" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

April 14, 2013

(၂၀၀၀ -၂၀၁၂)ခုနှစ်ကြားမှ Miss Universe များ - ၁

ကျမဟာ ကိုယ်ကိုတိုင်က မိန်းကလေးဖြစ်သော်ငြားလည်း မင်းသား၊ မော်ဒယ်ကောင်လေးချောချောတွေထက် မိန်းကလေးချောချောတွေ့ရင် သဘောကျတတ်ပါတယ်။ လှတဲ့မိန်းကလေးမြင်ရင် လိုက်ကြည့်တတ်လွန်းလို့ တစ်ခါတစ်ရံ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်မိပါတယ်။ "နာ.. မိန်းကလေးမှ ဟုတ်ရဲ့လား"လို့.. :P ဒီလို မိန်းကလေးချောချောတွေ့ရင် သဘောကျတတ်တဲ့ကျမဟာ International Beauty Pageantတွေကို စိတ်ဝင်စားတာ မဆန်းဘူးထင်ပါတယ်။ ဒါကြောင့်လည်း အလှမယ်တွေအကြောင်းကို မကြာခဏဆိုသလို ရေးဖြစ်နေတာပါ။

အခု ဒီတစ်ခေါက်တော့ (၂၀၀၀ - ၂၀၁၂) ကြားက Miss Universe တွေအကြောင်း ရေးချင်ပါတယ်။ တကယ်တော့ ရေးချင်တာ ကိုယ်နှစ်သက်တဲ့မယ်တွေအကြောင်းပါ။ ဒါပေမဲ့ (၁၄)ယောက်မှာ ကိုယ်ကြိုက်တာက (၁၀)ယောက်လောက် ဖြစ်နေလို့။ :D

(၂၀၀၀)ခုနှစ်ကနေ (၂၀၁၂)ခုနှစ်ကြားက Miss Universe တွေကတော့
  • Lara Dutta, 2000 (India)
  • Denise Quinones, 2001 (Puerto Rico)
  • Oxana Fedorova , 2002 (Resigned/Dethroned, Russia)
  • Justin Pasek, 2002 (Panama)
  • Amelia Vega, 2003 (Dominican Republic)
  • Jennifer Hawkins, 2004 (Austrailia)
  • Natlie Glebova, 2005 (Canada)
  • Zuleyka Rivera, 2006 (Puerto Rico)
  • Riyo Mori, 2007 (Japan)
  • Dayana Mendoza, 2008 (Venezuela) 
  • Stefania Fernande, 2009 (Venezuela)
  • Ximena Navarrete, 2010 (Mexico)
  • Leila Lopes, 2011 (Angola)
  • Olivia Culpo, 2012 (USA) တို့ပဲ ဖြစ်ကြပါတယ်။

Miss Univereses from 2000 to 2012
Miss Universes appearing as Cover Girls, Who stands out? ;)

တကယ်ဆို (၂၀၀၀)ခုနှစ်ကနေ (၂၀၁၂)ခုနှစ်ကြားထဲ (၁၃)နှစ်သာရှိတာမို့ အလှမယ်(၁၄)ယောက်သာရှိရမှာဖြစ်ပေမဲ့ (၂၀၀၂)ခုနှစ်ရဲ့မယ် Oxanaဟာ မယ်စကြာဝဠာရာထူးကနေ သူ့သဘောနဲ့သူ နုတ်ထွက်သွားတာမို့ first runner-upဖြစ်တဲ့ Justin Pasek က သရဖူလွှဲပြောင်းယူတဲ့အတွက်ကြောင့် (၂၀၀၂)မှာ မယ်နှစ်ယောက်ဖြစ်သွားပြီး စုစုပေါင်း မယ် (၁၄)ယောက်ဖြစ်သွားတာပါ။

Justin Pasek (L) and Oxana Fedorova (R)
Justin Pasek
+ + + + + + + + + +

ဒီမယ်(၁၃)ယောက်ထဲကမှ အနှစ်သက်မိဆုံး မယ်စကြာဝဠာကတော့ ဘက်စုံရတဲ့ all time goddess, Miss Universe (2002, Resigned), Oxana Fedorova ပဲ ဖြစ်ပါတယ်။ မကြိုက်ဆုံးအလှမယ်ကတော့ Miss Universe 2006, Zuleyka Rivera (Puerto Rico)ပါ။ Zuleykaဟာ sexyဖြစ်တာလွန်သွားပြီး Miss Universe ဘွဲ့နဲ့တောင် မကိုက်တော့သလိုပါပဲ။ ရုတ်တရက်ကြည့်လိုက်ရင်လည်း lady boyနဲ့တူသလိုပါပဲ။ ပြိုင်ပွဲဝင်တာကို ကြည့်ရတုန်းကလည်း မြင်မြင်ချင်းကတည်းက "ဟင်.. ဘယ်လိုကြီးလည်း"ဆိုပြီး ဖြစ်သွားပါတယ်။ နောက်ဆုံးတော့ သူမ..ဆုရသွားပါတယ်။

Zuleyka Rivera, MU 2006

Oxana အကြောင်းပြန်ဆက်ပါရစေ။ :) သူမဟာ ရုရှားကပါ။ ပြိုင်ပွဲဝင်နေတုန်းမှာ ဒိုင်တွေအားလုံးရဲ့ တညီတညွတ်တည်း သဘောကျခြင်းပြီး အမှတ်တွေအများကြီးပေးခြင်းကိုခံရတဲ့ အလှမယ်လည်း ဖြစ်ပါတယ်။ Global Beauties ကပေးတဲ့ (၁၉၅၂)မှ (၂၀၁၀)ခုနှစ်ကြားမှာ အလှပဆုံးသော Miss Universe ဆုကို ရထားတဲ့သူလည်း ဖြစ်ပါတယ်။ သူမအကြောင်းတွေကတော့ အရင်ကလည်း ရေးဖူးထားတာမို့ ဒီပို့(စ်)မှာ သိပ်..မရေးတော့ပါဘူး။ ဖတ်ချင်ရင်တော့ အောက်ကလင့်(ခ်)တွေမှာ သွားဖတ်လို့ ရပါတယ်။
Oxana Gennadyevna Fedorova (1)
Oxana Gennadyevna Fedorova (2)
Oxana Gennadyevna Fedorova (3)

Russian Beauty Queen, Oxana
+ + + + + + + + + +

Oxana ပြီးရင်တော့ Latina Beauty Queenဖြစ်တဲ့ Miss Universe 2008, Dayana Mendoza ကို ကြိုက်ပါတယ်။ Venezuela နိုင်ငံက အလှမယ်ပါ။ သူမ ကလေးဘဝတုန်းက ပြန်ပေးဆွဲခံရဖူးလို့ သူမဟာ အကြောက်ရောဂါ ရဖူးပါတယ်လို့ သိရပါတယ်။



MU2008ပွဲကို ဗီယက်နမ်မှာ ကျင်းပခဲ့တာပါ။ အဲ့ဒီနှစ်ကမယ်တွေကြားထဲမှာ ထူးခြားတာတစ်ခုက top-10 finalist ထဲက မယ်လေးယောက် ( Miss Mexico, Miss Columbia, Miss Russiaနဲ့ Miss Venezula) တို့ဟာ evening gown competition မှာ ဂါဝန်ကိုလွင့်လွင့်လေးတွေဖြစ်အောင် အစလေးတွေကို ကိုင်ပြီး ကိုယ်ကိုတစ်ပတ်လှည့်ပြီး ပို့(စ်)ပေးကြတာပါပဲ။ Dayanaကတော့ လှည့်လိုက်တာ လွင့်ကနဲပါပဲ။ အဲ့ဒီလေးယောက်ထဲမှာတော့ Dayana နဲ့ Miss Mexico အလှဆုံးပါပဲ။ ဒါပေမဲ့ Dayanaက Miss Mexicoထက် အမှတ်ပိုရပါတယ်။ (၉.၆၉၇) ပါ။

Dayana ပြိုင်ပွဲဝင်နေတုန်းက ပုံတွေ =)
Photo Shoot Event @ MU2008
Dayanaကို နောက်ထပ်တစ်ခုပြောစမှတ်ပြုကြတာက final question မှာ သူမဖြေသွားတာကိုပါ။ Best Answer တွေထဲက တစ်ခုအဖြစ် MUလောကမှာ သမိုင်းတွင်သွားပါတယ်။ သူမကို ဒိုင်က "ဘဝမှာ မိန်းကလေးဖြစ်ရတာနဲ့ ယောကျာင်္းလေးဖြစ်ရတာ ဘယ်ဟာက ပိုလွယ်ပါသလဲ"လို့မေးတဲ့အခါ Dayana ပြန်ဖြေလိုက်တာက
" ဘုရားသခင်က ကျမတို့ကို မတူအောင် ဖန်ဆင်းထားပါတယ်။ ကြီးမားတဲ့ကွဲပြားမှုလား? ကျမကတော့ အဲ့လိုမထင်ပါဘူး။ ကွဲပြားချက်ကတော့ ယောကျာင်္းတွေက တစ်ခါတည်း သွားလို့ရမဲ့ နည်းကို မြန်မြန်ဆန်ဆန်ရှာတွေ့ဖို့ စဉ်းစားတတ်ကြပါတယ်။ မိန်းမတွေကတော့ ပိုမြန်တဲ့နည်းလမ်းဆိုတာ အကွေ့အကောက်တွေဆီသွားပြီး အဲ့ဒီအကွေ့အကောက်တွေကို ရှင်းရမယ်ဆိုတာကို သိကြပါတယ်"
လို့ ပြန်ဖြေလိုက်ပါတယ်။ သူမ ပြန်ဖြေတဲ့အချိန်မှာ သူမဟာ သူမရဲ့အဖြေပေါ်မှာ ယုံကြည်မှုရှိတယ်ဆိုတာ လုံးဝ သိသာပေါ်လွင်ပါတယ်။ အင်္ဂလိပ်သဒ္ဒါမမှန်ပေမဲ့ သွက်သွက်လက်လက် ထက်ထက်မြက်မြက်ပဲ ဖြေသွားပါတယ်။ လက်ကလည်း အမူအရာလုပ်ပြလိုက်ပါသေးတယ်။ အောက်က video clip ကတော့ သူပြိုင်ပွဲဝင်ထားတာတွေကို ပေါင်းပြီးတင်ထားတာလေးပါ။


Dayana ဟာ (၂၀၁၁)ခုနှစ်၊ စက်တင်ဘာလမှာ.. Global Beauties ကပေးတဲ့ (၁၉၅၂)ခုနှစ်မှသည် (၂၀၁၀)ခုနှစ်ကြား အလှပဆုံးမယ်စကြာဝဠာများ list မှာ တတိယ ချိတ်ခဲ့ပါတယ်။ အညိုရောင်ဆံပင်၊ အစိမ်းရောင်မျက်လုံးပိုင်ရှင် Dayana ဟာ ယခုလက်ရှိအချိန်မှာတော့ America မှာ မော်ဒယ်အလုပ်လုပ်ကိုင်နေပါတယ်။ (၂၀၁၂)ခုနှစ် ဇွန်လ (၃)ရက်နေ့မှာကျင်းပတဲ့ Miss  USA 2012 ပြိုင်ပွဲမှာ သူမဟာ ဒိုင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။

+ + + + + + + + + +

ကျမရဲ့ favourite list ထဲက တတိယမြောက် မယ်စကြာဝဠာကတော့ Miss Universe, 2005 ဖြစ်တဲ့ ကနေဒါနိုင်ငံသူ Natlie Glebovaပါ။ ကနေဒါနဲ့ ရုရှားစပ်ထားတာပါ။ မျက်လုံး တအားလှပါတယ်။ သူမကို ရုရှားမှာ မွေးဖွားခဲ့ပြီး သူမအသက်(၁၃)နှစ်မှာမှာ မိဘများနဲ့အတူ ကနေဒါကို ရွှေ့ပြောင်းနေထိုင်ခဲ့တာပါ။

Natlie Glebova, MU 2005


အရမ်းရှည်သွားမှာစိုးလို့ ဒီနေရာမှာ ရပ်လိုက်ပါတယ်။ ဆက်ရန် ... :)

Regards, witch83
References:
  1. http://www.missuniverse.com
  2. http://www.globalbeauties.com
  3. http://en.wikipedia.org/wiki/Miss_Universe
  4. Google
To Continue Reading

April 09, 2013

တစ္ဆေ

အိပ်လို့မရ
ညကြီးမင်းကြီး၊ ထပြီးထိုင်နေ
မွေ့ရာတွေလဲ၊ ကြေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ်၊ သတိပြယ်လွင့်
ခိုတွယ်စရာ အတည်မကျ။

အပြင်ဘက်မှာ၊
သစ်ရွက်တွေကြား၊ ကြယ်လေး, ငါးပွင့်
စကားပင်အို၊ ကန်ရေစိုစွတ်
ဟိုမှာလှုပ်လှုပ်၊ ငုတ်တုတ်လက်ကမ်း
စမ်းလျှောက်သွားနေ၊ မြက်ချုံတွေထဲ
တစ္ဆေငါကိုယ်တိုင်ပါပဲ။

ကုတင်ခြေရင်း
ပြေးနင်းရှပ်ရှပ်၊ မတ်တပ်ထလိုက်
ခန်းဝကိုလာ၊ ဝယန္တာမှာ 
သည်မှာတစ်ယောက်၊ တစ္ဆေချောက်လှန့်
ကြောက်ကြောက်နှင့်ကြည့်၊ မျက်နှာလှည့်စမ်း
တည့်တည့်လှမ်းမြင်၊ အော်ငိုချင်မိ
တဆင်ထဲဘဲ သူနှင့်ငါ။

မြစ်နက်ထဲမှာ 
ငါ--ရေနစ်မြုပ်၊ ချမ်းပြီးကုပ်နေ
ကက္ကိုကိုင်းကြား၊ ငါနားနေလိုက်
ဘုရားရှေ့မှောက်၊ ဒူးထောက်ရောက်ပြန်။

မောပန်းလျနှင့်
တယောက်သောငါ၊ ငါများစွာမှ
ထလာလွင့်ပါး၊ မောင့်အနားကို
စကားထွေရာ၊ ငိုသံပါနှင့်
ဘာမှမကြား၊ မောင့်အပါးမှာ
"ထသွားစို့ဆို၊ မေ့ကိုအိပ်မက်
မမက်ဘူးလား " တစ္ဆေဖြားယောင်း
မှုန်မွှားစိတ်ဝယ်၊ အရိပ်ထင်။          ။

~ ကြည်အေး ~

Source;
http://www.facebook.com/photo.php?fbid=373293184422&set=a.373293064422.155250.371037724422&type=1&relevant_count=1
To Continue Reading

April 04, 2013

တစ်နှစ်ပြည့်ခဲ့ပြီ (01-Apr-2013)

The Four Lives of Aung San Suu Kyi

ယေဘူယျအားဖြင့် မြန်မာ့ ဒီမိုကရေစီအိုင်ကွန်ဖြစ်တဲ့ ဒေါ်အောင်ဆန်းဆုကြည်ရဲ့ ဘဝကို (၄)မျိုးခွဲခြားပြီး သတ်မှတ်နိုင်ပါတယ်။

သူမရဲ့ ပထမဆုံးဘဝကတော့ သူမအသက်(၂)နှစ်သမီးအရွယ်မှာ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းရင်း လွတ်လပ်ရေးမရမီ လုပ်ကြံသတ်ဖြတ်ခြင်းခံရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးအဖြစ်နဲ့ ကြီးပြင်းလာခဲ့ရတဲ့ဘဝပါပဲ။ စည်းကမ်းကြီးပြီး ဆုံးဖြတ်ချက်ခိုင်မာတဲ့၊ ထက်မြက်တဲ့မိခင်ဖြစ်သူရဲ့ သွန်သင်ဆုံးမမှုတွေအောက်မှာ မြန်မာပြည်နဲ့ အိန္ဒိယပြည်တို့မှာ ဘဝကို ဖြတ်သန်းခဲ့ရပါတယ်။  ဒါဟာ အရှေ့တိုင်းနဲ့ အနောက်တိုင်းပညာရေးကို ပူးပေါင်းဆက်စပ် သင်ယူနိုင်ဖို့အတွက် ဘဝအစတစ်ခု ဖြစ်ပါတယ်။ အ.ထ.က(၁) ဒဂုံမှာ ပညာသင်ယူပြီးတဲ့နောက် (၁၉၆၀)ခုနှစ်မှာ မိခင်ကြီးဒေါ်ခင်ကြည်ကို အိန္ဒိယနဲ့နီပေါနိုင်ငံတွေရဲ့ မြန်မာသံအမတ်အဖြစ်ခန့်အပ်ခံရတဲ့အတွက် မိခင်ကြီးအလုပ်ရှိရာနေရာတွေကို လိုက်ပါခဲ့ရပါတယ်။ "Convent of Jesus and Mary School"မှာ ကျောင်းပြီးတော့.. နယူးဒေလီမှာရှိတဲ့ အမျိုးသမီးကောလိပ်တစ်ခုဖြစ်တဲ့ " Lady Shri Ram College " မှာ ပညာဆက်သင်ပြီး နိုင်ငံရေးဘာသာအထူးပြုနဲ့ (၁၉၆၄)ခုနှစ်မှာ ဘွဲ့ရခဲ့ပါတယ်။


ဒုတိယဘဝရဲ့တံခါးကိုတော့ Oxford မှာဖွင့်လှစ်ခဲ့ပါတယ်။ St Hugh's College, Oxford ကနေ (၁၉၆၉)ခုနှစ်မှာ စိတ္တဗေဒဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပါတယ်။ ကျောင်းပြီးသွားတော့ နယူးယော့မှာ သွားရောက်နေထိုင်ခဲ့ပြီး UNမှာ သုံးနှစ် အလုပ်လုပ်ခဲ့ပါတယ်။ (၁၉၇၁)ခုနှစ်မှာတော့ သူမရဲ့ခင်ပွန်းဖြစ်သူ Michael Aris နဲ့လက်ထပ်ခဲ့ပြီး တစ်နှစ်အကြာမှာတော့ သားကြီးဖြစ်သူ Alexander Arisကို လန်ဒန်မှာ မွေးဖွားခဲ့ပါတယ်။ ဒုတိယသားဖြစ်တဲ့ Kim Aris ကိုတော့ လန်ဒန်မှာပဲ (၁၉၇၇)ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ (၁၉၆၄)ခုနှစ်ကနေစလို့  Oxford တက္ကသိုလ် ကျောင်းသူဘဝ၊ part-time academic ဘဝ၊ UN officer ဘဝ၊ အိမ်ထောင်ရှင်မဘဝ၊ မိခင်ဘဝ.. စတဲ့ဘဝတွေကို  (၂၄)နှစ်တိုင်အောင် ဖြတ်သန်းပြီးတဲ့နောက် သူမဘဝကို တဆစ်ချိုးပြောင်းလဲစေမဲ့၊ သူမရဲ့တတိယဘဝကို ရောက်ရှိစေမဲ့ တယ်လီဖုန်း call တစ်ခုကို (၁၉၈၈)ခုနှစ်မှာ ရရှိခဲ့ပါတယ်။


သူမရဲ့မိခင် နေမကောင်းဘူး.. ခဏပြန်လာခဲ့ပါလို့ ခေါ်တဲ့အတွက်ကြောင့်ပါ။ အဲ့ဒီနောက်မှာတော့ ခွပ်ဒေါင်း (NLD)နဲ့အတူ ရင်ဆိုင်ပြီး house arrest ကျခဲ့တာကတော့ "The Lady" ကားကြည့်ဖူးသူတွေ သိကြပါလိမ့်မယ်။ ပြည်သူလူထုတစ်ရပ်လုံးက မဲပေးဆုံးဖြတ်ခဲ့တဲ့ အနိုင်ရပါတီဖြစ်သော်ငြားလည်း အိမ်နံပါတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်မှာ သူမတစ်ယောက်တည်း အကျယ်ချုပ်ကျခံပြီး စာတွေဖတ်ရင်း၊ ရေဒီယိုနားထောင်ရင်း နှစ်(၂၀)ကျော် အချိန်ကုန်ခဲ့ရပါတယ်။ ( သူမနဲ့အတူလည်း လူပေါင်းများစွာ မြန်မာနိုင်ငံရဲ့ နေရာအသီးသီးမှာ... ထောင်အသီးသီးမှာ.. ညှင်းပန်းခံရသူက ညှင်းပန်းခံရ.. လူသိပြီး သေသူကသေခဲ့ရ.. လူမသိသူမသိသေသူတွေကသေခဲ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသမီးသာ မဟုတ်ခဲ့ရင်၊ တစ်ကမ္ဘာလုံးရဲ့ စိတ်ဝင်စားမှု၊ အာရုံစိုက်ခံရမှုကိုရခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးသာ မဖြစ်ခဲ့ရင်၊ မိုက်ကယ်အဲရစ်သာမရှိခဲ့ရင် သူမဘဝဟာလည်း ဒီလို နေအိမ်အကျယ်ချုပ်ဘဝနဲ့ ပြီးပါ့မလားလို့ တွေးမိပါတယ်။)  ကြားထဲမှာ နှစ်ကြိမ်တိတိလွှတ်ပေးခံရပေမဲ့ ခဏတာသာ ဖြစ်ခဲ့ပါတယ်။ ဒီပဲယင်းအရေးအခင်းဟာလည်း သမိုင်းတွင်ခဲ့ပါတယ်။ မသေမပျောက်တာ ကံကောင်းလို့သာပါပဲ။ (၂၀၁၀)ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့မှာတော့ သူမကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးလိုက်တဲ့အခါမှာတော့ သူမရဲ့ယခုလက်ရှိဘဝ၊ သူမရဲ့ စတုတ္ထမြောက်ဘဝကို ပြောင်းလဲစေခြင်းရဲ့အစလို့ ဆိုရမယ်ထင်ပါတယ်။

နေအိမ်အကျယ်ချုပ်က လွတ်လာပြီးတဲ့နောက်မှာတော့ လွတ်လပ်စွာ နယ်လှည့် ခရီးထွက်ခြင်းအမှုတွေကို ပြုလုပ်ခွင့်ရပြီး (၂၀၁၁)ခုနှစ် ဧပြီလ(၁)ရက်နေ့မှာကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကော့မှုးမြို့နယ်ကနေ ဝင်ပြိုင်ပြီး လွှတ်တော်မှာပါဝင်ခဲ့တာ (၂၀၁၂)ခုနှစ်မှာ တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီတစ်နှစ်တာကလအတွင်းမှာတော့ အမေရိကနဲ့ ဥရောပနိုင်ငံတွေအပါအဝင် နိုင်ငံခြားခရီးစဉ်တော်တော်များများကို သွားခဲ့ရပါတယ်။

Nation's Mother ဖြစ်တဲ့... ဒေါ်အောင်ဆန်းဆုကြည် (The Lady) တစ်ယောက် သူမရဲ့ ယခုလက်ရှိဘဝမှာ အနှောင့်အယှက်အပေါင်းကိုကျော်လွှားနိုင်ပြီး တိုင်းကျိုးပြည်ပြုလုပ်ငန်းများစွာကို ဆောင်ရွက်နိုင်ပါစေ။ ဘုန်းကြီးပါစေ၊ အသက်ရှည်ပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ... (၂၀၁၅) election မှာလည်း နိုင်ပါစေလို့ ဆုတောင်းရင်း .. ဒီ စတုတ္ထဘဝဖြတ်သန်းစဉ်ကာလအတွင်းမှာ ရိုက်ယူခြင်းခံရတဲ့ သူမရဲ့အမှတ်တရ ပုံရိပ်တွေထဲက နှစ်သက်မိတဲ့ဓါတ်ပုံတစ်ချို့ နဲ့အတူ ဒီပို့(စ်)လေးကို ဒီမှာ နိဂုံးချုပ်လိုက်ပါတယ်။

သားငယ် Kim နှင့်အတူ
မဲနိုင်တဲ့နေ့က ( ၀၁-၀၄-၂၀၁၂)
 
 

{ စကားချပ်။   ။ ပုထုဇဉ်လူသား ဖြစ်တဲ့အတွက်ကြောင့် အရာအားလုံးမှာ သူမလုပ်သမျှ မှန်နိုင်မယ်မထင်မိပေမဲ့ သူမဟာ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး စွမ်းဆောင်နေတယ်လို့ပဲ မြင်မိပါတယ်။ ကိစ္စတော်တော်များများမှာ ဘယ်ကိစ္စမှာမဆို ထစ်ခနဲရှိ သူ..မကြည့်ဘူး၊ မလုပ်ပေးဘူးပြောနေကြတဲ့သူတွေကိုလည်း နည်းနည်းလေးတော့ စဉ်းစားစေချင်ပါတယ်.. လုပ်ပိုင်ခွင့် သိပ်မရှိတဲ့၊ လွှတ်တော်အတွင်းမှာ မကြိုဆိုတဲ့သူများတဲ့ သာမာန်လွှတ်တော်အမတ်တစ်ယောက်ဖြစ်တဲ့ သူမကို သူမ..မလုပ်ခဲ့တဲ့ကိစ္စတွေမှာ နေရာတကာ လိုက်ရှင်းခိုင်းစရာမလိုဘူးထင်တာပါပဲ။ နောက်ဆုံးဖြစ်ခဲ့တဲ့ "လက်ပန်းတောင်း ကြေနီတောင်"စီမံကိန်းမှာလည်း သဘာဝပန်းဝန်းကျင်ထိန်းသိမ်းရေးပိုင်းမှာ အားနည်းတာကလွဲရင် ကော်မရှင်ရဲ့ အဆုံးအဖြတ်ဟာ "ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ" တဲ့ ဆုံးဖြတ်ချက်လို့ ထင်တာပါပဲ။ ဒီကိစ္စအတွက် ကော်မရှင်ဆိုတာကိုမဖွဲ့ခင် ပြဿနာစဖြစ်ခါစ အရင်နှစ်၊ နိုဝင်ဘာလတုန်းကလည်း ပို့(စ်)တစ်ခုမှာ ဒီလို ဖြစ်သင့်တယ်လို့ ပြောဖူးပါတယ်။ }




References:
  1. http://www.guardian.co.uk/commentisfree/2012/jun/20/aung-san-suu-kyi-four-lives 
  2. http://en.wikipedia.org/wiki/Aung_San_Suu_Kyi
ဓါတ်ပုံတွေကတော့ တွေ့တိုင်း download ဆွဲထားတာဆိုတော့ ဘယ်သူတွေကို credit ပေးရမှန်းမသိတော့ပါဘူး။ ဆိုင်သူအားလုံးကို credit ပေးပါတယ်။ :)
Regards, witch83
To Continue Reading

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer