" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)
Showing posts with label My Diary. Show all posts
Showing posts with label My Diary. Show all posts

September 14, 2013

ဘလော့မိတ်ဆွေများအကြောင်း (Belated Post for Blog Day)

ဘလော့ဂါတွေရဲ့ ဘလော့ဒေး အမှတ်တရပို့(စ်)တွေ အများကြီးတက်လာတဲ့အတွက်ကြောင့် သြဂုတ်လ (၃၁)ရက်နေ့ဟာ ရှစ်ကြိမ်မြောက် ဘလော့ဒေးဖြစ်တယ်ဆိုတာ သိခဲ့ရပါတယ်။ ဒါပေမဲ့ စိတ်ထဲရှိရာ၊ ကိုယ်စိတ်ဝင်စားတာတွေကိုသာ စိတ်ထဲရှိရင်ရှိသလို၊ အချိန်ရရင်ရသလို စာကောက်ရေးတတ်သူမို့ အဲ့ဒီပို့(စ်)ရေးဖို့ စိတ်ကူး လုံးဝ မရှိခဲ့ပါဘူး။ ဒါပေမဲ့ စာရေးရင်း သိခဲ့ရတဲ့ ဘလော့ချစ်မိတ်ဆွေအမ "မစံပယ်ချို" က tagလာတဲ့အတွက်ကြောင့် လေးစားခင်မင်မှုနဲ့ ဒီပို့(စ်)လေးကို ရေးလိုက်ပါတယ်။

ရေးမယ်ဆိုပြီး ရေးစရာတွေကို စဉ်းစားကြည့်တော့ မြန်မာ့ဘလော့သမိုင်း၊ အွန်လိုင်းစာပေသမိုင်း၊ ဘလော့ဂါတွေရဲ့သမိုင်းတွေအကြောင်းကို သေချာမသိတာကြောင့် ကိုယ့်ဘလော့အကြောင်းပဲ ကိုယ်ရေးတော့မယ်လို့ စဉ်းစားမိပါတယ်။ ဒါပေမဲ့ ဒီဘလော့အကြောင်းနဲ့ ကျမအကြောင်း ကို စာပြန်စရေးဖြစ်တဲ့ မနှစ်က စက်တင်ဘာလမှာ ရေးဖူးပါတယ်။  အဲ့ဒါကြောင့် ကျမရဲ့ ဘလော့မိတ်ဆွေတွေအကြောင်းကိုပဲ ဘလော့ဒေးအမှတ်တရ ရေးလိုက်ပါတယ်။
~ . ~ . ~. ~. ~

 ပြောရရင်တော့ ကျမဟာမာနကြီးတာမျိုး၊ အထာကိုင်တာမျိုးမဟုတ်ပေမဲ့ နည်းနည်း ဘာသိဘာသာ နေတတ်ပါတယ်။  ဒါကြောင့် ဘလော့မိတ်ဆွေ အများကြီး မရှိပါဘူး။ မိတ်ဆွေလည်း သိပ်မဖွဲ့တတ်ပါဘူး။ ကိုယ်..အားတဲ့အချိန်တွေမှာ ကိုယ့်ဆီ လင့်(ခ်)ရလို့ လာလည်ကြသူတွေဆီ အမြဲ ပြန်လည်ပြီး comment ချန်တာမျိုးပဲ ရှိတတ်ပါတယ်။ ရှိရှိသမျှ ဘလော့ဂါ တွေရဲ့ တက်လာသမျှပို့(စ်)တွေကို စောင့်ဖတ်တတ်ပေမဲ့ ဘာခြေရာမှ မချန်ဘဲ တိတ်တိတ်လေး ပြန်လာတတ်တဲ့သူလည်း ဖြစ်ပါတယ်။ ဒီဘလော့ကိုလည်း သိပ်ပြီး promote မလုပ်ပါဘူး။ ကျမရဲ့ မျက်နှာစာအုပ်ပေါ်မှာတောင် ကိုယ်ရေးထားတဲ့ပို့(စ်)တွေ ပြန်မ share ပါဘူး။ ကိုယ့်ဘလော့အကြောင်းလည်း သိပ်မပြောပါဘူး။ ဘာလို့လဲဆိုတော့ privacy လိုချင်လို့ပါ။ ကိုယ်စိတ်ဝင်စားတာတွေ၊ ကိုယ့်စိတ်ထဲရှိတာတွေ၊ ကိုယ့်ခံစားချက်တွေကို ကိုယ့်ရဲ့အားလပ်ချိန်မှာ စိတ်ပြေလက်ပျောက် စာရေးချင်လို့ပါ။ ကိုယ့်ရဲ့ ဘလော့ပေါ်မှာ ဆဲတာ၊ဆိုတာ၊ ငြင်းခုန်ကြတာတွေကိုလည်း မမြင်ချင်လို့ပါ။ ဒါကြောင့် ကျမမှာ ဘလော့မိတ်ဆွေတွေ သိပ်မရှိသလို၊ ကျမရဲ့ သူငယ်ချင်းတော်တော်များများကလည်း ကျမရဲ့ဘလော့ကို မသိကြပါဘူး။

ပြောရင်းပြောရင်းနဲ့ စကားများသူတို့ ထုံးစံအတိုင်း နိဒါန်းပျိုးနေတာ နည်းနည်း ရှည်သွားပါပြီ။ တကယ်ရေးမဲ့အကြောင်းကိုပဲ ရေးပါတော့မယ်။ ကျမရဲ့ ဘလော့အကြောင်းနဲ့ ဘလော့မိတ်ဆွေတွေအကြောင်းကို။

ဒီဘလော့ကို စဖွင့်တော့ ကျမ BaganNet မှာ အလုပ်လုပ်နေတုန်းပဲ ရှိပါသေးတယ်။ ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ဘလော့ရေးပါလားလား။ blogspot account ဖွင့်ပါလားလို့ အကြံပေးတာကတစ်ကြောင်း၊ ပြီးတော့ MZ မှာလည်း လူတွေ သူတို့ဘလော့တွေအကြောင်းပြောတာကြောင့်ပါ (၂၀၀၉ )ခုနှစ်၊ မတ်လ(၉ )ရက်နေ့မှာ စဖွင့်ခဲ့ပါတယ်။

စဖွင့်ခါစက ရေးဖော်ရေးဖက်ကတော့ အထက်တန်းကျောင်းကတည်းက ခင်ခဲ့ရတဲ့၊ ကွန်ပျူတက္ကသိုလ်မှာလည်း တောက်လျှောက် ကျောင်းအတူတက်ခဲ့တဲ့ ကျမရဲ့ ချစ်သူငယ်ချင်း Leo Zin ပါ။ သူက အရင်ဆုံး Dream Girl ဆိုပြီး အကောင့်တစ်ခုနဲ့ စာရေးပါတယ်။ နောက်တော့ အဲ့အကောင့်ကိုပိတ်ပြီး Leo Zinဆိုတဲ့ အကောင့်အသစ်နဲ့ စာရေးပါတယ်။ ဒါပေမဲ့ တစ်ပုဒ်စ၊ နှစ်ပုဒ်စရေးပြီး အလုပ်တွေများလို့ဆိုကာ ဆက်မရေးတော့ပါဘူး။ ပြန်ရေးပါလားလို့ တိုက်တွန်းတော့ သူ.. အေးအေးဆေးဆေးဖြစ်သွားရင် ရေးမယ်ပြောပါတယ်။ ဒါပေမဲ့ သူက အိမ်ထောင်ကတစ်ဖက်၊ stress များပြီး အလုပ်တအားများတဲ့ သူ့အလုပ်ကတစ်ဖက်၊ ACCAစာမေးပွဲတွေကတစ်ဖက်၊ ဘာသာရေးလုပ်ငန်းတွေကတစ်ဖက်မို့ ပြန်ရေးဖြစ်ပါ့မလားလို့ တွေးမိပါတယ်။ ( သူက စာမရေးတော့ပေမဲ့ ကိုယ့်စာတွေ လာဖတ်ပုံရပါတယ်။ ကိုယ်ရေးကိုယ်တာပို့(စ်)တွေရေးပြီးရင် ကိုယ့်ကို ဟိုမေးဒီစစ်လုပ်တတ်လို့ သူ့ကို နည်းနည်းတော့ လန့်ရပါတယ်။ :P)

နောက်ထက် ခင်မင်ရတဲ့ ရေးဖော်ရေးဖက်ကတော့ လူပျိုကြီး Libra Tun ပါ။ သူကတော့ အဲ့ဒီဘလော့အပြင် အင်္ဂလိပ်စာအတွက် ဘလော့တစ်ခု၊ photography အတွက် ဘလော့တစ်ခု၊ နည်းပညာအတွက် ဘလော့တစ်ခု ဖွင့်ထားပါတယ်။ ကိုယ်ကတော့ အဲ့ဒီ Libra Tun account တစ်ခုကိုပဲ ဖတ်ပါတယ်။ အမြဲပြုံးနေပြီး လူတိုင်းကို ကူညီတတ်တဲ့၊ တစ်ခါတစ်ရံ အူကြောင်ကြောင်တွေလုပ်တတ်တဲ့ အဲ့ဒီ တူထွန်း (Libra = တူ)ကိုတော့ ကွန်ပျူတာတက္ကသိုလ်နောက်ဆုံးနှစ်မှာ ပရောဂျက်အတူတူလုပ်ရင်း ခင်ခဲ့တာပါ။ ကျမ စလုံးကို ရောက်လာပြီး Home sick ကြောင့်ရော၊ ရည်းစားနဲ့ပြတ်ပြီး အသည်းကွဲတာရော၊ ရေပြောင်းမြေပြောင်းအဆင်မပြေတာတွေကြောင့်ပါ တငိုငိုတရီရီ လုပ်နေတဲ့ ကျမကို စာပြန်ရေးဖို့ တိုက်တွန်းခဲ့တဲ့ သူငယ်ချင်းပါပဲ။ ( အဲ့တုန်းကတော့ သူတိုက်တွန်းပေမဲ့ ကိုယ်က စာပြန်မရေးဘဲ Farmvillieတွေ၊ Cityvillieတွေဘက်ကို လှည့်သွားခဲ့ပါတယ်။ :D )

အပြင်မှာရော၊ ဘလော့မှာပါသိတဲ့ နောက်ထပ် ဘလော့မိတ်ဆွေကတော့ သဘောကောင်းပြီး၊ ပွင့်လင်းတဲ့ Choco Thazin ပါ။ သူလည်း ကွန်ပျူတာတက္ကသိုလ်ကပါပဲ။ ကျောင်းမှာတုန်းကတော့ မျက်မှန်းတန်းမိရုံသာရှိခဲ့ပေမဲ့ ဘလော့ပေါ်၊ မျက်နှာစာအုပ်ပေါ်မှာ သူငယ်ချင်းတွေဖြစ်သွားတဲ့အခါမှာ သူ့ကို  တော်တော်လေးကို ခင်မိသွားပါတယ်။ ဘလော့စရေးခါစကဆို ရေးသမျှပို့(စ်)တွေမှာ အားဆေးတွေတို်က်ကျွေးတတ်ပြီး လက်တွဲခေါ်ခဲ့တဲ့၊ ကိုယ်စာမရေးတော့လို့ စာပြန်ရေးဖို့ အမြဲ တိုက်တွန်းခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ အခုတော့ သူလည်း စာမရေးတာ တော်တော်ကြာပြီ။ မျက်နှာစာအုပ်မှာလည်း ပေါ်လိုက်၊ ပျောက်လိုက်နဲ့။ မအားဘူးနဲ့တူပါတယ်။

လူချင်းမသိပေမဲ့ ဘလော့ပေါ်မှာ သိမိတဲ့သူကတော့ မျှဝေမှုတို့ စုစည်းရာ ဘလော့ကိုရေးတဲ့ ကိုအင်္ဂါဟူးပါ။ သူ့ကြောင့်ပဲ ကျမရဲ့ဘလော့လေး All Myanmar Blogger စာရင်းထဲမှာ ပါသွားတာပါ။ သူရေးတဲ့၊ ဝေမျှတဲ့စာတွေကို သဘောကျလို့ သူ့ဆီမှာ ကွန့်မက်တွေ ချန်တတ်ပါတယ်။ သူ့ဘလော့က လူသိပ်မသိပါဘူး။ သူကတော့ စာစရေးကတည်းက အရေးကျဲ၊ အတင်ကျဲပြီး သူ့ဘလော့လေးငြိမ်သက်နေတာလည်း တစ်နှစ်ခွဲ၊ နှစ်နှစ်လောက်ရှိပြီ ထင်ပါတယ်။ ဘလော့လေးကို စွန့်ခွာလိုက်ပြီ ထင်ပါတယ်။

နောက်တစ်ယောက်ကတော့ မိုးခါးပါပဲ။ ကိုယ်.. စာရေးခါစတုန်းက ကိုယ့်ဆီ မကြာခဏ အလည်လာတတ်သူပါ။ အခုတော့ သူလည်း စာမရေးတော့ပါ။ ဥပုသ်နေ့တော့ ဘလော့ကနေ အပတ်စဉ် နှိုးဆော်ပေးပါတယ်။ ကျေးဇူးပါ။ မဟုတ်ရင် ကိုယ်လည်း သိမှာမဟုတ်။

ကျမ မှတ်မိသလောက်တော့ ကျမကိုယ်တိုင်လည်း (၂၀၁၀) မေလလောက်အထိပဲ စာရေးခဲ့ပြီး အဲ့ဒီနောက်ပိုင်း ဘလော့နဲ့ ဝေးသွားပါတယ်။ စာတွေလည်း လိုက်.. မဖတ်ဖြစ်တော့ပါဘူး။ လေး၊
ငါးလနေလောက်မှာ တစ်ပုဒ်လောက် ထရေးရင်လည်း ရေးပါတယ်။ (၂၀၁၂) နှစ်ဆန်းပိုင်းလောက်မှာမှ ဘလော့တွေ၊ စာတွေပြန်ဖတ်ဖြစ်ပြီး (၂၀၁၂) စက်တင်ဘာလောက်ရောက်မှသာ စာပြန်ရေးဖြစ်တာပါ။

စာပြန်ရေးဖြစ်တဲ့နောက်ပိုင်းမှာတော့ ခင်ဖို့ကောင်းတဲ့ အမ မစပယ်ချို၊ ကွန့်မက်တွေအမြဲချန်တတ်တဲ့ ညီမလေးမိုးနတ် ( သူပျောက်နေတာကြာပြီ။) တို့နဲ့ ခင်ခဲ့ပါတယ်။ လူတွေနဲ့ လိုက်လျောညီထွေမှုရှိပြီး သဘောကောင်းတဲ့၊ ဘလော့မှာ အားဆေးလေးတွေချန်တတ်တဲ့ မစံပယ်ချိုရဲ့ဘလော့နဲ့အတူ သူ့ရဲ့ အမျိုးသား ကိုလွင်ပြင်ရဲ့ ဘလော့ကို သိပြီး ကဗျာတွေ၊ စာတွေ ဖတ်ခဲ့ရပါတယ်။ ( မဂျက်(စ်)ကြောင့် ကဗျာတွေ လိုက်ဖတ်တတ်တဲ့ အကျင့် ရသွားတာပါ)။

အဲ့ဒီနောက်တော့ လင့်(ခ်)ရပြီး စာလာဖတ်တဲ့ ဆရာ ကိုငြိမ်းစိုးဦးနဲ့ ဆရာ ကိုကြည်နိုင်တို့ရဲ့ ကိုယ်ပိုင်ဘလော့တွေမှာ စာဖတ်ခွင့် ရခဲ့ပါတယ် (သူတို့တွေရေးတဲ့ အတွေးကောင်း၊ အရေးဆန်းတဲ့စာတွေကိုတော့ တခြားနေရာတွေမှာ ဖတ်ဖူးပါတယ်။ ကိုယ့်ဘလော့ကို အလည်လာကြတော့ အံ့သြဝမ်းသာမိပါတယ်)။

နောက်... စာလိုက်ဖတ်ရင်း စာရေးကောင်းလို့ သဘောကျမိတဲ့၊ ကိုယ်ချန်ခဲ့တဲ့ ကွန့်မက်တစ်ခု၊နှစ်ခုကနေ ကိုယ့်ဘလော့ကို လိုက်လာပြီး စာလာဖတ်တတ်တဲ့ တက်သစ်စစာရေးဆရာ ကိုဝေမိုးနိုင်နဲ့ ဘလော့ဂါ မမြတ်ပန်းနွယ်တို့လည်း ရှိပါသေးတယ်။ ကျမရဲ့ ပထမဦးဆုံး one and only short story လေးကို သေသေချာချာဖတ်ပြီး အပြုသဘောနဲ့ ဝေဖန်ထောက်ပြပေးတဲ့ ကိုဝေမိုးနိုင်ကိုလည်း ကျေးဇူးတင်ပါတယ်။ နောင်လည်း ဝတ္ထုတိုလေးတွေရေးဖြစ်ခဲ့ရင် ထောက်ပြ၊ သင်ပြပေးပါဦးလို့။း)

နောက်ဆုံး ကျန်နေသေးတဲ့ ဘလော့မိတ်ဆွေလေးကတော့ ဘလော့ပေါ်မှာရော၊ အပြင်မှာပါသိတဲ့ နွေဦးမိုး ဘလော့ကိုရေးတဲ့ ဘလော့ဂါ ကြည်ဖြူပိုင်ပါပဲ။ သူက .. ကိုယ့်လို မဟုတ်ဘူး။ စာရေးကောင်းတယ်။ သူ့ကိုတော့ NTU cultural night မှာ အတူတူကတုန်းက သိခဲ့တာပါ။ သဘောကောင်းပြီး ကူညီတတ်တဲ့၊ ဟင်းချက်ကောင်းတဲ့ အဲ့ဒီ သူငယ်ချင်းမလေးက အတူတူကကြတုန်းက ကျမကို သူ့ဘလော့လိပ်စာလေး ပေးပါတယ်။ ကိုယ်က ခပ်တည်တည်နဲ့ယုထားပြီး သူ့ဘလော့မှာ စာတွေသွားဖတ်၊ ကွန့်မက်တွေချန်ခဲ့ပါတယ်။ သူက ကိုယ်မှန်းမသိဘဲ ကိုယ့်စာတွေပြန်လာဖတ်ပြီး ကွန့်မက်တွေ ချန်သွားပါတယ်။ ကိုယ့်မှာ ရီလိုက်ရတာ။ တော်တော်ကြာမှ သူ့ကို ကိုယ်မှန်းသိအောင် ပြောလိုက်ရပါတယ်။ :P

ဒီလောက်ဆိုရင်တော့ ကျမရဲ့ ဘလော့မိတ်ဆွေတွေ ကုန်ပြီထင်ပါတယ်။ အများကြီးတော့ မရှိပါဘူး။ ရှိရင်လည်း ဒီလိုပို့(စ်)ရေးနိုင်မယ် မထင်။ တကယ်လို့ တစ်ယောက်စ၊ နှစ်ယောက်စ ကျန်ခဲ့ရင်လည်း ခွင့်လွှတ်ကြပါလို့။
အားလုံးပဲ Happy Belated Blog Day ပါ။ ဘလော့မိတ်ဆွေတွေအပြင် ကျမရေးတဲ့စာတွေကို အမြဲ ပုံမှန် လာဖတ်ကြတဲ့ ကျမနဲ့သိသူ၊ မသိသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

စကားချပ်။ ။ ဒီပို့(စ်)ကလေးဟာ ကျမစာရေးတဲ့သက်တမ်းတစ်လျှောက် ပထမဆုံးရေးတဲ့ tagged post လေးပါ။ နောက်ကျမှရေးပေးပေမဲ့ နောက်ကျတာက လုံးဝမရေးတာမဟုတ်တာမို့ မဂျက်(စ်)ကျေနပ်မယ်လို့ ထင်ပါတယ်။ :P

Regards,






14/09/2013; 6:20PM; GMT+8
To Continue Reading

June 16, 2013

ကျမရဲ့ ပထမဦးဆုံး အမျိုးသားချစ်သူ

ဟယ်... ဒီနေ့ဟာ Father's Day ပဲ...

ဒီနေ့ မနက် (၅)နာရီကျော်ကြီး အိပ်ရာက နိုးလာပြီး ပြန်အိပ်မရတဲ့အဆုံး ဟိုတွေး၊ ဒီတွေးလုပ်ရင်းက ဒီနေ့ အဖေများနေ့ဆိုတာ သတိရသွားပြီး ဘန်ကောက်မှာရှိတဲ့ ဖေကြီးဆီကို အလွန်တရာ ရှည်လျားသော email တစ်စောင် လှမ်းပို့လိုက်ပါတယ်။
~Happy Father's Day, Phay Gyi~
love, Tha Mee Gyi 
"Send"ခလုတ်ကိုနှိပ်လိုက်ပြီးတဲ့အချိန်မှာတော့ ကျမရဲ့လက်ကိုင်ဖုန်းထဲကို ဘန်ကောက်ကနေ ဖုန်းဝင်လာပါတယ်။ ကုန်းပေါ်မှာ သိပ်မရှိတတ်တဲ့ ဖေကြီးရဲ့ဖုန်းမှာ အင်တာနက်မရှိသလို အင်တာနက်ကို မေး(လ်)စစ်ရန်၊ ပို့ရန်သာသုံးတတ်တဲ့အတွက်ကြောင့် ကျမပို့လိုက်တဲ့ မေး(လ်)ကို သု. မဖတ်ရသေးဘူးဆိုတာ သေချာတဲ့အတွက်ကြောင့် စိတ်ရဲ့တိုက်ဆိုင်မှုတစ်ခုလို့ ဆိုရမယ်ထင်ပါတယ်။

ဖုန်းပြောကြတဲ့အခါမှာ သူက ကျမကို နေကောင်းလား၊ အဆင်ပြေလားမေးပြီး ကျမရဲ့ အခုလက်ရှိ အလုပ်ကိစ္စ၊ အလုပ်ပတ်(စ်)ကိစ္စတွေပြောပြီး... (ဒီလို အဖေများနေ့၊ အမေများနေ့ထုံးစံတွေနဲ့ မရင်းနှီးသူမို့) ပြောစရာရှိတာတွေပြောပြီး သူက ဖုန်းချသွားပါတယ်။ ကိုယ်ကလည်း အဖေလုပ်သူနဲ့ဆိုရင် ပြောစရာရှိတာမပြောဘဲ မြိုသိပ်ထားတဲ့ထုံးစံအတိုင်း အဖေလုပ်သူကို "Happy Father's Day"လို့ မပြောဖြစ်လိုက်ပါဘူး။

အရင်နှစ်တွေနဲ့မတူ ဒီနှစ်မှာမှလည်း ထူးထူးခြားခြား မျက်နှာစာအုပ်ပေါ်မှာ အဖေတွေနဲ့ပတ်သတ်တဲ့ ပို့(စ်)တွေကို တစ်နေကုန် မြင်တွေ့နေရပါတယ်။ ဖေကြီးကို ပိုသတိရမိပြီး ဖုန်းထဲမှာ wish လုပ်ရင်ကောင်းသားလို့ တွေးမိပါတယ်။

ခုနလေးတင်ကမှ စာတွေလိုက်ဖတ်ရင်းနဲ့ မဟေမာ(နှင်းနဲ့မာယာ) ရေးထားတဲ့ ကျမတို့ရဲ့ ပထမဆုံးချစ်သူ ဆိုတဲ့ ရသအက်ဆေးလေးကို ဖတ်မိပြီးတဲ့အခါမှာတော့ ဒီပို့(စ်)လေးကို ရေးချင်လာပါတယ်။

အန်းနာ၊ တီနာတို့ရဲ့ အဖေတွေလိုမျိုး မဟုတ်သော်ငြားလည်း ဖေကြီးဟာ စိတ်တိုတတ်သည်မှအပ သု့ရဲ့သားသမီးတွေကို ပညာတတ်စေချင်သော၊ ကိုယ့်အားကိုယ်ကိုးတတ်စေချင်သော၊ တတ်နိုင်ရင် တတ်နိုင်သလို အလိုလိုက်ခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်တွေအပေါ်မှာထားတဲ့ ဖခင် မေတ္တာကို ငယ်စဉ်ကမမြင်တတ်ခဲ့ပေမဲ့ ဒီအရွယ်မှာတော့ တွေ့ မြင်ခံစားတတ်လာခဲ့ပါတယ်။

မှတ်မိသလောက်ပြောရရင် ဟိုးကလေးဘဝ ငယ်ငယ်ကလေးကတည်းကနေ  မေမေ အမြဲမေ့တတ်တဲ့ ကျမတို့ရဲ့မွေးနေ့တွေကို ခုချိန်ထိတိုင်အောင် ဖေကြီးကတော့ ဘယ်တော့မှ မမေ့တတ်ခဲ့ပါဘူး။ ရောက်ရာနေရာကနေ မေး(လ်)နဲ့ဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ မွေးနေ့ဆုတောင်းပေးတတ်သူက ဖေကြီးရယ်သာပါပဲ။

လေးကြောင်းမျဉ်းနဲ့ ကျမကို လက်ရေးလှ ကျင့်ပေးခဲ့တဲ့သူဟာလည်း ကျမရဲ့ ဖေကြီးပဲ ဖြစ်ပါတယ်။ မူလတန်းကျောင်းသူဘဝတုန်းက နှစ်စဉ်ဆုရခဲ့တဲ့ဆုတွေပေါ်မှာ
"မ......
ဒုတိယဆု (ပထမတန်း)" 
လိုမျိုးစာသားလေးတွေကို သူ့လက်ရေးလှလှလေးနဲ့ စိတ်ရှည်လက်ရှည် လိုက်ရေး၊ လိုက်ကပ်ပေးခဲ့သူဟာလည်း ကျမ ဖေကြီးသာပါပဲ။

တက္ကသိုလ်ကျောင်းသူဖြစ်နေတာတောင်မှ အချိန်နာရီမတွက်တတ်တဲ့ကျမကို ကမ္ဘာ့မြေပုံကြီးချပြီး နိုင်ငံအလိုက် အချိန်နာရီကွာခြားပုံကို ဘယ်လိုတွက်ရတယ်ဆိုပြီး သင်ပေးခဲ့တာကလည်း ကျမရဲ့ ဖေကြီးသာဖြစ်ပါတယ်။

ကိုယ်တွေ အိမ်ပြန်နောက်ကျရင် ပူပင်တတ်သော၊ ကျမ အပျိုစဖြစ်ပြီဆိုကတည်းက ဘယ်အမျိုးအိမ်မှ ( ယုတ်စွအဆုံး သူသိပ်ချစ်တဲ့ သူ့မိခင်၊ ကျမအဖွားအိမ်မှာတောင်) သွားမအိပ်စေတတ်သော  ပုပန်တတ်မှုတွေရှိတတ်သူဟာလည်း ဖေကြီးပါပဲလေ။ မနှင်းနဲ့မာယာပြောသလိုပါပဲလေ... အဖေတွေဟာ ယောကျာင်္းသားတွေဖြစ်တဲ့အတွက်ကြောင့် ကိုယ့်သမီးတွေကို ယောကျာင်္းတွေရဲ့ရန်ကနေ ဘယ်လိုကာကွယ်ပေးရမလဲဆိုတာ အမေတွေထက် ပိုသိကြပုံရပါတယ်။
{ စကားချပ်။   ။ ကျမရဲ့ဖေကြီးကတော့ ကျမကို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့၊ အရည်အချင်းရှိတဲ့ အပျိုကြီးတစ်ယောက်လုပ်ဖို့ ကျမငယ်စဉ်ခါတုန်းက မကြာခဏပြောခဲ့ဖူးပါတယ်။ အိမ်ထောင်ပြုတာ မကောင်းဘူး။ အိမ်ထောင်ပြုတာဟာ မိန်းမတွေအဖို့ အရှုံးကြီးပဲရယ်တဲ့လေ..း) }

ဘာပဲဖြစ်ဖြစ် .. ကျမကလေးပေါက်စနမလေးအရွယ်တုန်းက.. မေမေ စည်းပေးတဲ့ ကြက်တောင်စီးလေးစီးကာ၊ ဂါဝန်လေးဝတ်ပြီး ( ဖေကြီးစိတ်မရှည်တတ်တာကို သိသော်ငြားလည်း ဖေကြီးဝယ်ကျွေးတတ်သော ဝက်သားတုတ်ထိုး၊ ဝက်သားကော်ပြန့်လိပ်များ၊ ဖေကြီးဝယ်ပေးတတ်သော အရုပ်များမျက်နှာဖြင့်.. ) ဖေကြီးနောက်က တကောက်ကောက် ဇွတ်အတင်းလိုက်ခဲ့သော နေ့ရက်များကို ဒီညမှာ သတိရနေမည်သာ။     ။

အဖေတွေဟာ သမီးတွေရဲ့ ပထမဆုံးချစ်သူဆိုရင် သမီးတွေဟာ ဖခင်တွေရဲ့ ပထမဆုံး အိပ်မက် ဖြစ်နေပါလိမ့်မယ်။ (နှင်းနဲ့မာယာ)

အဖေများနေ့အမှတ်တရ...
witch83 (16/06/2013;11:11PM; GMT+8)
To Continue Reading

April 25, 2013

တကယ်ဆိုရင်..

တကယ်ဆိုရင် ကိုယ်ဟာ တစ်ယောက်တည်း ဟိုသွားဒီသွားလုပ်ရတာကို စိတ်ပျက်တတ်တဲ့သူ မဟုတ်ပါဘူး။ ဒါပေမဲ့ စင်္ကာပူမှာ တစ်ယောက်တည်း မသွားချင်တဲ့ နေရာတော့ ရှိတယ်။ အဲ့ဒါ Peninsular Plaza ပါ။
 မွေးသဖခင်က ခိုင်းထားတာရှိလို့ မနေ့ညနေ ရုံးကအပြန် Peninsular Plaza ကို ပထမဦးဆုံးအကြိမ် တစ်ယောက်တည်း သွားခဲ့တယ်။ လုပ်စရာရှိတာတွေ လုပ်ပြီးတော့ .. ညနေစာ ဝင်စားရင် ကောင်းမလား၊ မကောင်းဘူးလားစဉ်းစားရင်းနဲ့ .. နောက်ဆုံးတော့ " မြနန္ဒာ"မှာ ဆိတ်သားနဲ့ကုလားပဲရယ်၊ ကတက်ချဉ်သုတ်ရယ်၊ ငါးခူအကောင်လိုက်ကို ဆူဇီလုပ်ကြော်ထားတာရယ်၊ ရေနွေးကြမ်းရယ်ကိုမှာပြီး ခပ်တည်တည်နဲ့ တစ်ယောက်တည်း ဝင်စားခဲ့တယ်။

တကယ်ဆိုရင် ကိုယ်ဟာ ညစာ လျှော့စားဖို့ ကြိုးစားနေသူတစ်ယောက်ပါ။ 

ထမင်းဗန်းကိုမပြီး အထဲဝင်.. ထမင်းစားမယ်လုပ်တော့ အရက်ကောင်တာကြီး ဘွားကနဲ မြင်လိုက်ရတယ်။ (အရင်က မရှိသလိုပါပဲ။ သေချာတော့ မမှတ်မိပါဘူး။ မရောက်တာ တစ်နှစ်ကျော်ပြီ) ဗုဒ္ဓဟူးနေ့ညနေပဲရှိသေးတယ်။  ယောကျာင်္းလေးတွေ အများကြီးပဲရယ်.. ဘီယာထိုင်သောက်နေကြတယ်။
ကိုယ့်ကို လူတွေ ရှိုးနေမှာကို သိရက်နဲ့ မျက်နှာကြောကို အတတ်နိုင်ဆုံးတင်းပြီး ထမင်းထိုင်စားခဲ့တယ်။ ထမင်းကို အမြန် လတ်စသတ်ပြီး ခပ်တည်တည်နဲ့ ထွက်လာခဲ့တယ်။

တကယ်ဆိုရင် ကိုယ်ဟာ  ရှေ့နောက်မဆင်ခြင်ဘဲ၊ သေချာမစူးစမ်းဘဲ လုပ်ချင်ရာကို စွတ်လုပ်တတ်သူ တစ်ဦးပါ။

ထမင်းထိုင်စားနေရင်းနဲ့ လွန်ခဲ့တဲ့နှစ်နှစ်နီးပါးက စင်္ကာပူကို ခဏလာလည်ဖူးတဲ့ သူငယ်ချင်းမကျ၊ ရည်းစားမကျသော သက်ဆိုင်သူဖြစ်ဖူးတဲ့သူနဲ့အတူ မြနန္ဒာမှာ ထမင်းအတူ စားဖူးတာကို သတိရမိတယ်။ (သူနဲ့ စကားမပြောဖြစ်တာ၊ အဆက်အသွယ်မရှိတာ တစ်နှစ်ခွဲလောက်ရှိပြီ။း) )အိမ်ပြန်ရောက်လို့ မျက်နှာစာအုပ်ဖွင့်ပြီး wall ပေါ်မှာ မွေးနေ့တွေစစ်တော့ သူ့မွေးနေ့ဖြစ်နေတာကို သွားတွေ့တယ်။ အမြန် မွေးနေ့ဆုတောင်းပေးလိုက်ရတယ်။

တကယ်ဆိုရင် ကိုယ်ဟာ နိစ္စဓူဝအလုပ်တွေမှာ ရုန်းကန်နေရင်းနဲ့ တစ်ခါတစ်ရံမှာ တစ်ချို့အရာတွေကို သိမှတ်မဲ့စွာ မေ့နေတတ်သူတစ်ဦးပါ။ :)
(၂၄.၀၄.၂၀၁၃)ရက်နေ့အမှတ်တရ...
witch83 ( 25/04/2013; 11:56AM; GMT+8)

To Continue Reading

February 20, 2013

လှပသော တိမ်တိုက်များအကြောင်း

အပိုင်း(၁)
"တိမ်တွေဟာ သိပ်လှတာပဲလို့ ကိုယ်ပြောရင် 
မင်းယုံလိုက်ပါ။"
ဂျူး (တိမ်နဲ့ချည်တဲ့ကြိုး)


+ + + + + + + + +

အပိုင်း(၂)

ကျမဟာ မကြာခဏဆိုသလို  လေယာဉ်တွေ စီးရပေမဲ့ ကိုယ်စီးရတဲ့ လေယာဉ်ချိန်တွေဟာ များသောအားဖြင့်  မနက်အစောကြီး (သို့မဟုတ်) ညမိုးချုပ်တွေ ဖြစ်နေတတ်ပြီး အိပ်လိုက်လာတတ်တာ များပါတယ်။ တစ်ခါတစ်ရံကျတော့ ကိုယ့်ကိုကိုယ်တောင် ပြန်မေးမိပါတယ်။ အပြင်ကို မမြင်ရဘဲနဲ့ ဘာလို့ အမြဲတမ်း window seat ကိုပဲရွေးပြီး booking လုပ်မိနေသလဲဆိုတာ။ Aisle seat ဆို အပြင်ထွက်ရတောင် သက်သာပါသေးတယ်။

ဒီတစ်ခေါက် အလုပ်ကိစ္စနဲ့ ထိုင်ဝမ်သွားဖို့ ticket booking လုပ်တော့ Taiwan နဲ့ SGကြားမှာဆွဲတဲ့ လေယာဉ်ချိန်တွေ ပြောင်းသွားပါတယ်။ ည (၈)နာရီကျော်ကျော်မှာတစ်ကြိမ်၊ နေ့လည် (၂:၅၀)မှာတစ်ကြိမ် ဖြစ်သွားပါတယ်။ Lab test ပြီးမဲ့အချိန် ခန့်မှန်းရခက်တာကြောင့် အလုပ်ပြီးမဲ့နေ့ည (၈)နာရီလေယာဉ်ကို မယူဘဲ နောက်နေ့ နေ့လည် (၂း၅၀) လေယာဉ်ကိုပဲ book လိုက်ပါတယ်။

ထိုင်ဝမ်ကို သွားတိုင်း... ပျော်တတ်ပေမဲ့.. ဒီတစ်ခေါက်ကတော့ သိပ်.. မပျော်ပါဘူး။ project က ကြီးပြီး ဒီ customer ကို company က အရမ်းကို အလေးထားလွန်းတော့ လူက တော်တော်ကို စိတ်ဖိစီးမှုများ ပါတယ်။ နောက်တစ်ခုက ကိုယ်ကိုတိုင်က GePON technology ကို ကျွမ်းကျွမ်းကျင်ကျင် မရှိတဲ့အပြင် ... ဗီယက်နမ်က ဟိုတယ်တစ်ခုမှာ လုပ်ခဲ့တဲ့ GePON project ကို support လုပ်ခဲ့တုန်းက တက်ခဲ့တဲ့ compatibility issue တွေကို ခေါင်းကိုက်အောင် ရှင်းခဲ့ရတဲ့ အတွေ့အကြုံဆိုးကြီးကို မမေ့ နိုင်သေးတာကြောင့် GePON ဆိုတာနဲ့တင် လုက စိတ်နှလုံး ငြှိုးနွမ်းနေပါတယ်။

ခရီးမသွားခင်လည်း GePON project အတွက် HQ က အင်ဂျင်နီယာရယ်၊ PM ရယ်၊ ကိုယ့်မန်နေဂျာရယ်.. အင်မတန် လက်ပေါက်ကတ်တဲ့ customer ရယ်ကြားမှာ တော်တော်ကို ခေါင်းစားရပြီးတဲ့နောက်..
ထိုင်ဝမ်ရောက်ပြန်တော့လည်း Lab test လုပ်နေရလို့ ခေါင်းကိုက်ရပြန်ပါတယ်။ အဲ့ဒီကြားထဲမှာ ကိုယ့် mailbox ထဲ ဝင်ဝင်လာတဲ့ တခြား အီးမေး(လ်)တွေ၊ စလုံးမှာကျန်ခဲ့တဲ့ မန်နေဂျာက လှမ်းပို့ပို့နေတဲ့ sms တွေကိုကြည့်ပြီး ရူးချင်လာပါတယ်။ စလုံးပြန်မဲ့နေ့... Taoyuan လေဆိပ်ကိုရောက်တော့.. လူက တော်တော်ကို ဖလက်ပြနေပါပြီ။ လေဆိပ်ရောက်တော့ စိတ်တိုတိုနဲ့ ဖုန်းပိတ်ပစ်လိုက်ပါတယ်။

 လေယာဉ်ပေါ်ရောက်ပြန်တော့လည်း အဆင်မပြေပါဘူး။ လူက တော်တော် များပါတယ်။ ဘေးက ထိုင်ဝမ်မလေးနှစ်ယောက်ကလည်း အင်မတန် စကားများပါတယ်။ ပိုဆိုးတာက သူတို့ နှစ်ယောက်ထဲကတစ်ယောက်က ပါးစပ် အတော် နံပါတယ်။ ခေါင်းတွေကိုက်လာပြီး လက်ထဲက ရှုဆေးဘူးကိုပဲ ဖိရှုနေရပါတယ်။ လေယာဉ်ကလည်း တော်တော်နဲ့ကို မထွက်နိုင်ပါဘူး။ ကြာလာတော့ သူတို့နှစ်ယောက်ကို စကား သိပ်..မပြောဖို့ ယဉ်ယဉ်ကျေးကျေးနဲ့ပြောပြီး တောင်းဆိုလိုက်ရင် ကောင်းမလားစဉ်းစားမိပါတယ်။ အဲ့လို စဉ်းစားနေတုန်းမှာပဲ လေယာဉ်ကြီးက စထွက်ပြီး  သူတို့ထဲကတစ်ယောက်က ကြောက်သွားပြီး ငြိမ်သွားပါတယ်။ နောက်တစ်ယောက်ကလည်း အိပ်ပျော်သွားပါတယ်။ အဲ့ဒီအခါကျမှ လူလည်း သက်တောင့်သက်သာ ရှိသွားပါတော့တယ်။

+ + + + + + + + +
အပိုင်း(၃)

လေယာဉ်ထွက်ခါစမှာတော့ မျက်လုံးပိတ်ပြီး နားကြပ်နဲ့ သီချင်းနားထောင်နေလိုက်ပါတယ်။ နောက်တစ်နာရီလောက်နေတော့ လေယာဉ်မယ်လေးက အအေးလာပေးတာနဲ့ အအေးသောက်ပြီး အပြင်ကိုကြည့်ပြီး လိုက်လာခဲ့ပါတယ်။ တိမ်ထူတဲ့နေ့မို့လားမသိပါဘူး။ လေယာဉ်က တော်တော်ခါပါတယ်။ ဒါပေမဲ့... လေယာဉ်ခါတာကိုလည်းမေ့... စိတ်ရောလူပါပင်ပန်းခဲ့သမျှကိုလည်းမေ့စေတဲ့အရာကို တွေ့ကြုံခဲ့ရပါတယ်။ အဲ့ဒါ ဘာဖြစ်မယ်လို့ ထင်ပါသလဲ??
တိမ်တွေလေ.. တိမ်တွေပေါ့... ပုံစံ အမျိုးမျိုးနဲ့ သိပ်လှတဲ့ တိမ်တွေပေါ့...
 လေယာဉ်သွားတဲ့လမ်းတလျှောက် တိမ်တွေဟာ ညိုလိုက်၊ ပြာလိုက်နဲ့ လှချင်တိုင်း လှနေကြပါတယ်.. တစ်ချို့နေရာတွေမှာ အဆုပ်လိုက်ကလေးတွေ၊ တစ်ချို့ နေရာတွေမှာ အမှုန်လေးတွေ၊ တစ်ချို့နေရာမှာတော့ အပြင်လိုက်ကြီးတွေနဲ့ စိပ်စိပ်လေးတစ်မျိုး၊ ကျဲကျဲလေးတစ်ဖုံနဲ့ သိပ်ကို လှနေကြတာကို မြင်ရတာ အရာအားလုံးကို ခဏတော့ မေ့သွားသလိုပါပဲ။

အဲ.. သတိ ပြန်ဝင်လာတဲ့အချိန်မှာတော့ လက်ထဲက ဖုန်းနဲ့ ဓါတ်ပုံတွေ စွတ်ရိုက်တော့တာပါပဲ။ အောက်ကပုံတွေကတော့ ရိုက်ခဲ့တဲ့ပုံတွေထဲက အချို့ပေါ့ကွယ်...။ 









+ + + + + + + + +

အပိုင်း(၄) 

ပြီးခဲ့တဲ့ သုံးပတ် ကျော်... ထိုင်ဝမ်က ပြန်လာပြီးကတည်းက ဖတ်ချင်တဲ့စာအုပ်ကို ပြောပါဆိုရင် ဆရာမဂျူးရဲ့ "တိမ်နဲ့ချည်တဲ့ကြိုး"ပါပဲ။  အဲ့ဒါ ဘာလို့လည်း ဆိုရင်တော့.... ထိုင်ဝမ်က အပြန်ခရီးမှာ.. ပြာလိုက်၊ ညိုလိုက်၊ စိတ်လိုက်၊ ကျဲလိုက်နဲ့ ပုံစံမျိုးစုံနဲ့လှပနေကြတဲ့တိမ်တွေကို တွေ့မြင်ခံစားခဲ့ရလို့ပါပဲ။

ဆရာမ.. ဂျူးရဲ့ အဲ့ဒီ "တိမ်နဲ့ချည်တဲ့ကြိုး" ဝတ္ထုစာအုပ်ကို သူများဆီက ငှားဖတ်ပြီးတဲ့နောက် ကြိုက်လွန်းလို့ စာအုပ်အရောင်းဆိုင်သွားပြီး အပိုင် ဝယ်ထားခဲ့ပါတယ်။ စာအုပ်ကတော့ ရန်ကုန်မှာ ကျန်ခဲ့ပုံပါပဲ။ စလုံးက စာအုပ်ပုံးထဲမှာရှာတော့ မရှိပါဘူး။

ဆရာမရဲ့ စာအုပ်ထဲမှာ...
  • ဝေးလံခေါင်သီတဲ့ ဒေသတွေက ခက်ခဲတဲ့ အပင်တွေကို လိုက်ရှာပြီး သုတေသနလုပ်ကြတဲ့ ထက်မြက်တဲ့ အမျိုးသမီးနှစ်ဦး...
  • ဆယ်ကျော်သက်ကလေးတစ်ယောက်ရဲ့ စိတ်ကစားတတ်မှုနဲ့ မမျှော်လင့်ဘဲ ကိုယ့်ကြောင့် လူငယ်တစ်ယောက် အသက်ဆုံးရှုံးသွားလို့ ဖြစ်ရတဲ့ စိတ်မကောင်းမှု..
  • အချိန်တွေ ဆယ်စုနှစ်ကျော်ကြာလာမှ နေလို့မပျော်တော့ဘဲ ဒီကိစ္စပေါ်မှာ guilty ဖြစ်ပြီး  ဇာတ်ကောင် အမျိုးသမီးက ချင်းပြည်နယ်မှာ ပြန်လာပြီး စာသင်ပေးခြင်းဖြင့် ကိုယ့်စိတ်ကို ပြန်လည် တည်ဆောက်နေခြင်း...
  • တစ်ယောက်ထဲအတွက် အသက်ရှင်နေတာမျိုး မဟုတ်ဘဲ လူအများအတွက် ပေးဆပ်ပြီး အသက်ရှင်နေချင်တဲ့ လူတွေအကြောင်း
  • ပညာရဲ့ အရေးပါပုံ
  • သဘာဝနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလိုအပ်ချက်နဲ့ ဝေးလံခေါင်သီတဲ့ဒေသမှာ နေရတဲ့သူတွေရဲ့ လိုအပ်ချက်တွေကြားက အားပြိုင်မှု
  • ဓါတ်ပုံတွေရဲ့ အရေးပါပုံ၊ ဓါတ်ပုံတွေက ပြောတဲ့စကားများ
  • ချင်းလူမျိုးတွေရဲ့ ရိုးရာနဲ့ ယုံကြည်မှု၊ လူမျိုးစု မပျောက်ကွယ်လိုမှု ( သွေးမနှောလိုမှု)
  • အောက်ချင်းငှက်တွေအကြောင်း နဲ့
  • တိမ်တွေအကြောင်း
စတဲ့ အကြောင်းအရာတွေကို သိသိသာသာ တစ်မျိုး၊ မသိမသာတစ်မျိုး၊ တိုက်ရိုက်နည်းနဲ့ တစ်သွယ်၊ သွယ်ဝိုက်တဲ့နည်းနဲ့တစ်ဖုံ ရေးထားပါတယ်။ သို့ပေမဲ့ ... ပွင့်ပွင့်လင်းလင်း ဝန်ခံရမယ်ဆိုရင်တော့... အဲ့ဒီအချက်တွေကို ကျော်ပြီးတော့ စာအုပ်ကို ဖတ်နေရင်းနဲ့ စိတ်ထဲမှာ တကယ် ပေါ်ပေါက်လာတဲ့ အဖြစ်ချင်ဆုံးဆန္ဒက တိမ်တွေရှိတဲ့ တောင်ပေါ်ဒေသမှာ လျှောက်လည်ပြီး တိမ်တွေကြားထဲ လမ်းလျှောက်ချင်တာပါပဲ

ဆရာမရဲ့ တိမ်တွေနဲ့ ပတ်သတ်တဲ့ အရေးအသား၊ စာကြောင်းလေးတွေဟာ ကျမရဲ့ စိတ်ကို တကယ်ကို ညှို့  ယူနိုင်ခဲ့ပါတယ်။
~ တိမ်တွေက ကိုယ့်အခန်းထဲကို ဝင်ရောက်လာတဲ့အခါ ~
~ အိမ်ထဲသို့ လွင့်မျောလျက် ဝင်ရောက်လာသော တိမ်တွေက သူမမျက်နှာကို ပွတ်တိုက်သွားသည့်အခါ အသည်းအေးလျက် အသက်ရှုပင် မှားမှားသွားသည် ~
~ တောင်အတက်မှာ ခြေလှမ်းနှေးကွေး မောပန်းပေမဲ့ အမောဖြေစရာ အတွေ့အကြုံကတော့ တိမ်တွေထဲသို့ ခရီးသွားရခြင်း ဖြစ်သည် ~
အခန်းထဲကို တိမ်တွေဝင်လာပြီး ကိုယ့်မျက်နှာကို ဖြတ်သွားတဲ့ အတွေ့အကြုံကို လက်တွေ့ ခံစားကြည့်ချင်စိတ်ဖြစ်ခဲ့သလို.. ငှက်တွေသွားကြည့်မဲ့နေရာကို လျှောက်ရတဲ့ လမ်းတစ်လျှောက် တိမ်တွေထဲခရီးသွားသလိုပါပဲလို့ ဆရာမကရေးသားခဲ့ပြန်တော့လည်း တကယ်ကို တိမ်တွေကြားထဲမှာ လမ်းလျှောက်ချင်တဲ့အာသီသတွေ ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ အချိန်တွေကကြာလာပြီး.. နေ့စဉ်လူနေမှုဘဝမှာ ပုံမှန် လှုပ်ရှားနေရတဲ့အတွက်ကြောင့် ဖြစ်ချင်တဲ့ ဆန္ဒတွေထဲက အဲ့ဒီဆန္ဒဟာလည်း အရောင်ဖျော့လာခဲ့ပါတယ်။

ခု.. ဒီ ထိုင်ဝမ်ခရီးက ပြန်အလာပြီးတဲ့အခါမှာတော့ ဒီဆန္ဒဟာ အရောင် ပြန်တောက်လာပြန်ပါပြီ။ တိမ်တွေရှိတဲ့ လှပတဲ့ တောင်ပေါ်ဒေသတစ်ခုကို ကိုယ်ချစ်တဲ့သူတွေနဲ့ အတူတူသွားပြီး အေးမြမှုနဲ့ လှပမှုတွေကို ခံစားဖို့ ကြိုးစားလိုက်ပါဦးမယ်။

"တိမ်တွေဟာ သိပ်လှတာပဲလို့ ကိုယ်ပြောရင် မင်းယုံလိုက်ပါ။"

+ + + + + + + + +

စကားကြွင်း။      ။ "တိမ်နဲ့ချည်တဲ့ကြိုး"ကို ခရီးကပြန်ရောက်ရောက်ချင်း ဖတ်ချင်ပေမဲံ အလုပ်တွေ ရှုပ်နေပြီး အရင်တစ်ပတ် weekends မှာမှ ဖတ်လို့ပြီးပါတယ်။ (ခု.. ပြီးခဲ့တဲ့ weekend မဟုတ်ပါ။) ဖတ်ပြီးသွားတဲ့နောက် စာရေးမယ်ဆိုတော့လည်း ရုံးရွှေ့ဖို့ ကိစ္စတွေနဲ့ မအားပြန်ပါဘူး။ စရေးမိတော့လည်း တစ်ဝက်တစ်ပျက်မှာတင်ရပ်ပြီး ကြားဖြတ်ပို့(စ်)တွေ ရေးနေမိပြန်ပါတယ်။ draft ထဲမှာ ကြာနေပြီမို့ ဒီညတော့ ဒီပို့(စ်)လေးကို အပြီးသတ်လိုက်ပါတယ်။ မဟုတ်ရင် mood ပျောက်ပြီး "draft post မှသည် deleted postဆီသို့"ဆိုပြီး ဖြစ်သွားမှာစိုးလို့ပါ။ =)

Regards,
witch83 ( 20/02/2013; 9:14PM; GMT+8)
To Continue Reading

December 23, 2012

ကျမနှင့် ဒီဇင်ဘာ

အရင်တုန်းကတော့
~~ ကျမနှင့် ပေါက်တတ်ကရ(၁) နဲ့
~~ ကျမနှင့် ပေါက်တတ်ကရ(၂) ဆိုပြီး နံပါတ်စဉ်တပ်ပြီး ရေးခဲ့ဖူးပါတယ်။
(၁)ကတော့ ကြက်ဆီဗူးအကြောင်းရေးခဲ့တာဖြစ်ပြီး (၂)ကတော့ ရုံးသော့ပိတ်သွားတဲ့အကြောင်း ရေးခဲ့တာပါ။ နောက်ပိုင်းပို့(စ်)တွေမှာတော့ ပေါက်ကရနောက်မှာ နံပါတ်တပ်ပြီး ရေးမဲ့အစား ဖြစ်ခဲ့တဲ့အကြောင်းအရာကိုပဲ ခေါင်းစဉ်တပ်ရေးတော့မယ်စဉ်းစားနေတုန်း ... ဒီတလော..  စိတ်သိပ်မကြည်တာကြောင့် "ကျမနဲ့ဒီဇင်ဘာ" ဆိုတဲ့ပို့(စ်)ကို ကိုယ့်စိတ်ကိုယ်ဖြေဖို့ ရေးချင်လာပါတယ်။

+ + + + + + + + + +
 
စင်္ကာပူမှာ ...ကျောင်းတက်နေစဉ်ကာလတွေမှာ.. စလုံးက X'Mas Fun, New Year Fun ဆိုတာတွေဟာ ကျမနဲ့ သိပ်.. မသက်ဆိုင်ခဲ့ပါဘူး။ ကျောင်းပိတ်ထားချိန်ဖြစ်တာကြောင့် ... ( တစ်ခါတစ်ရံမှာ Pay ပိုရလို့၊ တစ်ခါတစ်ရံမှာ ကိုယ့်အရှေ့ က senior part-timer များနဲ့ full-timerများက လူလည်ကျပြီးဆွဲထားတဲ့ work shift ကို လုပ်ရလို့ စတဲ့ အကြောင်းပြချက်တွေနဲ့အတူ ...) အချိန်ပိုင်းအလုပ်ဝင်လုပ်ပြီး ပိုက်ဆံစုနေခဲ့ပါတယ်။ အချိန်အကြာကြီးမတ်တပ်ရပ် အလုပ်လုပ်ပြီးလို့ ညမိုးချုပ် .... အိမ်ပြန်ချိန်ရောက်တဲ့အခါ... ပျော်နေကြတဲ့ လူအုပ်ကြီးကို စိတ်ပျက်လက်ပျက်နဲ့ကြည့်ပြီး ... အိမ်ကို အမြန်ပြန်ရောက်ရေးကိုသာ တွေးမိခဲ့ပါတယ်။ ပျော်ဖို့ဆိုတာထက် ကိုယ့်အိမ်ပြန်ပြီး ရေနွေးလေးနဲ့ရေချိုး... ကိုယ့် အခန်းလေးထဲက အိပ်ရာပေါ်မှာ ကျောဆန့်ဖို့ကိုသာ.. ပိုလိုချင်ခဲ့မိပါတယ်။

ဒီလိုနဲ့ .. ကျောင်းပြီးပြီး တကယ့်အလုပ်ခွင် ဝင်တဲ့အချိန်ရောက်တော့.. ကိုယ့်ကို အလုပ်က ခွင့်ရက်ရှည်ပေးတဲ့အချိန်ဟာ ဒီဇင်ဘာဖြစ်သွားပါတယ်။ ကိုယ့်အိမ်ပြန်ချိန် ဖြစ်သွားပါတယ်။ ဒါကြောင့်လည်း အဲ့ဒီ ပျော်စရာတွေကို တန်ဖိုးမထားဘဲ ကိုယ့်ကိုအမှန်တကယ် နွေးထွေးမှုပေးတဲ့ မိသားစုဆီကို ပြန်ဖို့ကိုသာ တန်ဖိုးထားခဲ့ပါတယ်။

ဒီနှစ်တော့ ညီမ..မင်္ဂလာဆောင်ရှိတာကြောင့် .. ဂျူလိုင်လမှာတစ်ကြိမ်.. နိုဝင်ဘာလမှာတစ်ကြိမ် ခွင့်ယူခဲ့တာမို့ ဒီဇင်ဘာမှာ ခွင့်တစ်ရက်မှ မကျန်တော့ပါဘူး။ ဆေးခွင့်တွေအများကြီးကျန်ပေမဲ့လည်း ဘယ်တုန်းကမှ နေမကောင်းဘဲ MC မယူချင်သူမို့၊ မယူခဲ့သူမို့.. တရုံးလုံး ခွင့်ယူနေချိန်မှာ ရုံးစောင့်လုပ်နေရပါတယ်။ ဒီကြားထဲ... ပိတ်ရက်တွေကြားမှာ မနက်ဖြန်တစ်ရက်က ကတ်သီးကတ်သတ်နဲ့ ရုံးဖွင့်နေပါတယ်။ မနက်ဖြန်တစ်ရက်လည်း ... စိတ်မပါဘဲ... အလုပ်သွားလုပ်ရပါဦးမယ်။

ပိတ်ရက်တွေမှာ လျှောက်လည်မယ်ဆိုတော့လည်း အားလုံးက ကိုယ့်ကိတ်စနဲ့ကိုယ် အလုပ်ရှုပ်နေကြလို့ အိမ်မှာ အခန်းပိတ်ပြီးနေနေရပါတယ်။

ဒီလို holiday blues တွေကို ဖြေဖျောက်ဖို့ရာ ဒီနေ့တော့ ... wet market ကဝယ်လာတဲ့ ငှက်ပျောအူမနုနုလေးရယ်၊ ငါးဖယ်အစားထိုးပြီး ထည့်ထားတဲ့ ငါးလုံးတွေရယ်ကို ပင်ပျိုရွက်နု ready made မုန့်ဟင်းခါး ထုတ်နဲ့အတူရောချက်ပြီး...အိုးကြက်ဥ၊ city hall, penesula plaza မှာရှိတဲ့ မြန်မာဆိုင်ကဝယ်လာတဲ့ပဲကြော်၊ ဒီမနက် food courtကဝယ်လာတဲ့ အီကြားကွေး တို့နဲ့အတူ.. တနေကုန် တစ်ပွဲပြီးတစ်ပွဲ ထိုင်စားနေပါတယ်။ အစားကောင်းကောင်းစားရတဲ့အပြင် ... ဒီစာကိုရေးနေတာမို့ စိတ်ဖြေသလို ဖြစ်ပြီး အခုချိန်မှာတော့ စိတ်အတော်ပြေသွားပါပြီ။

လာမဲ့ အင်္ဂါနေ့မှာလည်း ဘယ်မှမသွားပဲ ခရစ်(စ်)မတ်နေ့မှာ ထောပတ်ထမင်းရယ်၊ (မဆလာနဲ့ ) ကြက်သားဆီပြန်လေးရယ်၊ ချဉ်ပေါင်ဟင်းရည်ကိုချက်ပြီး ကျောက်ပွင့်ဆိမ့်ဆိမ့်လေး သုတ်စားပါဦးမယ်။

အားလုံးပဲ "Merry X'Mas and Happy New Year"ပါ။ 
ဒီ holidayမှာ... ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။း)




~~~May the coming year bring you love, wealth, health and success~~~

မှတ်ချက်။       ။ စိတ်ပြေသွားတဲ့အချိန်မှာတော့.. ဒီဇင်ဘာရဲ့ ကောင်းတဲ့အချက်လေးတွေ မြင်မိလာပါတယ်။ နောက်မှပဲ ကောင်းတာတွေကို ရေးချတော့မယ်။ :P

Thank you for reading this post.

witch83
23/Dec/2012; 9:06AM; GMT+8
To Continue Reading

November 27, 2012

Yangon Trip Diary 2012 ( 2 Nov ~ 13 Nov)

ဒီကုမ္ပဏီမှာက ခွင့်ယူရင် နှစ်ကုန်ပိုင်းမှ "clearing leaves"ဆိုပြီး ခွင့်ရက်ရှည် ယူလို့ရပါတယ်။ မနှစ်တုန်းကဆို ဒီဇင်ဘာလ ကုန်ခါနီးမှ ခွင့်ရပါတယ်။ ဒီဇင်ဘာဆို အလုပ်သိပ်မရှိတာကတစ်ကြောင်း၊ အားလုံးလိုလိုက clear လုပ်တာကတစ်ကြောင်းကြောင့် ဒီဇင်ဘာလမှပဲ ခွင့်ရက်ရှည်ပေးပါတယ်။ ဒါပေမဲ့ ဒီနှစ်တော့ ညီမရဲ့ မင်္ဂလာဆောင်ရှိတာကြောင့် family event အနေနဲ့  ဇူလိုင်လမှာတစ်ကြိမ်၊ နိုဝင်ဘာလဆန်းမှာတစ်ကြိမ် ခွင့်ရက်ရှည်ရပါတယ်။ ဒါကြောင့် နိုဝင်ဘာလ (၂)ရက်နေ့မှာ ရန်ကုန်ကိုပြန်ပြီး (၁၃)ရက်နေ့မှာ စလုံးကို ပြန်လာခဲ့ပါတယ်။ 

ရန်ကုန်မပြန်ခင်
မင်္ဂလာဆောင်ရှိတာမို့ ရန်ကုန်မှာ သုံးစရာတွေရှိတာကြောင့်... စက်တင်ဘာလထဲမှာရော၊ အောက်တိုဘာလဆန်းမှာပါ... ဒီမှာသုံးဖို့ နည်းနည်းပဲချန်ပြီး၊ ရန်ကုန်ကို ပိုက်ဆံ အကုန်..လွှဲလိုက်ပါတယ်။လွှဲပြီးမှ ငွေသုံးစရာတွေက ပေါ်လာပါတယ်။ တယ်လီဖုန်းဘေ(လ်)ကလည်း ဒီလကျမှ outgoing call ကို အလွန်အကျွံ ပိုပြောမိပါတယ်။ ဘေ(လ်)မြင်ပြီး တော်တော် ရင်ခံသွားပါတယ်။ ( စကားချပ်။   ။ ဒါဟာ စလုံးမှာနေခဲ့တဲ့ နှစ်တွေတလျှောက်လုံးမှာ ပထမဆုံးပါ။ ကျောင်းသူဘဝတုန်းက student plan နဲ့ မိနစ်(၁၀၀)ဖိုးဝယ်ပြီး မိနစ်(၂၀၀)ဖိုးသုံးရတုန်းကတောင် မိနစ်ကိုကျော်မသုံးဖူးပါဘူး။ မိနစ်ကျော်မဲ့ကျော်တော့လည်း အလွန်အကျွံ)။ ဒီကြားထဲ သူငယ်ချင်းအရင်းတစ်ယောက်ကလည်း ငွေလိုနေတော့ ကူလိုက်ရပါသေးတယ်။ အောက်တိုဘာလ (၂၈)ရက်နေ့မှာ အိမ်ပြောင်းဖို့ရှိပေမဲ့ လခက(၂၆)၊  (၂၇)ရက်နေ့ဆို ပုံမှန်ဝင်တတ်တော့ စိတ်..သိပ်မပူမိပါဘူး။ အဲ... ကံဆိုးချင်တော့ Operation Managerမက audit တွေနဲ့ အလုပ်တွေရှုပ်နေတဲ့အပြင် ..မလေးရှားသွားရလို့ လခက ဝင်နေကြအချိန်မှာ မဝင်ပါဘူး။
(၂၈)ရက်နေ့မှာက အိမ်လခတစ်လစာနဲ့ ကျန်နေတဲ့ စပေါ်တစ်ဝက်၊ ပြီးတော့ (၄)ရက်စောဝင်လို့ ရက်နဲ့တွက်ပြီးပေးရမဲ့ အခန်းငှားခ၊ အိမ်ပြောင်းပေးတဲ့ mover အစ်ကိုကြီးကို ပေးရမဲ့ အဖိုးအခ.. အားလုံးပေါင်းတွက်ပြီး မျက်လုံးပြူးရပါတော့တယ်။ အဲ့ဒါနဲ့ သူငယ်ချင်းဆီက ပိုက်ဆံပြန်တောင်း၊ ပြီးတော့ wallet ထဲကငွေသားအပါအဝင် ကိုယ့်မှာရှိတဲ့ပိုက်ဆံအားလုံးကိုစုလိုက်တော့ ပေးရမဲ့ပိုက်ဆံပမာဏထက် (၇၀)လိုနေပါတယ်။ ဒါနဲ့ပဲ (၂၉)ရက်နေ့မှာ လခ ပုံမှန်ဝင်တဲ့ သူငယ်ချင်းကို ( သူ့မှာ ပိုက်ဆံ သိပ်..မကျန်တော့မှန်း သိပေမဲ့) ပိုက်ဆံ ချေးခိုင်းရပါတော့တယ်။ လခက (၃၀)ရက်နေ့မှဝင်ပြီး (၃၁)ရက်နေ့မှ သုံးလို့ရပါတယ်။ ပြန်မှာက နိုဝင်ဘာလ(၂)ရက်နေ့ မနက်အစောပိုင်းမို့ တော်တော် ကသိကအောက် ဖြစ်ပါတယ်။ credit card ကလည်း ကိုယ့်အတွက်ရော၊ သူငယ်ချင်းတစ်ယောက်အတွက်ပါ IPP plan နဲ့ ဝယ်ထားပြီး သူများမှာတဲ့ ပစ္စည်းတွေကို credit card နဲ့ဝယ်ထားပေးတာမို့ ပိုက်ဆံသိပ်မကျန်တော့ပါဘူး။ bill ဆောင်ရအောင်ကလည်း လခဝင်ပြီးမှ ဆောင်လို့ရမှာဆိုတော့။ လက်ဆောင်တစ်ချို့  ကြိုဝယ်ထားလို့သာတော်ပါတော့တယ်။ ကျန်နေတဲ့သူတွေအတွက်ကိုတော့ လေယာဉ်ကွင်းကို မနက် အစောကြီးရောက်အောင်သွားပြီး လေဆိပ်ကဆိုင်တွေမှာ ဝယ်ရပါတော့တယ်။

အီဖေကိုယ်နှင့်  စလုံးလေဆိပ်လုံခြုံရေး
ခရီးသွားရင် ကျော့ကျော့လေး သွားရတာကိုကြိုက်ပေမဲ့ လက်ဆောင်ထုတ်တွေပါတာကြောင့် hand carry တစ်အိတ် ယူလာပါတယ်။ ဝယ်ထားတဲ့ လက်ဆောင်အိတ်ကို ချုံ့ ပြီးပေါင်းထည့်ထားပေမဲ့ hand carry အိတ်အပြင်၊ အိတ်က နောက်တစ်အိတ်သတ်သတ် ထပ်ဖြစ်နေပါတယ်။ Boarding queue ကတော်တော် ရှည်ပါတယ်။ နာရီဝက်ကျော်လောက်များ စောင့်ရသလားတောင် မသိပါဘူး။ အရေးထဲ လူဖြူအဖွားကြီးတစ်ယောက်က ကြားလာဖြတ်ပါသေးတယ်။ ပြောလိုက်ပါသေးတယ် " ကြားဖြတ်ရလို့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ လူတန်းကြီးက အရမ်း ရှည်လို့ပါ" ဆိုပြီး။ ကိုယ့်အရှေ့ က လူလတ်ပိုင်း ကိုလူဖြူလူရွယ်ကလည်း "ဒါ လူတိုင်းလုပ်ရတဲ့ တစ်ခုတည်းသောနည်းလမ်း၊ အနောက်မှာ စီနေတဲ့သူတွေအများကြီး..ဘာညာဆိုပြီး" ကွန်ပလိန်းတက်ပါတယ်။ အဖွားကြီးက မျက်နှာနည်းနည်းပျက်သွားပေမဲ့ နေရာကတော့ မရွေ့ ပါဘူး။ ( သြော်... နိုင်ငံကြီးသူ၊ နိုင်ငံကြီးသူ)။
လေယာဉ်ချိန်က ၇း၅၅၊ ကိုယ့်အလှည့်ရောက်တော့ ၇း၃၀နေပါပြီ။ ပစ္စည်းတွေကို scanဖတ်တော့ အရည်ပါတယ်လို့ပြောပြီး ထုတ်ခိုင်းပါတယ်။ ကိုယ်ကလည်း လုံးဝ မထည့်ထားသူမို့ ... မပါဘူး။ ကိုယ့်ဘာသာကိုယ်ရှာလို့ ပြောပြီးငြင်းပါတယ်။ ( ဒီနေရာမှာ စလုံးက လုံခြုံရေးအရာရှိနဲ့ မြန်မာပြည်ကအရာရှိ ကွာပါတယ်။ ကိုယ့်ပစ္စည်းကိုကိုင်ရမှာ အသေကြောက်ပါတယ်။ အထက်စီးက မပြောပါဘူး။) သူနဲ့ကိုယ်ရှာရင်းနဲ့မှ သူငယ်ချင်းထည့်ပေးလိုက်တဲ့ ဘုန်းကြီးကိုလှုဖို့ထည့်ထားတဲ့အထုတ်ထဲက ယိုလိုလိုဟာကို သွားတွေ့ပါတယ်။ အဲ့ဒါနဲ့ ထားခဲ့ရပါတယ်။ နှမြောဖို့ ကောင်းပါတယ်။ လခသိပ်မကောင်းတဲ့ သူငယ်ချင်းက သဒ္ဓါပေါက်ပေါက်နဲ့ ဘုန်းကြီးကို ဈေးကြီးတာတွေ ဝယ်လှုလိုက်တာပါ။ သူငယ်ချင်းကိုပြန်ပြောတော့ အဲ့ဒါ ငှက်သိုက်လို့ ပြောပါတယ်။ အဲ့ဒါပါတယ်လို့ ကျမကို သူပြောလိုက်တယ်လို့လည်း ပြောပါတယ်။ ပြန်စဉ်းစားတော့ မသေချာပါဘူး။ ထားပါတော့။ သူလာပို့တဲ့အချိန်က တော်တော် နောက်ကျနေပြီး ကိုယ်ကလည်း တခြားသူငယ်ချင်းတစ်ယောက်အိမ်ပြောင်းတာ သွားကူပြီးအပြန်ဆိုတော့ ပင်ပန်းပြီး အိပ်ငိုက်နေပါပြီ။
ဘာပဲဖြစ်ဖြစ် လေဆိပ်မှာအစစ်ခံရတာဟာ ကျမဘဝမှာ ဒါ... ပထမဦးဆုံးပါပဲ။ ကိုယ်တိုင်မထည့်ထားတဲ့ပစ္စည်းကို အရှာခံရခြင်း အကျိုးဆက်အနေနဲ့ကတော့ ပစ္စည်းတွေ ပွကျဲကုန်တာပါပဲ။ ပစ္စည်းတွေ ပြန်ထည့်ပြီးထွက်အလာမှာ ကျမ အရမ်းကြိုက်တဲ့ (ကျမသူငယ်ချင်းတွေလည်း ကြိုက်ကြတဲ့) အမြဲဝတ်နေကျ ကုတ်အကျီ င်္အမဲလေး ကျကျန်ခဲ့ပါတယ်။ လေယာဉ်ထွက်မှ သတိထားမိပါတယ်။ နှမြောလိုက်တာ။ :(

ရန်ကုန်လေဆိပ် အတွေ့အကြုံ
ရန်ကုန်ရောက်တော့ queue စီပြီး တော်တော်ကြာမှ Form နောက်တစ်ခုလိုနေတာ သိရလို့ ဖောင်ပြန်သွားယူပြီးဖြည့် queue ပြန်စီ။ ဒါနဲ့ပဲ မကြာသင့်ဘဲ ကြာသွားပါတယ်။ Immigrationဝင်တော့ လူတွေ နည်းနည်း ပြောင်းလဲသွားပါပြီ။ လူဝင်မှုကြီးကြပ်ရေးအရာရှိက သိပ်..စကားမများတော့ပါဘူး။ အဖေနာမည်မေးပြီး မပြန်ခင် D-Form လုပ်ဖို့ပဲ ပြောပါတယ်။
(အရင်အခေါက်တုန်းကတော့ Passport ထဲ (တမင်တကာ) ပိုက်ဆံ(၁၀)မညှပ်ဘဲပေးလိုက်လို့ ... ဒီနိုင်ငံကို ဘာလို့ သွားတာလဲ၊ ဟိုနိုင်ငံကိုဘာလို့သွားတာလဲ၊ ဘာ pass နဲ့နေတာလဲ။ အလုပ်လုပ်တဲ့ cardလေးပြပါ၊ အလုပ် ဘယ်တုန်းကစလုပ်တာလဲ.. မေးတာ စုံနေတာပါပဲ။ နောက်ဆုံး.. စိတ်မရှည်တော့လို့ .. အလုပ် ကိစ္စနဲ့သွားတာ၊ business visa လို့ စာရွက်ပေါ်မှာ ရေးထားတာတွေ့တယ်မဟုတ်လား။ အလုပ်ကိစ္စနဲ့ သွားတာပေါ့။  ဘာပြဿနာရှိနေလို့လဲဆိုပြီး မျက်နှာကြောတင်းတင်းနဲ့ မေးလိုက်တော့မှ... အနားကို In-charge တစ်ယောက် ကောင်တာနား ရောက်လာပါတယ်။ အဲ့တော့မှ.. အဲ့ဒီ ကောင်တာကလူလည်း ဘာမှ ဆက်မမေးတော့ဘဲ ပေးဝင်လိုက်ပါတယ်။     
နောက်တစ်ခုသတိထားမိတာက Immigration ဝင်တော့ နိုင်ငံခြားသားတွေဘက်က queueက အရှည်ကြီးပါပဲ။မြန်မာတွေဘက်မှာ လူသိပ်မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ရန်ကုန်ပြန်တိုင်း လူဝင်မှုကြီးကြပ်ရေးအရာရှိကို ဒေါ်လာတစ်ဆယ်နဲ့ ချောကလက်တစ်တောင့် ဘယ်တုန်းကမှ မပေးခဲ့ဖူးတာ ကိုယ့်ကိုကိုယ် ကျေနပ်မိပါတယ်။ 

Immigrationကိုကျော်တော့ အိတ်သွားရွေးရပါတယ်။ ကိုယ်သယ်လာတဲ့ hand  carry အိတ်ကို ညီမအမျိုးသားရဲ့အစ်ကိုက သူ့လှည်းပေါ် တင်ထားပေးပါတယ်။ ( သူက စလုံးကို transit ပါ။) ပြီးတော့ ကိုယ်က laggage collection လုပ်တဲ့နေရာနားသွားပြီး ကိုယ့်အိတ်ကို သွားစောင့်နေလိုက်ပါတယ်။ အစောကြီး check in ဝင်မိလို့လား မသိပါဘူး။ အိတ်က တော်တော်နဲ့ထွက်မလာပါဘူး။ ထွက်လာတော့ အိတ်ယူတဲ့ပုံက ရီရပါတယ်။ ဒီတစ်ခေါက်က ပဲများပြီး ပြန်လာတာဆိုတော့ စကပ်အတိုအကျပ်နဲ့၊ ဒေါက်ဖိနပ်အချွန်၊ အမြင့်နဲ့ ဖြစ်နေပါတယ်။ ဘေးတိုက်အတိုင်းလာနေတဲ့ ကိုယ့်အိတ်ကိုဆွဲမယူပြီး ( လေးလို့)အောက်ကို ပစ်ချလိုက်ပါတယ်။ ပြီးမှ ဘေးတိုက်ကို အပေါ်ပြန်ထောင်၊ ဆွဲတဲ့လက်ကိုင်ကိုထုတ်ပြီး .. ကိုယ့်ကို နောက်ကနေ မျက်လုံးပြူးနဲ့ကြည့်နေတဲ့ သူ့အစ်ကိုကို "I am done, let's go"ဆိုပြီး ခပ်တည်တည်နဲ့ ထွက်လာခဲ့ပါတယ်။ လေဆိပ်ရောက်နေတဲ့ ကြီးတော်အလတ်ကတော့ ကိုယ်ဖြစ်နေတာတွေကို နောက်ကနေမြင်ပြီး အသည်းယားနေပါတယ်။ ကိုယ်မှန်းလည်း သူ..မသိပါဘူး။ ဒီကောင်မလေး စကပ်တိုလေးနဲ့ဆိုပြီး စိတ်ထဲတွေးနေတုန်း ကိုယ်က သူ့မြင်ပြီး လက်ပြလိုက်တော့ ..အမလေးဟဲ့ ငါ့တူမ.. အတင်းမပြောမိတာကံကောင်းဆိုပြီး ဖြစ်သွားပါတော့တယ်။ :P

ကိုယ်တိုင်မြင်တွေ့ခဲ့ရသော လက်ရှိရန်ကုန်
မြန်မာပြည်မှာ အရင်က ပိုက်ဆံရှိမှ ကားစီးနိုင်၊ ဟန်းဖုန်းကိုင်နိုင်ပေမဲ့ အခုတော့ အဲ့လို မဟုတ်တော့ပါဘူး။
(၁) ကိုယ့်မျက်စိနဲ့တွေ့ရတာတော့ ကားတွေ အရမ်း များလာတယ်ဆိုတာပါပဲ။ လမ်းတွေ တအားကျပ်ပြီး အပြင်ထွက်ရင် လမ်းပေါ်မှာတင် တော်တော် အချိန်ကုန်ပါတယ်။ ကားမောင်းကြတာလည်း စည်းပျက်၊ကမ်းပျက်ကြီးပါပဲ။ ကားအရေအတွက်တိုးလာတာ၊ ဈေးကျလာတာ တကယ်ပဲ ဝမ်းသာမိပါတယ်။ ဒါပေမဲ့ လမ်းတွေ တိုးချဲ့ ဖို့တော့ လိုနေပါပြီ။ လှည်းတမ်းဂုံးကျော်တံတားကြီးကတော့ ကိုယ်စလုံးပြန်လာတဲ့ နိုဝင်ဘာလ (၁၃)ရက်နေ့အထိ မပြီးသေးပါဘူး။ အိုဘားမားလာတဲ့နေ့က မျက်နှာစာအုပ်ပေါ်မှာ တွေ့လိုက်ရတာကတော့ လှည်းတန်းဂုံးကျော်တံတားကြီး ပြီးသွားပါပြီ။ လမ်းကြီးမှ အကျယ်ကြီးပါပဲ။ 
(၂) နောက်တစ်ခုက ဖုန်း service ပါ။ ရန်ကုန်ကို လေယာဉ်ဆိုက်ဆိုက်ချင်း "Welcome to Myanmar, Roaming service... blah blah"ဆိုပြီး sms ဝင်လာပါတယ်။ ဈေးကြီးနေသေးပေမဲ့ International Roaming service ရပြီမို့ ဝမ်းသာပါတယ်။ နောင်ဆို dataနဲ့ sms roaming ပါ ရမယ်ထင်ပါရဲ့။
နောက်ပြီး လိုင်းတွေ ပို..ကောင်းလာပါတယ်။ အရင်တုန်းက အိမ်ရှေ့ ဝရန်တာရဲ့ နေရာနှစ်ခုမှာ မတ်တတ်ရပ်ပြီးပြောမှ၊ ညဘက်ဆိုရင်တော့ ထိုင်ပြောလို့ရပါတယ်။ အိမ်နောက်ဖေးမှာ တခါတလေ လိုင်းမိပါတယ်။ မဟုတ်ရင် လိုင်းမမိပါဘူး။ အခုဆိုရင် handset အဟောင်း၊ အစုတ်သုံးတာတောင် အိမ်အတွင်းထဲကနေလည်း ပြောလို့ရပါတယ်။ ဖုန်းကို အခန်းထဲထည့်ထားလည်း ဖုန်းမြည်ပါတယ်။ လိုင်းမကောင်းဘူးဆိုပြီး Internet ပေါ်မှာ ကာတွန်းပုံတွေ ဘာကြောင့်များ ခုထိ ရှယ်ကြတုန်းလဲဆိုတာ စဉ်းစားမရနိုင်ပါဘူး။ အရင်ကဆို ရန်ကုန်ကို ဖုန်းခေါ်ရတာ အရမ်း ခက်ပါတယ်။ ခုများဆို ဖုန်းခေါ်ရတာ လွယ်သွားပါတယ်။ တစ်ခါတစ်ရံ ကိုယ့် handsetမကောင်းတာ ကြောင့်လည်း ဖုန်းပြုတ်ကျတာ ဖြစ်နိုင်ပါတယ်။ ဖုန်းခေါ်မရတာ ဖြစ်နိုင်ပါတယ်။ စလုံးလိုနေရာမှာတောင် တစ်ခါတစ်လေ ဖုန်းခေါ်မရဘူးဆိုတာ ဖြစ်တတ်သေးတာပဲ မဟုတ်လား? ဒါပေမဲ့ .. မြန်မာပြည်ဟာ Standardization တော့ လုပ်ဖို့လိုပါတယ်။ GSM ရော၊ CDMA ရော၊ WCDMA၊ Satellite ရော၊ Cellularရော .. နည်းစုံလျှောက်လုပ်တော့ လိုင်းတွေ ရှုပ်ကုန်ပါတယ်။ မြို့ပြဧရိယာမှာ GSM ကို ဒီ frequency နဲ့သုံးမယ်၊ ကမ်းရိုးတန်းဧရိယာဆို WCDMA သုံးမယ်အားလုံးကို uniform လုပ်တာ ပိုအဆင်ပြေမယ် ထင်ပါတယ်။ နောက်ပိုင်းတော့ ပြောင်းမယ် ထင်ပါတယ်။ ခုတောင် cellular phone တွေသိမ်းပြီး တခြားဖုန်းအသစ် ပြန်ထုတ်ပေးတယ်ဆိုလားပဲ။    
ဖုန်းဈေးတွေ ကျလာတာကိုလည်း ဝမ်းသာပါတယ်။ ကျပ် (၅၀၀၀)တန် SIM ကဒ်ဆိုပြီး မဖြစ်နိုင်လွန်းတဲ့ကိစ္စမျိုးကို တောင်းဆိုမနေချင်တဲ့သူဆိုတော့ ဖုန်းတွေ ပေါများလာပြီး ဈေး..ကျလာတာကိုပဲ ဝမ်းသာမိပါတယ်။ ပွဲစားလည်း မလိုတော့သလို အပိုငွေဆောင်းပေးရတယ်ဆိုတာ မရှိတော့တာကလည်း အပေါင်းလက္ခဏာပါပဲ။ ခုပဲခေတ်ပြောင်း၊ ခုပဲ (၅၀၀၀)တန်ဖုန်းချပေးဆိုတာကတော့ ပြည်သူတွေ နည်းနည်း demanding ဖြစ်တယ် ထင်ပါတယ်။ မြန်မာနိုင်ငံဟာ ဟန်လည်းမရှိ၊ အဆံလည်းမရှိတော့တဲ့နိုင်ငံပါ။ ဘယ်သူ့ကြောင့်၊ ဘယ်ဝှာ့ကြောင့်လို့ ပြောနေရမဲ့အချိန်လည်း မဟုတ်တော့ပါဘူး။ အစိုးရနဲ့လူတစ်ချို့ ကို အပြစ်မတင်မီ၊ ကိုယ်တိုင်ကရော နိုင်ငံသားကောင်း ဟုတ်ရဲ့လား ပြန်မေးသင့်ပါတယ်။ ကိုယ့်တိုင်းပြည်ကိုရော ဘာပြန်ပေးပြီးပြီလဲဆိုတာ တွေးသင့်ပါတယ်။ ကိုယ်ကိုတိုင်က အပြင်ကလူဖြစ်ပြီး ဒါမျိုးပြောရတာလည်း သဘာဝမကျဘူးဆိုတာ သိပါတယ်။  အထဲမှာရှိတဲ့သူလည်း မကူနိုင်၊ အပြင်မှာရှိတဲ့သူတွေလည်း မပြန်နိုင်တဲ့အချိန်မှာ ပြင်နိုင်တဲ့သူတွေ၊ ပြင်ချင်တဲ့သူတွေ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေချိန်မှာ ကိုယ်နိုင်တာလေးတွေ ဝိုင်းလုပ်ပေးရင်း ကောင်းသောပြောင်းလဲခြင်းတွေကို ကြိုဆိုသင့်ပါတယ်။ တအားကြီးလည်း စွတ်..မတောင်းဆိုသင့်ပါဘူး။ စိတ်မတည့်တာနဲ့ စီတန်း ဆန္ဒပြတာမျိုးကိုလည်း မကြိုက်ပါဘူး။  ( ဒါမျိုးစကား FB ပေါ်မှာ သွားမပြောရဲပါဘူး။ သိတယ်မလား? ခုခေတ်က FB ပေါ်မှာ လူတွေ အဆဲခံရတဲ့ခေတ်လေ၊ ဘဘော့ဂါအစ်မတစ်ယောက်ပြောသလိုပေါ့... ဘာမှ မလုပ်လည်း အဆဲခံရတယ်၊ တစ်ခုခုထလုပ်လည်း အဆဲခံရတယ်။ အကောင်းပြောလည်း အဆဲခံရတယ်၊ မကောင်းပြောလည်း အဆဲခံရတယ်.. )

ကျမညီမရဲ့ မင်္ဂလာဆောင်
ရန်ကုန်ပြန်ရောက်ပြီး နောက်တစ်ရက် စနေနေ့က မိဘမဲ့စာသင်ကျောင်းမှာ မင်္ဂလာဦးအလှုအနေနဲ့ ဘုန်းကြီးတွေနဲ့ မယ်သီလရှင်တွေကို ဆွမ်းကပ်၊ ကလေးတွေကို ထမင်းကျွေး၊ ကျောင်းစိမ်း၊ စာအုပ်၊ ခဲတံ စသဖြင့် လိုတာတွေကိုလှု... ကိုယ့်အလှုမဟုတ်ပေမဲ့..  မြင်ရတာ အရမ်း ကြည်နူးရပါတယ်။ သဒ္ဓါ အရမ်းပေါက်တာနဲ့ တစ်မျိုးလုံးဆီက အလှုလိုက်ခံ၊ ကိုယ်တိုင်လည်း အလှုငွေထည့်ပြီးတော့ ပိုက်ဆံလှုလိုက်ပါတယ်။ ကျမညီမရဲ့ မင်္ဂလာဦးအလှုပြီးတော့ မင်္ဂလာဧည့်ခံပွဲအတွက် လိုတာတွေလိုက်ဝယ်၊ ပြင်ဆင်စရာရှိတာတွေပြင်ဆင် အလုပ်တွေ ရှုပ်နေတာပါပဲ။ ဧည့်ခံပွဲနေ့ကျတော့လည်း ရှုပ်ရှက်ခတ်နေတာပါပဲ။ "မင်္ဂလာဆောင်ရတာ တော်တော် မလွယ်ပါလားနော်"လို့ မေမေနဲ့ ကြီးကြီးကို ပြောလိုက်တော့ သူတို့က သဘောတွေကျပြီး ရီပါတယ်။ ဒါဆို "ညည်းက မယူတော့ဘူးလား" တဲ့.. မယူဘူးမပြောပါဘူး။ ယူကို ယူမယ်လည်းမပြောပါဘူး။ မင်္ဂလာဆောင်ရတာ စိတ်မော.. လူမောဖြစ်ရတယ်။ မလွယ်ဘူးလို့ ပြောတာပါ။ :P

Family Gathering
မိသားစုမင်္ဂလာဆောင်လည်းဖြစ်... ဟိုး အစောကြီးကတည်းက ကြိုစီစဉ်ထားတာကြောင့်.. အားလုံး အိမ်ပြန်လာကြတာမို့ family gathering လို့ပြောရင် ရနိုင်ပါတယ်။
- အလုပ်များတဲ့ကြားက အိမ်ကချက်ပေးတဲ့ ဟင်းကောင်းကောင်းလေးတွေစားရင်စား၊
- အမျိုးတွေအိမ်လျှောက်လည်ပြီး ချက်ပြီးတဲ့ မြန်မာဟင်းအထူးအဆန်းတွေစားရင်စား
- အပြင်ထွက်ပြီး YKKO တို့၊ မင်းလမ်းမုန့်တီတို့ သွားစားတဲ့အခါစား
- မိသားစု ဓါတ်ပုံတွေရိုက်၊ လူကြီးတွေကိုကန်တော့၊ မောင်နှမတွေပြန်စုံ၊ ငြင်းကြ၊ နောက်ကြ၊ စကားနာထိုးကြ .. ပျော်စရာကြီးပါပဲ။ နေခဲ့ရတဲ့(၁၀)ရက်တာကာလဟာ တော်တော် မြန်လွန်းပါတယ်။

ပဲခူးခရီးတို
မင်္ဂလာဧည့်ခံပွဲပြီးနောက်တစ်ရက်ကတော့ အိမ်မှာ မနက်ပိုင်းနား.. ညနေဘက် မိသားစုစားဝိုင်းလေး တစ်ခု အပြင်မှာလုပ်။ နောက်တစ်ရက်ကျတော့ ပဲခူးကို နေ့ချင်းပြန်ခရီးထွက်ပါတယ်။ တနေကုန် ပျော်စရာကြီးပါပဲ။
စသွားတုန်းက ရန်ကုန်အလွန်မှာရှိတဲ့ စိုပြေစားသောက်ဆိုင်ကို သွားတာပါ။ နောက်နေ့မနက်အစော လေဆိပ်ဆင်းရမှာမို့ ခရီးမသွားချင်ပေမဲ့ ညီမနှစ်ယောက်နဲ့ မောင်လုပ်သူတို့က တက်ကြွနေတာမို့ ညီမရဲ့သူငယ်ချင်းကလည်း စိုပြေကို ညွှန်းထားတာမို့ သွားဖို့ သဘောတူလိုက်တာပါ။ ကျမညီမက သူ့ wedding dinner ကိုမလာတာ မကျေနပ်နေသူမို့ ခရီးတိုသွားဖို့ သဘောတူလိုက်တာပါ။ ဒါပေမဲ့ နောက်နေ့မနက်.. တကယ်လည်း မြို့ပြင်ထွက်ရော.. စိုပြေကနေ ပဲခူးဖြစ်သွားပါတယ်။ ပဲခူးအပြန်မှ စိုပြေဝင်မယ်ဆိုပြီး အစီအစဉ်ပြောင်းသွားပါတယ်။ 
ပဲခူးမဝင်ခင် ထမင်းဝင်စားပါတယ်။ ဆိုင်နာမည်တော့ မမှတ်မိပါဘူး။ ဆိုင်လေးက တော်တော် ကောင်းပါတယ်။ ကားတွေရပ်ပေးနေကျဆိုင်တော့ မဟုတ်ပါဘူး။ အဝစား (၂၅၀၀)လို့ ဆိုပါတယ်။ ဒီနေရာမှာ သတင်းတစ်ခုပေးချင်ပါတယ်။ စားပွဲထိုးလေးက တစ်ယောက်..အဝစား (၂၅၀၀)လို့ ပြောလိုက်တော့ ကိုယ်က ထမင်းပွဲပေါ်မူတည်ပြီး ယူတယ်ထင်လို့ ဟင်းတွေမှာမယ်ဆိုတော့ ညီမက တားပါတယ်။ အဝစား (၂၅၀၀)ဆိုပေမဲ့ .. သူက ဟင်းပွဲယူတဲ့အပေါ်မှာ ပိုက်ဆံယူတာပါ။ ကျန်တာက ထမင်းလိုက်ပွဲအနေနဲ့ ယူတာပါ။ ဥပမာ။    ။ ကိုယ်တွေက လူ(၆)ယောက်ရှိပြီး ဟင်း(၄)ပွဲ၊ ထမင်း(၆)ပွဲမှာတယ်ဆိုပါစို့။ သူက (၂၅၀၀ x ၄ = ၁၀၀၀၀+ ထမင်း (၂)ပွဲစာ = ၅၀၀ x ၂ = ၁၀၀၀; ပေါင်း = ၁၁၀၀၀ကျပ်) ယူပါတယ်။ ဟင်းမှာတဲ့သူက ထမင်း ထပ်တောင်းရင် ပိုက်ဆံပေးစရာမလိုပါဘူး။ ပုစွန်ဟင်းကတော့ ချွင်းချက်အနေနဲ့ တစ်ပွဲ (၄၀၀၀)ပါ။ အဲ့ဒါကိုလည်း ကြိုပြောပါတယ်။ အကောင်လည်း ကြီးပါတယ်။ အရသာလည်း ရှိပါတယ်။  ပဲခူးဘက်ရောက်ရင် ငါးရံ့အူဟင်းမှာရတယ်လို့ ညီမက ပြောပါတယ်။ ဘာလို့လည်းတော့ မသိပါဘူး။ စားကောင်းတာတော့ အမှန်ပါပဲ။ ငါးချဉ်သုတ်လည်း သတ်သတ် ထပ်မှာဖို့ မမေ့ပါနဲ့။ ပဲခူးမှာ.. ငါးဖယ်ချဉ်၊ ပုစွန်ချဉ် နာမည်ကြီးပါတယ်။  လက်ဖက်သုတ်၊ ရေနွေးကြမ်း၊ ငါးပိရည်၊ တို့စရာ၊ ချဉ်ရေဟင်းတို့ကတော့ ထုံးစံအတိုင်း အလကားပေးပါတယ်။ ထန်းလျက်ကို အချိုတည်းဖို့ အလကား ချပေးပေမဲ့ အသီးစားချင်ရင်တော့ တစ်ပွဲကို (၃၀၀)ပေးရပါတယ်။ ( မှတ်ချက်။  ။ သိပြီးသားကို ဆရာလုပ်တယ် မထင်စေချင်ပါ။ စေတနာဖြင့် သတင်းပေးခြင်းသာ ဖြစ်ပါသည်။)
ပဲခူးမှာ အစုံတော့ မသွားပါဘူး။  ရွှေသာလျောင်းသွား၊ ပြီးတော့ မြွေဘုရား။ အဲ..ရွှေတိဂုံမှာ ကင်မရာခွန်မဆောင်ရတော့ပေမဲ့ ပဲခူးကဘုရားတွေမှာတော့ ဆောင်ရတုန်းပါ။ ဟန်းဖုန်းဆိုတစ်ဈေး၊ ကင်မရာအသေးဆိုတစ်ဈေး၊ အကြီးဆိုတစ်ဈေး။ :) နောက်.. ကမ္ဘောဇသာဒီနန်းတော်ကို သွားပါတယ်။ ( ခေါင်တွေ တော်တော် ပျက်စီးနေပါပြီ။ maintenance မရှိတာဆိုးပါတယ်။) ယိုးဒယားက သိမ်းလာတဲ့ မိဖုရားပုံတူရုပ်ထုလည်း မရှိတော့ပါဘူး။ အနောက်က ကျားလိုက်သလို သွားရတဲ့ခရီးမဟုတ်လို့ အေးအေးဆေးဆေးနဲ့ စိတ်ချမ်းသာရပါတယ်။

စိုပြေ resort
ပဲခူးကအပြန် စိုပြေကို ဝင်ပါတယ်။ ပိုက်ဆံမရဘဲ ကြော်ငြာပေးလိုက်ဦးမယ်။ :P ကားပေါ်ကဆင်းပြီး ဆိုင်ကို မြင်ရကတည်းက ပျော်စရာကြီးပါ။ ပန်းပုရုပ်တွေ အများကြီးပါပဲ။ နိုင်ငံခြားသားအကြိုက် လုပ်ထားတာ ဖြစ်မယ်ထင်တယ်။အစားအသောက်လည်း ကောင်းပါတယ်။ ဈေးလည်း သင့်ပါတယ်။ မှိုကြော်လေးလည်း မြည်းစမ်းကြည့်ပါ။ မှိုအပွင့်ကို အကြော်မှုန့်နဲ့ ကြော်ထားတာပါ။ ကြွပ်ကြွပ်ရွရွအိအိလေးနဲ့ တော်တော်စားကောင်းပါတယ်။ တစ်ဆိုင်လုံး ပန်းပုအရုပ်တွေနဲ့ အလှဆင်ထားပါတယ်။ ခုံတွေကိုလည်း ပန်းပုခုံလေးတွေ ထုထားပါတယ်။ 
နာဂစ်ဖြစ်တုန်းက လဲကျသွားတဲ့အပင်တွေကို လေလံဆွဲပြီး ပန်းပုထုပစ်တာလို့ ဆိုပါတယ်။ လူတွေကို ပြိုင်ပွဲဝင်ခိုင်းပြီး ဆုရတဲ့အရုပ်တွေကို ဆိုင်နဲ့ .. ဝင်းထဲမှာ ပြထားပြီး ကျန်တဲ့အရုပ်တွေကိုတော့ အမိုးပဲပါတဲ့အဆောင်မှာ စီပြီး ပြထားပါတယ်။ ဝင်းက တော်တော်ကျယ်ပြီး တံတားနှစ်ခုရှိပါတယ်။ ဘန်ဂလိုမျိုး အိပ်ဆောင် (၄)ဆောင်ရှိပြီး ညအိပ်လို့ ရပါတယ်။ ဒါပေမဲ့ booking လုပ်ဖို့တော့ လိုပါတယ်။ ည(၇း၃၀)လောက်ကျတော့ စိုပြေက ထွက်လာကြပြီး ရန်ကုန်ကို ၈နာရီခွဲကျော်ကျော်လောက် ပြန်ရောက်လာကြပါတယ်။ ကားပေါ်ကဆင်းတာ ကိုယ်တွေ နောက်ဆုံးမို့ မဆင်းခင်.. သေချာစစ်ပြီး သူများ ကျန်တဲ့ပစ္စည်းတွေပါ ကောက်သိမ်းပေးခဲ့ပါတယ်။ ဒါပေမဲ့... ဝမ်းနည်းစရာကောင်းတာက မနှစ်ကမှ ဝယ်ထားတဲ့ ကျမရဲ့ digital camera လေး ကျန်ခဲ့ပါတယ်။ အိမ်ပေါ်ရောက်ပြီး ညီမအငယ်က ကင်မရာတောင်းတော့မှ ကျန်ခဲ့တာ သိပါတယ်။ ဒါပေမဲ့ ... ညီမနဲ့ အရမ်းခင်တဲ့ agent ကနေ ကားငှားပြီးသွားတာမို့ ပြန်ရမယ်လို့ ယူဆခဲ့ပါတယ်။ အဲ့ဒါနဲ့ ညီမဆီဖုန်းဆက်ပြီး အကျိုးကြောင်းပြောရပါတယ်။ ဒါပေမဲ့ .. ညမိုးချုပ်နေလို့ မနက်မှ ဖုန်းဆက်ပေးမယ်ပြောပါတယ်။

Prepare to go back to second home
ခရီးကနေအိမ်ကိုပြန်ရောက်၊ ညီမဆီဖုန်းဆက်။ ပြီးတော့ ရေမိုးချိုးပြီးသကာလ စလုံး ပြန်ဖို့ပြင်ဆင်ရပါတော့တယ်။ စိတ်ကလည်း လေးလံပြီး ငိုချင်သလိုလိုဖြစ်လာပါတယ်။ မေမေနဲ့ အဒေါ်တွေလည်း မျက်နှာ မကောင်းကြတော့ပါဘူး။ ပစ္စည်းအများကြီး မပါလာသူမို့ ကိုယ့်အဝတ်နဲ့ ပစ္စည်းနည်းနည်းကို ထည့်ပြီးတဲ့နောက်တော့ အဒေါ်တွေကပဲ စားစရာတွေ စီပြီး ထည့်ပေးပါတယ်။ နောက်နေ့မနက်တော့ မောင်လုပ်တဲ့သူက လေဆိပ်ကို မနက်စောစော လိုက်ပို့ပေးပါတယ်။ ဖေကြီးကတော့ ဘုရားသွားစရာရှိလို့ မလိုက်ပါဘူး။ မေမေနဲ့ ကြီးကြီးလေးပဲ လိုက်ပို့ပါတယ်။ အရင်အခေါက်တွေကဆို ငိုမဲ့ငိုမဲ့လုပ်တတ်တဲ့ မေမေကတော့ ... မကြာခင် စလုံး လိုက်လာမှာမို့ နည်းနည်း ငြိမ်နေတာကလွဲရင် အဆင်ပြေပါတယ်။ =)
 
Back to my Second Home
စလုံးလေဆိပ်ကိုရောက်တော့ အချစ်ဆုံးသူငယ်ချင်း စံပယ်ဖူး (nick-nameသုံးထားသည်။) က လာကြိုပါတယ်။ အိမ်ကို ပြန်ရောက်ပြီး ပစ္စည်းတွေ ပြန်ထုတ်တော့ ထည့်ပေးလိုက်တာ ဟင်းတွေ၊ စားစရာတွေ... အများကြီးပါ။ ကိုယ့်အကြိုက်တွေကြီးပါပဲ။ ဝမ်းနည်း၊ ဝမ်းသာဖြစ်ရပါတယ်။ မိသားစုကပေးတဲ့ နွေးထွေးတဲ့မေတ္တာ၊ စေတနာဆိုတာ ကိုယ့်ရဲ့အိမ်မှာပဲ ရနိုင်ပါတယ်။ ဒါပေမဲ့.. ဘဝရဲ့လိုအပ်ချက်၊ မိသားစုရဲ့လိုအပ်ချက်တွေကြောင့် အိမ်နဲ့ ခွဲနေရဦးမှာပါ။ တစ်ချိန်မှာတော့ အိမ်ကို သေချာပေါက် အပြီး ပြန်ရဦးမှာပါ။

People's Decency
စလုံးပြန်ရောက်ပြီး အိမ်ကို ဖုန်းဆက်တော့ .. ကင်မရာက ပြန်မရဘူးလို့ ပြောပါတယ်။ ကားမောင်းတဲ့သူက သူကားကို ပြန်မအပ်ခင်.. သေချာစစ်တယ်၊ မတွေ့ဘူးလို့ ပြောပါတယ်။ အဲ့ဒါနဲ့ ညီမလုပ်သူက "စိုပြေ"ကိုဆက်တော့ မကျန်ခဲ့ဘူးပြောပါတယ်။ စိုပြေမှာ မကျန်ခဲ့တာကတော့ ဟုတ်ပါတယ်။ ကားပေါ်မတက်ခင် ညီမရဲ့ယောက္ခမဖြစ်သူကို ကျမ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ပြပြီး ထွက်လာတော့ လက်ထဲမှာ ကင်မရာပါလာပါတယ်။ ကားပေါ်တက်တော့ ပိုက်ဆံအိတ်နဲ့ကင်မရာကို ပေါင်ပေါ်တင်လိုက်ပါတယ်။ ကားက စူပါကာစတန်မို့ အနောက်ခန်းမှာ နှစ်တန်းပေါင်းမှ (၆)ယောက်ပဲ ထိုင်ရပါတယ်။ ဒါပေမဲ့ လူကများလို့ အနောက်ခန်းမှာ (၈)ယောက်ထိုင်ပါတယ်။ တိုးဝှေ့ထိုင်ရင်း ဟိုရွှေ့ ဒီရွှေ့ မှာ အောက်... ပြုတ်ကျသွားပုံရပါတယ်။ ကင်မရာအိတ်က အမဲရောင်ဖြစ်တဲ့အပြင် compact type မို့ မဲမဲသေးသေးလေးဖြစ်တာကြောင့် ရှာမတွေ့တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နောက်တစ်ခေါက် ပြန်ရှာပေးဖို့ ပြောတော့ ဖုန်းမကိုင်တော့ပါဘူး။ ဘယ်သူ့ကိုမှ မစွပ်စွဲချင်ပေမဲ့ စိတ်ထဲ မကျေနပ်ပါဘူး။
ကင်မရာကို မနှစ်က စက်တင်ဘာလမှာလုပ်တဲ့ IT show မှာမှ ဝယ်ထားတာပါ။ ဝယ်ထားတာ သိပ်မကြာသေးပါဘူး။ review တွေ လျှောက်ဖတ်ပြီးမှ အရောင်ရော၊ အရွယ်အစားရော၊ specificationရောချိန်ပြီး ကိုယ့်စိတ်ကြိုက် ရွေးဝယ်ထားတာပါ။  ခရီးခဏခဏသွားရတာမို့ compact ဖြစ်လွန်းတာ ဝယ်လိုက်တာ အမှားများ ဖြစ်သွားလား မသိပါဘူး။
တကယ်ဆို ကင်မရာ ကျန်တာ ဒီတစ်ခေါက်တည်း မဟုတ်ပါဘူး။ ထိုင်ဝမ်ကို ပထမဆုံးအကြိမ် training သွားတက်ရတုန်းက ကျမရဲ့ ကင်မရာအဟောင်းလေး taxi ပေါ်မှာ ကျန်ခဲ့ဖူးပါတယ်။ နောက်တစ်နေ့မှာ ပြန်ရပါတယ်။ ဒုတိယအကြိမ်မြောက်သွားတုန်းကလည်း ဒီကင်မရာအသစ် dining room ထဲမှာ မနက်စာစားပြီး ချန်ခဲ့ဖူးပါတယ်။ ညနေဘက် ဟိုတယ်ပြန်ရောက်တော့ ဧည့်ကြိုကောင်တာမှာ သွားရွေးယူရုံပါပဲ။ ခု.. ဒီတစ်ခေါက်မှ ပြန်မရတာပါ။ ဒီအကြောင်းကို သူငယ်ချင်းကိုပြောတော့ "Decency is different" တဲ့။ ဆက်ပြောစရာစကား ရှာမတွေ့ တော့လောက်အောင် ဆွံ့ အခဲ့ရပါတယ်။
ပျောက်သွားတဲ့ camera အမျိုးအစား SONY DSC WX-7

ကင်မရာကို မနှမြောတာ မဟုတ်ပါဘူး။ နှမြောပါတယ်။ ဒါပေမဲ့ အထဲက  ဓါတ်ပုံတွေကို ပိုနှမြောပါတယ်။ ဒီ ကင်မရာဝယ်ပြီးကတည်းက ရိုက်ခဲ့တဲ့ပုံတွေ ကွန်ပျူတာထဲ မထည့်ရသေးပါဘူး။ အကုန်လုံး အဲ့ဒီ ကင်မရာအိတ်ထဲက memory card နှစ်ကဒ်ထဲမှာပါ။ ရှုခင်းမြင်ရင် မရိုက်ရမနေနိုင်သူမို့ ရှုခင်းပုံတွေ အများကြီးပါ။ ကိုယ်ကိုတိုင်ရဲ့ potrait ပုံတွေအများကြီးကလည်း အဲ့ထဲမှာပါပဲ။ သွားခဲ့တဲ့ တစ်ချို့နေရာတွေဟာလည်း နောက်တစ်ခေါက် ပြန်ရောက်ဖို့ မလွယ်တော့ပါဘူး။ ပိုဆိုးတာက မိသားစုဓါတ်ပုံတွေပါ။ အားလုံးဟာ တစ်ယောက်တစ်နေရာဆီ ရောက်နေကြပြီး မိသားစုမှာ မင်္ဂလာဆောင်ရှိလို့သာ ခုလို လူစုံတက်စုံ ရှိတာပါ။ အရမ်းကို နှမြောပါတယ်။ ဒါပေမဲ့လည်း အားလုံးက ကိုယ့်ပေါ့ဆမှုမို့ စိတ်ဖြေနေရပါတယ်။
ပစ္စည်းသင်္ခါရ..လူသင်္ခါရဆိုသော်လည်း ခုချိန်ထိတိုင်အောင်... မနက်မိုးလင်းလို့ အိပ်ရာကနိုးရင် ကင်မရာကိုပဲ သတိရနေပြီး.. ကောက်ရမဲ့သူကို မေတ္တာလှမ်းပို့၊ ပြန်ပို့နိုင်မဲ့ connection ကို ရပါစေလို့ ဆုတောင်းရင်း မနက်..မနက်တွေကို နိုးထနေရပါတယ်။ ခုချိန်ထိတော့ ပြန်ရမဲ့လမ်း မမြင်သေးပါဘူး။        ။

 ရန်ကုန်ပြန်မှတ်တမ်း ဒီတွင်ပြီး၏။

Thank you for reading this post.

witch83
(27/11/2012;6:24PM; GMT+8)
To Continue Reading

September 26, 2012

ရေးမိရေးရာ (About this Blog, or me?)

  • ကလောင်အမည် = witch83 
Harry Potter ကားကို ပထမဆုံး ကြည့်ဖူးပြီးတဲ့ အချိန်.. ကျမတို့ မောင်နှမတွေကြားမှာ wizard ဆို တဲ့ စကားလုံးဟာ တော်တော်ကို အသုံးတွင်လာခဲ့ပါတယ်။ ဒါပေမဲ့ wizard ဆိုတာက male တွေအတွက်မို့ ကျမက ကျမကိုယ်ကျမ witch ဆိုပြီး တိတ်တိတ်လေး သုံးပါတယ်။ Internet ဆိုတာကြီးက ရန်ကုန်မှာ ခေတ်စားလာတော့ သူငယ်ချင်းက YGN chat ထဲမှာ ကျမကို register လုပ်ပေးပါတယ်။ အဲ့ဒီမှာ witch ဆိုတဲ့ nick က သုံးပြီးသားလူရှိနေလို့ ကိုယ့်မွေးနေ့ ၈ ၃ ကို နောက်ကနေထည့်လိုက်ရာက ဘာသုံးသုံး... ဘာလုပ်လုပ် witch83ဆိုတဲ့နာမည်ကို အသုံးပြုဖြစ်သွားပါတယ်။ ( အဲ့ YGN chat ကတော့ အဲ့တစ်ရက်ပဲ ဝင်ခဲ့ဖူးပါတယ်။) ဘလော့စလုပ်တော့လည်း ဒီနာမည်ကိုပဲ ရွေးလိုက်ပါတယ်။ :)
  • Joined blogger.com on 9th March 2009. 
သူငယ်ချင်းတစ်ယောက်ရဲ့ တိုက်တွန်းမှုနဲ့ blogger.com မှာ register လုပ်ခဲ့ပါတယ်။
ဘလော့လုပ်ပြီးခါစမှာ MysteryZillion Forum က ကိုစေတန်ဂေါ့ ရေးသားထားတဲ့ blog guide ကို ဖတ်ပြီး၊ တစ်ချို့ feature တွေကိုတော့ google လုပ်ပြီး ဒီဘလော့လေးရဲ့ layoutကို ဖန်တီးခဲ့ပါတယ်။
  • ဘလော့ထားရှိရခြင်း ရည်ရွယ်ချက်
ရည်ရွယ်ချက်ကတော့ အထွေအထူး မရှိပါဘူး။ ကိုယ်တိုင်က စာဖတ်ရတာကို နှစ်သက်တဲ့အပြင် စာတိုပေစလေးတွေရေးရတာကို သဘောကျတဲ့အတွက်ကြောင့် ဒီဘလော့လေးလုပ်ဖြစ်သွားတာပါ။ ပြီးတော့ ကိုယ်ကြိုက်တဲ့ စာတစ်ချို့ ကို ပြန်လည် ဝေမျှချင်တာလည်း ပါပါတယ်။
  • ကျေးဇူးတင်စကား
ကျမဟာ ဝထ္ထုတွေ၊ ဆောင်းပါးတွေ၊ သတင်းတွေကို အားတဲ့အချိန်တွေမှာ online ကနေ လိုက်ဖတ်တတ်ပေမဲ့ ကိုယ့်ဘလော့ရဲ့ ခြေရာမချန်ဖြစ်ပါဘူး။ ဘလော့ရဲ့ email က personal email နဲ့ မတူတော့ ခြေရာချန်ဖြစ်ရင်လည်း FB နဲ့ ချန်သလိုဖြစ်ပြီး FB like button ကိုတောင် အလုပ်ချိန်ပြင်ပမှာ ဖတ်မိတဲ့အချိန်ကျမှ နှိပ်တတ်ပါတယ်။ အဲ့ဒါကြောင့် ဒီဘလော့ကို လူသိပ်မသိပါဘူး။ ကျမကိုယ်တိုင်ကလည်း ဒီဘလော့ကို promote မလုပ်ပါဘူး။ ဒါပေမဲ့ ဟိုကဒီက link ရပြီး စာ..လာဖတ်ကြတဲ့ ကျမနဲ့ သိသူ၊ မသိသူအားလုံးကို ကျေးဇူးတင်ပါတယ်။

for reading my blog posts.....
ဘလော့ရေးခါစမှာ များသောအားဖြင့်  ဘာသာပြန်တွေရယ်၊ ပြန်လည် ဝေမျှတဲ့ ပို့ (စ်)တွေကိုသာ အတင်များပါတယ်။
၂၀၀၉ မတ်လကနေ ဇွန်လကုန်၊ ဇူလိုက်လဆန်းလောက်အထိ ဘလော့နဲ့  ထိတွေ့နေပေမဲ့ ၂၀၀၉ ဇူလိုင်မှာ စင်္ကာပူမှာ ကျောင်းလာတက်ရတဲ့အပြင် ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် ဘလော့နဲ့ ထိတွေ့ မှု နည်းခဲ့ပါတယ်။ ကျောင်း၊ အိမ်၊ အချိန်ပိုင်းအလုပ်နေရာ ... ဒီနေရာ (၃) ခုမှာ (၂) နှစ်နီးပါး .. ကျောင်းစာ၊ project၊ assignment၊ အချိန်ပိုင်းအလုပ်၊ FB games ( facebooking လည်း ပါပါသည်) တွေနဲ့ လည်ပတ်နေခဲ့ပါတယ်။
 ကျောင်းပြီးသွားတော့လည်း  အချိန်ပိုင်းအလုပ်လုပ်ရင်း full-time အလုပ်ရှာရင်း... စိတ်ဓါတ်ကျနေရတာနဲ့ပဲ ဘလော့နဲ့ ဝေးနေခဲ့ပါတယ်။
စင်္ကာပူကို စရောက်ချိန်ကနေစပြီး အလုပ်စဝင်ခဲ့တဲ့အချိန်အထိ ဘလော့ရေးဖို့ကို တောက်လျှောက်တိုက်တွန်းလာတဲ့၊ ရှားရှားပါးပါး ပို့(စ်)ထ..တင်လိုက်တိုင်း comment နဲ့ ဖြစ်စေ၊ chat မှတဆင့်ဖြစ်စေ အားပေးခဲ့တဲ့ သူငယ်ချင်း choco thazin ကိုလည်း အထူး ကျေးဇူးတင်ပါတယ်။ မရေးဖြစ်ခဲ့တဲ့ ပို့(စ်)တွေအတွက်လည်း ခွင့်လွှတ်ပါလို့ ပြောချင်ပါတယ်။
စကားချပ်။       ။ ခုတော့ သူလည်း ဘလော့ မရေးတာ တစ်နှစ်ကျော်ပါပကောလားး)
chocothazin အပြင် ကျမ စာရေးတာကို သိကြတဲ့သူငယ်ချင်းတွေ... ကျမကို ဘလော့ ပြန်ရေးဖို့ အားပေးတိုက်တွန်းခဲ့ကြတာကိုလည်း ကျေးဇူးတင်ပါတယ်။


*************** 
ဒီလိုနဲ့ အလုပ်ရပြန်တော့လည်း စဝင်ဝင်ချင်းကနေ (၆)လကျော် (၇)လလောက်က ရုန်းကန်နေခဲ့ရပါတယ်။ ကိုယ်က နည်းပညာပိုင်းမှာ အားနည်းတဲ့အပြင် company ရဲ့ product range ကလည်း တအားကြီးတာမို့.. တော်တော်ကြီးကို လေ့လာခဲ့ပါတယ်။ ပိုဆိုးတာက ကိုယ် အလုပ်ဝင်တဲ့အချိန်မှာ အရင်က အင်ဂျင်နီယာအဟောင်းတွေ အကုန် ထွက်သွားပြီး hand over လုပ်မဲ့သူ တစ်ယောက်မှ မရှိတော့လို့ ကိစ္စတစ်ခုဖြစ်ရင် trace လိုက်နေရတာနဲ့ အချိန်က တော်တော်ကုန်တတ်ပြီး .... အလုပ်နဲ့ ပတ်သတ်ရင် နည်းနည်းမှ အမှားမခံတဲ့ မန်နေဂျာ၊ စိတ်မရှည်တဲ့ demanding customer တွေ၊ project deadline တွေ၊ product issue တွေနဲ့  တော်တော်ကို ရုန်းကန်ခဲ့ရပါတယ်။
ဒီကြားထဲ အချိန်ပြည့်လိုက်ကြည့်ပြီး အပြစ်ရှာတတ်တဲ့ အော်ပရေးရှင်းက စင်္ကာပူရီးယန်း မန်နေဂျာမကြောင့်လည်း တော်တော် စိတ်ညစ်ခဲ့ပါတယ်။
အဲ့ဒီအပြင် အစမ်းခန့်ကာလကြီးထဲမှာပဲ annual ZyCAMP training ကို အတင်းသွားတက်ခိုင်းတာကြောင့် ZCNP exam တွေကို နားလည်လည်... မလည်လည်... မနည်း အောင်..အောင်ဖြေပြီး training သွားတက်ခဲ့ရပါတယ်။ ပြောရရင်တော့ တော်တော်လေးကို စိတ်ဖိစီးမှုများခဲ့ရတဲ့အချိန်တွေပါပဲ။ 


အလုပ်ဝင်ပြီးရလာတဲ့ ကောင်းတဲ့အချက်တစ်ခုကတော့ FB game တွေကို လုံးဝ ဖြတ်နိုင်သွားတာပါပဲ။ FB ပေါ်မှာ အချိန် ဖြုန်းတဲ့အကျင့်လည်း တော်တော်လေးကို လျော့သွားပါတယ်။ ^^  
အဲ့ဒီအစား ဘလော့တွေ၊ online magazine တွေမှာ စာပြန်ဖတ်ဖြစ်ပါတယ်။ အဲ့ဒီမှာ စာ ပြန်ရေးချင်တဲ့စိတ်က ပေါ်လာတာပါပဲ။ ဒါပေမဲ့ ဟိုတို့ ဒီတို့ အဆင့်က မကျော်ပါဘူး။
ဒီတစ်ပတ် နှစ်ပတ်အတွင်းမှာတော့ အလုပ်က တော်တော်ပါးပြီး ဘာမှ လုပ်စရာမရှိတာကြောင့် ဘလော့ကို ပြန်ပြင်ပြီး ရေးထားတဲ့ ပို့(စ်)တစ်ချို့ ကို လက်စသတ်ပြီး၊ တစ်ချို့ draft post တွေကို အပြီးဖျက် ( delete) ပြီး ဒီ ပို့(စ်)လေးကို ရေးလိုက်ပါတယ်။ 


အချိန်ပေးပြီး လာရောက် ဖတ်ရှုကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ :)




WITCH83
26/09/2012 ( 4:24 PM; GMT+8)
To Continue Reading

August 11, 2012

ကျမနှင့် ပေါက်တတ်ကရ(၂)

ကျမနှင့် ပေါက်တတ်ကရ(၁)ကို ရေးခဲ့တုန်းက ဆက်ရန်တွေလာဦးမယ်လို့ ပြောခဲ့ဖူးပါတယ်။ Clumsy ဖြစ်လွန်းတဲ့ကျမ တကယ်သာ ဖြစ်ပျက်ခဲ့တဲ့ ပေါက်တတ်ကရ တွေကို ရေးရမယ်ဆို  ကုန်မှာတောင် မဟုတ်ပါဘူး။း) Typing လည်းနှေး... အလုပ်ကလည်းများ (စာရေးပျင်းတာလည်း ပါတာပေါ့လေ)... (၁)ရေးပြီး ဘာမှ ဆက်မရေးဖြစ်ပါဘူး။ (၅)လနီးပါး ကြာသွားခဲ့ပါတယ်။
ဒါပေမဲ့... National Day မတိုင်ခင် ရုံးကလူတွေ ခွင့်ယူမှာမို့ သော့အဖွင့်၊အပိတ်လုပ်ဖို့ မန်နေဂျာမက ပြုံးစိစိနဲ့ လာပြောသွားမှ (၂)ကိုရေးချင်စိတ် ပေါ်လာပါတယ်။
*************************

ဖြစ်ထားတာက သိပ်မကြာသေးပါဘူး။ ဇွန်(၂၈)ရက်နေ့က ဖြစ်ခဲ့တာပါ။ ဖြစ်ဖြစ်ချင်း ရေးချင်စိတ် ပေါက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ညီမ.. မင်္ဂလာဆောင်သွားဖို့အတွက် အလုပ်ရှုပ်တာကတစ်ကြောင်း၊ အလုပ်မှာလည်း issue တွေ အရမ်းတက်နေတဲ့အပြင် ခရီးမသွားခင် အလုပ်တွေဖြတ်နေရ.. လွှဲနေရနဲ့ မရေးနိုင်ခဲ့ပါဘူး။ ခရီးက ပြန်လာတော့လည်း အလုပ်မှာ ရှုပ်နေပြီး၊ မနက်..ညမှားနေတာနဲ့ပဲ ကြန့်ကြာနေခဲ့ပါတယ်။ ပြီးတော့ မေ့သွားခဲ့ပါတယ်။ ဒါပေမဲ့... အမြဲစူပုတ်ပြီး ကိုယ့်ကို အကောင်းမမြင်တတ်တဲ့ မန်နေဂျာမက "မေ.. သောကြာနေ့ ဘယ်သူမှ မလာဘူး။ နင်နဲ့ မန်နေဂျာအသစ်ပဲ ရှိမယ်။ အဲ့ဒါ ရုံးသော့ပိတ်ရင် သူပြန်ပြီးမှ ပိတ်နော်"လို့ ပြုံးစိစိနဲ့ပြောသွားတော့မှ ဒီအကြောင်း အရမ်းရေးချင်လာပါတယ်။ ဒါကြောင့် မနက်ဖြန် မနက်အစောကြီးထပြီး ခရီးသွားစရာရှိပေမဲ့ ဒီပို့(စ်)ကို ရေးဖြစ်အောင် ရေးလိုက်ပါတယ်။

 ဖြစ်ပုံက ဒီလိုပါ။  ။
အဲ့နေ့က GM မလာပါဘူး။ ခရီးသွားနေပါတယ်။ သူလာရင်လည်း အဲ့လို ဖြစ်မယ်မထင်ပါဘူး။ Project တစ်ခု အတွက် စမ်းစရာရှိတာတွေ စမ်းပြီးသွားလို့ customerဆီ emailပို့ပြီးတဲ့ အချိန်မှာ ၆း၃၀ကျော်နေပါပြီ။ ရုံးမှာ ကိုယ်နဲ့ မန်နေဂျာမပဲ ကျန်ပါတော့တယ်။ emailပို့ပြီးပြီးသွားတော့ ကွန်ပျူတာကို shut down လုပ်ပြီး အိမ်သာသွားပါတယ်။ အိမ်သာကနေပြန်လာတော့ ရုံးတစ်ခုလုံး မှောင်နေတဲ့အပြင်.. Reception ကနေ ရုံးထဲဝင်တဲ့တစ်ခါး ပိတ်ထားပါတယ်။ စိတ်ထဲ တစ်မျိုးဖြစ်သွားပါတယ်။ Access cardကို tapလုပ်ပြီးတဲ့အချိန်မှာတော့ သေချာသွားပါတယ်။ ရုံးတံခါး လော့ကျသွားပါပြီ။ မန်နေဂျာမ အိမ်ပြန်သွားပါပြီ။ ရုတ်တစ်ရက် ဘာလုပ်ရမှန်း မသိ ဖြစ်သွားပါတယ်။ အိမ်သာကနေ ကိုယ့်ရုံးကိုအသွားအပြန် (၅)မိနစ်ကျော်ကျော်ပဲ ကြာပါတယ်။ အလွန်အကျွံ့ ရှိလှ (၁၀)မိနစ်ပါ။ ဒီအချိန်လေးမှာ သူပြန်သွားပါတယ်။ မီမလားဆိုပြီး အောက်ထပ်ပြေးလိုက်ဆင်းပေမဲ့ မတွေ့တော့ပါဘူး။
Handbag,ထမင်းဘူး, ဟမ်းဖုန်း, ရုံးသော့, အိမ်သော့, ယုတ်စွအဆုံး I-bankingထဲဝင်တဲ့ security tokenတောင် စားပွဲပေါ်မှာပါ။ ကိုယ့်ဆီမှာရှိနေတာဆိုလို့ ရုံးထဲဝင်တဲ့ ကဒ်တစ်ခုပဲ ရှိပါတော့တယ်။ အဲ့ဒါကလည်း အဲ့အချိန်မှာ အသုံး မဝင်တော့ပါဘူး။ ဖုန်းခေါ်ရအောင်ကလည်း သု့ဖုန်းနံပါတ်ကလည်း အလွတ်မရပါဘူး။ ရုံးက ဘယ်သု့ နံပါတ်မှလည်း အလွတ် မရပါဘူး။
လမ်းလျှောက်ပြန်ရင် ကောင်းမလား။ တစ်ယောက်ယောက်စီက ဖုန်းငှားပြီး သူငယ်ချင်းတစ်ယောက်ယောက်ကို လှမ်းခေါ်ရင် ကောင်းမလား။ ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားနေတုန်း ရုံးမှာ သန့်ရှင်းရေးလုပ်တဲ့ အန်တီကြီးကို သွားတွေ့ပါတယ်။ အဲ့တာနဲ့ သူ့ဆီကို ဝမ်းသာအားရ အပြေးသွားပြီး လက်ဟန်ခြေဟန်နဲ့ ရော...အင်္ဂလိပ်စာလုံး တစ်လုံး..နှစ်လုံးသုံးပြီးရော.. ရှင်းပြပြီး အကြွေစိ ချေးရပါတယ်။ ( သူက အင်္ဂလိပ်စကားကို တစ်လုံး..နှစ်လုံးပဲ ပြောတတ်ပါတယ်။) သူက အကြွေစိ (၁)ကျပ်ခွဲထုတ်ပေးပြီး (၁၀)တန်တစ်ရွက် ထုတ်ပေးပါတယ်။ dinner လို့ ပြောပါတယ်။ အိမ်မှာ ရှိတယ်။ မလိုဘူး။ ကျေးဇူးတင်ပါတယ်ဆိုပြီး ထွက်ခဲ့လိုက်ပါတယ်။ ( အိမ်ပြန်ရောက်တော့ အဲ့ဒီ တစ်ဆယ် မယူခဲ့မိတာ နောင်တရပါတယ်။)
ကံမကောင်းပုံများ အိမ်လည်းရောက်ရော အိမ်မှာ ဘယ်သူမှ ရှိမနေပါဘူး။ အိမ်မှာ အမြဲရှိနေကျ ကျောင်းသူညီအစ်မက အဲ့နေ့ကျမှ စီးတီးဟောသွားပါတယ်။ ဘေးခန်းက ကောင်မလေးက ညဆိုင်းကျပါတယ်။ အဲ့ဒါနဲ့ အိမ်အောက်ပြန်ဆင်းပြီး အောက်မှာတွေ့တဲ့ အဖိုးကြီး၊ အဖွားကြီးတွေကို ဖုန်းငှားကြည့်တော့ မရှိဘူးပြောကြပါတယ်။ (အိမ်အောက်မှာ senior citizen တွေထိုင်ဖို့ လုပ်ထားတဲ့ နေရာတစ်ခုရှိပါတယ်။)
အဲ့ဒါနဲ့ ဟိုဘက်တိုက်မှာ ထိုင်နေတဲ့.. ဖဦးထုတ်စုံတွဲဆီက သွားတောင်းဆက်ပါတယ်။ ဘဲက သိပ်ယုံပုံ မရဘူး။ ဘာလို့ ငှားတာလဲ။ ဘာလို့ ဖုန်းမရှိတာလဲ။ ဘယ်ဆက်မှာလည်း .. ဘာ ညာနဲ့ မေးပြီးသကာလ သူ့ဆော်က ဖုန်းနံပါတ်ကို သူကိုယ်တိုင်နှိပ်ပေးပါတယ်။(ဘဝက အဲ့ဒီလို ) ဘာပဲဖြစ်ဖြစ် စလုံးမှာ တစ်ခုတည်းသော အလွတ်ရတဲ့ ဖုန်းနံပါတ်ပိုင်ရှင် Leo Zin  နဲ့ ဖုန်းပြောဖြစ်ပြီး အကုအညီတောင်းရပါတယ်။ ( တော်သေးတယ်။ သူ ဖုန်းကိုင်လို့။ တစ်ခါတစ်ရံ သူက ဖုန်းနဲ့အတူ ရှိမနေတတ်ဘူး။ ) သူ့
ကို အကျိုးအကြောင်းပြောပြပြီး ဒီဖုန်းကို ပြန်မဆက်ဖို့။ တစ်ခြားတစ်ယောက်ဆီက အကူအညီတောင်းပြီး ပြန်ဆက်မယ်ပြောပြီး ဖုန်းချလိုက်ပါတယ်။) ပြီးတော့ အပေါ်ပြန်တက်လာပြီး ဘေးခန်းက အဖွားဆီက ဖုန်းတောင်းပြီး Leo Zin ဆီ ဖုန်းပြန်ဆက်ရပါတယ်။ ဒီ ဖုန်းနဲမှလည်း ကိုယ့်ကို သူ.. ပြန်ခေါ်နိုင်မယ်လေ။

သူက တစ်ဆင့် တခြားသူငယ်ချင်းဆီဆက်... တစ်ခြားသူငယ်ချင်းဆီကတဆင့် တူတူနေတဲ့ ညီမဝမ်းကွဲဆီဆက်နဲ့... ညီမက အခု ရေကူးကန် ရောက်နေတဲ့အကြောင်း၊ နောက်တစ်နာရီကြာရင် ဘေးခန်းက ညီအစ်မ ပြန်လာမဲ့ အကြောင်းတွေ သိရပါတယ်။ အဲ့ဒါနဲ့ အောက်ပြန်ဆင်း... S&Sက ရေတစ်ဗူးကို လက်ကျန် ပြား(၄၀)နဲ့ဝယ်။ ရေသောက်ပြီး ( ဗိုက်ဆာနေပြီလေ) တစ်နာရီကို ခုံတန်းတစ်ခုမှာအချိန်ဖြုန်းရပါတယ်။ တစ်နာရီပြည့်တော့ အပေါ်ပြန်တက်ပြီး တံခါးခေါက်တော့ အကြီးမလေး လာဖွင့်ပေးပါတယ်။ အဲ့ဒါနဲ့ အထဲဝင်.. ညစာစား..အိုးခွက်ဆေးပြီး ညီမပြန်လာတော့ အခန်းထဲဝင်ရပါတယ်။ နောက်နေ့ မနက်ကျတော့ အလုပ်ရောက်တော့ lobby မှာ အားလုံးထိုင်စောင့်နေရပါတယ်။ မန်နေဂျာက သူ့ဆီဖုန်းဆက်တော့ ဘဏ်ရောက်နေပါတယ်။ ပြီးမှ လာမယ်ပြောပါတယ်။ သူက တစ်ပြန်တစ်လဲ စိတ်တိုပါသေးတယ်။ တော်တော်တရားကျဖို့ကောင်းတဲ့ မန်နေဂျာမ... ( သူက အမြဲ အဲ့လိုပါပဲ။ Ever စိတ်မကြည်တတ်တဲ့သူပါ။ ဒါပေမဲ့ operationsအားလုံးက သူပြီးမှပြီးရတာကတစ်ကြောင်း... GM ပြီးရင် သူ့ position က အကြီးဆုံးမို့ ... GM နဲ့သူကလည်း တော်တော်ရင်းနှီးတဲ့ အခြေအနေရှိတာမို့ sg management လက်အောက်က လူအားလုံးက သူ့ကို သည်းခံရပါတယ်။   MNC ဆိုတိုင်းလည်း ကောင်းတာမဟုတ်ပါဘူး။ management ပိုင်းမှာ local တွေ များရင် local company တွေနဲ့ သိပ်မကွာပါဘူး။ )
မန်နေဂျာက သူနဲ့ဖုန်းပြောပြီးသွားတော့ "She is not happy about this" ဆိုပြီး ပြောပါတယ်။ အဲ့ဒါနဲ့ မန်နေဂျာကို ပြန်ပြောလိုက်ပါတယ်။ "The one who is not happy should be me, not her. All my things are still on my desk and my cubicle is only some distance away from the exit, she had to pass my desk before she went back. She should have seen my things" လို့ ပြန်ပြောလိုက်တော့ မန်နေဂျာလည်း စိတ်ညစ်သွားပါတယ်။
မန်နေဂျာမလည်း ရောက်လာရော.. ကော့တော့ကော့တော့နဲ့ ရှေ့ကနေ လျှောက်သွားပြီး တံခါးဖွင့်... အထဲဝင်သွားပါတယ်။ ကျမရဲ့ ချစ်မန်နေဂျာကလည်း ကျမအာရုံပြောင်းအောင် အလုပ်ကိတ်စ ( Keyborad ကပတ်ဆင့် ရိုက်မရလို့... သီးခံပါ။) တွေစွတ်ပြောပါတယ်။ သူမကလည်း တစ်နေကုန် အလုပ်များချင်ယောင်ဆောင်နေပါတယ်။ Sorry တစ်ခွန်း မပြောပါဘူး။ ဒါပေမဲ့ complain လည်း လာ မတက်ပါဘူး။ ကိုယ်လည်း အလုပ် ရှုပ်နေတာနဲ့ ဘာမှ မပြောဖြစ်လိုက်ပါဘူး။ နောက်တော့ ကိုယ်ကိုတိုင်လည်း မေ့သွားပါတယ်။ အခု မနေ့တစ်နေ့ကမှ ရုံးတံခါးကို ဟိုလူ ပြန်တာသေချာမှ ပိတ်နော်ဆိုပြီး ပြုံးစိစိနဲ့ လာပြောမှ ပြန်သတိရပါတယ်။ ရုတ်တရက် သတိပြန်ရပြီး အိုကေလို့ ပြန်ပြောရင်း သူ့ကို မျက်စောင်းထိုးလိုက်မိပါတယ်။ ( တော်တော် ကလေးဆန်တာပဲနော်... မန်နေဂျာမကို မျက်စောင်းထိုးလိုက်ရတယ်လို့  :D)
ဘာပဲဖြစ်ဖြစ် ကိုယ်ကိုတိုင်လည်း ဖုန်းကို အိမ်သာ ယူ.. မသွားမိတာ ပေါ့ဆတာပဲမို့ ထားလိုက်ပါတယ်။ ပေါက်ကရတွေထဲက ပေါက်ကရတစ်ခုလို့ပဲ သဘောထားလိုက်ပါတယ်။ အဲ့ဒီ နောက်ပိုင်းလည်း (၆)နာရီကျော်မှာ အိမ်သာသွားရင် ရုံးသော့နဲ့ ဖုန်းကို သတိထားပြီး ယူတဲ့အကျင့်တစ်ခု ကျင့်ယူလိုက်ပါတော့တယ်။


*****************************************
ကဲ... ဇာတ်လမ်းလေးကတော့ ဒါပါပဲကွယ်။ ရီစရာတော့ မကောင်းပါဘူး။ မကြာသေးခင်က ကြုံခဲ့ရတဲ့ ပေါက်ကရဖြစ်ရပ်တစ်ခုကို ဝေမျှရုံသက်သက်ပါ။ ဖတ်ဖြစ်ကျတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။း) WITCH83
17:34PM(GMT+8)
11-08-2012
To Continue Reading

March 18, 2012

ကျမနှင့် ပေါက်တတ်ကရ(၁)

Blog နဲ့  ဝေးနေတာ တော်တော်ကြာပါပြီ။ ရေးချင်တာလေးတွေ ရှိပေမဲ့ ရေးတဲ့အဆင့် မရောက်ခဲ့ပါဘူး။ ဒီနေ့တော့ တစ်နှစ်နီးပါး ကွဲကွာနေတဲ့ blog ကိုဖုန်ခါလိုက်ပါတယ်။ ကျမဟာ တော်တော်ကို ပေါက်ကရတွေ လုပ်၊ ပေါက်ကရတွေ ဖြစ်တတ်တဲ့သူပါ။ ဒါကို ကျမအနီးအနားက လူတွေ သိကြပါတယ်။ ဒါကြောင့် ၂၀၁၂မှာ စရေးတဲ့ ပထမဆုံး ပို့(စ်)ကလေးကို ရယ်စရာနဲ့ ပေါ့ပေါ့ပါးပါးလေးဖြစ်အောင် ကျမနှင့် ပေါက်တတ်ကရ(၁) ကိုရေးလိုက်ပါတယ်။


***********************

(၁၀)တန်းတုန်းက ဖြစ်ခဲ့တာ ဖြစ်ပါတယ်။     ။

ကျမအဖေဟာ အရက်ကို အမြဲတမ်း မူးအောင်သောက်တတ်တဲ့သူ မဟုတ်ပေမဲ့ အရက်ကြိုက်ပါတယ်။ သောက်ပြီးလို့ အရည်နည်းနည်း ဝင်ပြီဆို အရမ်း စကားပြောပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် အဲ့လို အချိန်မျိုးမှာ ကျမကို သူ့အနား အတင်းခေါ်ပြီး ကျမကို ချစ်ကြောင်း၊ ကျမညီမကို ဘယ်လို ချစ်ကြောင်း၊ ကျမတို့ အပေါ် သူဘယ်လို မျှော်လင့်ကြောင်း၊ ဘယ်လို ဖြစ်စေချင်ကြောင်း၊ သူတစ်ယောက်တည်း အရက်သောက်တာ မဟုတ်ကြောင်း၊ ကျမရဲ့ နှစ်ဖက်စလုံး အဖိုးတွေလည်း အရက်သောက်ကြောင်း... စသဖြင့် တတွတ်တွတ်ပြောတတ်ပါတယ်။ ငယ်ငယ်တုန်းကတော့ သူ အဲ့လို လာလုပ်ရင် စိတ်ညစ်ပါတယ်။ ရှက်လည်း ရှက်သလိုပါပဲ။ အခုတော့လည်း ပြန်တွေးကြည့်ရင်အောင်းမေ့စရာတွေပါပဲ။
ကျမဟာ စကား အရမ်း (အရမ်း) များပါတယ်။ ဒါပေမဲ့ စကားများတဲ့အချိန်ကလွဲရင်လူတွေနဲ့ ဘာသိဘာသာနေတတ်ပါတယ်။ ကိုယ့်သံယောဇဉ်တွေကိုလည်း သိပ် မပြတတ်ပါဘူး။ အဲ့ဒီတော့ အဖေနဲ့ဆိုရင် နည်းနည်း စိမ်းပါတယ်။ အဖေနဲ့က အနေလည်းဝေး.... ပြီးတော့ ကိုယ်ကလည်း အမေပေါ်သနားချစ်ချစ်တဲ့သူဆိုတော့ များသောအားဖြင့် အဖေနဲ့ နီးနီးကပ်ကပ် မနေပါဘူး။ ဒါကို သူက ခံစားချက်ရှိပုံပေါ်ပါတယ်။ သူ အရက် နည်းနည်း ဝင်ပြီဆို... လာပါဥိး ငါ့သမီးရဲ့... ညည်းက အဖေကိုဆို ဂရုမစိုက်ဘူး၊ မချစ်ဘူးဆိုပြီး ပြောတတ်ပါသေးတယ်။

အရက်ကြိုက်တတ်တဲ့ အဲ့လို အဖေဟာ အရက်ဆိုင်၊ ဘီယာဆိုင်ရောက်ပြီဆိုရင် ကျမတို့အတွက် ဘဲကင်၊ အသားကင်၊ အခေါက်ကင်၊ ဘဲခြေထောက်သုပ် စသဖြင့် ဝယ်လာပေးလေ့ရှိပါတယ်။
တစ်နေ့တော့ အဖေဟာ ဘာမှန်းမသိတဲ့ ကြက်သားဖတ်သေးသေးလေးတွေ ဝယ်လာပါတယ်။ ညည်းအတွက်ဆိုပြီးပေးတော့ စားကောင်းကောင်းနဲ့ တထိုင်တည်း အကုန်စား ပစ်လိုက်ပါတယ်။ ဒါကို အဖေက မှတ်ထားလိုက်ပုံ ရပါတယ်။

တကယ်တော့ အဲ့ဒါဟာ ကြက်ဆီဗူးတွေကို ပုံဖျက်ထားတာပါ။ ကျမဟာ ဆီဘူးကို ဖင်ပိုင်းဆိုပြီး ရွံ့  တဲ့စိတ်နဲ့ ဘယ်တော့မှ မစားပါဘူး။ စားကောင်းတယ်ဆိုပြီး အိမ်ကလူတွေ ဘယ်လောက် ချော့ကျွေးကျွေး .. အတင်း ငြင်းပြီး မစားပါဘူး။ အဲ့နေ့ကတော့ အဖေဝယ်လာတဲ့ ပုံဖျက်ထားတဲ့ ဆီဗူးတွေ စားလိုက်မိတယ်။ စားလို့လည်း တော်တော်ကောင်းပါတယ်။ အဖေက တမင် ညာကျွေးတာ မဟုတ်ဘုးဆိုတာ ကျမ သေချာ သိပါတယ်။ ဘာလို့လည်းဆိုတော့ အိမ်မှာ အနေနည်းတဲ့ အဖေဟာ သု့ သားသမီးတွေ ဘာကြိုက်တယ်၊ မကြိုက်ဘူးဆိုတာ သိပ်မသိပါဘူး။
နောက်နေ့ကျတော့ ကျမ ကျူရှင်က ပြန်လာတဲ့အချိန်မှာ အဖေက ကျမကို ညည်းဖို့ ဆီဗူး တွေ ဝယ်လာတယ်။ စားပွဲပေါ်မှာလို့ ပြောပါတယ်။ အဲ့ဒါကိုလည်းကြားရော ကျမက ခါးခါးသီးသီးနဲ့  "ဖေကြီး သမီး ကြက်ဖင် လုံးဝ မစားဘူး... မစားဘူး... ရွံ့ တယ်... ရွံ့ တယ်" ဆိုပြီး အတင်းငြင်းပါလေရော... ကျမ အဖေက နည်းနည်းလည်း ရီဝေဝေဖြစ်နေတော့ သူ.. အူကြောင်ကြောင် ဖြစ်သွားပါတယ်။ အဲ့ဒီ အချိန်မှာ ကျမညီမက ခွက်ထိုး ခွက်လန်နဲ့ ထရီပြီး ဖေကြီး မနေ့က ဝယ်လာတာ... ဆီဗူးတွေဆိုပြီး ထပြောပါတယ်။
ဒီလိုနဲ့ပဲ ကျမလည်း အဲ့နေ့ကစလို့ ဆီဗူးစားဖြစ်လေသတည်းဆိုပြီး ဖြစ်သွားပါတော့တယ်။ ဒါလေးကတော့ ကျမရဲ့ ပေါက်ကရဖြစ်စဉ်တွေထဲက ဟာသ ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဖတ်ပြီး ပြုံးမိမယ်။ ဘဝအမောလေးတွေ ခဏပဲ ဖြစ်ဖြစ်ပြေပျောက်စေမယ် ဆိုရင်တော့ ဒီပို့ (စ်)လေးကို share ရကြိုး.... ရေးရကြိုးနပ်ပါတယ်။
ဆက်ရန်တွေ လာပါဦးမယ်။ :)
witch83 ( 18th March 2012 , 15:37 GMT+8)
To Continue Reading

May 07, 2011





Me and Mom...
Though we don't speak out loving things to each other
She is really....
A shoulder to cry on
Someone to rely on


A chest to lean
A love to to be seen

Between us, there are....
Secrets to share
warm hearts and hands that really care

And I thank you very much ....
for the closeness we've enjoyed ~~~

Well, finally, I do want to say" I LOVE YOU SO MUCH" (^_^)

Happy Mother's Day 2011 (မေလ ဒုတိယပတ်တနင်္ဂနွေနေ့၊ 08th May 2011)
အမေများအားလုံး .... ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့် မိမိတို့ခန္တာဝန်ကို ကောင်းစွာ ရွက်ဆောင်နိုင်ကြပါစေ။ ။

Remark : Ain't sure if this one sounds like a poem or not.
Anyway, I wrote this , dedicated to my mom as a gift for tomorrow.


WITCH83
07th May 2011 ( 11:40PM, GMT+8) To Continue Reading

April 12, 2011

Sembawang Thingyan 2011မှ ကွန်ပျုတာတက္ကသိုလ်၏အလှု


၂၀၁၁ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ကြီးကို Sembawang Monastery၊ ကွန်ပျူတာတက္ကသိုလ် မိသားစု ( UCS Family, Singapore)၊ LOTUS Foundation ၊ ဓမ္မအလင်းရောင် ၊ Save the Age ၊ အစရှိသော လူမှုရေးအဖွဲ့အစည်းများ အားလုံးပူးပေါင်းပါဝင်၍ Sembawang Park တွင် ၂၀၁၁ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ (တနင်္ဂနွေနေ့) မှာ နံနက်(၉)နာရီမှစတင်၍ ပျော်ပျော်ရွှင်ရွှင်၊ စည်းစည်းလုံးလုံးနဲ့ အောင်အောင်မြင်မြင် ကျင်းပခဲ့ပါတယ်။
ကွန်ပျူတာတက္ကသိုလ် မိသားစု ( UCS Family, Singapore)အနေနဲ့ ပါဝင်ခဲ့တဲ့ ဆောင်ရွက်မှုတွေကတော့
  • စတုဒိသာလှူဒါန်းခြင်း (လက်ဖက်ရည် နဲ့ စမူဆာကြော်)
  • သက်ကြီးပူဇော်ပွဲ
  • ဝေယျာဝေစ္စလုပ်အားဒါန
  • မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပေးခြင်း
  • ဖျော်ဖြေရေးအစီအစဉ်များပဲ ......ဖြစ်ပါတယ်။


စတုဒိသာလှူဒါန်းခြင်း အစီအစဉ်အနေနဲ့ UCS (University of Computer Studies) ကမောင်နှမတွေ စမူဆာကြော်တဲ့အဖွဲ့(Beach နားမှာ)၊ လက်ဖက်ရည်ဖျော်တဲ့အဖွဲ့၊ မုန့်နဲ့ လက်ဖက်ရည်လှုတဲ့အဖွဲ့ (မဏ္ဋပ်ဘေးကွန်ကရစ်လမ်းပေါ်) ဆိုပြီး အဖွဲ့သုံးဖွဲ့ခွဲကာ တက်ညီလက်ညီ လှုဒါန်းခဲ့ပါတယ်။
စမူဆာ အခု ၆၀၀၀ နဲ့ ကာရီပါ့ ၁၀၀၀လို့ သိရပါတယ်။ လက်ဖက်ရည်တွေဆို ညနေဘက်ရောက်တော့ senior တွေ မဏ္ဋပ်ထဲထိဝင်ပြီး ဝေကြပါတယ်။ မိုးအေးအေးနဲ့ လက်ဖက်ရည် နွေးနွေးလေးပေါ့။း) စမူဆာဗန်းကြီးတွေကို ဟိုးအောက်ဘက် ကြော်တဲ့နေရာဆီ သွား... သွားယူကြပြီး ချကုန်၊ ချကုန်နဲ့ ... အားရစရာ ကောင်းပါတယ်။
လှူသူနဲ့ ပွဲလာသူတို့ အပြန်အလှန် ချိုချိုသာသာနဲ့ ကျေးဇူးတင်စကား ပြောနေကြတာကိုမြင်နေရတာလည်း လှပတဲ့မြင်ကွင်းလေးပါပဲ။

ဘုန်းဘုန်းက သန့်ရှင်းရေးကို ဘုန်းဘုန်းတို့ပဲ ပြန်လုပ်ရမှာလို့ microphone ကြီးနဲ့ ကြေငြာထားလို့လားတော့ မသိဘူး။ စားပြီးရင်လည်း အမှိုက်ကို စည်းကမ်းတကြ ပစ်ကြတာကို တွေ့ရပါတယ်။

ဒီ Sembawang Thingyan အတွက် Singapore လုံခြုံရေး ပိုချထားတယ်လို့ဆိုကြပါတယ်။ အစိုးရက Bus အရေအတွက်တော်တော် တိုးပေးရတယ် လို့လည်း သိရပါတယ်။ ဒါနဲ့များတောင် Bus စီးလို့မရလို့ Taxi နဲ့လာသူတွေကလာ၊ ( Sembawang MRT ကနေ 10 bus stops ခရီးကို) လမ်းလျှောက်လာသူတွေလာ ရှိပါသေးတယ်။


ဖျော်ဖြေရေးအစီအစဉ်များ အနေနဲ့ကတော့ ...မြန်မာ့ရိုးရာ သင်္ကြန်ယိမ်း ၃ယိမ်း( ပိတောက်လက်ဆောင်အဖွဲ့ ၊ ပိတောက်တစ်မျက်နှာအဖွဲ့ ၊ နွေဦးကဗျာအဖွဲ့)၊ အန်တီမွှေး (နန်းခင်မွှေးက တောင်းဆိုလို့ကပေးရတဲ့) သင်္ကြန်တစ်ပင်တိုင်အက၊ ယောင်္ကျား ယောင်္ကျား ခေတ်ပေါ်သင်္ကြန်သီချင်းတို့ပဲ ဖြစ်ပါတယ်။
နံနက်ပိုင်း (၉)နာရီ မှာ 13th batchက ဝတ်ရည်ရဲ့ တစ်ပင်တိုင်အက၊ (၉)နာရီ (၂၀)မှာ ပိတောက်တစ်မျက်နှာယိမ်း၊ (၁၁)နာရီမှာ ပိတောက်လက်ဆောင်ယိမ်းတို့နဲ့ ကပြခဲ့ကြပါတယ်။ ဒီနေရာမှာ ကြွားလိုတာက သီချင်းဆိုတဲ့သူနှစ်ဦးစလုံး အဆိုကောင်း၊ အဆိုပိုင်တဲ့သူတွေ ဖြစ်ကြပါတယ်ဆိုတာပါပဲ။

ညနေပိုင်းမှာတော့ (၄)နာရီ (၃၀)မှာ နွေသီးကဗျာယိမ်းနဲ့ တင်ဆက်ခဲ့ပါတယ်။ သီဆိုသူမပါတဲ့ သီချင်းနဲ့ကတဲ့ ဒီအဖွဲ့ ကတဲ့အခါမှာ technical fault ကြောင့် အစပိုင်းနှစ်ပိုင်းလောက်မှာ တီးလုံးပဲထွက်လာလို့ UCS မှ မောင်နှမတွေဝိုင်းပြီး သီချင်းဆိုပေးကြတာလည်း ပျော်စရာကြီးပါ။ အမှတ်ရစရာလေးတစ်ခု ဖြစ်ခဲ့ပါတယ်။ (၆)နာရီမှာတော့ ယောင်္ကျား.. ယောင်္ကျားစုံတွဲသီချင်းလေးကို တင်ဆက်ခဲ့ပါတယ်။


ပွဲပြီးသွားတော့လာည်း မိုးရေထဲမှာ tent တွေသိမ်း၊ မဏ္ဋပ်တွေဖျက်၊ အမှိုက်တွေရှင်းပေးခဲ့ကြပါတယ်။

ကောင်းတာတွေကြီးပဲပြောနေပေမဲ့ ရုပ်နည်းနည်းပျက်တာလေးတွေလည်း ရှိခဲ့ပါတယ်။ ညနေ နည်းနည်းစောင်းလာတော့ အရက်မူးတဲ့အုပ်စုလေးတစ်စု မူးပြီးရဲတွေကို ပြသနာတွေသွားလုပ်နေလို့ ဘုန်းဘုန်းက microphone ကြီးနဲ့ အော်ပြီး ကြီးကြပ်သူတစ်ဦးလောက်ကို ဖြေရှင်းပေးဖို့ ပြောရပါသေးတယ်။

ဒါပေမဲ့ .... ခဲတစ်ချို့ကိုဖယ်ပြီး ခြုံငုံပြောရမယ်ဆိုရင်တော့ တကယ်ကို မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့ကို စည်းစည်းလုးလုးံ၊ ညီညီညွတ်ညွတ်၊ ချစ်ချစ်ခင်ခင်နဲ့ ပြသခဲ့တဲ့ပွဲပဲ ဖြစ်ပါတယ်။ ဒီလို မြန်မာ့ရိုးရာ ယဉ်ကျေးမှု နဲ့ ဓလေ့တွေကို နှစ်စဉ်နှစ်တိုင်း ဆက်လက်ပြသနိုင်ပါစေ၊ UCS Family (SG) အနေနဲ့လည်း ဆက်လက်ပါဝင်နိုင်ပါစေလို့ ဆုတောင်းရင်း ဒီ post လေးကို နိဂုံးချုပ်ပါရစေ။ ။

~~~အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်~~


မှတ်တမ်းတင်ဓါတ်ပုံအချို့ 



WITCH83
12-April-2011 (11:37PM +8 GMT)

စာကြွင်း ။ ။ Senior များရေးသားတဲ့ FB status များ၊ post များကိုဖတ်ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရသမျှကို အခြေခံကာ ဒီပို့ (စ်)ကို ရေးပါတယ်။

To Continue Reading

September 21, 2010

အကယ်၍.....

ကျမရဲ့ အဖိုးနဲ့အဖွားနှစ်ဦးအနက်မှာ အဖွားက တရှောင်ရှောင်နဲ့မို့ အဖွားပဲ ဆေးခန်း အမြဲ သွားနေရတာပါ။ ဆေးရုံပေါ်မှာ တစ်လလောက် ခဏခဏ ... တင်တင်ထားရတာလည်း အဖွားပါပဲ။ အဖိုးကတော့ ဒေါင်ဒေါင်မြည်ပါတယ်။ နေမကောင်းဘူးလို့ သိပ်မကြားဖူးပါဘူး။ ဒါပေမဲ့.... ဒီနှစ် မေလထဲမှာ စာမေးပွဲပြီးလို့ ရန်ကုန် တစ်ခေါက်ပြန်လို့ အဖိုးနဲ့တွေ့တော့ သူ... တော်တော် ပိန်သွားပါတယ်။ "အဖိုး... ပိန်သွားတယ်နော်"လို့ ပြောတော့ ရာသီဥတု ပူလို့ အစာမစားနိုင်ဘူး ပြောပါတယ်။ ကျောက်ကပ် မကောင်းဘူးလို့လည်း ပြောပါသေးတယ်။ ဒါပေမဲ့ လူကြီးမို့ ဖြစ်တတ်တာကတစ်ကြောင်း၊ အဖွားလို အခြေအနေ မဆိုးတာကတစ်ကြောင်းကြောင့် အမှုမဲ့၊ အမှတ်မဲ့နဲ့ပဲ ထားလိုက်မိပါတယ်။
အဖိုးနဲ့ဆို စစ်တပ်ကပီပီ စစ်တပ်စကား ပြောလွန်းလို့ သူနဲ့ စကားပြောရင် လေပေးမဖြောင့်ပါဘူး။ ပိုဆိုးတာက ကိုယ်သိပ်ချစ်တဲ့ မေမေနဲ့ အဒေါ်တွေကို အပြစ် အရမ်း ပြောတာပါ။ စကားကလည်းများလွန်းတော့ သူနဲ့ စကားပြောမိရင် အနည်းဆုံး တစ်နာရီလောက် ထိုင်နားထောင်ပေးရပါတယ်။ စ...ပြောကတည်းက ကိုယ့်အတွေးနဲ့ ဆန့်ကျင်တာတွေကို ပြောတတ်တာမို့ နာရီဝက်လောက် ကြာလာရင် တော်တော် စိတ်ညစ်လာတတ်ပါတယ်။ ခေါင်းလည်း ကိုက်လာပါတယ်။ ကြားနေကျ ဓါတ်ပြားကြီးကတော့ ..... သူ ငယ်ငယ်က စစ်အတွေ့အကြုံတွေ ပထမဆုံးစပြော၊ နောက်... စစ်တပ်ကောင်းကြောင်းပြော၊ ပြီးရင် DASSK မကောင်းကြောင်းပြော၊ နောက် မောင်နှမဝင်းကွဲတွေထဲက သူမကြိုက်တဲ့သူတွေ အကြောင်း (ကိုယ့် ညီမအရင်း အငယ်ဆုံးမလည်း ပါပါတယ်။ ) ပြော...... အဲ နောက်ဆုံးကျ ကိုယ့်အဒေါ်တွေ၊ အမေတွေ ပါလာတော့ပါပဲ.... ကိုယ်ကလည်း အဲ့အချိန် ရောက်ရင် ပြန် ခံပြောတော့တာပါပဲ။ မိုက်မိုက်ရိုင်းရိုင်း ပြန်မပြောတာကလွဲရင် ခံပြောပါတယ်။ ကိုယ့်ကို ချစ်မှန်းသိလို့၊ ခံပြောလည်း
မဆူတတ်တာမို့၊ ရူးသလို ပေါသလိုနဲ့ သူပြောတဲ့စကားတွေကို ပြန်ပြန် ခံပြောတတ်ပါတယ်။ ဒါပေမဲ့ ဒီ စက်တင်ဘာလ လဆန်းလောက်က အဖိုးနေမကောင်းဘူးလို့ မောင်ဝင်းကွဲ တစ်ယောက်ဆီက email လာပြီး (၁၀)ရက်လောက်အကြာမှာ အဖိုးဆုံးသွားပါတယ်။ အရမ်းကို မြန်လွန်းပါတယ်။ စိတ်ထဲမှာ အဲ့လောက် မြန်မယ်လို့ မထင်ပါဘူး။ တကယ်ကို စိတ်မကောင်း ဖြစ်မိပါတယ်။ ဆုံးသွားပြီလို့ သိလိုက်တဲ့အချိန်မှာ ပထမဆုံး ဖြစ်တာက အရမ်း အံ့သြသွားတာပါပဲ။ ပြီးတော့ ကိုယ်, ရန်ကုန်ပြန်တုန်းက ခံပြောခဲ့တာကို ချက်ချင်း သတိရသွားပါတယ်။ တော်တော်ကို စိတ်မကောင်း ဖြစ်မိပါတယ်။ လောကကြီးမှာ ပြန်ပြီးနုတ်ယူလို့မရတဲ့ ကိစ္စတွေ အများကြီးရှိပါတယ်။ ပြီးတော့ ဒီလောကကြီးက မသေချာတဲ့ လောကကြီးပါ။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာကို ဘယ်သူမှ မသိပါဘူး။ Apple ကုမ္ပဏီတည်ထောင်သူ Jobs Steveဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုချခါနီးတိုင်းမှာ "အကယ်၍..... ဒီနေ့ဟာ ငါ့ရဲ့နောက်ဆုံးနေ့ဖြစ်ခဲ့မယ်ဆိုရင် ဒီနေ့မှာ ငါဘာတွေလုပ်မလဲ?" လို့ ကိုယ့်ကိုကိုယ် မေးလေ့ ရှိပါတယ်။ ကျမတို့ကရော? ကျမတို့ လူသားတော်တော်များများဟာ အဲ့ဒီ နောက်ဆုံးနေ့ဆိုတာကြီးကို မေ့ပြီး လောဘတွေ၊ ဒေါသတွေ၊ မောဟတွေနဲ့ ကိုယ့်ကိုကိုယ် လောင်ကျွမ်းနေကြတာပါ။ တကယ်တော့ ကျမတို့ရဲ့ နောက်ဆုံးနေ့ဆိုတာကလည်း လက်တကမ်းမှာပဲ ရှိတာပါ။ ဒါကြောင့် ကျမတို့လည်း "အကယ်၍..... ဒီနေ့ဟာ ငါတို့ရဲ့နောက်ဆုံးနေ့ဖြစ်ခဲ့မယ်ဆိုရင်"ဆိုတဲ့ အသိလေးထားပြီး ဘဝကို ကောင်းမွန်အောင် ဖြတ်သန်းကြပါစို့လား သူငယ်ချင်းတို့ရေ........
To Continue Reading

January 18, 2010

ရေးမိရေးရာ (၁)

  • ကံကောင်းချင်တော့ G2000က style pantကို ၁၉ကျပ်နဲ့ ရခဲ့တယ်။ ကံမကောင်းချင်တော့ အိတ်ကပ်က အပိတ်ကြီး ဖြစ်နေတယ်။
  • ကံကောင်းချင်တော့ ဖုန်းအိတ်လေးက ဘောင်းဘီမှာ ချိတ်လို့အဆင်ပြေတယ်။


  • အဲ့နေ့က ..... ကံမကောင်းချင်တော့ လွယ်အိတ်ထဲမှာကျန်ခဲ့တဲ့ဖုန်းကို တကူးတက ပြန်သွားယူတယ်။
    ကံမကောင်းချင်တော့ ဖုန်းအိတ်လေးကို လက်မှာချိတ်မိတယ်။ handset လေး ပျောက်သွားတယ်။
  • ကံကောင်းချင်တော့ အဲ့နေ့ကျမှ ဖုန်းအိတ်ထဲမှာ ထည့်နေကျ cardပေါင်းစုံ မထည့်မိဘူး။
ဘာရယ်မဟုတ်ပါဘူး။ စိတ်ထဲရှိရာ လျှောက်ရေးမိတာပါ။ blog လေးကို ဖုန်ခါတာ.... :) To Continue Reading

March 11, 2009

About me


I am just a normal female who is having an ordinary life. I think I dont have many things to tell about me.
  • I have one elder brother and one younger sister.

  • passed 10th Std exam in 2000 from St.Augustine (B.E.H.S(2)Kamayut);

  • Received B.C.Tech degree from UCSY in 2005 June (UCSY's 7th Graduation Ceremony);

  • Received M.C.Tech degree from UCSY in 2009 Feb, (UCSY's 11th Graduation Ceremony);

  • Worked @ Myanmar Teleport Co.,Ltd ( formerly known as BaganNet) as an ICT engineer (from 01 September 2007 to 30 June 2009)

  • Received second master degree from NTU in 2011.
  • Currenty working in Singapore as a support engineer at a MNC ( 01 Jun 2011 to present).

My hobbies 

In my leisure time, I love to read and write, listen to music, cook, watch movies, hang out with freinds, go shopping or take a nap. :)
My main aim in life is to succed in life in a balanced way 



for visiting my blog and reading my posts (^_^)

To Continue Reading

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer