင့် တစ်ချို့  ဘလော့တွေမှာ C-Box မရှိတာ ဖြစ်နိုင်ပါတယ်။

ကိုယ်ကိုတိုင်လည်း စိတ်ရှုပ်လွန်းလို့ အချိန်တော်တော်ကြာကြာအထိကို ကိုယ့်ဘလော့က ဖြုတ်ထားဖူးပါတယ်။ ဒါပေမဲ့ .. အခု နောက်ပိုင်း စာပြန်ရေးဖြစ်ပြီး နည်းနည်းကြာလာတော့ Spam message တွေကို mannually delete လုပ်၊ user တွေ ban၊ IP တွေ ban၊ spam report လုပ်ပြီး ပြန်တပ်လိုက်ပါတယ်။ သူတို့ကို ပိတ်လိုက်လို့ တစ်ချို့ ကို ပိတ်လို့ရပေမဲ့... IP ကို fix မသုံးကြတဲ့.. virtual nick သုံးကြတဲ့ hoax user တွေကျတော့ ပိတ်လို့ မရပါဘူး။ Krazy Jokes တို့၊ Affective tips ဆိုတာတွေဟာ ကျမတော်တော် မုန်းတဲ့ဟာတွေပါ။ ဘလော့ဖွင့်တိုင်း အဲ့ဒီ message တွေကို www.cbox.ws ထဲသွားပြီး  ဖျက်နေရတာ အလုပ် တစ်ခုလို ဖြစ်နေပါတယ်။


message တွေဖျက်နည်းကတော့ လွယ်ပါတယ်။

  • C-Box website ထဲ sign in လုပ်ပြီး Messages> Messagesကို သွား။ 
  • ဖျက်ချင်တဲ့ message ကို checkbox မှာ ရွေးပြီး Ban ကို နှိပ်ပြီး IP ကို အရင်ပိတ်လိုက်ပါ။ ပြီးရင်တော့ spam report လုပ်ပြီး.. message တွေကို delete လုပ်လိုက်ရုံပါပဲ။
ဖျက်ရတာ မခက်ပေမဲ့ ကြာလာတော့ လိုက်..ဖျက်နေရတာ တော်တော် စိတ်ကုန်လာပါတယ်။ အဲ့ဒါနဲ့ cbox မှာ security setting ဘယ်လို လုပ်ရမလဲ လိုက်ရှာကြည့်ရင်းနဲ့ Require CAPTCHA ဆိုတဲ့ anti-spam feature အသစ်လေး သွားတွေ့ပါတယ်။ အဲ့ဒါကို ရွေးလိုက်ရင်တော့ အဲ့လို spammer တွေရန်က ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။



ဒီ feature ကို ရွေးဖို့ သွားရမဲ့နေရာကတော့ cbox  site ထဲက Options> Posting options ဆိုတဲ့နေရာမှာပါ။ ကိုယ်က အဲ့ဒီ feature ကို ရွေးလိုက်ခြင်းအားဖြင့် ကိုယ့် C-Box မှာ message ရေးမယ်ဆိုရင် ရေးမဲ့သူက အရင် word verification လုပ်ရပါတယ်။ လုပ်တာကတော့ တစ်ခါပဲ လုပ်ရတာပဲ။ ပြီးရင်တော့ nick နဲ့ website address ကိုမှတ်ပြီးသွားပြီမို့ နောက်တစ်ခေါက် ပြန်လာလည်ပြီးရေးရင် verification လုပ်စရာ မလိုတော့ပါဘူး။  feature အသစ်ကို စမ်းသုံးလိုက်တာ အဆင်ပြေသွားပါတယ်။

ဘလော့မိတ်ဆွေတွေကိုလည်း ပြန်လည် ဝေမျှလိုက်ပါတယ်။ သူတို့ ဘလော့တွေကို အလည်သွားရင် အဲ့လို spam message တွေကို သူတို့ cbox ထဲမှာ မြင်ရတာ အသည်းယားလွန်းလို့ပါ။ spam message တွေကို စိတ်ကုန်လို့ cbox ဖြုတ်ထားတဲ့သူတွေလည်း ပြန်တပ်လို့ ရအောင်လို့ပါ။

ဒါနဲ့ စကားမစပ်.. CAPTCHA ဆိုတာ တကယ့်လူရဲ့ response ပါလို့ သေချာအောင် စစ်ပေးတဲ့ test ဖြစ်ပါတယ်။ အရှည်ကောက်ကတော့ "Completely Automated Public Turing test to tell Computers and Humans Apart"ပါ။

~ ရွှင်လန်းချမ်းမြေ့ ကြပါစေ ~

Regards,
witch83, (28/01/2013; 2:12 PM; GMT+8)

To Continue Reading

January 07, 2013

ကျမနှင့် Ez-Link Activate Service အတွေ့အကြုံ

စလုံးမှာနေသူတွေအဖို့ EZ-Link card ဆိုတာ သွားလေရာ ပါရတဲ့ မရှိမဖြစ်အရာပါ။ mrt စီးတိုင်း..  bus ကားစီးတိုင်း သုံးနေရလို့ လူတိုင်း အပြင်သွားခါနီးစစ်ရတဲ့အရာဟာ ဒီကဒ်ပဲ ဖြစ်ပါတယ်။ စင်္ကာပူကို ရောက်ခါစကတော့ S$50 လောက်ထည့်ထားတတ်ပေမဲ့ ပထမဆုံးအကြိမ်.. ကဒ်ပျောက်ပြီးကတည်းက (၂၀)ဖိုးလောက်ပဲ ထည့်ထားတတ်ပါတယ်။   အဲ့ဒီအချိန်တုန်းက ကျောင်းတက်နေတုန်းဆိုတော့ တော်တော်လေးကို နှမြောပါတယ်။ ကိုယ် .. အချိန်ပိုင်းလုပ်လို့ရတဲ့ပိုက်ဆံက တစ်နာရီမှ ငါးကျပ်၊ ခြောက်ကျပ်ပဲ ရတာပါ။ ကျောင်းတက်ခဲ့တဲ့တစ်လျှောက်မှာလည်း အဲ့ဒီတစ်ခေါက် ပျောက်ပြီးကတည်းက မပျောက်တော့ပါဘူး။
အဲ.. full time အလုပ်ဝင်ပြီးနောက်ပိုင်းတော့.. မကြာမကြာကို ပျောက်တတ်လာပါတယ်။ ဟိုကျန်ဒီကျန်လည်း ဖြစ်လာပါတယ်။ လူကလည်း နမော်နမဲ့ဖြစ်တတ်သူမို့ .. safe ဖြစ်အောင်.. တစ်ကဒ်ကို wallet ထဲမှာ အရေးပေါ်သုံးဖို့ထားပြီး၊ တစ်ကဒ်ကိုတော့ လက်ကိုင်အိတ်ရဲ့ အနောက်ဇစ်ထဲထည့်ထားပြီး သုံးပါတယ်။ ပိုက်ဆံကိုတော့ (၁၀) (၂၀)အပြင် ဘယ်တော့မှ ပိုမထည့်ပါဘူး။ 
ဒီလိုနဲ့ လွန်ခဲ့တဲ့ (၃)လလောက်က The Gardener Blog မှာ စာသွားဖတ်ရင်းက Ez-Link Activate Application လေးအကြောင်း သိခဲ့ရပါတယ်။ အဲ့ဒါနဲ့ပဲ ကိုယ့်ဖုန်းထဲမှာ အဲ့ဒီ app လေးရှာပြီး install လုပ်လိုက်ပါတယ်။


အဲ့ဒီ app လေးကိုသုံးပြီး ကိုယ့်ရဲ့ IC No နဲ့ register လုပ်၊ ကိုယ့် ကဒ်နံပါတ်တွေထည့်ရုံပါပဲ။ လူတစ်ယောက်ကို ကဒ်(၃)ကဒ်အထိ register လုပ်လို့ရပါတယ်။ Transaction History လည်း စစ်လို့ ရပါတယ်။ ဒါပေမဲ့ history က နည်းနည်းတော့ နောက်ကျပါတယ်။ တစ်ရက်လောက်နောက်ကျပြီးမှ update လုပ်ပါတယ်။ ကဒ်ပျောက်ရင်လည်း လှမ်းအကြောင်းကြားလို့ ရပါတယ်။

 

ဒီ app လေးကို install လုပ်တုန်းကတော့ iPhone အတွက်ပဲ ရပါသေးတယ်။ ခုတော့ Android သမားတွေလည်း သုံးလို့ရပြီလို့ သူ့ website မှာ  ကြေငြာထားပါတယ်။ တခြားဖုန်းကိုင်တဲ့သူတွေလည်း စိတ်တော့မညစ်ကြပါနဲ့။ ကိုယ့် ဖုန်းမှာ ထည့်လို့မရပေမဲ့ သူ့ website မှာ သွားပြီး register လုပ်လို့ရပါတယ်။ http://ezlinkactivate.com.sg/ မှာ သွားလုပ်လို့ရပါတယ်။ ကိုယ့်ဖုန်း.. အလေးခံပြီး install လုပ်ထားစရာ မလိုတော့ဘူးပေါ့။ :)

 ~ ~ ~ ~ ~ ~ ~ ~ ~

နိုဝင်ဘာလကုန်.. လခဝင်တော့ .. ကဒ်နှစ်ကဒ်လုံးမှာ ပိုက်ဆံက ကုန်တော့မှာမို့ ATMသုံးပြီး top up လုပ်လိုက်ပါတယ်။ နောက်တစ်ရက်ရောက်တော့ ကိုယ်တကယ်သုံးနေတဲ့ ကဒ်က ပျောက်သွားပါတယ်။ အဲ့ဒီနေ့က ရုံးဆင်းတော့ ATM မှာ ပိုက်ဆံသွားထုတ်ပြီးတဲ့နောက်မှာ အဲ့နားမှာပဲ ကျခဲ့ပုံရပါတယ်။ ပိုက်ဆံမထုတ်ခင် ezlink card လက်ထဲကိုင်ထားပြီး ဘဏ်ကဒ်အထုတ်အသွင်း၊ ပိုက်ဆံထုတ်ပြီး wallet ထဲ ပြန်ထည့်တဲ့အချိန်မှာ အောက်ပြုတ်ကျသွားပုံရပါတယ်။
mrt ရောက်တော့.. ကဒ်ဖြတ်မယ်ဆိုမှ လက်ထဲ မရှိတော့တာ သတိထားမိပါတယ်။ ထားနေကြနေရာမှာ မရှိပေမဲ့ လက်ကိုင်အိတ်ထဲက တစ်နေရာမှာ ရှိမယ်ထင်ပြီး အရေးပေါ်သုံးဖို့ထားထားတဲ့ ကဒ်ကို ထုတ်သုံးလိုက်ပါတယ်။ အဲ့ဒီနောက်ပိုင်း တစ်ရက်၊နှစ်ရက်လည်း အပိုဆောင်ထားတဲ့ကဒ်ကိုပဲ သုံးနေလိုက်ပါတယ်။ ပျောက်နေမှန်း တကယ် မသိပါဘူး။  နောက်တစ်ပတ် တနလာင်္နေ့ အလုပ်မသွားခင်.. တနင်္ဂနွေနေ့ည.. ကိုယ့်အိတ်ကိုရှင်းတော့မှ ပျောက်မှန်းသိပါတယ်။ ကဒ်ကို လုံးဝ ရှာမတွေ့တော့ပါဘူး။ အဲ့ဒါနဲ့ ဖုန်းဖွင့်၊ card transaction ကိုစစ်တော့.. အမလေး.. အဲ့ဒီ ကဒ်ကို ကောက်ရတဲ့သူက ပိုက်ဆံ (၁၀)ကျော်ကျော်လောက် သုံးထားပြီးပြီ။ အဲ့ဒီ transactionတွေကို မြင်လိုက်တဲ့အချိန်မှာ.. မကြာခင်ကမှ ကင်မရာပျောက်ထားတဲ့ feeling တွေပါ ပြန်ပေါ်လာပြီး ဒေါသတော်တော်ကို ထွက်သွားပါတယ်။ အရင်ကဒ်တွေ ပျောက်တုန်းကလို..." သြော်.. ကိုယ့်ကဒ် သူသုံးပြီး လိုရာခရီးသွားလို့ရအောင် လှုတယ်လို့ သဘောထားပါတယ်" လို့လည်း တွေးလို့ မရတော့ပါဘူး။ တကယ်ဆို ပျောက်တာ.. ကိုယ့်ရုံးရှိတဲ့ အဆောက်အဦးမှာ ပျောက်တာပါ။ ပြန်ပေးချင်ရင် security counter သွားပေးထားလို့ ရပါတယ်။ ခုတော့ ပြန်မပေးဘဲ သုံးနေပါတယ်။ စိတ်တိုတိုနဲ့ transit link ကို ဖုန်းခေါ်တော့ ပိတ်သွားပါပြီ။ auto-answering machine နဲ့တွေ့ပါတယ်။  နေ့စဉ် မနက် (၈)နာရီကနေ ညနေ(၆)နာရီအထိပဲ ဖွင့်ကြောင်း၊ အများပြည်သူ ရုံးပိတ်ရက်တွေမှာ ပိတ်ကြောင်း၊ နောက်နေ့ ဖုန်းပြန်ခေါ်စေချင်ရင်.. ဖုန်းနံပါတ်ထားခဲ့နိုင်ကြောင်း ပြောပါတယ်။ ကိုယ်.. အလုပ်ရှုပ်နေချိန် ဖုန်းပြန်ခေါ်မှာစိုးတာနဲ့ ဒီအတိုင်းပဲ ဖုန်းချလိုက်ပါတယ်။
နောက်နေ့မနက်လည်းရောက်ရော..
အလုပ်ကိုအသွား bus ကားစီးရင်းနဲ့ကို ဖုန်းခေါ်ပြီး တိုင်ပါတယ်။ ဖုန်းဖြေတဲ့အမျိုးသမီးက ကဒ်ကို ဘလော့လုပ်လိုက်မယ်. လုပ်ပြီးရင်တော့ unblock ပြန်လုပ်လို့ မရဘူးလို့ ပြောပါတယ်။ ကိုယ်ကလည်း အိုကေတယ်။ ပိတ်လိုက်။ ပျောက်တာ confirm ဆိုပြီး ပြောလိုက်ပါတယ်။ သူက.. refund လိုချင်လားမေးပါတယ်။ ကိုယ်ကလည်း ရနိုင်ရင်တော့ လိုချင်ပါတယ်လို့ ပြောလိုက်ပါတယ်။ အဲ့ဒီမှာ သူက.. လုပ်ရမဲ့ အစီအစဉ်တွေကို ပြောပါတယ်။ လုပ်ရမှာတွေကတော့
  • customer service (64968300) ကို ဖုန်းဆက်ပြီး ကဒ်ပျောက်တဲ့အကြောင်း အကြောင်းကြားရပါမယ်။ (App သုံးပြီး ခေါ်ချင်ရင်တော့ "Report Lost Card" ခလုတ်ကို နှိပ်လိုက်ရုံပါပဲ။)
  • customer care officer မေးတဲ့ verfication information တွေကို ဖြေပြီးသွားရင် police report တစ်ခုလုပ်ရပါတယ်။ online လုပ်ချင်ရင်တော့ ဒီနေရာမှာ လုပ်လို့ ရပါတယ်။
  • ပြီးရင် ezlink ကဒ် ပျောက်သွားတဲ့အကြောင်းကို .. police report file နဲ့အတူ customerservice@ezlink.com.sg ကို (၇)ရက်အတွင်း email ပို့ရပါမယ်။
  • ပိုက်ဆံ refund လုပ်ဖို့အတွက် ကဒ်နံပါတ်တစ်ခု ( အပို တစ်ကဒ်ရှိရင်.. အဲ့ဒီကဒ်ရဲ့နံပါတ်၊ မရှိရင် နောက်တစ်ကဒ် အသစ်ဝယ်)ပေးရပါတယ်။ 
  • အဲ့လိုလုပ်ပြီး တစ်လကျော်ကြာလို့ အကြောင်းမပြန်ရင် ဖုန်းဆက်ပြီးမေး
  • အကြောင်းပြန်ခဲ့ရင် AXS machineမှာ ကိုယ့် ezlink card ကို update လုပ်ပြီး refund amount ကို ပြန်ယူရုံပါပဲ။ (refund amount ကို ရက်(၉၀)အတွင်း ပြန်မထုတ်ရင် automatically expire ဖြစ်သွားပါမယ်။)
ကိုယ့်အတွေ့အကြုံအနေနဲ့ကတော့ ..
  • police report လုပ်ပြီး (၅)မိနစ်တောင် မကြာဘူး။ ရဲအရာရှိတစ်ယောက် ဖုန်းလှမ်းဆက်ပါတယ်။ ( မြန်ချက်!!) မေးခွန်းတွေမေးပြီး card replacement အတွက် လိုအပ်လို့လုပ်တဲ့အတွက်ကြောင့် further investigation မရှိပါဘူးဆိုပြီး ဖုန်းချသွားပါတယ်။ ပြီးတော့ ဒီကေ့(စ်)အတွက် အကြောင်းကြားစာတစ်စောင် အိမ်ကို လှမ်းပို့ပါတယ်။ (၃)ရက်လောက်ကြာတော့ ဖုန်းပြန်ဆက်ပါတယ်။ ပစ္စည်းပျောက်တာကို သူများက ကောက်ရပြီး ယူသုံးနေတာမို့ အလွဲသုံးစားလုပ်တာဖြစ်တာကြောင့် further investigation လုပ်ရမယ်။ ရဲစခန်းလာခဲ့ပါဆိုပြီး ပြောပါတယ်။ ကိုယ်ကလည်း သူ့ Operation Hour နဲ့ ကိုယ့်ရုံးအလုပ်ချိန်နဲ့က အတူတူမို့ မလာနိုင်ဘူးဆိုပြီး ပြောလိုက်လို့ case, auto ပိတ်လိုက်သလို ဖြစ်သွားပါတယ်။ 
  • ezlink ကို mail လှမ်းပို့ပြီး report လုပ်တော့ (၃)ရက်အကြာမှာ .. work in process ... ပြီးရင် အကြောင်းပြန်မယ်။ စိတ်ရှည်ရှည်နဲ့ စောင့်ပေးပါဆိုပြီး officer တစ်ယောက်က အကြောင်းပြန်ပါတယ်။ 
  • နောက်တစ်လလောက်အကြာ.. ပြီးခဲ့တဲ့ ကြာသာပတေးနေ့က refund amount ထုတ်လို့ရပြီဆိုပြီး email ဝင်လာပါတယ်။ အဲ့ဒါနဲ့ ညနေ ရုံးအဆင်း AXS machine မှာ ကဒ်ကို update လုပ်လိုက်ပါတယ်။ ရတဲ့ amount ကတော့ ကိုယ် report လုပ်တဲ့နေ့ကနေ စတွက်ပြီး ပေးပါတယ်။

~ ~ ~ ~ ~ ~ ~ ~ ~


နိဂုံးချုပ်ရရင်တော့ ပိုက်ဆံပြန်ရပေမဲ့ .. refund process က နည်းနည်း အလုပ်ရှုပ်ပါတယ်။ မပျောက်တာအကောင်းဆုံးပဲမို့ သတိထားပြီးကိုင်နိုင်ရင် ပိုကောင်းပါတယ်။ နောက်ဆို မပျောက်အောင် သတိထားမယ်လို့ ဆုံးမပြီး နောက်..ကဒ်အသစ်တစ်ခုတောင် ဝယ်ပြီး အပို မဆောင်ထားတော့ပါဘူး။
ဘာပဲဖြစ်ဖြစ် ဒီ ezlink acitivate service လေးက တော်တော်တော့  အသုံးဝင်ပါတယ်။ ကိုယ့်ရဲ့ card လေးကို ezlink activate မှာ register လုပ်လိုက်ခြင်းအားဖြင့် ကိုယ့်ကဒ်အတွက် Free Insurance ကို ရပြီးသား ဖြစ်သွားပါတယ်။ ကိုယ့် transaction တွေကို ပြန်စစ်နိုင်သလို ပျောက်သွားရင်လည်း refund ပြန်မလုပ်ချင်ရင်တောင် block လုပ်လို့ရပါတယ်။  ဒါကြောင့် ဒီ service နဲ့ application အကြောင်းလေးကို ဒီဘလော့ပေါ်မှာ ဝေမျှလိုက်ပါတယ်။

Best Regards,
witch83 (07/01/2013; 1:00PM; GMT+8)
To Continue Reading

December 31, 2012

၂၀၁၂ မှသည် ၂၀၁၃ဆီသို့


Photo Source; ASEAN community

နှစ်သစ်အတွက် ပါးချင်တဲ့ စကား :)
ဒီကနေ့ဟာ.. (၂၀၁၂)ခုနှစ်ရဲ့နောက်ဆုံးနေ့လေးဖြစ်ပြီး.. မနက်ဖြန်ဆို (၂၀၁၃)ခုနှစ်ကို ရောက်ပါတော့မယ်။ (၂၀၁၂)ခုနှစ်အတွက် နောက်ဆုံးပို့(စ်)လေးကို ရေးမယ်ဆိုပြီး  ပုံတွေရှာတော့ ဒီပုံလေးကို အကြိုက်ဆုံးပါပဲ။  ဒါကြောင့် ဒီပုံလေးကိုပဲ ဒီပို့(စ်)အတွက် သုံးလိုက်ပါတယ်။

ပုံထဲကအတိုင်း (၂၀၁၂) ကုန်သွားပေမဲ့၊ ပျက်သွားပေမဲ့.. ဒီနှစ်ထဲမှာ... ကျမတို့ ဘာတွေလုပ်ခဲ့တယ်ဆိုတာကတော့ မပျောက်ပျက်သွားပါဘူး။ ဒါကို သမိုင်းလို့ ခေါ်ပါတယ်။ ကျမတို့အားလုံးဟာ တကယ်တော့ "ကိုယ့်သမိုင်းကိုယ်ရေးနေကြသူများ" သာ ဖြစ်ကြပါတယ်။ သမိုင်းစာအုပ်မှာ ထင်ကျန်ခဲ့သူများတော့ ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါပေမဲ့.. ကိုယ့် မိသားစုဝင်များ၊ နောင်လာနောက်သားများအတွက်.. အနည်းဆုံး ကိုယ့်ကိုကိုယ်အတွက်.. ဒီလောကကြီးက မထွက်သွားခင်အချိန်မှာ... နောင်တ နည်းနိုင်သမျှနည်းသော.. " ကောင်းမွန်သောသမိုင်း "များကို ရေးနိုင်၊ ချန်ထားနိုင်သူများ ဖြစ်ကြပါစေ။

နောက်တစ်ခုက.. နှစ်ဟောင်းကုန်သွားပေမဲ့ နှစ်ဟောင်းမှာလုပ်ခဲ့တာတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ရှေ့ နှစ်တွေမှာ ခံစားရမှာပါ။ ဒါကြောင့် (၂၀၁၂)မှာ ကိုယ်လုပ်ခဲ့သမျှကို ပြန်လည်ဆန်းစစ်ပြီး (၂၀၁၃)မှာ.. သူပြီးရင် လာမဲ့ရှေ့နှစ်တွေအတွက် ပြင်ဆင်နိုင်ကြပါစေ။

နောက်ဆုံးအနေနဲ့ကတော့ အရင်ကပို့(စ်)တွေမှာ.. ပြောထားတာလေးပဲ စကားပြန်ပါးပါရစေ။
အဲဒါကတော့ သူများတွေကို.. ဝေဖန်အပြစ်တင်တာတွေလျှော့ပြီး "မိမိကိုယ်ကို ကောင်းအောင် အရင် ကြိုးစားကြပါ။"..လို့။ ကိုယ်ကောင်းပြီးနောက်တော့.. ပတ်ဝန်းကျင်ကောင်းဖို့ ကြိုးစားပါ။ အားလုံး ဒီလိုပဲ ကောင်းကြရင်.. တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံး ကောင်းသွားမှာပါ။ ဒါကြောင့် မိမိနဲ့မိမိပတ်ဝန်းကျင် ကောင်းမွန်အောင် အရင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်။ လူမျိုးအတွက်၊ နိုင်ငံအတွက်.. ဒါတွေက နည်းနည်းဝေးပြီး အလှမ်းကျယ်ပါတယ်။ မိမိနဲ့ မိမိပတ်ဝန်းကျင်ကို ကောင်းအောင် အရင် ပြုပြင်ပါ။ အားလုံးက .. ဒီလို ကြိုးစားကြမယ်ဆိုရင် တစ်နိုင်ငံလုံး ကောင်းသွားပါလိမ့်မယ်။

နှစ်သစ်လက်ဆောင်
ဘလော့မိတ်ဆွေတွေနဲ့ စာဖတ်သူတွေ သတိထားမိလားတော့ မသိပါဘူး။ ပြီးခဲ့တဲ့ (၄)၊ (၅)ရက်လောက်တုန်းကတည်းက ... နှစ်သစ်လက်ဆောင်ဆိုပြီး Note Gadget လေးတစ်ခုကို side bar ပေါ်မှာ တင်ထားပါတယ်။ ဆရာမောင်သစ်ဆင်းရေးတဲ့ "ကြောက်စိတ်" ဆိုတဲ့ဆောင်းပါးလေးကို ဝေမျှထားတာပါ။ သိပ်ကိုကောင်းပြီး ဖတ်သင့်တဲ့ ဆောင်းပါးလေးမို့ ဖတ်ကြည့်ကြပါဦး။ :)

ကျမနဲ့ (၂၀၁၂)ခုနှစ်
နှစ်ကုန်ပိုင်းမှာ မေမေ.. နေမကောင်းဖြစ်တာမို့ စိတ်နည်းနည်း ရှုပ်ရတာရယ်၊ ဒီဇင်ဘာလဆန်းမှာ... ခါးနာ.. ခါးနာပြီး ပျောက်သွားတော့.. flu ဖြစ်.. flu ပြီးတော့ အစာအိမ်နာ.. နောက် X'Mas ရောက်ခါနီး.. တစ်ယောက်တည်း ဖြစ်နေလို့ စိတ်မကြည်လင်ခဲ့တာရယ်ကလွဲရင်...
(၂၀၁၂)ခုနှစ်ဟာ ကျမအတွက် ကောင်းတဲ့နှစ်တစ်ခုလို့ ပြောလို့ရပါတယ်။
  • မိသားစုကို ကောင်းကောင်း ထောက်ပံ့ခွင့်ရတဲ့နှစ်၊ လုပ်ပေးစရာရှိတာတွေ လုပ်ပေးနိုင်တဲ့နှစ်မို့ ကျေနပ်မိပါတယ်။
  • ညီမရဲ့ မင်္ဂလာဆောင်ကြောင့် ဇူလိုင်လမှာ ပျော်ဖို့ကောင်းတဲ့ ခရီးတစ်ခုကို သွားခဲ့ရပြီး.. နိုဝင်ဘာလမှာလည်း ရန်ကုန်ပြန်ခဲ့ရတဲ့အတွက်လည်း ပျော်ပါတယ်။ 
  • ဇူလိုင်လမှာ မမျှော်လင့်ဘဲ.. လခတိုးသွားတဲ့အတွက်လည်း တော်တော် ပျော်ပါတယ်။
  • နောက်ပြီး ပြန်ဆပ်စရာမလိုသေးပေမဲ့ NTU school loan ကို ဇန်နဝါရီလကစပြီး installment repayment plan ကို အကောင်အထည်ဖော်ခဲ့တဲ့ အတွက် ခုဆို (၃)ပုံ(၂)ပုံလောက်ကို ကျေသွားပါပြီ။ အဲ့ဒီအတွက်လည်း အရမ်းကို ကျေနပ်ပါတယ်။ =)
    ( ဒီနေရာမှာ NTU က သူငယ်ချင်းတွေကို တစ်ခု ပြောချင်ပါတယ်။ School loan ဟာ ဘွဲ့ရပြီး (၂)နှစ်ကြာရင် စဆပ်ရပါတယ်။ တစ်လကို အနည်းဆုံး S$100 ဆပ်ရပါတယ်။ သတ်မှတ်ထားတဲ့ အချိန်အတွင်း မဆပ်ရင် အနောက်က လိုက်လာပါလိမ့်မယ်။ နောက်ပြီး ပိုက်ဆံကို မဆပ်ဘဲ ရန်ကုန်ပြန်သွားတာတို့၊ ရှောင်နေတာတို့ကိုလည်း မလုပ်စေချင်ပါဘူး။ နောက်ကလူတွေ ပိုက်ဆံ ချေးမရဘဲ ဖြစ်နေပါဦးမယ်။ နောက်တစ်ခုက (၂)နှစ်ကြာမှာ စဆပ်ရတာဆိုပေမဲ့ အတိုးကတော့ ဘွဲ့ရတဲ့နေ့ကတည်းက စတက်နေပါပြီ။ တခြားဘဏ်တွေကတော့ ဘယ်လောက်မှန်းမသိပေမဲ့ OCBC ကတော့ ၄.၇၅%ပါ။ ဘွဲ့ရတဲ့နေ့ဆိုတာကလည်း convocation date မဟုတ်ပါဘူး။ conferrment letter ရတဲ့နေ့ပါ။ အဲ့ဒီတော့ မြန်မြန် ပြန်ဆပ်လေ.. ကောင်းလေပါပဲ။ များသောအားဖြင့် မြန်မာကျောင်းသား အတော်များများဟာ ဒါကို မသိကြပါဘူး။ ကျမလည်း မသိခဲ့ပါဘူး။ ပိုက်ဆံဆုဖို့ တခြားဘဏ်အကောင့် သွားဖွင့်တော့မှ သိခဲ့တာပါ။ )
  • နောက်ဆုံးအနေနဲ့ကတော့ ကိုယ်.. ချစ်ရတဲ့သူတစ်ယောက်ကို သိပ်ချစ်နေမိပြီဆိုတာ မမျှော်လင့်ဘဲ သိရှိခဲ့ရပြီး .. သူနဲ့ သူငယ်ချင်းကောင်းအနေနဲ့ ပတ်သတ်ဆက်ဆံခွင့်ရတာကို တကယ် ကျေနပ်မိပါတယ်။ အချစ်ဆိုတာ ပေါင်းစပ်မှ အချစ်ဖြစ်တာ မဟုတ်ပါဘူး။ ပိုင်ဆိုင်ရမှအချစ်ဆိုတာ အမြဲ မမှန်ကန်ပါဘူး။ စွန့်လွှတ်ခြင်းမှာလည်း အနုပညာဆိုတာ ရှိပါတယ်။ ဘယ်လိုတွေးတွေး.. မဖြစ်နိုင်တာမို့.. ဆိုင်သူနဲ့သာ ပျော်ရွှင်စွာ လက်တွဲနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ( တွယ်တာလှပေမယ့်၊ ကွယ်ရာကပဲ ချစ်ပါရစေ.. ဆရာ မောင်စိန်ဝင်းရဲ့ ကဗျာစာသားကို ယူထားတာပါ။)

(၂၀၁၂)ခုနှစ်အတွက် နောက်ဆုံးကဗျာ
ပြောရရင်တော့ ကျမဟာ ကဗျာဆရာမ မဟုတ်ပါ။ ကာရံတွေ နဘေတွေလည်း မသိပါ။ ဘဝတစ်လျှောက်လုံးမှာ စိတ်အရမ်းပေါက်လာတဲ့အချိန်တွေမှာ... ကဗျာလို့ထင်ရတဲ့စာ (၄) (၅)ပုဒ်လောက် ရေးဖူးပါတယ်။ အောက်မှာလည်း ကဗျာထင်ရတဲ့ စာစုတစ်ခုကို share ပြီး ဒီပို့(စ်)ကလေးကို အဆုံးသတ်ခွင့်ပြုပါ။ အားလုံးပဲ Happy New Year ပါ... :)

A Year May Come
A Year May Go
But, I will keep going on...!
And, everything I have done each year will be my history!
So, let me say something here to all my supporters, admirers and haters,
I truly appreciate the existence of you all..
Cause you all are my motivations that make me who I am now!
Thank you!


Love and Peace, 
witch83
(31/12/12; 3:28PM; GMT+8)
To Continue Reading

November 27, 2012

Yangon Trip Diary 2012 ( 2 Nov ~ 13 Nov)

ဒီကုမ္ပဏီမှာက ခွင့်ယူရင် နှစ်ကုန်ပိုင်းမှ "clearing leaves"ဆိုပြီး ခွင့်ရက်ရှည် ယူလို့ရပါတယ်။ မနှစ်တုန်းကဆို ဒီဇင်ဘာလ ကုန်ခါနီးမှ ခွင့်ရပါတယ်။ ဒီဇင်ဘာဆို အလုပ်သိပ်မရှိတာကတစ်ကြောင်း၊ အားလုံးလိုလိုက clear လုပ်တာကတစ်ကြောင်းကြောင့် ဒီဇင်ဘာလမှပဲ ခွင့်ရက်ရှည်ပေးပါတယ်။ ဒါပေမဲ့ ဒီနှစ်တော့ ညီမရဲ့ မင်္ဂလာဆောင်ရှိတာကြောင့် family event အနေနဲ့  ဇူလိုင်လမှာတစ်ကြိမ်၊ နိုဝင်ဘာလဆန်းမှာတစ်ကြိမ် ခွင့်ရက်ရှည်ရပါတယ်။ ဒါကြောင့် နိုဝင်ဘာလ (၂)ရက်နေ့မှာ ရန်ကုန်ကိုပြန်ပြီး (၁၃)ရက်နေ့မှာ စလုံးကို ပြန်လာခဲ့ပါတယ်။ 

ရန်ကုန်မပြန်ခင်
မင်္ဂလာဆောင်ရှိတာမို့ ရန်ကုန်မှာ သုံးစရာတွေရှိတာကြောင့်... စက်တင်ဘာလထဲမှာရော၊ အောက်တိုဘာလဆန်းမှာပါ... ဒီမှာသုံးဖို့ နည်းနည်းပဲချန်ပြီး၊ ရန်ကုန်ကို ပိုက်ဆံ အကုန်..လွှဲလိုက်ပါတယ်။လွှဲပြီးမှ ငွေသုံးစရာတွေက ပေါ်လာပါတယ်။ တယ်လီဖုန်းဘေ(လ်)ကလည်း ဒီလကျမှ outgoing call ကို အလွန်အကျွံ ပိုပြောမိပါတယ်။ ဘေ(လ်)မြင်ပြီး တော်တော် ရင်ခံသွားပါတယ်။ ( စကားချပ်။   ။ ဒါဟာ စလုံးမှာနေခဲ့တဲ့ နှစ်တွေတလျှောက်လုံးမှာ ပထမဆုံးပါ။ ကျောင်းသူဘဝတုန်းက student plan နဲ့ မိနစ်(၁၀၀)ဖိုးဝယ်ပြီး မိနစ်(၂၀၀)ဖိုးသုံးရတုန်းကတောင် မိနစ်ကိုကျော်မသုံးဖူးပါဘူး။ မိနစ်ကျော်မဲ့ကျော်တော့လည်း အလွန်အကျွံ)။ ဒီကြားထဲ သူငယ်ချင်းအရင်းတစ်ယောက်ကလည်း ငွေလိုနေတော့ ကူလိုက်ရပါသေးတယ်။ အောက်တိုဘာလ (၂၈)ရက်နေ့မှာ အိမ်ပြောင်းဖို့ရှိပေမဲ့ လခက(၂၆)၊  (၂၇)ရက်နေ့ဆို ပုံမှန်ဝင်တတ်တော့ စိတ်..သိပ်မပူမိပါဘူး။ အဲ... ကံဆိုးချင်တော့ Operation Managerမက audit တွေနဲ့ အလုပ်တွေရှုပ်နေတဲ့အပြင် ..မလေးရှားသွားရလို့ လခက ဝင်နေကြအချိန်မှာ မဝင်ပါဘူး။
(၂၈)ရက်နေ့မှာက အိမ်လခတစ်လစာနဲ့ ကျန်နေတဲ့ စပေါ်တစ်ဝက်၊ ပြီးတော့ (၄)ရက်စောဝင်လို့ ရက်နဲ့တွက်ပြီးပေးရမဲ့ အခန်းငှားခ၊ အိမ်ပြောင်းပေးတဲ့ mover အစ်ကိုကြီးကို ပေးရမဲ့ အဖိုးအခ.. အားလုံးပေါင်းတွက်ပြီး မျက်လုံးပြူးရပါတော့တယ်။ အဲ့ဒါနဲ့ သူငယ်ချင်းဆီက ပိုက်ဆံပြန်တောင်း၊ ပြီးတော့ wallet ထဲကငွေသားအပါအဝင် ကိုယ့်မှာရှိတဲ့ပိုက်ဆံအားလုံးကိုစုလိုက်တော့ ပေးရမဲ့ပိုက်ဆံပမာဏထက် (၇၀)လိုနေပါတယ်။ ဒါနဲ့ပဲ (၂၉)ရက်နေ့မှာ လခ ပုံမှန်ဝင်တဲ့ သူငယ်ချင်းကို ( သူ့မှာ ပိုက်ဆံ သိပ်..မကျန်တော့မှန်း သိပေမဲ့) ပိုက်ဆံ ချေးခိုင်းရပါတော့တယ်။ လခက (၃၀)ရက်နေ့မှဝင်ပြီး (၃၁)ရက်နေ့မှ သုံးလို့ရပါတယ်။ ပြန်မှာက နိုဝင်ဘာလ(၂)ရက်နေ့ မနက်အစောပိုင်းမို့ တော်တော် ကသိကအောက် ဖြစ်ပါတယ်။ credit card ကလည်း ကိုယ့်အတွက်ရော၊ သူငယ်ချင်းတစ်ယောက်အတွက်ပါ IPP plan နဲ့ ဝယ်ထားပြီး သူများမှာတဲ့ ပစ္စည်းတွေကို credit card နဲ့ဝယ်ထားပေးတာမို့ ပိုက်ဆံသိပ်မကျန်တော့ပါဘူး။ bill ဆောင်ရအောင်ကလည်း လခဝင်ပြီးမှ ဆောင်လို့ရမှာဆိုတော့။ လက်ဆောင်တစ်ချို့  ကြိုဝယ်ထားလို့သာတော်ပါတော့တယ်။ ကျန်နေတဲ့သူတွေအတွက်ကိုတော့ လေယာဉ်ကွင်းကို မနက် အစောကြီးရောက်အောင်သွားပြီး လေဆိပ်ကဆိုင်တွေမှာ ဝယ်ရပါတော့တယ်။

အီဖေကိုယ်နှင့်  စလုံးလေဆိပ်လုံခြုံရေး
ခရီးသွားရင် ကျော့ကျော့လေး သွားရတာကိုကြိုက်ပေမဲ့ လက်ဆောင်ထုတ်တွေပါတာကြောင့် hand carry တစ်အိတ် ယူလာပါတယ်။ ဝယ်ထားတဲ့ လက်ဆောင်အိတ်ကို ချုံ့ ပြီးပေါင်းထည့်ထားပေမဲ့ hand carry အိတ်အပြင်၊ အိတ်က နောက်တစ်အိတ်သတ်သတ် ထပ်ဖြစ်နေပါတယ်။ Boarding queue ကတော်တော် ရှည်ပါတယ်။ နာရီဝက်ကျော်လောက်များ စောင့်ရသလားတောင် မသိပါဘူး။ အရေးထဲ လူဖြူအဖွားကြီးတစ်ယောက်က ကြားလာဖြတ်ပါသေးတယ်။ ပြောလိုက်ပါသေးတယ် " ကြားဖြတ်ရလို့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ လူတန်းကြီးက အရမ်း ရှည်လို့ပါ" ဆိုပြီး။ ကိုယ့်အရှေ့ က လူလတ်ပိုင်း ကိုလူဖြူလူရွယ်ကလည်း "ဒါ လူတိုင်းလုပ်ရတဲ့ တစ်ခုတည်းသောနည်းလမ်း၊ အနောက်မှာ စီနေတဲ့သူတွေအများကြီး..ဘာညာဆိုပြီး" ကွန်ပလိန်းတက်ပါတယ်။ အဖွားကြီးက မျက်နှာနည်းနည်းပျက်သွားပေမဲ့ နေရာကတော့ မရွေ့ ပါဘူး။ ( သြော်... နိုင်ငံကြီးသူ၊ နိုင်ငံကြီးသူ)။
လေယာဉ်ချိန်က ၇း၅၅၊ ကိုယ့်အလှည့်ရောက်တော့ ၇း၃၀နေပါပြီ။ ပစ္စည်းတွေကို scanဖတ်တော့ အရည်ပါတယ်လို့ပြောပြီး ထုတ်ခိုင်းပါတယ်။ ကိုယ်ကလည်း လုံးဝ မထည့်ထားသူမို့ ... မပါဘူး။ ကိုယ့်ဘာသာကိုယ်ရှာလို့ ပြောပြီးငြင်းပါတယ်။ ( ဒီနေရာမှာ စလုံးက လုံခြုံရေးအရာရှိနဲ့ မြန်မာပြည်ကအရာရှိ ကွာပါတယ်။ ကိုယ့်ပစ္စည်းကိုကိုင်ရမှာ အသေကြောက်ပါတယ်။ အထက်စီးက မပြောပါဘူး။) သူနဲ့ကိုယ်ရှာရင်းနဲ့မှ သူငယ်ချင်းထည့်ပေးလိုက်တဲ့ ဘုန်းကြီးကိုလှုဖို့ထည့်ထားတဲ့အထုတ်ထဲက ယိုလိုလိုဟာကို သွားတွေ့ပါတယ်။ အဲ့ဒါနဲ့ ထားခဲ့ရပါတယ်။ နှမြောဖို့ ကောင်းပါတယ်။ လခသိပ်မကောင်းတဲ့ သူငယ်ချင်းက သဒ္ဓါပေါက်ပေါက်နဲ့ ဘုန်းကြီးကို ဈေးကြီးတာတွေ ဝယ်လှုလိုက်တာပါ။ သူငယ်ချင်းကိုပြန်ပြောတော့ အဲ့ဒါ ငှက်သိုက်လို့ ပြောပါတယ်။ အဲ့ဒါပါတယ်လို့ ကျမကို သူပြောလိုက်တယ်လို့လည်း ပြောပါတယ်။ ပြန်စဉ်းစားတော့ မသေချာပါဘူး။ ထားပါတော့။ သူလာပို့တဲ့အချိန်က တော်တော် နောက်ကျနေပြီး ကိုယ်ကလည်း တခြားသူငယ်ချင်းတစ်ယောက်အိမ်ပြောင်းတာ သွားကူပြီးအပြန်ဆိုတော့ ပင်ပန်းပြီး အိပ်ငိုက်နေပါပြီ။
ဘာပဲဖြစ်ဖြစ် လေဆိပ်မှာအစစ်ခံရတာဟာ ကျမဘဝမှာ ဒါ... ပထမဦးဆုံးပါပဲ။ ကိုယ်တိုင်မထည့်ထားတဲ့ပစ္စည်းကို အရှာခံရခြင်း အကျိုးဆက်အနေနဲ့ကတော့ ပစ္စည်းတွေ ပွကျဲကုန်တာပါပဲ။ ပစ္စည်းတွေ ပြန်ထည့်ပြီးထွက်အလာမှာ ကျမ အရမ်းကြိုက်တဲ့ (ကျမသူငယ်ချင်းတွေလည်း ကြိုက်ကြတဲ့) အမြဲဝတ်နေကျ ကုတ်အကျီ င်္အမဲလေး ကျကျန်ခဲ့ပါတယ်။ လေယာဉ်ထွက်မှ သတိထားမိပါတယ်။ နှမြောလိုက်တာ။ :(

ရန်ကုန်လေဆိပ် အတွေ့အကြုံ
ရန်ကုန်ရောက်တော့ queue စီပြီး တော်တော်ကြာမှ Form နောက်တစ်ခုလိုနေတာ သိရလို့ ဖောင်ပြန်သွားယူပြီးဖြည့် queue ပြန်စီ။ ဒါနဲ့ပဲ မကြာသင့်ဘဲ ကြာသွားပါတယ်။ Immigrationဝင်တော့ လူတွေ နည်းနည်း ပြောင်းလဲသွားပါပြီ။ လူဝင်မှုကြီးကြပ်ရေးအရာရှိက သိပ်..စကားမများတော့ပါဘူး။ အဖေနာမည်မေးပြီး မပြန်ခင် D-Form လုပ်ဖို့ပဲ ပြောပါတယ်။
(အရင်အခေါက်တုန်းကတော့ Passport ထဲ (တမင်တကာ) ပိုက်ဆံ(၁၀)မညှပ်ဘဲပေးလိုက်လို့ ... ဒီနိုင်ငံကို ဘာလို့ သွားတာလဲ၊ ဟိုနိုင်ငံကိုဘာလို့သွားတာလဲ၊ ဘာ pass နဲ့နေတာလဲ။ အလုပ်လုပ်တဲ့ cardလေးပြပါ၊ အလုပ် ဘယ်တုန်းကစလုပ်တာလဲ.. မေးတာ စုံနေတာပါပဲ။ နောက်ဆုံး.. စိတ်မရှည်တော့လို့ .. အလုပ် ကိစ္စနဲ့သွားတာ၊ business visa လို့ စာရွက်ပေါ်မှာ ရေးထားတာတွေ့တယ်မဟုတ်လား။ အလုပ်ကိစ္စနဲ့ သွားတာပေါ့။  ဘာပြဿနာရှိနေလို့လဲဆိုပြီး မျက်နှာကြောတင်းတင်းနဲ့ မေးလိုက်တော့မှ... အနားကို In-charge တစ်ယောက် ကောင်တာနား ရောက်လာပါတယ်။ အဲ့တော့မှ.. အဲ့ဒီ ကောင်တာကလူလည်း ဘာမှ ဆက်မမေးတော့ဘဲ ပေးဝင်လိုက်ပါတယ်။     
နောက်တစ်ခုသတိထားမိတာက Immigration ဝင်တော့ နိုင်ငံခြားသားတွေဘက်က queueက အရှည်ကြီးပါပဲ။မြန်မာတွေဘက်မှာ လူသိပ်မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ရန်ကုန်ပြန်တိုင်း လူဝင်မှုကြီးကြပ်ရေးအရာရှိကို ဒေါ်လာတစ်ဆယ်နဲ့ ချောကလက်တစ်တောင့် ဘယ်တုန်းကမှ မပေးခဲ့ဖူးတာ ကိုယ့်ကိုကိုယ် ကျေနပ်မိပါတယ်။ 

Immigrationကိုကျော်တော့ အိတ်သွားရွေးရပါတယ်။ ကိုယ်သယ်လာတဲ့ hand  carry အိတ်ကို ညီမအမျိုးသားရဲ့အစ်ကိုက သူ့လှည်းပေါ် တင်ထားပေးပါတယ်။ ( သူက စလုံးကို transit ပါ။) ပြီးတော့ ကိုယ်က laggage collection လုပ်တဲ့နေရာနားသွားပြီး ကိုယ့်အိတ်ကို သွားစောင့်နေလိုက်ပါတယ်။ အစောကြီး check in ဝင်မိလို့လား မသိပါဘူး။ အိတ်က တော်တော်နဲ့ထွက်မလာပါဘူး။ ထွက်လာတော့ အိတ်ယူတဲ့ပုံက ရီရပါတယ်။ ဒီတစ်ခေါက်က ပဲများပြီး ပြန်လာတာဆိုတော့ စကပ်အတိုအကျပ်နဲ့၊ ဒေါက်ဖိနပ်အချွန်၊ အမြင့်နဲ့ ဖြစ်နေပါတယ်။ ဘေးတိုက်အတိုင်းလာနေတဲ့ ကိုယ့်အိတ်ကိုဆွဲမယူပြီး ( လေးလို့)အောက်ကို ပစ်ချလိုက်ပါတယ်။ ပြီးမှ ဘေးတိုက်ကို အပေါ်ပြန်ထောင်၊ ဆွဲတဲ့လက်ကိုင်ကိုထုတ်ပြီး .. ကိုယ့်ကို နောက်ကနေ မျက်လုံးပြူးနဲ့ကြည့်နေတဲ့ သူ့အစ်ကိုကို "I am done, let's go"ဆိုပြီး ခပ်တည်တည်နဲ့ ထွက်လာခဲ့ပါတယ်။ လေဆိပ်ရောက်နေတဲ့ ကြီးတော်အလတ်ကတော့ ကိုယ်ဖြစ်နေတာတွေကို နောက်ကနေမြင်ပြီး အသည်းယားနေပါတယ်။ ကိုယ်မှန်းလည်း သူ..မသိပါဘူး။ ဒီကောင်မလေး စကပ်တိုလေးနဲ့ဆိုပြီး စိတ်ထဲတွေးနေတုန်း ကိုယ်က သူ့မြင်ပြီး လက်ပြလိုက်တော့ ..အမလေးဟဲ့ ငါ့တူမ.. အတင်းမပြောမိတာကံကောင်းဆိုပြီး ဖြစ်သွားပါတော့တယ်။ :P

ကိုယ်တိုင်မြင်တွေ့ခဲ့ရသော လက်ရှိရန်ကုန်
မြန်မာပြည်မှာ အရင်က ပိုက်ဆံရှိမှ ကားစီးနိုင်၊ ဟန်းဖုန်းကိုင်နိုင်ပေမဲ့ အခုတော့ အဲ့လို မဟုတ်တော့ပါဘူး။
(၁) ကိုယ့်မျက်စိနဲ့တွေ့ရတာတော့ ကားတွေ အရမ်း များလာတယ်ဆိုတာပါပဲ။ လမ်းတွေ တအားကျပ်ပြီး အပြင်ထွက်ရင် လမ်းပေါ်မှာတင် တော်တော် အချိန်ကုန်ပါတယ်။ ကားမောင်းကြတာလည်း စည်းပျက်၊ကမ်းပျက်ကြီးပါပဲ။ ကားအရေအတွက်တိုးလာတာ၊ ဈေးကျလာတာ တကယ်ပဲ ဝမ်းသာမိပါတယ်။ ဒါပေမဲ့ လမ်းတွေ တိုးချဲ့ ဖို့တော့ လိုနေပါပြီ။ လှည်းတမ်းဂုံးကျော်တံတားကြီးကတော့ ကိုယ်စလုံးပြန်လာတဲ့ နိုဝင်ဘာလ (၁၃)ရက်နေ့အထိ မပြီးသေးပါဘူး။ အိုဘားမားလာတဲ့နေ့က မျက်နှာစာအုပ်ပေါ်မှာ တွေ့လိုက်ရတာကတော့ လှည်းတန်းဂုံးကျော်တံတားကြီး ပြီးသွားပါပြီ။ လမ်းကြီးမှ အကျယ်ကြီးပါပဲ။ 
(၂) နောက်တစ်ခုက ဖုန်း service ပါ။ ရန်ကုန်ကို လေယာဉ်ဆိုက်ဆိုက်ချင်း "Welcome to Myanmar, Roaming service... blah blah"ဆိုပြီး sms ဝင်လာပါတယ်။ ဈေးကြီးနေသေးပေမဲ့ International Roaming service ရပြီမို့ ဝမ်းသာပါတယ်။ နောင်ဆို dataနဲ့ sms roaming ပါ ရမယ်ထင်ပါရဲ့။
နောက်ပြီး လိုင်းတွေ ပို..ကောင်းလာပါတယ်။ အရင်တုန်းက အိမ်ရှေ့ ဝရန်တာရဲ့ နေရာနှစ်ခုမှာ မတ်တတ်ရပ်ပြီးပြောမှ၊ ညဘက်ဆိုရင်တော့ ထိုင်ပြောလို့ရပါတယ်။ အိမ်နောက်ဖေးမှာ တခါတလေ လိုင်းမိပါတယ်။ မဟုတ်ရင် လိုင်းမမိပါဘူး။ အခုဆိုရင် handset အဟောင်း၊ အစုတ်သုံးတာတောင် အိမ်အတွင်းထဲကနေလည်း ပြောလို့ရပါတယ်။ ဖုန်းကို အခန်းထဲထည့်ထားလည်း ဖုန်းမြည်ပါတယ်။ လိုင်းမကောင်းဘူးဆိုပြီး Internet ပေါ်မှာ ကာတွန်းပုံတွေ ဘာကြောင့်များ ခုထိ ရှယ်ကြတုန်းလဲဆိုတာ စဉ်းစားမရနိုင်ပါဘူး။ အရင်ကဆို ရန်ကုန်ကို ဖုန်းခေါ်ရတာ အရမ်း ခက်ပါတယ်။ ခုများဆို ဖုန်းခေါ်ရတာ လွယ်သွားပါတယ်။ တစ်ခါတစ်ရံ ကိုယ့် handsetမကောင်းတာ ကြောင့်လည်း ဖုန်းပြုတ်ကျတာ ဖြစ်နိုင်ပါတယ်။ ဖုန်းခေါ်မရတာ ဖြစ်နိုင်ပါတယ်။ စလုံးလိုနေရာမှာတောင် တစ်ခါတစ်လေ ဖုန်းခေါ်မရဘူးဆိုတာ ဖြစ်တတ်သေးတာပဲ မဟုတ်လား? ဒါပေမဲ့ .. မြန်မာပြည်ဟာ Standardization တော့ လုပ်ဖို့လိုပါတယ်။ GSM ရော၊ CDMA ရော၊ WCDMA၊ Satellite ရော၊ Cellularရော .. နည်းစုံလျှောက်လုပ်တော့ လိုင်းတွေ ရှုပ်ကုန်ပါတယ်။ မြို့ပြဧရိယာမှာ GSM ကို ဒီ frequency နဲ့သုံးမယ်၊ ကမ်းရိုးတန်းဧရိယာဆို WCDMA သုံးမယ်အားလုံးကို uniform လုပ်တာ ပိုအဆင်ပြေမယ် ထင်ပါတယ်။ နောက်ပိုင်းတော့ ပြောင်းမယ် ထင်ပါတယ်။ ခုတောင် cellular phone တွေသိမ်းပြီး တခြားဖုန်းအသစ် ပြန်ထုတ်ပေးတယ်ဆိုလားပဲ။    
ဖုန်းဈေးတွေ ကျလာတာကိုလည်း ဝမ်းသာပါတယ်။ ကျပ် (၅၀၀၀)တန် SIM ကဒ်ဆိုပြီး မဖြစ်နိုင်လွန်းတဲ့ကိစ္စမျိုးကို တောင်းဆိုမနေချင်တဲ့သူဆိုတော့ ဖုန်းတွေ ပေါများလာပြီး ဈေး..ကျလာတာကိုပဲ ဝမ်းသာမိပါတယ်။ ပွဲစားလည်း မလိုတော့သလို အပိုငွေဆောင်းပေးရတယ်ဆိုတာ မရှိတော့တာကလည်း အပေါင်းလက္ခဏာပါပဲ။ ခုပဲခေတ်ပြောင်း၊ ခုပဲ (၅၀၀၀)တန်ဖုန်းချပေးဆိုတာကတော့ ပြည်သူတွေ နည်းနည်း demanding ဖြစ်တယ် ထင်ပါတယ်။ မြန်မာနိုင်ငံဟာ ဟန်လည်းမရှိ၊ အဆံလည်းမရှိတော့တဲ့နိုင်ငံပါ။ ဘယ်သူ့ကြောင့်၊ ဘယ်ဝှာ့ကြောင့်လို့ ပြောနေရမဲ့အချိန်လည်း မဟုတ်တော့ပါဘူး။ အစိုးရနဲ့လူတစ်ချို့ ကို အပြစ်မတင်မီ၊ ကိုယ်တိုင်ကရော နိုင်ငံသားကောင်း ဟုတ်ရဲ့လား ပြန်မေးသင့်ပါတယ်။ ကိုယ့်တိုင်းပြည်ကိုရော ဘာပြန်ပေးပြီးပြီလဲဆိုတာ တွေးသင့်ပါတယ်။ ကိုယ်ကိုတိုင်က အပြင်ကလူဖြစ်ပြီး ဒါမျိုးပြောရတာလည်း သဘာဝမကျဘူးဆိုတာ သိပါတယ်။  အထဲမှာရှိတဲ့သူလည်း မကူနိုင်၊ အပြင်မှာရှိတဲ့သူတွေလည်း မပြန်နိုင်တဲ့အချိန်မှာ ပြင်နိုင်တဲ့သူတွေ၊ ပြင်ချင်တဲ့သူတွေ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေချိန်မှာ ကိုယ်နိုင်တာလေးတွေ ဝိုင်းလုပ်ပေးရင်း ကောင်းသောပြောင်းလဲခြင်းတွေကို ကြိုဆိုသင့်ပါတယ်။ တအားကြီးလည်း စွတ်..မတောင်းဆိုသင့်ပါဘူး။ စိတ်မတည့်တာနဲ့ စီတန်း ဆန္ဒပြတာမျိုးကိုလည်း မကြိုက်ပါဘူး။  ( ဒါမျိုးစကား FB ပေါ်မှာ သွားမပြောရဲပါဘူး။ သိတယ်မလား? ခုခေတ်က FB ပေါ်မှာ လူတွေ အဆဲခံရတဲ့ခေတ်လေ၊ ဘဘော့ဂါအစ်မတစ်ယောက်ပြောသလိုပေါ့... ဘာမှ မလုပ်လည်း အဆဲခံရတယ်၊ တစ်ခုခုထလုပ်လည်း အဆဲခံရတယ်။ အကောင်းပြောလည်း အဆဲခံရတယ်၊ မကောင်းပြောလည်း အဆဲခံရတယ်.. )

ကျမညီမရဲ့ မင်္ဂလာဆောင်
ရန်ကုန်ပြန်ရောက်ပြီး နောက်တစ်ရက် စနေနေ့က မိဘမဲ့စာသင်ကျောင်းမှာ မင်္ဂလာဦးအလှုအနေနဲ့ ဘုန်းကြီးတွေနဲ့ မယ်သီလရှင်တွေကို ဆွမ်းကပ်၊ ကလေးတွေကို ထမင်းကျွေး၊ ကျောင်းစိမ်း၊ စာအုပ်၊ ခဲတံ စသဖြင့် လိုတာတွေကိုလှု... ကိုယ့်အလှုမဟုတ်ပေမဲ့..  မြင်ရတာ အရမ်း ကြည်နူးရပါတယ်။ သဒ္ဓါ အရမ်းပေါက်တာနဲ့ တစ်မျိုးလုံးဆီက အလှုလိုက်ခံ၊ ကိုယ်တိုင်လည်း အလှုငွေထည့်ပြီးတော့ ပိုက်ဆံလှုလိုက်ပါတယ်။ ကျမညီမရဲ့ မင်္ဂလာဦးအလှုပြီးတော့ မင်္ဂလာဧည့်ခံပွဲအတွက် လိုတာတွေလိုက်ဝယ်၊ ပြင်ဆင်စရာရှိတာတွေပြင်ဆင် အလုပ်တွေ ရှုပ်နေတာပါပဲ။ ဧည့်ခံပွဲနေ့ကျတော့လည်း ရှုပ်ရှက်ခတ်နေတာပါပဲ။ "မင်္ဂလာဆောင်ရတာ တော်တော် မလွယ်ပါလားနော်"လို့ မေမေနဲ့ ကြီးကြီးကို ပြောလိုက်တော့ သူတို့က သဘောတွေကျပြီး ရီပါတယ်။ ဒါဆို "ညည်းက မယူတော့ဘူးလား" တဲ့.. မယူဘူးမပြောပါဘူး။ ယူကို ယူမယ်လည်းမပြောပါဘူး။ မင်္ဂလာဆောင်ရတာ စိတ်မော.. လူမောဖြစ်ရတယ်။ မလွယ်ဘူးလို့ ပြောတာပါ။ :P

Family Gathering
မိသားစုမင်္ဂလာဆောင်လည်းဖြစ်... ဟိုး အစောကြီးကတည်းက ကြိုစီစဉ်ထားတာကြောင့်.. အားလုံး အိမ်ပြန်လာကြတာမို့ family gathering လို့ပြောရင် ရနိုင်ပါတယ်။
- အလုပ်များတဲ့ကြားက အိမ်ကချက်ပေးတဲ့ ဟင်းကောင်းကောင်းလေးတွေစားရင်စား၊
- အမျိုးတွေအိမ်လျှောက်လည်ပြီး ချက်ပြီးတဲ့ မြန်မာဟင်းအထူးအဆန်းတွေစားရင်စား
- အပြင်ထွက်ပြီး YKKO တို့၊ မင်းလမ်းမုန့်တီတို့ သွားစားတဲ့အခါစား
- မိသားစု ဓါတ်ပုံတွေရိုက်၊ လူကြီးတွေကိုကန်တော့၊ မောင်နှမတွေပြန်စုံ၊ ငြင်းကြ၊ နောက်ကြ၊ စကားနာထိုးကြ .. ပျော်စရာကြီးပါပဲ။ နေခဲ့ရတဲ့(၁၀)ရက်တာကာလဟာ တော်တော် မြန်လွန်းပါတယ်။

ပဲခူးခရီးတို
မင်္ဂလာဧည့်ခံပွဲပြီးနောက်တစ်ရက်ကတော့ အိမ်မှာ မနက်ပိုင်းနား.. ညနေဘက် မိသားစုစားဝိုင်းလေး တစ်ခု အပြင်မှာလုပ်။ နောက်တစ်ရက်ကျတော့ ပဲခူးကို နေ့ချင်းပြန်ခရီးထွက်ပါတယ်။ တနေကုန် ပျော်စရာကြီးပါပဲ။
စသွားတုန်းက ရန်ကုန်အလွန်မှာရှိတဲ့ စိုပြေစားသောက်ဆိုင်ကို သွားတာပါ။ နောက်နေ့မနက်အစော လေဆိပ်ဆင်းရမှာမို့ ခရီးမသွားချင်ပေမဲ့ ညီမနှစ်ယောက်နဲ့ မောင်လုပ်သူတို့က တက်ကြွနေတာမို့ ညီမရဲ့သူငယ်ချင်းကလည်း စိုပြေကို ညွှန်းထားတာမို့ သွားဖို့ သဘောတူလိုက်တာပါ။ ကျမညီမက သူ့ wedding dinner ကိုမလာတာ မကျေနပ်နေသူမို့ ခရီးတိုသွားဖို့ သဘောတူလိုက်တာပါ။ ဒါပေမဲ့ နောက်နေ့မနက်.. တကယ်လည်း မြို့ပြင်ထွက်ရော.. စိုပြေကနေ ပဲခူးဖြစ်သွားပါတယ်။ ပဲခူးအပြန်မှ စိုပြေဝင်မယ်ဆိုပြီး အစီအစဉ်ပြောင်းသွားပါတယ်။ 
ပဲခူးမဝင်ခင် ထမင်းဝင်စားပါတယ်။ ဆိုင်နာမည်တော့ မမှတ်မိပါဘူး။ ဆိုင်လေးက တော်တော် ကောင်းပါတယ်။ ကားတွေရပ်ပေးနေကျဆိုင်တော့ မဟုတ်ပါဘူး။ အဝစား (၂၅၀၀)လို့ ဆိုပါတယ်။ ဒီနေရာမှာ သတင်းတစ်ခုပေးချင်ပါတယ်။ စားပွဲထိုးလေးက တစ်ယောက်..အဝစား (၂၅၀၀)လို့ ပြောလိုက်တော့ ကိုယ်က ထမင်းပွဲပေါ်မူတည်ပြီး ယူတယ်ထင်လို့ ဟင်းတွေမှာမယ်ဆိုတော့ ညီမက တားပါတယ်။ အဝစား (၂၅၀၀)ဆိုပေမဲ့ .. သူက ဟင်းပွဲယူတဲ့အပေါ်မှာ ပိုက်ဆံယူတာပါ။ ကျန်တာက ထမင်းလိုက်ပွဲအနေနဲ့ ယူတာပါ။ ဥပမာ။    ။ ကိုယ်တွေက လူ(၆)ယောက်ရှိပြီး ဟင်း(၄)ပွဲ၊ ထမင်း(၆)ပွဲမှာတယ်ဆိုပါစို့။ သူက (၂၅၀၀ x ၄ = ၁၀၀၀၀+ ထမင်း (၂)ပွဲစာ = ၅၀၀ x ၂ = ၁၀၀၀; ပေါင်း = ၁၁၀၀၀ကျပ်) ယူပါတယ်။ ဟင်းမှာတဲ့သူက ထမင်း ထပ်တောင်းရင် ပိုက်ဆံပေးစရာမလိုပါဘူး။ ပုစွန်ဟင်းကတော့ ချွင်းချက်အနေနဲ့ တစ်ပွဲ (၄၀၀၀)ပါ။ အဲ့ဒါကိုလည်း ကြိုပြောပါတယ်။ အကောင်လည်း ကြီးပါတယ်။ အရသာလည်း ရှိပါတယ်။  ပဲခူးဘက်ရောက်ရင် ငါးရံ့အူဟင်းမှာရတယ်လို့ ညီမက ပြောပါတယ်။ ဘာလို့လည်းတော့ မသိပါဘူး။ စားကောင်းတာတော့ အမှန်ပါပဲ။ ငါးချဉ်သုတ်လည်း သတ်သတ် ထပ်မှာဖို့ မမေ့ပါနဲ့။ ပဲခူးမှာ.. ငါးဖယ်ချဉ်၊ ပုစွန်ချဉ် နာမည်ကြီးပါတယ်။  လက်ဖက်သုတ်၊ ရေနွေးကြမ်း၊ ငါးပိရည်၊ တို့စရာ၊ ချဉ်ရေဟင်းတို့ကတော့ ထုံးစံအတိုင်း အလကားပေးပါတယ်။ ထန်းလျက်ကို အချိုတည်းဖို့ အလကား ချပေးပေမဲ့ အသီးစားချင်ရင်တော့ တစ်ပွဲကို (၃၀၀)ပေးရပါတယ်။ ( မှတ်ချက်။  ။ သိပြီးသားကို ဆရာလုပ်တယ် မထင်စေချင်ပါ။ စေတနာဖြင့် သတင်းပေးခြင်းသာ ဖြစ်ပါသည်။)
ပဲခူးမှာ အစုံတော့ မသွားပါဘူး။  ရွှေသာလျောင်းသွား၊ ပြီးတော့ မြွေဘုရား။ အဲ..ရွှေတိဂုံမှာ ကင်မရာခွန်မဆောင်ရတော့ပေမဲ့ ပဲခူးကဘုရားတွေမှာတော့ ဆောင်ရတုန်းပါ။ ဟန်းဖုန်းဆိုတစ်ဈေး၊ ကင်မရာအသေးဆိုတစ်ဈေး၊ အကြီးဆိုတစ်ဈေး။ :) နောက်.. ကမ္ဘောဇသာဒီနန်းတော်ကို သွားပါတယ်။ ( ခေါင်တွေ တော်တော် ပျက်စီးနေပါပြီ။ maintenance မရှိတာဆိုးပါတယ်။) ယိုးဒယားက သိမ်းလာတဲ့ မိဖုရားပုံတူရုပ်ထုလည်း မရှိတော့ပါဘူး။ အနောက်က ကျားလိုက်သလို သွားရတဲ့ခရီးမဟုတ်လို့ အေးအေးဆေးဆေးနဲ့ စိတ်ချမ်းသာရပါတယ်။

စိုပြေ resort
ပဲခူးကအပြန် စိုပြေကို ဝင်ပါတယ်။ ပိုက်ဆံမရဘဲ ကြော်ငြာပေးလိုက်ဦးမယ်။ :P ကားပေါ်ကဆင်းပြီး ဆိုင်ကို မြင်ရကတည်းက ပျော်စရာကြီးပါ။ ပန်းပုရုပ်တွေ အများကြီးပါပဲ။ နိုင်ငံခြားသားအကြိုက် လုပ်ထားတာ ဖြစ်မယ်ထင်တယ်။အစားအသောက်လည်း ကောင်းပါတယ်။ ဈေးလည်း သင့်ပါတယ်။ မှိုကြော်လေးလည်း မြည်းစမ်းကြည့်ပါ။ မှိုအပွင့်ကို အကြော်မှုန့်နဲ့ ကြော်ထားတာပါ။ ကြွပ်ကြွပ်ရွရွအိအိလေးနဲ့ တော်တော်စားကောင်းပါတယ်။ တစ်ဆိုင်လုံး ပန်းပုအရုပ်တွေနဲ့ အလှဆင်ထားပါတယ်။ ခုံတွေကိုလည်း ပန်းပုခုံလေးတွေ ထုထားပါတယ်။ 
နာဂစ်ဖြစ်တုန်းက လဲကျသွားတဲ့အပင်တွေကို လေလံဆွဲပြီး ပန်းပုထုပစ်တာလို့ ဆိုပါတယ်။ လူတွေကို ပြိုင်ပွဲဝင်ခိုင်းပြီး ဆုရတဲ့အရုပ်တွေကို ဆိုင်နဲ့ .. ဝင်းထဲမှာ ပြထားပြီး ကျန်တဲ့အရုပ်တွေကိုတော့ အမိုးပဲပါတဲ့အဆောင်မှာ စီပြီး ပြထားပါတယ်။ ဝင်းက တော်တော်ကျယ်ပြီး တံတားနှစ်ခုရှိပါတယ်။ ဘန်ဂလိုမျိုး အိပ်ဆောင် (၄)ဆောင်ရှိပြီး ညအိပ်လို့ ရပါတယ်။ ဒါပေမဲ့ booking လုပ်ဖို့တော့ လိုပါတယ်။ ည(၇း၃၀)လောက်ကျတော့ စိုပြေက ထွက်လာကြပြီး ရန်ကုန်ကို ၈နာရီခွဲကျော်ကျော်လောက် ပြန်ရောက်လာကြပါတယ်။ ကားပေါ်ကဆင်းတာ ကိုယ်တွေ နောက်ဆုံးမို့ မဆင်းခင်.. သေချာစစ်ပြီး သူများ ကျန်တဲ့ပစ္စည်းတွေပါ ကောက်သိမ်းပေးခဲ့ပါတယ်။ ဒါပေမဲ့... ဝမ်းနည်းစရာကောင်းတာက မနှစ်ကမှ ဝယ်ထားတဲ့ ကျမရဲ့ digital camera လေး ကျန်ခဲ့ပါတယ်။ အိမ်ပေါ်ရောက်ပြီး ညီမအငယ်က ကင်မရာတောင်းတော့မှ ကျန်ခဲ့တာ သိပါတယ်။ ဒါပေမဲ့ ... ညီမနဲ့ အရမ်းခင်တဲ့ agent ကနေ ကားငှားပြီးသွားတာမို့ ပြန်ရမယ်လို့ ယူဆခဲ့ပါတယ်။ အဲ့ဒါနဲ့ ညီမဆီဖုန်းဆက်ပြီး အကျိုးကြောင်းပြောရပါတယ်။ ဒါပေမဲ့ .. ညမိုးချုပ်နေလို့ မနက်မှ ဖုန်းဆက်ပေးမယ်ပြောပါတယ်။

Prepare to go back to second home
ခရီးကနေအိမ်ကိုပြန်ရောက်၊ ညီမဆီဖုန်းဆက်။ ပြီးတော့ ရေမိုးချိုးပြီးသကာလ စလုံး ပြန်ဖို့ပြင်ဆင်ရပါတော့တယ်။ စိတ်ကလည်း လေးလံပြီး ငိုချင်သလိုလိုဖြစ်လာပါတယ်။ မေမေနဲ့ အဒေါ်တွေလည်း မျက်နှာ မကောင်းကြတော့ပါဘူး။ ပစ္စည်းအများကြီး မပါလာသူမို့ ကိုယ့်အဝတ်နဲ့ ပစ္စည်းနည်းနည်းကို ထည့်ပြီးတဲ့နောက်တော့ အဒေါ်တွေကပဲ စားစရာတွေ စီပြီး ထည့်ပေးပါတယ်။ နောက်နေ့မနက်တော့ မောင်လုပ်တဲ့သူက လေဆိပ်ကို မနက်စောစော လိုက်ပို့ပေးပါတယ်။ ဖေကြီးကတော့ ဘုရားသွားစရာရှိလို့ မလိုက်ပါဘူး။ မေမေနဲ့ ကြီးကြီးလေးပဲ လိုက်ပို့ပါတယ်။ အရင်အခေါက်တွေကဆို ငိုမဲ့ငိုမဲ့လုပ်တတ်တဲ့ မေမေကတော့ ... မကြာခင် စလုံး လိုက်လာမှာမို့ နည်းနည်း ငြိမ်နေတာကလွဲရင် အဆင်ပြေပါတယ်။ =)
 
Back to my Second Home
စလုံးလေဆိပ်ကိုရောက်တော့ အချစ်ဆုံးသူငယ်ချင်း စံပယ်ဖူး (nick-nameသုံးထားသည်။) က လာကြိုပါတယ်။ အိမ်ကို ပြန်ရောက်ပြီး ပစ္စည်းတွေ ပြန်ထုတ်တော့ ထည့်ပေးလိုက်တာ ဟင်းတွေ၊ စားစရာတွေ... အများကြီးပါ။ ကိုယ့်အကြိုက်တွေကြီးပါပဲ။ ဝမ်းနည်း၊ ဝမ်းသာဖြစ်ရပါတယ်။ မိသားစုကပေးတဲ့ နွေးထွေးတဲ့မေတ္တာ၊ စေတနာဆိုတာ ကိုယ့်ရဲ့အိမ်မှာပဲ ရနိုင်ပါတယ်။ ဒါပေမဲ့.. ဘဝရဲ့လိုအပ်ချက်၊ မိသားစုရဲ့လိုအပ်ချက်တွေကြောင့် အိမ်နဲ့ ခွဲနေရဦးမှာပါ။ တစ်ချိန်မှာတော့ အိမ်ကို သေချာပေါက် အပြီး ပြန်ရဦးမှာပါ။

People's Decency
စလုံးပြန်ရောက်ပြီး အိမ်ကို ဖုန်းဆက်တော့ .. ကင်မရာက ပြန်မရဘူးလို့ ပြောပါတယ်။ ကားမောင်းတဲ့သူက သူကားကို ပြန်မအပ်ခင်.. သေချာစစ်တယ်၊ မတွေ့ဘူးလို့ ပြောပါတယ်။ အဲ့ဒါနဲ့ ညီမလုပ်သူက "စိုပြေ"ကိုဆက်တော့ မကျန်ခဲ့ဘူးပြောပါတယ်။ စိုပြေမှာ မကျန်ခဲ့တာကတော့ ဟုတ်ပါတယ်။ ကားပေါ်မတက်ခင် ညီမရဲ့ယောက္ခမဖြစ်သူကို ကျမ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ပြပြီး ထွက်လာတော့ လက်ထဲမှာ ကင်မရာပါလာပါတယ်။ ကားပေါ်တက်တော့ ပိုက်ဆံအိတ်နဲ့ကင်မရာကို ပေါင်ပေါ်တင်လိုက်ပါတယ်။ ကားက စူပါကာစတန်မို့ အနောက်ခန်းမှာ နှစ်တန်းပေါင်းမှ (၆)ယောက်ပဲ ထိုင်ရပါတယ်။ ဒါပေမဲ့ လူကများလို့ အနောက်ခန်းမှာ (၈)ယောက်ထိုင်ပါတယ်။ တိုးဝှေ့ထိုင်ရင်း ဟိုရွှေ့ ဒီရွှေ့ မှာ အောက်... ပြုတ်ကျသွားပုံရပါတယ်။ ကင်မရာအိတ်က အမဲရောင်ဖြစ်တဲ့အပြင် compact type မို့ မဲမဲသေးသေးလေးဖြစ်တာကြောင့် ရှာမတွေ့တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နောက်တစ်ခေါက် ပြန်ရှာပေးဖို့ ပြောတော့ ဖုန်းမကိုင်တော့ပါဘူး။ ဘယ်သူ့ကိုမှ မစွပ်စွဲချင်ပေမဲ့ စိတ်ထဲ မကျေနပ်ပါဘူး။
ကင်မရာကို မနှစ်က စက်တင်ဘာလမှာလုပ်တဲ့ IT show မှာမှ ဝယ်ထားတာပါ။ ဝယ်ထားတာ သိပ်မကြာသေးပါဘူး။ review တွေ လျှောက်ဖတ်ပြီးမှ အရောင်ရော၊ အရွယ်အစားရော၊ specificationရောချိန်ပြီး ကိုယ့်စိတ်ကြိုက် ရွေးဝယ်ထားတာပါ။  ခရီးခဏခဏသွားရတာမို့ compact ဖြစ်လွန်းတာ ဝယ်လိုက်တာ အမှားများ ဖြစ်သွားလား မသိပါဘူး။
တကယ်ဆို ကင်မရာ ကျန်တာ ဒီတစ်ခေါက်တည်း မဟုတ်ပါဘူး။ ထိုင်ဝမ်ကို ပထမဆုံးအကြိမ် training သွားတက်ရတုန်းက ကျမရဲ့ ကင်မရာအဟောင်းလေး taxi ပေါ်မှာ ကျန်ခဲ့ဖူးပါတယ်။ နောက်တစ်နေ့မှာ ပြန်ရပါတယ်။ ဒုတိယအကြိမ်မြောက်သွားတုန်းကလည်း ဒီကင်မရာအသစ် dining room ထဲမှာ မနက်စာစားပြီး ချန်ခဲ့ဖူးပါတယ်။ ညနေဘက် ဟိုတယ်ပြန်ရောက်တော့ ဧည့်ကြိုကောင်တာမှာ သွားရွေးယူရုံပါပဲ။ ခု.. ဒီတစ်ခေါက်မှ ပြန်မရတာပါ။ ဒီအကြောင်းကို သူငယ်ချင်းကိုပြောတော့ "Decency is different" တဲ့။ ဆက်ပြောစရာစကား ရှာမတွေ့ တော့လောက်အောင် ဆွံ့ အခဲ့ရပါတယ်။
ပျောက်သွားတဲ့ camera အမျိုးအစား SONY DSC WX-7

ကင်မရာကို မနှမြောတာ မဟုတ်ပါဘူး။ နှမြောပါတယ်။ ဒါပေမဲ့ အထဲက  ဓါတ်ပုံတွေကို ပိုနှမြောပါတယ်။ ဒီ ကင်မရာဝယ်ပြီးကတည်းက ရိုက်ခဲ့တဲ့ပုံတွေ ကွန်ပျူတာထဲ မထည့်ရသေးပါဘူး။ အကုန်လုံး အဲ့ဒီ ကင်မရာအိတ်ထဲက memory card နှစ်ကဒ်ထဲမှာပါ။ ရှုခင်းမြင်ရင် မရိုက်ရမနေနိုင်သူမို့ ရှုခင်းပုံတွေ အများကြီးပါ။ ကိုယ်ကိုတိုင်ရဲ့ potrait ပုံတွေအများကြီးကလည်း အဲ့ထဲမှာပါပဲ။ သွားခဲ့တဲ့ တစ်ချို့နေရာတွေဟာလည်း နောက်တစ်ခေါက် ပြန်ရောက်ဖို့ မလွယ်တော့ပါဘူး။ ပိုဆိုးတာက မိသားစုဓါတ်ပုံတွေပါ။ အားလုံးဟာ တစ်ယောက်တစ်နေရာဆီ ရောက်နေကြပြီး မိသားစုမှာ မင်္ဂလာဆောင်ရှိလို့သာ ခုလို လူစုံတက်စုံ ရှိတာပါ။ အရမ်းကို နှမြောပါတယ်။ ဒါပေမဲ့လည်း အားလုံးက ကိုယ့်ပေါ့ဆမှုမို့ စိတ်ဖြေနေရပါတယ်။
ပစ္စည်းသင်္ခါရ..လူသင်္ခါရဆိုသော်လည်း ခုချိန်ထိတိုင်အောင်... မနက်မိုးလင်းလို့ အိပ်ရာကနိုးရင် ကင်မရာကိုပဲ သတိရနေပြီး.. ကောက်ရမဲ့သူကို မေတ္တာလှမ်းပို့၊ ပြန်ပို့နိုင်မဲ့ connection ကို ရပါစေလို့ ဆုတောင်းရင်း မနက်..မနက်တွေကို နိုးထနေရပါတယ်။ ခုချိန်ထိတော့ ပြန်ရမဲ့လမ်း မမြင်သေးပါဘူး။        ။

 ရန်ကုန်ပြန်မှတ်တမ်း ဒီတွင်ပြီး၏။

Thank you for reading this post.

witch83
(27/11/2012;6:24PM; GMT+8)
To Continue Reading

October 09, 2012

တကယ်တော့ ပန်းတိုင်က မဝေးတော့ပါဘူး။


ဒီကာတွန်းရုပ်ပုံလေးကို မြင်မိတာ တော်တော်ကြာပါပြီ။ သဘောကျလို့ သိမ်းထားမိပါတယ်။ ဖေ့ဘွတ်ပေါ်မှာလည်း လူတော်တော်များများ ဝေမျှထားတာကို ခဏခဏ တွေ့ ရတတ်ပါတယ်။
ပုံအောက်က စာသားလေးက "သင့်ပန်းတိုင်နဲ့ သင်ရောက်နေတဲ့နေရာ ဘယ်လောက် နီးကပ်နေပြီဆိုတာ သင်.. ဘယ်တော့မှ မသိနိုင်ပါဘူး။ ဒါကြောင့် လွယ်လွယ်နဲ့ အလျှော့မပေးလိုက်ပါနဲ့" တဲ့။ 
(စကားချပ်။         ။ ဒီပို့(စ်)ကို ဖတ်လိုက်ရင်  ဓါတ်ပုံဘေးက စာသားနဲ့ အောက်ကဆက်ရေးထားတဲ့စာ ရုတ်တရက် မဆိုင်သလိုပါပဲ။ ဒါပေမဲ့ နည်းနည်းဆိုင်ပါတယ်။ သည်းခံပြီး ဖတ်ပေးကြပါ။ :P)

******************************

အခုလက်ရှိ ကျမနေနေတဲ့အိမ်လေးက တော်တော်ကို အဆင်ပြေပါတယ်။ မြို့ ထဲနဲ့ လည်း နီးတဲ့အပြင် အလုပ်ကိုလည်း (၁၀)မိနစ်လောက်ပဲ bus ကား စီးရတာမို့ တော်တော်ကြိုက်ပါတယ်။ နောက်ပြီး 3+1 HDB အခန်းမှာ လူက (၅)ယောက်ပဲ ရှိတာမို့ ကိုယ်နေရတဲ့အခန်းက ကျဉ်းပေမဲ့ အတူနေတဲ့သူက ကိုယ့်ညီမဖြစ်တာကြောင့် အဆင်ပြေပါတယ်။ အားလုံးက ကိုယ့်စည်းကမ်းနဲ့ကိုယ်နေ... ပြီးတော့ တစ်ပတ်တစ်ခါ ဘာလုပ်ရမယ်၊ ညာလုပ်ရမယ်ဆိုတဲ့ စည်းကမ်းမျိုး မထားဘဲနဲ့ကို အိမ်က အမြဲ သန့်နေပါတယ်။ air con ကိုလည်း control မလုပ်ထားဘဲ ကြားရက် (၈)နာရီ၊ weekends (၁၀)နာရီ ကိုယ် အဆင်ပြေတဲ့အချိန်ဖွင့်ဆိုတော့ တော်တော် အဆင်ပြေပါတယ်။ bill တက်လာရင်လည်း တစ်ယောက်နဲ့ တစ်ယောက် complain မတက်ဘဲ ဆောင်ပါတယ်။ အားလုံးက စည်းကမ်းနဲ့သုံးကြလို့ bill လည်း အလွန်အကျွံ မဆောင်ရပါဘူး။ (၅)ယောက်လုံးက လူငယ်တွေချည်းမို့ နေရတာလည်း သက်တောင့်သက်တာရှိပါတယ်။ ဒါကြောင့် အခန်းအတွက် ကုန်ကျစရိတ်က.. သူများတွေနဲ့ ယှဉ်ရင် နည်းနည်းပိုနေပေမဲ့ ကျေနပ်ပါတယ်။ ဒီစလုံးမှာ အေးအေးဆေးဆေး နားခိုလို့ရတာဆိုလို့ ကိုယ်နေတဲ့အိမ်ပဲ ရှိတယ် မဟုတ်လား။ အဲ့လိုနဲ့ ဒီအိမ်မှာ တစ်နှစ်ကျော်ကျော် နေပြီးသကာလ... ပြီးခဲ့တဲ့တစ်ပတ် စနေနေ့ညဘက် သူငယ်ချင်းနဲ့ ဖုန်းပြောနေတုန်း ဘေးခန်းကကောင်မလေးက အခန်းတံခါးလာခေါက်ပါတယ်။ စကားပြောစရာရှိလို့တဲ့။
သူတို့ အဲ့လို တံခါးလာခေါက်ရင် တိုင်ပင်စရာ တစ်ခုခု ရှိလို့ပါ။ သူက ပြောတာက အိမ်ရှင်က အိမ်လခကို (၄၀၀) ပိုတောင်းပါသတဲ့။ သူတို့အနေနဲ့က ကျောင်းသူတွေ၊ ပြီးတော့ ကျောင်းပြီးခါစ အလုပ်ရှာနေတုန်းမို့ အများကြီး မပေးနိုင်လို့ ဘယ်လို လုပ်ကြမလဲ မေးပါတယ်။ ထပ်တိုးပေးဖို့အဆင်မပြေလို့ ဘေးခန်းမှာ လူထပ်တိုးမလားဆိုတော့လည်း တခြားအခန်းက ကောင်မလေးက night shift/ morning shift လုပ်ရတဲ့သူမို့ သိပ်.. အဆင်မပြေပါဘူး။ ပြီးတော့ သူကိုယ်တိုင်က ပစ္စည်းများတဲ့အပြင် အခန်းကလည်း ကျဉ်းတာကြောင့် အပြင်လူကို တင်ဖို့ဆိုတာ မလွယ်ပါဘူး။ ကိုယ်တွေက ပိုက်ဆံ ထပ်တိုးပေးဖို့ဆိုတာကလည်း ဒီ area ပေါက်ဈေးနဲ့ဆို  တော်တော် ကွာနေပြီမို့ အဆင်မပြေပါဘူး ( အရင်ကတည်းကတောင် နည်းနည်းကွာပါတယ်)။ ဒီဈေးနဲ့ဆို အနီလိုင်းမှာ တစ်ယောက်ထဲ နေလို့ရနေပြီ မဟုတ်လား။
ဒီလိုနဲ့ ... အောက်တိုဘာလကုန်ရင် အိမ်ပြန်အပ်မယ်ဆိုပြီး ဖြစ်သွားပါတယ်။ အိမ်ပြောင်းမဲ့ကိစ္စ ညီမနဲ့ တိုင်ပင်ကြည့်တော့ အနီလိုင်းမှာ တစ်ယောက်ချင်းစီပဲ နေမယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ကြပါတယ်။ သူက သူ့သူငယ်ချင်းအိမ်မှာ common room ကို တစ်ယောက်တည်းပေးနေပြီး  ဈေးချိုချိုနဲ့ ရသွားပါတယ်။  ဒါနဲ့ပဲ တစ်ကိုယ်တော် အိမ်ရှာတဲ့အလုပ်ကို စလုပ်ရပါတော့တယ်။ ကြော်ငြာကြည့်၊ ဖုန်းဆက်၊ ဟိုမေးဒီမေး... အဆင်ပြေမယ်ထင်ပြီး ရုံးဆင်းရင် သွားကြည့်၊ သွားကြည့်ရင် အဆင်မပြေနဲ့ တော်တော်စိတ်ညစ်ရပါတယ်။ တစ်ယောက်တည်းကလည်းနေချင်၊ ဈေးကလည်း အများကြီး မတတ်နိုင်၊  ယောကျာ်းလေးတွေနဲ့လည်း bath room မရှဲချင်၊ ညစ်ပတ်ရင်လည်း မကြိုက်... light cooking only/ no cooking ဆိုလည်း အဆင်မပြေ.... ရှာရင်းရှာရင်းနဲ့ ... သောကြာနေ့ညနေမှာ CCK က အိမ်တစ်လုံးမှာ ဈေးပေးပျော်တဲ့ အခန်းနှစ်ခန်းသွားတွေ့ပါတယ်။ ဒါနဲ့ ဘေးခန်းက ညီအစ်မနှစ်ယောက်ကတစ်ခန်း၊ ကိုယ်က တစ်ခန်းနေမယ်ဆိုပြီး အိမ်အပြန်လမ်းမှာတိုင်ပင် ဖုန်းပြန်ဆက်တော့(၂)ယောက်နေလို့ရတဲ့အခန်းက full deposit ကို cash down ပေးသွားပါပြီတဲ့။ ( မြန်လိုက်တာ။ အေးပေါ့လေ.. (၅) ရက်နေ့ ရှိနေပြီကိုး။ ) ဒါနဲ့ ဘေးခန်းကို တစ်ယောက်တည်းရသေးလို့မေးတော့ ရပါတယ်တဲ့။ အဲ့ဒါဆို bank account လေး sms ပို့လိုက်ပါ။ ပိုက်ဆံလွှဲလိုက်မယ်ဆိုတော့ ဟုတ်ကဲ့၊ ပို့ပေးလိုက်မယ်ဆိုပြီး ဖုန်းချသွားပါတယ်။ အဲ့အချိန်ဟာ (၁၁)နာရီ ထိုးခါနီးပြီမို့ နောက်နာရီဝက်လောက်နေတဲ့အထိ sms ပို့မလာတာနဲ့ ပို့ပေးဖို့ text လှမ်းလုပ်တာ reply မပြန်ပါဘူး။ မနက်မိုးလင်းတော့လည်း ဘာ sms မှ မလာပါဘူး။ အဲ့ဒါနဲ့ပဲ "ငှားမှာလား၊ ငှားမယ်ဆို ဘဏ်အကောင့်နံပါတ်ပေး.... မငှားဘူးဆို ပွင့်ပွင့်လင်းလင်းပြောဆိုပြီး" ပြောလိုက်မှ အိမ်ရှင်က သူ.. သေချာစဉ်းစားတော့ သူ့လိုအပ်ချက်နဲ့ မကိုက်ဘူး။ (၁၀၀)ပိုပေးမလားမေးပါတယ်။ ၁၀၀ ပိုပေးရင် အဲ့လျှောက်လမ်းဘက်ကအခန်းကျဉ်းကျဉ်းလေးကို နှစ်ယောက်နေတဲ့ဈေး ဖြစ်သွားမှာ။ တခြားလူပဲရှာလိုက်ပါလို့ ပြောလိုက်ရပါတော့တယ်။  CCK ဘယ်ဈေးရှိလဲဆိုတာ မသိဘူးများထင်နေလား မသိပါဘူး။ တော်တော် စိတ်တိုဖို့ ကောင်းပါတယ်။
ဒီလိုနဲ့ စနေနေ့ ထပ်ရှာတော့  CCK ကအခန်းတစ်ခန်းကို နည်းနည်း သဘောကျပါတယ်။ ပိုက်ဆံ ( ၅၀) လောက်ပို တောင်းတာရယ်၊ light cooking ပဲရတာရယ်၊ ကလေးနှစ်ယောက်ရှိတာကလွဲရင်... တော်တော် အဆင်ပြေပါတယ်။  တကယ်လို့ နောက်ဆုံး.. ဘယ်လိုမှ မရရင်တော့ ဒီအိမ်မှာ နေမယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။ တနင်္ဂနွေညနေကျရင် အကြောင်းပြန်မယ်လို့ အိမ်ရှင်အစ်မကို ပြောခဲ့လိုက်ပါတယ်။ တနင်္ဂနွေမနက်အစောကြီးထရှာတော့ clementi မှာ တစ်ယောက်တည်းနေလို့ရမဲ့ အခန်းတစ်ခန်းကို ဈေးတူတူနဲ့ရပေမဲ့ အခန်းက နည်းနည်း ညစ်ပတ်ပါတယ်။ မနက် အလုပ်သွားရင် တိုက်မဲ့သူတွေ များပါတယ်။ အဲ့ဒါနဲ့ ဘယ်အခန်းယူရင်ကောင်းမလဲ တိုင်ပင်ဖို့ သူငယ်ချင်း black rose queen ( သူ့ နစ်(ခ်)ကို ယူသုံးတာပါ။ ဘဘော့ရေးတဲ့သူ မဟုတ်ပါဘူး။) ကို ဖုန်းလှမ်းခေါ်လိုက်တော့ သူက သူလည်း ရှာနေတယ်။ တူတူနေမလား။ ပြီးရင် ဇန်နဝါရီလကုန်ဆို တခြားသူငယ်ချင်းတစ်ယောက်က သူအိမ်ငှားထားတာ ပြည့်ပြီမို့ (၃)ယောက်ပေါင်းပြီး တစ်အိမ်လုံးပေါင်းနေမယ် ဆိုပါတယ်။ ဒါနဲ့ပဲ နှစ်ယောက်သား တနေကုန်... အိမ် လိုက်ကြည့်ကြတာ... တစ်ခန်းမှ အဆင်မပြေပါဘူး။ (၇)ရက်နေ့လည်း ရှိပြီမို့ သူလည်း သူတွေ့ထားတဲ့ တစ်ယောက်တည်းလွတ်တဲ့ အခန်းမှာနေ.. ကိုယ်လည်း CCK က light cooking only အခန်းမှာ (၃)လနေမယ်ဆိုပြီး အိမ်ပြန်လာပါတယ်။
တစ်ပတ်ကျော်လုံး ခြေတိုအောင် လျှောက်ကြည့်ပြီး အိမ်ရှာရလို့ လူကမောလည်းမော... စိတ်လည်းရှုပ်...
တကယ်ပါ။ နေစရာအိမ်မရှိတဲ့ဘဝကို တော်တော် စိတ်ကုန်မိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ရန်ကုန်ပြန်ချင်စိတ်တောင် ပေါက်ပါတယ်။ တကယ်တမ်း CCK က အိမ်ကို confirm လုပ်မယ်ဆိုတော့လည်းCCK mrt ကို 3 Bus stops ရှိတဲ့၊ ဟင်းချက်လို့မရတဲ့နေရာမှာ (၇၀၀) ပေးနေရမယ်ဆိုတာက တော်တော်ကြီးကို စဉ်းစားရပါတော့တယ်။ ပေးရမဲ့ အိမ်လခနဲ့ တစ်လစာ deposit, အပြင်မှာစားလို့ ကုန်တဲ့စရိတ်.. ဒါတွေကို ထည့်စဉ်းစားရပါတယ်။ ညှိကြည့်တာ့ သူတို့ကိုယ်တိုင်ကလည်း ချက်မစားဘူး.. ဒါပေမဲ့ အကြီးအကျယ် ချက်မစားရင်တော့ ချက်လို့ရပါတယ်လို့ ပြောပါတယ်။ ကလေးနှစ်ယောက်ရှိတဲ့၊ သူတို့ကိုယ်တိုင်ချက်မစားတဲ့အိမ်မှာ နည်းနည်းပါးပါးတော့ ချက်လို့ရပါတယ်ဆိုတာ ကိုယ့်ဘက်က အများကြီး စဉ်းစားရပါတယ်။ နေ့တိုင်း ဟင်းချက်နေတာ မဟုတ်ပေမဲ့... ဗမာဟင်းချက်ရင်တောင် ဆီသတ်ရတယ် မဟုတ်လား။
 

အဲ့အချိန်မှာ ရုတ်တရက် ဒီကာတွန်းပုံလေး စိတ်ထဲ ဝင်လာပါတယ်။ မနက်ဖြန်ရချင်ရမှာပေါ့ (၇)ရက်နဲ့ (၈)ရက်... သိပ်.. မကွာပါဘူး။ တနလာင်္နေ့မှာ ဒီထက် ကောင်းတဲ့ အခန်း မတွေ့ နိုင်ဘူး ဘယ်သူပြောလဲဆိုပြီး အတွေး ဝင်လာပါတယ်။ ပြီးတော့ .. ကိုယ်တောင်.. ဒီအိမ်ကို အများကြီး စဉ်းစားတာ၊ သူများလည်း စဉ်းစားမှာပဲ။  အဂါင်္နေ့လောက်အထိတော့ ရှာကြည့်လိုက်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။  အဲ့မှာ woodland က အိမ်ခန်းတစ်ခန်း သွားတွေ့ပါတယ်။ ဖုန်းဆက်လိုက်တော့ အိမ်ရှင်က ဝမ်းသာအားရနဲ့ လာကြည့်ခိုင်းပါတယ်။ ဘယ်သူတွေ နေ..နေလဲမေးတော့ တခြား common room မှာ couple နဲ့ ကလေးတစ်ယောက်နေတယ်ဆိုတော့ တွန့််သွားပါတယ်။ သူက ချက်ချင်းကြီးကို လာကြည့်စေချင်ပုံပါပဲ။ "လာကြည့်လိုက်ပါ။ ကြိုက်မှာပါ" ဆိုပြီး အတင်း ခေါ်ပါတယ်။ အဲ့ဒါနဲ့... အစ်မရေ..ညီမအခုနေရာနဲ့က ဝေးတယ်။ ပြီးတော့ (၁၀)နာရီလည်း ကျော်နေပြီ။ မနက်ဖြန်ညနေ အလုပ်ဆင်းမှ လာကြည့်မယ်ပြောပြီး ဖုန်းချလိုက်ပါတယ်။ သူပေးလိုက်တဲ့ လိပ်စာကို မြေပုံမှာ ရှာကြည့်လိုက်တော့ mrt နဲ့ (၃)မှတ်တိုင် ဝေးနေပါတယ်။ နောက်ပြီး available date က အောက်တိုဘာ(၁)ရက်နေ့ဆိုတော့ အခန်းကြည့်ချင်စိတ် ကုန်သွားပါတယ်။ ဒီမှာက အခန်းကြော်ငြာကို ကြိုက်လို့ သွားကြည့်ပေမဲ့ အိမ်ကိုတကယ်ရောက်ရင် မကောင်းတတ်တာ များပါတယ်။ အောက်တိုဘာ (၁)ရက်နေ့ကတည်းက အားတဲ့အခန်း၊ (၇)ရက်နေ့အထိလူမရသေးတော့ စိတ်ထဲ သိပ်မကြိုက်ပါဘူး။ အချိန်ကုန်၊လူပမ်းမှာ ကြောက်ပါတယ်။ ဒါပေမဲ့ တင်္နလာနေ့မနက် အခန်းတွေ လျှောက်ကြည့်တော့ Admirality မှာတစ်ခန်း၊ Sembawang မှာတစ်ခန်း အသစ်ထပ်တက်လာတာနဲ့ တစ်လမ်းထဲပဲ လမ်းသင့်ပါတယ်ဆိုပြီး သွားကြည့်လိုက်မိပါတယ်။
အဲ့အိမ်ရောက်တော့ မြင်တာနဲ့ကို ဟန်မဆောင်နိုင်အောင် ကြိုက်သွားပါတယ်။ အိမ်လေးကကျယ်လည်းကျယ်၊ သန့်လည်းသန့်၊ အိမ်သာကလည်း ရေချိုးခန်းနဲ့ သတ်သတ်ခွဲထားပြီး သန့် လည်းသန့် ၊ ကျယ်လည်းကျယ်ပါတယ်။ ကလေးလေးကလည်း ချစ်စရာ အရမ်း ကောင်းပါတယ်။ အိမ်ရှင်အစ်မနဲ့ စကားပြောကြည့်တော့လည်း အဆင်ပြေ၊ mrt ကို ဖြတ်လမ်းကလျှောက်ရင်လည်း (၁၀)မိနစ်လောက်ပဲ လမ်းလျှောက်ရတာမို့ ဈေးသင့်တဲ့၊ ဟင်းချက်လို့ရတဲ့အခန်းလေးကို ကျန်တဲ့နှစ်ခန်းကို သွားမကြည့်တော့ဘဲ တစ်ခါတည်း စပေါ်ပေးခဲ့လိုက်ပါတယ်။ ဒီနေ့တော့ ဒီပို့(စ်)လေးကို ပျော်ရွှင်စွာနဲ့ ရေးလိုက်ပါတော့တယ်။ :P


*****************************
သင့်ပန်းတိုင်နဲ့ သင်ရောက်နေတဲ့နေရာ ဘယ်လောက် နီးကပ်နေပြီဆိုတာ သင်.. ဘယ်တော့မှ မသိနိုင်ပါဘူး။ တစ်ခါတစ်ရံမှာ ပန်းတိုင်က တကယ် မဝေးတော့ပါဘူး။လွယ်လွယ်နဲ့ လက်မလျော့လိုက်ပါနဲ့ ။ 









09/10/2012; 2:33PM; GMT+8
To Continue Reading

September 20, 2012

Hidden Camera တွေအကြောင်း တစေ့တစောင်း (၂)


 Hidden Camera တွေအကြောင်း တစေ့တစောင်း (၁)ရဲ့အဆက်ပါ။
************************************************


လူသိပ်များတဲ့ စင်္ကာပူက IT show တွေကို ကျောင်းတက်နေတဲ့နှစ်တွေမှာ ရှောင်ခဲ့ပေမဲ့ (ရှောင်လို့ရခဲ့ပေမဲ့ ) ကျမတို့ ကုမ္ပဏီက IT show မှာ သုံးလတစ်ကြိမ် ဝင် paritcipate လုပ်တော့ ရှောင်လို့ မရတော့ပါဘူး။ ပွဲနေ့ (၄)ရက်လုံးရှိနေရပါတယ်။ အဲ့ဒီမှာ Hidden camera တွေရဲ့ အန္တရာယ်ကို ပြန်သတိထားမိတော့တာပါပဲ။ ဘာလို့လဲဆိုတော့ ကျမတို့ရဲ့ အရှေ့ က booth က 007 device တွေ ရောင်းလို့ပါပဲ။ ဆိုင်ခန်းကို နှစ်ခန်းတွဲငှားပြီး promoter တွေ အများကြီးနဲ့ အပီအပြင်ကို ရောင်းတာပါ။ ဈေးကလည်း ဝယ်ပျော်ပါတယ်။ ၂ခုဝယ်မှ စင်္ကာပူဒေါ်လာ (၉၉)ကျပ်ပါတဲ့ရှင်။ ဘောပန်၊ mp3၊ မျက်မှန်၊ နားကျပ်၊ နာရီ၊ in-car ပုံစံ အမျိုးမျိုးပါပဲ။ customer တွေ အားလုံးနီးပါးကလည်း ယောကျာင်္းတွေချည်းပါပဲ။ အဖိုးကြီးတွေ တော်တော်များပါတယ်။ လူ အရမ်းစည်ပြီး promotion အရမ်းပေးတဲ့ အဲ့boothကို ကြည့်မိတိုင်း စိတ်ပျက်မိပါတယ်။ စိတ်ပူမိပါတယ်။

ရှိုးပွဲပြီးသွားတော့ အဲ့ဒီ ကုမ္ပဏီရဲ့ websiteကို ရှာပြီး သူ့ product တွေရှာကြည့်မိပါသေးတယ်။ အောက်ကပုံတစ်ချို့က အဲ့ဆိုဒ်က ကူးလာတာပါ။ ကျန်တဲ့ ပုံတွေကတော့ google ကရလာတာပါ။





လက်ဖဝါး ဆိုဒ်(ဇ်) သာရှိတဲ့ ဓါတ်မီးပုံစံ surviliance camera
 wall-plug ပုံစံ hidden camera

 
$140.99 သာပေးရတဲ့ retail shop တွေမှာ ထားတဲ့ wall clock ပုံစံ hidden camera

ဒီ ကင်မရာလေးတွေဟာ နည်းမှန်လမ်းမှန်နဲ့ သုံးမယ်ဆိုရင်တော့ တော်တော်ကို အကျိုးရှိပြီး အသုံးဝင်မှာပါ။ ကျမတို့ရဲ့ အိုင်တီရှိုးက ဆိုင်နီးနားချင်း ကုမ္ပဏီကတော့ နည်းမှန် လမ်းမှန် ရောင်းတဲ့ကုမ္ပဏီလို့ ပြောလို့ရပါတယ်။ promoter တွေကိုလည်း ကုမ္ပဏီကတီရှပ် ဝတ်ခိုင်းပြီး၊ ဂျင်းဘောင်းဘီနဲ့ ရှုးအပိတ်စီးခိုင်းထားပါတယ်။ promoter လေးတွေကလည်း ကျောင်းသူ၊ ကျောင်းသားလေးတွေ ပါပဲ။ ဝယ်သူ ၉၀%လောက်က ယောကျာင်္းတွေ ဖြစ်နေတာကတော့ သူနဲ့ မဆိုင်ဘူးလို့ ဖြေတွေးရင်ရပါသေးတယ်။

ဒါပေမဲ့ အိုင်တီရှိုးမှာပါတဲ့ နောက် ကုမ္ပဏီတစ်ခုကတော့ တော်တော် ဆိုးပါတယ်။ သူ့ဆိုင်ခန်း ဘယ်နား ရှိမှန်းတော့ မသိပါဘူး။ စာရွက်လိုက်ဝေနေတဲ့ ကောင်မလေးနှစ်ယောက်ကိုတော့ တစ်နာရီခြားတစ်ခါဆိုသလို ကျမတို့နားမှာ တွေ့ရတတ်ပါတယ်။ နှစ်ယောက်လုံး အရမ်း ချောကြပါတယ်။ အရပ်အမြင့်ကြီးတွေနဲ့ ဆံပင်အရှည်တွေနဲ့ ပါ။ ပေါင်တံလေးတွေဆို ဖြောင့်ဆင်းပြီး ဖြူဖြူသွယ်သွယ်လေးတွေပါ။ ဒေါက်ဖိနပ် အမြင့်ကြီးစီးပြီး သူတို့ ကုမ္ပဏီရဲ့ ကြော်ငြာစာရွက်တွေ လိုက်ဝေနေတာပါ။ ဝတ်ထားတာကတော့ အမဲရောင်ဂါဝန်လေးတွေပါ။ ငယ်ငယ်တုန်းက အကျီင်္အဖြူပေါ်က ထပ်ဝတ်ရတဲ့ ကျောင်းဂါဝန်လေးလိုမျိုးပုံစံပါ။
အရှည်ကတော့ ပေါင်လယ်လောက်ပဲ ရှိပါတယ်။ အဲ့ဒီ အရှေ့  ဘက်က အဖုံးလေးရဲ့ အလယ်တည့်တည့်မှာ (၆)လက်မလောက်ရှိတဲ့ အကြောင်းလေးတစ်ကြောင်း ခွဲထားပါတယ်။ အနောက်ဘက်မှာ ခရော့(စ်) ပုံပဲရှိတာမို့ အောက်က ဘာမှဝတ်ထားပုံ မရပါဘူး။ စလုံးတရုတ်မတွေ ဘာမှ မရှိလို့သာ တော်ပါတော့တယ်။ မဟုတ်ရင် မတွေးရဲစရာပါ။ လှုပ်တာနဲ့ ပေါ်မှာပဲ။ သူတို့ ကြည့်ရတာလည်း စိတ်မသက်သာတဲ့ပုံတွေပါပဲ။ အဲ့ဒီ အခွဲကြောင်းလေးရှေ့ မှာ စာရွက်တွေနဲ့  မသိမသာ ကွယ်ထားကြပါတယ်။ သိတယ်မလား။ အိုင်တီးရှိုးဆိုတာာ လူတွေ ကျပ်သိပ်နေပြီး လူတစ်ချို့ကလည်း သူတို့နှစ်ယောက်ကို မြင်တာနဲ့ ပြူးပြဲပြီး ကြည့်ကြတာကိုး။
ပြောချင်တာက အဲ့ဒါ မဟုတ်ပါဘူး။ ကုမ္ပဏီရဲ့ ရည်ရွယ်ချက်ကို ပြောချင်တာပါ။ အဲ့လိုပုံနဲ့ marketing လုပ်မှတော့ သူဆွယ်နေတာ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မဟုတ်ဘူးဆိုတာ သိသာပါတယ်။ သူ့ web site ကို ဝင်ကြည့်ကြည့်တော့ ကြော်ငြာပုံတစ်ချို့က တော်တော် ဆိုးပါတယ်။ အောက်ကပုံက သူတင်ထားတဲ့ပုံတွေထဲက တစ်ပုံပါ။


အဲ့ဒါ သူ့ကုမ္ပဏီရဲ့ တရားဝင် website မှာ တင်ထားတာပါ။

နိဂုံး

Hidden camera တွေရဲ့ရန်က လျှော့ချနိုင်တဲ့ နည်းတစ်ချို့ကတော့ ... Hidden camera တွေမှာ portable နဲ့ fixed ဆိုပြီး နှစ်မျိုးရှိပါတယ်။
  • portable တွေက လူအုပ်စု များတဲ့နေရာတွေ ( လမ်း၊ ပန်းခြံ၊ ကမ်းခြေ၊ shopping mallနဲ့ gym လို နေရာမျိုးတွေ) မှာ ရှိတတ်ပါတယ်။
  • fixed camera တွေကတော့ ဟိုတယ်၊ အကျီ င်္လဲခန်း၊ ရေချိုးခန်း၊ အိမ်သာလိုနေရာမျိုးတွေမှာ ဖွက်ထားတတ် ကြပါတယ်။
  • တကယ်လို့ စိတ်ထဲမှာ မလုံခြုံဖူးထင်ရင် normal မဟုတ်တဲ့ အပေါက်လိုမျိုးဟာတွေ ရှာကြည့်ပါ။ မှန်လိုဟာမျိုးနဲ့ cover လုပ်ထားရင်တော့ hidden camera ဖြစ်နိုင်ပါတယ်။
  • တခြား စစ်ဆေးနိုင်တဲ့ test မျိုးကတော့ ပစ္စည်းတစ်ခုဟာ သူစွမ်းဆောင်ရမဲ့ လုပ်ဆောင်ချက်ကို လုပ်နိုင် မလုပ်နိုင် စစ်ဆေးကြည့်တာပါပဲ။ ဥပမာ... ရေဒီယို ကင်မရာတစ်ခုဟာ ရေဒီယို ဖမ်းနားထောင်လို့ မရတာမျိုး။  နှီုးစက် နာရီတစ်ခုဟာ alarmပေးလို့ မရတာမျိုး။ 
နိဂုံးအနေနဲ့ ပြောချင်တာကတော့ တိုးတက်လာတဲ့ခေတ်ကြီးမှာ အရာရာတိုင်းဟာ အကောင်းနဲ့ အဆိုး တွဲနေပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တစ်ချို့ကလည်း သူကောင်းဖို့ အတွက်သာ ကြည့်မှာ ဖြစ်ပြီး ဒီလို လူမိုက်အားပေးတွေ လုပ်ကြမှာပါပဲ။ အဓိကကတော့ ဒီလိုမျိုးတွေ ရှိတတ်တယ်ဆိုတာသိပြီး သတိထားကြဖို့ပါ။ ဒီလို device တွေ သုံးပြီး ကိုယ့်ကို ဗွီဒီယို၊ ဓါတ်ပုံ ရိုက်ဖို့ဆိုတာကလည်း နည်းနည်းတော့ သိသာမယ် ထင်ပါတယ်။
ဒီပို့(စ်)ကို ဖတ်ပြီးတော့ ကျီးလန့်စာတော့စားနေစရာတော့ မလိုပါဘူး။ ဗဟုသုတရစေဖို့ ရေးလိုက်တာပါ။ ဒါကို ကာကွယ်ပေးထားတဲ့ ဥပဒေတွေလည်း ရှိပါတယ်။ ဥပဒေတည်ဖို့ပဲ လိုပါတယ်။ ဒါပေမဲ့ သတိဆိုတာ ပိုတယ်တော့ မရှိပါဘူး။ ရေးထားတာ မုန့်လုံးစက္ကူကပ်သလိုဖြစ်နေရင် ခွင့်လွှတ်ပါ။ စာ.. သိပ် မရေးတတ်လို့ပါ။း)

စာကြွင်း။     ။ hidden camera လို့ပြောနေပြီး mobile phone က ကင်မရာတွေကိုလည်း ပေါ့သေးသေးတော့ မထင်လိုက်ကြပါနဲ့။ တကယ်တမ်းတော့ အင်တာနက်မှာ ပြန့်နေတဲ့ ပုံတွေ၊ movie clip တွေတော်တော်များများဟာ ဖုန်းကင်မရာနဲ့ ရိုက်တာပါ။း)

Reference
1. http://en.wikipedia.org/wiki/Closed-circuit_television
2. http://www.oprah.com/home/Hidden-Camera-Dangers
3. ပုံတစ်ချို့ကို IT show မှာ ဝင်ပါတဲ့ brand နှစ်ခုရဲ့ official websiteတွေက ယူထားပါတယ်။ ဒါပေမဲ့ ဒီမှာ မဖော်ပြထားပါဘူး။ တစ်ချို့ပုံတွေကတော့ ဂူးဂယ်(လ်)ကပါ။


WITCH83
20/09/2012 (9:09PM, GMT+8)
To Continue Reading

Hidden Camera တွေအကြောင်း တစေ့တစောင်း (၁)

Hidden Camera တွေအကြောင်းက ရေးချင်နေတာ ကြာပါပြီ။ အတိအကျ ပြောရရင် မနှစ်ကတည်းကပါ။ ဒါပေမဲ့လည်း ထုံးစံအတိုင်း အချိန်ဆွဲရင်း မရေးဖြစ်ပါဘူး။ အခုတော့ ရုံးမှာလည်း အလုပ်တွေပါးပြီး စာလုပ်ချင်စိတ်လည်း သိပ်မရှိတာမို့ data ရှာပြီး တစ်နေ့ နည်းနည်းချင်းစီ ရေးလိုက်ပါတယ်။ :)

အရင်တုန်းကတော့ Closed-Circuit TeleVision (CCTV) နဲ့ ပတ်သတ်ပြီး သတိထားဖို့၊ လက်ကိုင်ဖုန်းက camera တွေကို သတိထားဖို့၊ Botique တွေမှာ အဝတ်အစားတွေ try ရင် သတိထားဖို့ Internet ပေါ်မှတဆင့် (FB, email စသည်ဖြင့်) ဖတ်မိပါတယ်။ ဒါပေမဲ့ CCTV အကြောင်းတော့ မရေးချင်သေးပါဘူး။ မနှစ်ကမှ အကြောင်းတိုက်ဆိုင်မှုတွေများလာလို့ ဒီစာ ရေးချင်စိတ်တွေ ဖြစ်မိတာပါ။

Why?
CCTVတွေထားရချင်းရဲ့ အဓိက ရည်ရွယ်ချက်က ကောင်းပါတယ်။ Crime Prevention အတွက်ပါ။ နောက်ပြီး အန္တရာယ်များတဲ့ hazard zoneတွေမှာ control လုပ်ဖို့အတွက်ပါ။ အဓိက..ကတော့ monitoring လုပ်ဖို့ပါပဲ။ ဒါပေမဲ့ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ CCTV (ခေါ်) hidden camera (ခေါ်) survilliance camera တွေဟာ ဈေးပေါလာတဲ့အပြင် ပုံစံအမျိုးမျိုးနဲ့ ဈေးကွက်ထဲ အပြိုင်အဆိုင် ဝင်လာပြီး လူတွေကလည်း တလွဲတွေ အသုံးချနေကြပါတယ်။

ကျမနဲ့  CCTV
ဟိုး ငယ်ငယ်တုန်းကတော့ CCTV ဆို မြင်သာထင်သာရှိတဲ့ လေးထောင့် camera ကြီးတွေလို့ပဲ သိထားပါတယ်။ အဲ့ဒီ ပုံစံတွေပဲ မြင်ဖူးပါတယ်။ ရုပ်ရှင်တွေထဲမှာ နာရီ ကင်မရာ၊ ဘောပန်ကင်မရာ၊ mp3 ကင်မရာ စသည်ဖြင့်တွေ့ဖူးနေပေမဲ့ အပြင်မှာ လွယ်လွယ်နဲ့ရနိုင်မှန်း မသိခဲ့ပါဘူး။ ကိုယ့်ရှေ့ မှာ သုံးနေရင်တောင် ကင်မရာလို့ ထင်ခဲ့မိမှာ မဟုတ်ပါဘူး။

(၁) ကျမ ပထမဦးဆုံး ပတ်သတ်ခဲ့ရတဲ့ CCTV ကတော့ အထက်တန်းကျောင်းမှာတုန်းကပါ။ (၉)တန်းရောက်တော့ ကျောင်းအုပ်ဆရာမကြီးက အတန်းတိုင်းမှာ CCTV တပ်ပါတယ်။ ထောင့်မှန်စတုဂံပုံစံ၊ digital camera အသေးစား အရွယ်လောက်ရှိတဲ့ CCTV လေးပါ။ အရောင်ကတော့ အဖြူရောင်ပါ။ အဲ့ဒီပုံစံကို ဂူးဂယ်(လ်)မှာ ရှာပေမဲ့ မတွေ့လို့ ခပ်ဆင်ဆင်ပုံကို တင်ထားပါတယ်။


(၂) အဲ့ပုံစံတွေ မဟုတ်ဘဲ တခြားပုံစံ စမြင်ဖူးတာကတော့ မီးလုံးကင်မရာပါ။ ဒီမှာ ကျောင်းတက်နေတုန်းက Robinsonကုန်တိုက်မှာ အချိန်ပိုင်းအလုပ်ဝင်လုပ်ပါတယ်။ အဲ့ဒီမှာ ကိုယ့်ထက်အရင်ရောက်နေတဲ့ part-timer စလုံးကောင်မလေးက အရမ်း စပ်စုပါတယ်။ တအားလည်း စကားများပါတယ်။ စူပါဗိုက်ဇာလစ်တာနဲ့ ကျမကို စကား လာ..လာပြောပါတယ်။ တစ်နေ့တော့ အဲ့ကောင်မလေးကပဲ ကျမကို အဲ့ဒီ ကင်မရာလေးကို ပြပြီး ဘာလဲ သိလားလို့ မေးပါတယ်။ ပြီးတော့ သူက အဲ့ဒါ CCTV ဆိုပြီး ရှင်းပြပါတယ်။ အထဲမှာ ကင်မလေးက 180ံလည်နေတယ် ပြောပါတယ်။ အဲ့ဒီ ကင်မရာလေးကို  အပေါ်ကနေ မီးလုံးပုံစံဖြစ်အောင် cover အုပ်ထားပါတယ်။ တော်တော် အထူးအဆန်းဖြစ်ခဲ့ပါတယ်။ ( နာ... တော်တော်တုံးတာပါလားနော်...)


(၃) နောက်ထပ်ကြုံတွေ့ ခဲ့ရတဲ့ hidden camera ကတော့ ကျမနေခဲ့တဲ့ ဒုတိယအိမ်မှာပါ။ ဒါပေမဲ့ အဲ့ဒီမှာနေခဲ့တဲ့ တစ်နှစ်ခွဲကျော်မှာ အဲ့လို တပ်ထားမှန်း တကယ်.. မသိခဲ့ပါဘူး။ အိမ်ပြောင်းပြီးမှ သိရတာပါ။ အဲ့ဒီအိမ်လေးက တော်တော်ကောင်းပါတယ် ( အိမ်ကောင်းတာကို ပြောတာပါ။) ၂၄ထပ်အမြင့်ရှိပြီး (၁၉)လွှာမှာ တည်ရှိပါတယ်။ တစ်ထပ်မှာ အခန်း(၄)ခန်းပဲ ပါပါတယ်။ ဓါတ်လှေခါးလည်း နှစ်ခု ရှိပါတယ်။ အိမ်မှာလည်း ဝရန်တာလို အခန်းတစ်ခန်းရှိပြီး အဝတ်လှမ်းရတာလည်း အဆင်ပြေပါတယ်။ အခန်းတစ်ခန်းသပ်သပ်လို ဖြစ်နေတော့ မျက်စိမရှုပ်တဲ့ အပြင် ဝါးလုံးနဲ့ထုတ်ပြီး လှမ်းစရာ မလိုပါဘူး။ ဝရံတာကနေ အိမ်ထဲဝင်လာရင် ဘယ်ဘက်မှာ အိမ်ရှင်လင်မယားနေတဲ့ master room နဲ့ kitchen ရှိပါတယ်။ အလယ်မှာ ထမင်းစားခန်းလို ဟောအရှည်ကြီးရှိပြီးတော့ ညာဘက်မှာ common room နှစ်ခန်းရှိပါတယ်။ အဲ့ဒါကို ကျော်သွားရင် ဧည့်ခန်း၊ ဧည့်ခန်းပြီးရင် အပြင်ထွက်တဲ့ တံခါးမကြီး ရှိပါတယ်။ အဲ့တော့ တစ်အိမ်လုံးကို ခြုံမြင်ချင်ရင် ဝရံတာကအထွက်၊ master room နားက ထမင်းစားခန်းမှာ တစ်ခု၊ ဧည့်ခန်းညာဘက်ထောင့်မှာတစ်ခုထားမှ အဆင်ပြေပါတယ်။

အိမ်ပိုင်ရှင်က စလုံးတွေပါ။ ပိုက်ဆံလည်း ရှိကြပါတယ်။ တစ်အိမ်လုံးကို ပါကေးခင်းပြီး သထားပါတယ်။ မှန်ဗီဒို၊တီဗွီ၊ ပရိဘောဂ၊ kitchen utensils အားလုံး အကောင်းတွေချည်းပါပဲ။ အရုပ်တွေလည်း အများကြီး ရှိပါတယ်။ အမေရိကားကို ရုတ်တရက် မိသားစုအလိုက် သွားလိုက်ရလို့ အမြန် ပြောင်းသွားတာပါ။ ဘာ ပစ္စည်းမှ သိမ်းမသွားပါဘူး။ ကြိုက်တာ ယူသုံးဆိုပြီး အိမ်သူကြီး လင်မယားကို ပေးသွားပါတယ်။

အဲ့ဒီအိမ်ကိုသွားကြည့်တဲ့နေ့က အိမ်သူကြီးလင်မယားက အိမ်ကိုဧည့်သည် ခေါ်လို့ မရဘူးပြောပါတယ်။ အိမ်ပိုင်ရှင်က ပစ္စည်းတွေ အများကြီး ထားသွားတဲ့အတွက် တစ်ခုခု ဖြစ်မှာစိုးလို့လို့ ပြောပါတယ်။ အဲ့ကတည်းက စိတ်ထဲ တစ်မျိုး ဖြစ်မိပါတယ်။ ဒါပေမဲ့ အိမ်ကို ကြိုက်တာတစ်ကြောင်း၊ သူတို့ လင်မယားကလည်း အေးအေးဆေးဆေးပုံစံရှိပြီး ဖော်ရွေသလိုရှိတာကတစ်ကြောင်း၊ ဈေးလည်း သင့်တာကတစ်ကြောင်းကြောင့် mrt နဲ့ နည်းနည်းဝေးပေမဲ့ အဲ့ဒီအိမ်ကိုပဲ ရွေးလိုက်ပါတယ်။ တစ်နှစ်ခွဲလောက်နေပြီးတဲ့အခါမှာတော့ ညီအစ်မနှစ်ယောက်လုံး ကျောင်းလည်းပြီး၊ အလုပ်လည်း ကိုယ်စီရပြီမို့  အလုပ်နေရာနှစ်ခုနဲ့ center ကျတဲ့နေရာကို ရွှေ့  လိုက်ကြပါတယ်။

နောက် ပြောင်းရတဲ့ တခြားအချက်တစ်ချက်ကတော့ အိမ်ပြောင်းခါနီးတစ်လလောက်အလိုမှာ မီးက braker ခဏ ခဏ ကျပါတယ်။ နောက်ပြီး အိမ်ရှင်လင်မယားက ရန်ကုန်ကို နိုဝင်ဘာလဆန်းမှာ တစ်လလောက် ပြန်ဖို့ရှိပါတယ်။ ဘေးခန်းက မိသားစုကလည်း ကလေး ကျောင်းပိတ်လို့ နိုဝင်ဘာလလယ်ကျရင် ရန်ကုန်ပြန်ပြီး နှစ်လလောက်နေမယ်ဆိုတော့ ... ညီအစ်မနှစ်ယောက်တည်း အိမ်ကြီးထဲမှာ ကျန်ခဲ့ပြီး မီးပြဿနာတက်မှာ စိုးတာကြောင့်လည်း ပါပါတယ်။ အဲ့ဒါကြောင့် အောက်တိုဘာလအကုန်မှာ ကျမတို့ အိမ်ပြောင်းခဲ့ပါတယ်။ဖြစ်ချင်တော့ အစိုးရိမ်ကြီးတဲ့ လင်မယားက ကျမတို့ မပြောင်းခင် အောက်တိုဘာ (၃၀)ညမှာ CCTV camera တစ်ခုကို ကျမတို့ common rooms နှစ်ခန်းနဲ့  kitchen ကို မြင်ရတဲ့နေရာမှာ install လုပ်လိုက်ပါတယ်။ (၃၁)ရက်နေ့မှာ ကိုယ်တွေရှိနေသေးပေမဲ့ အဲ့ဒီနေ့မှာ အလုပ်သွားရပြီး အိမ်ရွှေ့ ဖို့လည်းရှိတာကြောင့် ကိုယ့်အာရုံနဲ့ ကိုယ် သတိမထားမိပါဘူး။ ဒါပေမဲ့  နိုဝင်ဘာ(၁)ရက်နေ့ နေ့လည်ခင်းမှာ ဘေးခန်းက ကလေးမလေးက အဲ့ဒါကို သတိထားမိပြီး သူ့အမေကို ပြပါတယ်။ အခန်းတံခါး အဖွင့်အပိတ်၊ လူအသွားအလာရှိရင် အဲ့မီးလုံးလေးက လင်းလာပါတယ်။ ကြည့်ရတာ motion ကို detect လုပ်ပြီး camera position ကို ရွှေ့ ပုံရပါတယ်။ အလျင်နဲ့ဆိုတော့ ကင်မရာအရွှေ့ မှာ ဝရံတာက ဝင်လာတဲ့ နေရောင်နဲ့  ပြန်ဟပ်ပြီး အဲ့ဒီ မီးလုံးကင်မရာလေး ထ..ထ.. လင်းပုံပါပဲ။

အဲ့လိုနဲ့ ညနေခင်းရောက်တော့ ဘေးခန်းက မိသားစုနဲ့၊ အိမ်သူကြီး လင်မယား စကားများကြပါတော့တယ်။ စကားများတော့မှ အိမ်ရှေ့ ခန်းမှာ တစ်ခုတပ်ဖူးတဲ့အကြောင်း ပေါ်လာပါတော့တယ်။ ကိုယ့်ဆီကို ဘေးခန်းကအစ်မ ဖုန်းဆက်လို့ သိလိုက်ရတဲ့အချိန်မှာ တော်တော် စိတ်ဆိုးပါတယ်။ ဒါ သူများရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ချိုးဖောက်တာပါ။ မယုံကြည်ရင် လူငှား မတင်သင့်ပါဘူး။ ကိုယ့်ပစ္စည်း မဟုတ်လို့ တာဝန်ကြီးတယ်ဆိုရင်လည်း သော့ခတ်သိမ်းပြီး စတိုခန်းထဲထည့်ထားလို့ရပါတယ်။ ကင်မရာ တပ်ထားခဲ့တယ်ဆိုရင်လည်း ကြို..အသိပေးသင့်ပါတယ်။ စင်္ကာပူဥပဒေအရလည်း အိမ်မှာရှိတဲ့သူတွေကို ကြိုအကြောင်းကြားရပါတယ်။ အရုပ်ပဲ ဖမ်းခွင့်ရှိပါတယ်။ အသံ မဖမ်းရပါဘူး။ စောင့်ကြည့်ကင်မရာကို ထားရတဲ့ ရည်ရွယ်ချက်လည်း ပြောပြရပါတယ်။ (ဥပမာ.. ကလေးထိန်းကို monitor လုပ်ဖို့)။ ဒီကိစ္စက ရဲတိုင်လို့်ရပါတယ်။ ဒါကို သူတို့ကိုယ်တိုင်လည်း သိပုံ မရပါဘူး။ အစ်မတို့က အခန်းပဲဆိုင်တာ။ ညီမတို့နဲ့ ဆိုင်တဲ့ ထမင်းစားခန်းမှာတပ်တာ ဘာဖြစ်လဲဆိုပြီး စွာပါတယ်။ နောက်ဆုံးတော့ အဲ့ညပဲ ကင်မရာကိုဖြုတ်ပေးလိုက်ပါတယ်။ ဘေးခန်းက မိသားစုလည်း စိတ်ဆိုးပြီး အဲ့လမှာပဲ ချက်ချင်း အိမ်ပြောင်းပါတယ်။ ဒါပေမဲ့ နှစ်ခန်းလုံး လူသစ်တွေချည်းပဲမို့ ဘေးခန်းက မိသားစုပြောင်းပြီးတဲ့နောက် အဲ့ဒီ ကင်မရာတွေကို ပြန်တပ်လား၊ ပြန်မတပ်ဘူးလားဆိုတာတော့ ကျမလည်း သေချာ မသိပါဘူး။
ဒီတတိယမြောက် ကင်မရာကိစ္စကတော့ နည်းနည်း အန္တရာယ်များပါတယ်။ တွေးလေ.. မခံချင်စရာကောင်းလေပါ။ အကျယ်မချဲ့ ချင်လို့ ဒီကိစ္စကို ပြီးပေးလိုက်ပေမဲ့ တော်တော်ဆိုးတဲ့ကိစ္စပါ။ ကျောင်းတက်၊ အချိန်ပိုင်းအလုပ်တွေနဲ့  အပြင်မှာ ရှိနေတာကများပြီး... အိမ်မှာ ရှိရင်လည်း ဟင်းချက်တာကလွဲလို့ အခန်းထဲမှာနေတာများလို့သာ တော်ပါသေးတော့တယ်။

(၄) နောက်ထပ် ကိုယ်နဲ့ ထိတွေ့ရတဲ့ surviliance camera တွေကတော့ IP camera တွေပါ။ သိပ်..အထူးအဆန်း မဖြစ်ခဲ့ပါဘူး။ အန္တရာယ် ရှိတယ်လို့လည်း မယူဆမိပါဘူး။ ကင်မရာမှန်း သိသာတာကိုး။ security system အတွက် vpn နဲ့တွဲပြီး သုံးတာပါ။ ဒါပေမဲ့ CCTV အန္တရာယ်ကို ပြန်သတိထားမိတာကတော့ ကျမတို့ ကုမ္ပဏီ IT show မှာ ဝင်ပါလို့ အဲ့ဒီမှာ တာဝန်ကျတော့မှပါ။ ....

************************************************************************
အပိုင်း(၂) ဆက်ပါမည်။ ကိုရီးယားကားကို သဘောကျလို့ မဟုတ်ပါဘူး။ ရေးရင်း တအား ရှည်လာလို့ပါ။း)

မှတ်ချက်။  ။ ကင်မရာပုံတွေကို ဂူးဂယ်(လ်)က ရှာပြီး တင်ပါတယ်။

WITCH83
20/09/2012 ( 12:54PM, GMT+8)
To Continue Reading

April 12, 2011

Sembawang Thingyan 2011မှ ကွန်ပျုတာတက္ကသိုလ်၏အလှု


၂၀၁၁ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ကြီးကို Sembawang Monastery၊ ကွန်ပျူတာတက္ကသိုလ် မိသားစု ( UCS Family, Singapore)၊ LOTUS Foundation ၊ ဓမ္မအလင်းရောင် ၊ Save the Age ၊ အစရှိသော လူမှုရေးအဖွဲ့အစည်းများ အားလုံးပူးပေါင်းပါဝင်၍ Sembawang Park တွင် ၂၀၁၁ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ (တနင်္ဂနွေနေ့) မှာ နံနက်(၉)နာရီမှစတင်၍ ပျော်ပျော်ရွှင်ရွှင်၊ စည်းစည်းလုံးလုံးနဲ့ အောင်အောင်မြင်မြင် ကျင်းပခဲ့ပါတယ်။
ကွန်ပျူတာတက္ကသိုလ် မိသားစု ( UCS Family, Singapore)အနေနဲ့ ပါဝင်ခဲ့တဲ့ ဆောင်ရွက်မှုတွေကတော့
  • စတုဒိသာလှူဒါန်းခြင်း (လက်ဖက်ရည် နဲ့ စမူဆာကြော်)
  • သက်ကြီးပူဇော်ပွဲ
  • ဝေယျာဝေစ္စလုပ်အားဒါန
  • မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပေးခြင်း
  • ဖျော်ဖြေရေးအစီအစဉ်များပဲ ......ဖြစ်ပါတယ်။


စတုဒိသာလှူဒါန်းခြင်း အစီအစဉ်အနေနဲ့ UCS (University of Computer Studies) ကမောင်နှမတွေ စမူဆာကြော်တဲ့အဖွဲ့(Beach နားမှာ)၊ လက်ဖက်ရည်ဖျော်တဲ့အဖွဲ့၊ မုန့်နဲ့ လက်ဖက်ရည်လှုတဲ့အဖွဲ့ (မဏ္ဋပ်ဘေးကွန်ကရစ်လမ်းပေါ်) ဆိုပြီး အဖွဲ့သုံးဖွဲ့ခွဲကာ တက်ညီလက်ညီ လှုဒါန်းခဲ့ပါတယ်။
စမူဆာ အခု ၆၀၀၀ နဲ့ ကာရီပါ့ ၁၀၀၀လို့ သိရပါတယ်။ လက်ဖက်ရည်တွေဆို ညနေဘက်ရောက်တော့ senior တွေ မဏ္ဋပ်ထဲထိဝင်ပြီး ဝေကြပါတယ်။ မိုးအေးအေးနဲ့ လက်ဖက်ရည် နွေးနွေးလေးပေါ့။း) စမူဆာဗန်းကြီးတွေကို ဟိုးအောက်ဘက် ကြော်တဲ့နေရာဆီ သွား... သွားယူကြပြီး ချကုန်၊ ချကုန်နဲ့ ... အားရစရာ ကောင်းပါတယ်။
လှူသူနဲ့ ပွဲလာသူတို့ အပြန်အလှန် ချိုချိုသာသာနဲ့ ကျေးဇူးတင်စကား ပြောနေကြတာကိုမြင်နေရတာလည်း လှပတဲ့မြင်ကွင်းလေးပါပဲ။

ဘုန်းဘုန်းက သန့်ရှင်းရေးကို ဘုန်းဘုန်းတို့ပဲ ပြန်လုပ်ရမှာလို့ microphone ကြီးနဲ့ ကြေငြာထားလို့လားတော့ မသိဘူး။ စားပြီးရင်လည်း အမှိုက်ကို စည်းကမ်းတကြ ပစ်ကြတာကို တွေ့ရပါတယ်။

ဒီ Sembawang Thingyan အတွက် Singapore လုံခြုံရေး ပိုချထားတယ်လို့ဆိုကြပါတယ်။ အစိုးရက Bus အရေအတွက်တော်တော် တိုးပေးရတယ် လို့လည်း သိရပါတယ်။ ဒါနဲ့များတောင် Bus စီးလို့မရလို့ Taxi နဲ့လာသူတွေကလာ၊ ( Sembawang MRT ကနေ 10 bus stops ခရီးကို) လမ်းလျှောက်လာသူတွေလာ ရှိပါသေးတယ်။


ဖျော်ဖြေရေးအစီအစဉ်များ အနေနဲ့ကတော့ ...မြန်မာ့ရိုးရာ သင်္ကြန်ယိမ်း ၃ယိမ်း( ပိတောက်လက်ဆောင်အဖွဲ့ ၊ ပိတောက်တစ်မျက်နှာအဖွဲ့ ၊ နွေဦးကဗျာအဖွဲ့)၊ အန်တီမွှေး (နန်းခင်မွှေးက တောင်းဆိုလို့ကပေးရတဲ့) သင်္ကြန်တစ်ပင်တိုင်အက၊ ယောင်္ကျား ယောင်္ကျား ခေတ်ပေါ်သင်္ကြန်သီချင်းတို့ပဲ ဖြစ်ပါတယ်။
နံနက်ပိုင်း (၉)နာရီ မှာ 13th batchက ဝတ်ရည်ရဲ့ တစ်ပင်တိုင်အက၊ (၉)နာရီ (၂၀)မှာ ပိတောက်တစ်မျက်နှာယိမ်း၊ (၁၁)နာရီမှာ ပိတောက်လက်ဆောင်ယိမ်းတို့နဲ့ ကပြခဲ့ကြပါတယ်။ ဒီနေရာမှာ ကြွားလိုတာက သီချင်းဆိုတဲ့သူနှစ်ဦးစလုံး အဆိုကောင်း၊ အဆိုပိုင်တဲ့သူတွေ ဖြစ်ကြပါတယ်ဆိုတာပါပဲ။

ညနေပိုင်းမှာတော့ (၄)နာရီ (၃၀)မှာ နွေသီးကဗျာယိမ်းနဲ့ တင်ဆက်ခဲ့ပါတယ်။ သီဆိုသူမပါတဲ့ သီချင်းနဲ့ကတဲ့ ဒီအဖွဲ့ ကတဲ့အခါမှာ technical fault ကြောင့် အစပိုင်းနှစ်ပိုင်းလောက်မှာ တီးလုံးပဲထွက်လာလို့ UCS မှ မောင်နှမတွေဝိုင်းပြီး သီချင်းဆိုပေးကြတာလည်း ပျော်စရာကြီးပါ။ အမှတ်ရစရာလေးတစ်ခု ဖြစ်ခဲ့ပါတယ်။ (၆)နာရီမှာတော့ ယောင်္ကျား.. ယောင်္ကျားစုံတွဲသီချင်းလေးကို တင်ဆက်ခဲ့ပါတယ်။


ပွဲပြီးသွားတော့လာည်း မိုးရေထဲမှာ tent တွေသိမ်း၊ မဏ္ဋပ်တွေဖျက်၊ အမှိုက်တွေရှင်းပေးခဲ့ကြပါတယ်။

ကောင်းတာတွေကြီးပဲပြောနေပေမဲ့ ရုပ်နည်းနည်းပျက်တာလေးတွေလည်း ရှိခဲ့ပါတယ်။ ညနေ နည်းနည်းစောင်းလာတော့ အရက်မူးတဲ့အုပ်စုလေးတစ်စု မူးပြီးရဲတွေကို ပြသနာတွေသွားလုပ်နေလို့ ဘုန်းဘုန်းက microphone ကြီးနဲ့ အော်ပြီး ကြီးကြပ်သူတစ်ဦးလောက်ကို ဖြေရှင်းပေးဖို့ ပြောရပါသေးတယ်။

ဒါပေမဲ့ .... ခဲတစ်ချို့ကိုဖယ်ပြီး ခြုံငုံပြောရမယ်ဆိုရင်တော့ တကယ်ကို မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့ကို စည်းစည်းလုးလုးံ၊ ညီညီညွတ်ညွတ်၊ ချစ်ချစ်ခင်ခင်နဲ့ ပြသခဲ့တဲ့ပွဲပဲ ဖြစ်ပါတယ်။ ဒီလို မြန်မာ့ရိုးရာ ယဉ်ကျေးမှု နဲ့ ဓလေ့တွေကို နှစ်စဉ်နှစ်တိုင်း ဆက်လက်ပြသနိုင်ပါစေ၊ UCS Family (SG) အနေနဲ့လည်း ဆက်လက်ပါဝင်နိုင်ပါစေလို့ ဆုတောင်းရင်း ဒီ post လေးကို နိဂုံးချုပ်ပါရစေ။ ။

~~~အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်~~


မှတ်တမ်းတင်ဓါတ်ပုံအချို့ 



WITCH83
12-April-2011 (11:37PM +8 GMT)

စာကြွင်း ။ ။ Senior များရေးသားတဲ့ FB status များ၊ post များကိုဖတ်ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရသမျှကို အခြေခံကာ ဒီပို့ (စ်)ကို ရေးပါတယ်။

To Continue Reading

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer